Showing posts with label ဥရောပ ဝေဒနာညများကဗျာစုမှ. Show all posts
Showing posts with label ဥရောပ ဝေဒနာညများကဗျာစုမှ. Show all posts

Thursday, May 05, 2011

မိုးတွေမဟုတ်ဘူး ... မျှော်လင့်ချက်တွေ

မိုးတွေမဟုတ်ဘူး ... မျှော်လင့်ချက်တွေ


အမေ့ သားကြီး အင်းစိန်ထောင်မှာရှိတုန်းက

ဒီလိုသတင်းကြားရတိုင်း မျှော်လင့်ချက် အလံထူ

အင်းစိန်ထောင်ဗူးဝမှာ မြေးလေးတွေနဲ့ အတူ

ထမင်းမေ့ ဟင်းမေ့ 

မျှော်ရှာသူလေ.....။



အခုလဲ ... ဒီသတင်း

အမေ့ ရင်တွင်း မျှော်လင့်ချင်းများစွာ

တဆယ့်လေးနှစ်တာကို ဖြတ်သန်းခဲ့ပီး

ကျန် တဆယ်နှစ်နှစ်တာကိုလည်း

မျှော်လင့်ချင်းများစွာနဲ့  ဖြတ်သန်းရဦးမှာပါပဲ .....။



မိုးတွေသည်းသည်းမဲမဲရွာနေတဲ့ကြားက

မော်လမြိုင်ထောင် မသွားနိုင်တဲ့အမေ

အထူ အတွဲ ရှိမှ ထနိုင် ထိုင်နိုင် သွားနိုင်တဲ့အမေ

အကျဉ်းသားလွတ်မြောက်ရေးသတင်း အကြားမှာ

အမေတယောက် သူ့ သားကြီးစိတ်နဲ့  ယောက်ယက်ခတ်နေပုံများ

အထူအတွဲမလို

အိမ်ပေါ် အိမ်အောက် ဆင်းလိုက် တက်လိုက် တက်လိုက် ဆင်းလိုက်

သားပြန်အလာကို မျှော်ရှာပုံများ .......။



သည်းသည်းမဲမဲရွာနေတဲ့မိုး

မဟုတ်ဘူး ...မဟုတ်ဘူး အဲဒါမိုးတွေ မဟုတ်ဘူး.....

သည်းသည်းမဲမဲရွာနေတာ

အမေ့ ရဲ့  မျှော်လင့်ချက်တွေ ........။





(အမေသို့ )



ရဲရင့်သက်ဇွဲ



၀၅၀၅၂၀၁၁


တောချောက်သံတွေကြားလား … အချစ်ရေ ပြေး …..

တောချောက်သံတွေကြားလား … အချစ်ရေ ပြေး …..


လင်္ကာဒီပချစ်သူ ဇာတ်သိမ်းခန်းထဲကလို

အားလုံး ... အားလုံး ဟာ

ပြီးဆုံးသွားပါပီ ရာဝဏ ရယ်လို့ ပဲပြောရမလား....။

ဗိုလ်အောင်ဒင် ထဲကလို

ဒီမယ်ရာမ ..လွယ်သလား ခက်သလား ..ပြောစမ်း...

ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ

ပစ်ရင် ဒီလိုမှန်အောင်ပစ်ရတယ်ကွလို့  ပဲပြောရမလား...

ဆရာဒဂုန်တာရာရဲ့  မေ ၀တ္ထုဇာတ်သိမ်းလို

အကောင်းကို ရှာ၏၊ အကောင်းကားမရှိတော့ပြီ … လို့ ဆိုရမလား …

ဆရာဗန်းမော်တင်အောင်ရဲ့  စာသားလို

ကျနော်ကရော ဘာများတတ်နိုင် ဦးမည်နည်း … လို့ ဆိုရမလား …

အသင်လောက …ငါ မှ ငါ ဆိုတဲ့ဇောတွေ

သံသရာမှာနွံနစ် ဘ၀တဏှာမှာ တွယ်ရစ်နေတဲ့စိတ်တွေနဲ့ 

အိပ်လာခဲ့တာ တဘ၀စာ ကြာခဲ့ပီးမှ

အိပ်လို့ ကောင်းနေတုန်း အတင်းလှုပ်နှိုးသလိုမျိုး

ဘာခုမှကြောက်ပါပီလဲ…

တောချောက်သံတွေကြားလား

အချစ်ရေ ပြေး ပြေး လွတ်အောင်ပြေး …..



ရုန်းထွက်ဘို့  ကြိုးစားတာတွေလည်း

ငါ … မင်းကို ပြောပြချင်တယ် …။



ရဲရင့်သက်ဇွဲ

၀၃၀၅၂၀၁၁

၀၄း၀၅ အေအမ်



(ဖတ်ခဲ့ဘူးသောစာအုပ်များ နားထောင်ဘူးခဲ့သောသီချင်းစာသားများအား

ခံစားမှုနှင့် ရောယှက်သီကုံးပါသည်)


အလွမ်းတိမ်တောက် အိမ်ပြန်ရောက်တဲ့ညနေ

အလွမ်းတိမ်တောက် အိမ်ပြန်ရောက်တဲ့ညနေ


ငါ့စိတ်ရဲ့  အပြင်ဘက်က ရာသီဥတုဟာ ကြည်လင်နေတယ်

ငါကတော့ အလွမ်းတထုပ်နဲ့  တောအုပ်အစပ်မှာ ရပ်နေတယ် ..

မဟုတ်သေးဘူး …. တိတိကျကျပြောရရင် …. တောအုပ်အစပ်ရဲ့ 

ဘောလုံးကွင်းနံဘေးမှာ ငါရပ်နေတယ် ….။



ဆောင်းရာသီဟာ စံနစ်တကျ ဆုတ်ခွာသွားပေမယ့်

သူ့ ရဲ့ ခြေရာ လက်ရာတွေကိုတော့ ဖျောက်ဖျက် မသွားနိုင်ဘူး …

နှင်းကြွင်း နှင်ကျန်တို့ ရဲ့ တိုက်ခိုက်မှုကတော့ ရှိနေဆဲလေ….

အရောင်များနဲ့ ဖမ်းစား လှပတဲ့ညနေခင်းလေးတခုပါ

တနေ့ တာရဲ့ နောက်ဆုံးထွက်သက်

ငါနှုတ်ဆက်ရင်းငေးမော

အပြောကျယ်လှတဲ့ မိုးကုပ်စက်ဝိုင်းကြီးပေါ်မှာ…..၊

သြော် … ဆောင်းခိုငှက်တွေတောင်မှ အိမ်ပြန်လာကြပြီ

ငါတို့  ဘယ်တော့များမှ အိမ်ပြန်ရကြပါ့ ….၊။



ဒီအချိန်ဆို လမ်းကလေးရဲ့ ထိပ်မှာ ကြေကွဲစိတ်နဲ့  အမေ

သားတွေကို ပြန်ဆုံခွင့်အတွက် မျှော်လင့်ချက်နဲ့ အသက်ဆက်နေရောပေါ့



ငါတို့ ကတော့ မပြီးဆုံးနိုင်သေးသော တော်လှန်ရေး ခရီးလမ်းပေါ်မှာ

အမေနဲ့ တိုင်းပြည် အတွက် မျှော်လင့်ချက်တွေ လက်ကုန် ပုံထားတုန်းပဲ

မျှော်လင့်ချက်တွေနဲ့ လွတ်မြောက်လိုစိတ်တွေနဲ့  တိုက်ပွဲ ဆက်နေတုန်းပဲ

တနေ့ တော့ ဆောင်းခိုငှက်တွေလို အိမ်ပြန်ကြရမှာပ ။



ရဲရင့်သက်ဇွဲ

၀၁၀၅၂၀၁၁



Saturday, April 02, 2011

ဥရောပကို ခြေချတဲ့ ညက

နှင်း ပွင့်တွေက လေယာဉ်ပြူတင်းပေါက်မှာ လာကပ်ကြတယ်
လေးယာဉ်ဟာ တဖြည်းဖြည်းနိမ့်ဆင်း နှင်းဖုံးမြေကို ဆင်းတော့မယ်..၊
အရပ်ရှစ်မျက်နှာ နှင်းတွေဖုံးလွှမ်း တိုက်လာတဲ့လေကြမ်းကြမ်းမှာ
ငါဟာ …. ဘဏ်ဓါးပြတယောက်လို မျက်နှာဖုံးနဲ့  ကိုယ့်ကိုယ်ကို ပြုံးမိသေးတယ်..။
ဒီမြေ ဒီရေ ဒီလေ အမျိုးသားရေးဝါဒီ ဟစ်တလာရဲ့  နာဇီဝါဒထွန်းကားရာနေရာလေ …။


အေးခဲလွန်းတဲ့ ဆောင်းညတွေ
တိတိကျကျပြောရရင် ဥရောပရဲ့ ဆောင်းညတွေ
ငါ အလူးလူးအလိမ့်လိမ့် ခံစား မှေးကနဲပျော်အသွားမှာ
နာဇီတို့ ရဲ့  စစ်ဖိနပ်သံကို ကြားရတယ်
ဂတ်စတာပိုတွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေမြင်ရတယ်
ဥရောပတိုင်းပြည်များရဲ့  ပြည်သူတို့ ငိုကြွေးသံ
မိုးယံမှာ ပဲ့တင်ထပ်လို့  ……..။

ဆီးနှင်ကျသံ ချောက်ချားဖွယ်ရာ ညကြီးးထဲမှာ
အော့နှလုံးနာစရာ အကျဉ်း စခန်းများထဲက
အစုလိုက် အပြုံလိုက် သမိုင်းဝင် ရာဇ၀တ်မှုများ သမိုင်းတင်ခဲ့ပြီ
လူသား ရဲ့ ဖြစ်တည်မှုကို လူသားကပဲဖျက်ဆီး
ပျက်ဆီးသွားတဲ့ လောကပါလတရား
ခံစားတတ်တဲ့ နှလုံးသားမှာ မျက်ရည်များဝေလာ ….။

ဆောင်းအိပ်မက်ပါ…..
ဥရောပမြေပေါ်မှ အဖြစ်အပျက်များ
စစ်အာဏာရှင်တို့ ရဲ့  စရိုက်တူမှုများ
ဥရောပ အမေရိက အာရှ အာဖရိက နေရာအနှံ့ အပြား
အာဏာရှင်ဆိုတာ ဒီ ပုတ်ထဲက ဒီပဲများသာ ….။

ဟစ်တလာရဲ့  ဇာတ်သိမ်း
အာဏာရှင်တို့ ရဲ့  အာဏာရှင်တို့ ရဲ့  ဇာတ်သိမ်း
ဒီကမ္ဘာမှာ ထပ်တူထပ်မျှပြည်သူတို့ ရဲ့  ဒဏ်ခတ်ခြင်းကို
ခံရတာပဲမဟုတ်လား ……။

ရဲရင့်သက်ဇွဲ ၃၀ အောက်တိုဘာ၂၀၁၁ (ဥရောပဝေဒနာညများကဗျာစုမှ)






Friday, February 11, 2011

ရေနစ်သူ

ရေနစ်သူ


မြို့ ပျက်ကြီးများ

ခေတ်ပျက်ကြီးများ

ဂန္တ၀င်ဆန်ဆန်

ထမ်းပိုးထားခဲ့ရမှုများ

ချစ်ချင်းမေတ္တာတရား

ခေတ္တ သိမ်းထားပါ ၊




တဘ၀စာကြေကွဲမှုများ

သံသရာအဆက်ဆက်

ပက်ပက်စက်စက်

မက်မောနေတယ်ထင်ရင်လဲ

ရက်ရက်စက်စက်

ခြေကုန်လက်ကုန် ရယ်(ရီ)မောပြစ်လိုက်ပါ

ဟက်ဟက်ပက်ပက်

အိတ်သွန်ဖာမှောက် ငိုကြွေးလိုက်ပါ ။



ဆဒ္ဒဆင်မင်းဇာတ် ဖတ်ရတုန်းက

ငယ်သေးတော့ ငိုလိုက်ရတာ

အရွယ်လေးရလာမှ ပြန်ဖတ်

ဇာတ်ကနာလွန်းလှတယ် ၊



ဘယ်သူက ဘယ်သူ့ ကို

အပြစ်တင်ရမှာလဲ

ဆင်မင်းလား

မိဘုရားလား

မုဆိုးလား

သေချာတာကတော့

ခေတ်ကို အပြစ်မမြင်ဘို့ ပဲ

ခေတ်ကို အပြစ်မြင်ရင်လဲ

မုဒိတာပွားကြဖို့ ပဲ ။



တယောက်လက်ကို

တယောက် ဆုပ်ကိုင်ထားကြ

တယောက်ဘ၀ကို

တယောက် ပွေ့ ဖက်ထားကြ

သံသာလေ ကမ်းတိုင်မှာ

ကောက်ရိုးတမျှင်ဟာ

မင်းလဲ ဖြစ်နိုင်တာပဲ

ငါလဲ ဖြစ်နိုင်တာပဲ။


ရဲရင့်သက်ဇွဲ

Tuesday, February 08, 2011

ဒဏ်ရာနဲ့  ပျံသန်းနေတဲ့ ငှက်တကောင်

ဒဏ်ရာနဲ့  ပျံသန်းနေတဲ့ ငှက်တကောင်



ဝေးကွာမှုအတွင်းက

ကြေကွဲခြင်းအနာ

ဘယ်အရာနဲ့  ကုစားမလဲ

ပြည်ထဲရေးနှင့် ၀မ်းရေးတို့ ထက်

လွမ်းရေးခက်သူ ….။


မမြင်နိုင်သောအရာ

ကံကြမ္မာ …

ခံနိုင်ရည်ကိုစမ်းသပ်သောအရာ

လောကဓံ …

ကိုယ်တိုင်ကြိုးစားလုပ်ကိုင်သောအရာ

ကံ …

ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသောအရာ

ဉာဏ် ...

အားထုတ်မှုကိုဖြစ်စေသောအရာ

ဝီရိယ ... စသည်ဖြင့်

တို့ တတွေရဲ့  ခွဲခွါရခြင်းမှာ

ဘာတခုကိုမှ

ယိုးမယ် မဖွဲ့ လို ....။



မှားများသွားလား

သံသယစကား သံသယအတွေးနဲ့ 

သံသရာမရှည်စေနဲ့  ညီမလေးရေ

ဘုရားသခင် အလိုမတူရင်

သစ်ရွက်တောင် မလှုပ်ဘူးမဟုတ်လား ….။



တိုတောင်းတဲ့ လူ့ ဘ၀မှာ

မိသားစုနဲ့  အတူနေချင်တယ်

အပျော်တွေ မျှဝေချင်တယ်

တကယ်တော့ ကိုယ်ဟာ

အသိုက်အမြုံနဲ့ ဝေးကွာ

ဒဏ်ရာနဲ့  ပျံသန်းနေတဲ့ ငှက်တကောင်ပါ ….။



ရဲရင့်သက်ဇွဲ

၁၇ ၁၂ ၂၀၁၀

Sunday, February 06, 2011

အသက်ကယ်ဆေး … ငါ့ပြန်ပေးပါ

အသက်ကယ်ဆေး … ငါ့ပြန်ပေးပါ


အိပ်စက်ခြင်းတွေက

သူစိမ်းဆံလွန်းလှစွာ

နာရီလက်တံများက

စိတ္တဇဝေဒနာသည်တယောက်ရဲ့ 

ညဉ်းငြူသံမျိုးနဲ့ 

ည က ငါ့ကိုပြုစားနိုင်လွန်းတယ်။



ငါ့ရဲ့ညတွေ ဘယ်သူခိုးသလဲ

အဝေးကလရောင် မှောင်နေဆဲပဲ

ကြယ်ရောင်အောက်မှာ လမ်းပျောက်ခဲ့ပြီ

ချစ်ခြင်းတရား ပါးလျနေသလား

ခံနိုင်ရည်အား စမ်းသပ်နေသလား

မာနတွေက ငါ့ ပြစ်သွားပြီ ။



အထီးကျန် တကိုယ်ရေလွမ်းဆွတ်မှုများ

မျှော်လင့်ချင်း အနာဂတ် အိပ်မက်

ဆက်သွယ်မှု ဧရိယာအပြင်ဖက်ကိုရောက်နေတယ်

ပြုစားရက်စက်

သံသရာ အဆက်ဆက်မှာ

ဆုတောင်းတိုင်းသာ ပြည့်စေချင်တယ် ။



အခုတော့ …

တဘ၀စာ အလွဲများအတွက်

ညနက်ကြီးရေ အသက်ကယ်ဆေး

ငါ့ ပြန်ပေးပါ ။



ရဲရင့်သက်ဇွဲ

၀၆ ၀၂ ၂၀၁၁

၃ နာရီ အေအမ်

Wednesday, January 19, 2011

မေးခွန်းများ

မေးခွန်းများ

ငိုကြွေးခြင်းတခုနဲ့ စ
လူ့ ဘ၀ထဲ ၀င်လာကြတဲ့အခါ
ဘာမှမပါ ဗလာခန္ဓာကိုယ်တခုသာ
ငိုကြွေးခြင်းများစွာ
လူ့ ဘ၀ထဲက ပြန်ထွက်တဲ့အခါ
အဲဒီ ခန္ဓာကိုယ်တခုသာ
ပြန်ပါသွားကြ …..။

တရားရှာ …. ကိုယ်မှာတွေ့ တဲ့ 
မွေးဖွားခြင်းနဲ့  သေဆုံးခြင်း ကြား
အပ်နှစ်စင်း ထိတွေ့ ပုံများ လွယ်ကူးလွန်းစွ
မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့ ဘ၀ ရခဲခြင်းသဘော
ဘုရားဟောလည်း အရှိသားမဟုတ်လား ……။

ပူလောင်မှုတွေ နာကျင်မှုတွေ
ဆာလောင်မှုတွေ
လိုအင်ဆန္ဒ မပြည့်ဝသမျှ
ဘ၀ … ဘ၀ …
တရားရစရာ အကောင်းသား
အလောင်းများနဲ့ ယပ်တောင်များကပြောပြ
ဧည့်သည်တဲ့
သံဝေဂတေး ဟစ်ကြွေးသံများ ပဲ့တင်ထပ်မျှ ……။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
တို့ လူသားတွေ
ဘာတွေ မှားခဲ့ကြမလဲ
ဘာတွေ ထားခဲ့ကြမလဲ
မသေးခင်တွေး
ကိုယ့်ကိုယ်ကို ပြန်မေးရဦးမယ် …..။

ရဲရင့်သက်ဇွဲ
ဒီဇင်္ဘာ ၂၀၁၀


ဖြစ်တည်မှု

ဖြစ်တည်မှု

ဆည်းဆာရဲ့ အရောင်
တိမ်တောက်ပုံက အဆန်းတကြယ်
ဆေးမှင်ရည် ဖျန်းပက်ထားသလိုပ
လှတာမက်၍ ညစာခက်ခဲ့ရသူ …။

မသေချာ မရေရာမှုများ
ငါ့ အပေါ်ပြိုကျ
အလင်းရောင်တစ လိုချင်လှပြီ …..။

ကောက်ကွေ့ တဲ့ လမ်းများနဲ့ 
ကောက်ကွေ့ တဲ့  စိတ်များအပေါ်
အပြစ်ဖွဲ့ စကား မဆိုချင်ပါ
ငါ လိုချင်တာ ရိုးဖြောင့်မှုတခုသာ …။

ချောင်းရေတွေက မြစ်ထဲစီးဝင်
မြစ်ရေတွေက ပင်လယ်ထဲစီးဆင်း
ဘ၀ရဲ့ နေထိုင်မှု အနုပညာထဲ
ပင်လယ်ရှာမတွေ့ တဲ့မြစ်ဟာ
ငါ … ကိုယ်တိုင် ဖြစ်နေတော့တယ်….။

ရဲရင့်သက်ဇွဲ
၁၈ ၀၁ ၂၀၁၁


Monday, December 27, 2010

အလွမ်းပွင့်တို့  ရိုက်ချိုးတဲ့ မျက်ရည်တာရိုး

အလွမ်းပွင့်တို့  ရိုက်ချိုးတဲ့ မျက်ရည်တာရိုး

အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတယ် …..။

ကောင်းကင်ကတော့
အုံ့ မှိုင်းနေဆဲ
မျက်စေ့တဆုံး အဖြူရောင်တွေဖုံးလို့ 
ငှက်ကလေးတွေတောင်မှ
တေးမသီနိုင်ရှာကြဘူး
သစ်ရွက်ကလေးတွေတောင်မှ
နှင်းတို့ ရဲ့ မျက်နှာ မော့မကြည်ရဲရှာကြဘူး …….။

တကမ္ဘာလုံးက အေးခဲမှုတို့ 
ငါနေတဲ့အရပ်ကို စုပုံပို့ လိုက်သလား
သတိရတမ်းတခြင်းတွေကတော့
အေးခဲမှုတွေကိုထိုးဖောက်
မင်းဆီအရောက်
ပျံသန်းနေကြလေရဲ့  …..။

မိသားစုဆိုတဲ့ အတွေး
နွေးထွေးမှုကိုပေးတယ်
မိသားစုအရေး
သားသမီးအရေး
အနာဂတ်အရေး
အတွေးများ မိုးမဆုံး မြေမဆုံး …..။

ဘာပဲဖြစ်ဖြစ်ပေါ့လေ
အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတုန်း …..။

ရဲရင့်သက်ဇွဲ ၁၇ ၁၁ ၂၀၁၀