Showing posts with label အမှတ်တရစာစု. Show all posts

Wednesday, August 17, 2011
မွေးရာပါချစ်မြတ်နိုးခွင့်အရ ဧရာဝတီကို ကာကွယ်ကြ

သစ္စာဖောက်တဲ့လား. စကားလုံးနဲ့ တင်သေနိုင်တယ်။ ကျနော်ကတော့ ဒီလိုတွေးပါတယ်။ ဗမာပြည်မှာမွေးဖွားကြီးပြင်းတဲ့ ဗမာ တိုင်ရင်းသား တရုတ် ကုလား စသည်ဖြင့် ဗုဒ္ဒဘာသာ အစ္စလာမ် ခရစ်ယန် ဟိန္ဓူစသည့်အစရှိသောဘာအသီးသီးတို့ မတူကွဲပြားခြားနားကြပေမယ့်ဗမာနိုင်ငံသားမှန်ရင် အခုကျနော်တို့ ပြောဆိုနေကြတဲ့ မွေးရာပါလူ့ အခွင့်အရေးဆိုသလို ပဲ မွေးရာပါချစ်မြတ်နိုးမှု ပုဂံကိုရာဝတီကို ချစ်မြတ်နိုးမှုဟာမွေးရာပါဖြစ်တယ်။ ကျနော်တို့  ခင်ဗျားတို့  အဲဒီမွေးရာပါချစ်မြတ်နိုးမှုကို ကိုင်ဆွဲ ဧရာဝတီကို ကာကွယ်ပွဲနွှဲကြဟေ့။။
ရဲရင့်သက်ဇွဲ
Saturday, September 25, 2010
နှင်းရနံ့ ကို မခံစားခဲ့ကြရသူများ
နှင်းရနံ့ ကို မခံစားခဲ့ကြရသူများ
ဆောင်းဝင်လာပုံက နည်းနည်းစောနေသည်ထင်သည်။ ကော်ရစ်တာလက်တန်းမှာ ညနေခင်းကြယ်တွေကို ငေးကြည့်နေရင်း
တဖြည်းဖြည်းဝေးသွားသလို ခံစားရသည်။ ကျနော့ ခန္ဓာကိုယ်က ခါတိုင်းထက်ပိုပြီး စိမ့်အေးနေသလိုခံစားရသည်။
“အော်--နှင်းရနံ့ကို မခံစားနိုင်ခင် ကျောခိုင်းသွားကြသူများ” တဲ့လေ။
ကျနော့မြင်ကွင်းထဲမှာ ကန်စွန်းခင်းလေးဘေးက ယိုင်နဲ့နဲ့အိမ်လေးကိုသတိယနေသည်။
လှည်းတန်းအနီးက ရပ်ကွက်မှာ ရှိသည့် ထိုအိမ်လေး ကို ခင်မင်သည့်မိတ်ဆွေများရောက်လာတတ်သည်။ “အဆင်ပြေလှတယ်မဟုတ်ပါဘူး။ ဒီလိုပဲ ကြံဖန်နေရတာပေါ့” တဲ့ သူရဲ့ရိုးသားမှုက ပြုံးလိုက်လျင် ပိုသိသာသည်။
ကမ္ဘာမြေမှာ ပွင့်ခဲ့သော ဖြူစင်မှုများ တဲ့လေ။ အခုတော့ ဝိညာဉ်ခေါ်ပွဲတော်တခုဆီ ကို ခဏအလည်သွားရောက်နေသည့် ကဗျာဆရာ “နီမာ”
တယောက် ဗန်းမော်အကျဉ်းထောင်ထဲက သူ့သမီး ကို ထောင်ဝင်စာတွေ့ဖို့ ပြန်လာနေရော့မယ်။
(၁)
၁၉၈၈ အရေးတော်ပုံအကြောင်းကိုပြောမည်ဆိုလျင် တရားမဝင်ဖျက်သိမ်းခံရသည့် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ကို ချန်လှပ်ထားလို့မရ။ မာမာဦး က ထိုအဖွဲ့မှာ လူငယ်ခေါင်းဆောင်တယောက်။
သို့သော် သူမ ကား ပါတီရုံးချုပ်မှာ အချိန်ကြာကြာမနေလိုက်ရ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားအင်အားစုများအကြားဆွေးနွေးအပြီး မတရားသည့်အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ
တိုက်ပွဲလမ်းကြောင်းပေါ်မှာ လျှောက်ရင်း ၁၉၈၉ ဂျွန် (၂၄) ရက်နေ့မှာ မန္တလေးဈေးချိုထဲတွင် အဖမ်းခံခဲ့ရသူ၊
သူမရဲ့အဖေ စာရေးဆရာ နီမာ လည်း မန္တလေးထောင်ထဲမှာ။ ဦးနီမာ ကလည်း အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ( လယ်သမား၊ အလုပ်သမားအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူ၊ တချို့ကတော့ ပြည်သူ့တိုးတက်ရေးပါတီကလို့ ပြောသည်) ။
မမာမာဦးတယောက် ဗကသ ကျောင်းသူများ၊ ABSDF လက်နက်ကိုင်လှုပ်ရှားမှုအတွက် မြေပေါ်မှာ လာရောက်ဆက်သွယ်
နေသည့် မမူ၊ ဒေါ်ခင်ဝင်း ( ရန်ကုန်၊ အန်အယ်ဒီ) တို့နှင့်အတူနေထိုင်ရသည်။ တလောက လုံးမှာက သမီးနှင့်အဖေ တယောက်မျက်နှာတယောက်ကြည့် အားပေးလျှောက်လှမ်းနေသည့်ဘဝ၊
နိုင်ငံရေးလုပ်သဖြင့် ဆွေမျိုးများနှင့်သိတ်အဆင်ပြေပုံမပေါ်။ ထောင်အတွင်းမှာ ရှိသည့် လုပ်ဖေါ်ကိုင်ဘက်များက မနေသာတော့ ထောင်ဝါဒါ ကို အကျိုးအကြောင်းပြောရသည်။ ထောင်ဝင်စာလာတွေ့မည့်သူမရှိသည့် သူတို့နှစ်ဦးကို
တခုခုစီစဉ်ပေးလိုကြောင်းတင်ပြကြသည်။ မန္တလေးထောင်မှူးကလည်း ကိုယ်ချင်စာသွားပုံရသည်။ အဖေကိုတွေ့မည့်ထောင်ဝင်စာအတွက် ထောင်တွင်းလုပ်ဖေါ်ကိုင်ဘက် အမျိုးသမီးများက
စီစဉ်ပေးကြသလို၊ စာရေးဆရာ ဦးနီမာ ကလည်း သူ့သမီးအတွက် စားစရာများ၊ ကျောင်းသားရဲဘော်များမှ ပေးလိုက်သည့် ထောင်အင်္ကျီအတွက်ချုပ်သည့် အပ်ချည်ကြိုးဖြင့်ယက်ထားသော အနုပညာဖန်တီးမှုများကို လက်ဆောင်ပေးရတတ်သည်။ သတင်းဖလှယ်ကြသည်။ အကျဉ်းထောင်တွေက ကျနော်တို့ရဲ့သက္ကရာဇ်တွေကို ဝေးကွာစေခဲ့သည်။
(၂)
၁၉၉၄ ကာလမှာ ရန်ကုန်စက်မှုတက္ကသိုလ်ကိုပြန်ရောက်တော့ “ သူတို့သားအဖနှစ်ယောက် လှည်းတမ်းလမ်းဆုံနားက ပလက်ဖောင်းပေါ်မှာ စာအုပ်ဆိုင်လေး ဖွင့်ထားတယ်။ မန္တလေးဘက်ကနေ ပြောင်းလာပြီး၊ ရန်ကုန်တက္ကသိုလ်မှာ
ကျောင်းဆက်တက်နေတယ် ဆိုတဲ့သတင်းကို ကြားတယ်” ဒီလိုနှင့် ကျနော်တို့ပြန်ဆုံကြပြန်သည်။ နယ်မြေသစ်တခုမှာ သူတို့သားအဖ နှစ်ယောက်ရုန်းကန်ကြရအုံးမည်။ သူတို့ နေထိုင်သည့် ကန်စွန်းခင်းဘေးက အိမ်လေးကို ကျနော်လိုက်သွားမိသည်။ မှတ်မှတ်ရရ ကျနော်အကြံပေးခဲ့ဘူးတာကိုသတိယနေမိသည်။ “ဦးလေးစာအုပ်ဆိုင်မှာ အမေရိကန်သံရုံးက ထုတ်တဲ့ အိုင်ယာကော့ကာ လို စာအုပ်မျိုးတွေ၊ ဂေါ်ဗာချော့ဗ် ရဲ့ ပယ်ရီ စတွိုက်ကာ လို စာအုပ်တွေလည်းတင်ပါ့လား၊
သံရုံးမှာ သွားတောင်းရင် အလကားရတာပဲ။ သူတို့မှာ ပေးချင်လွန်းလို့။ အခုပေါက်ဈေးက (၂၅) ကျပ်လောက်ရှိမယ် ထင်တယ်” ဆိုတော့ သူက “ငါ့တူ ပြောတဲ့ စာအုပ်တွေတင်ရောင်းပြန်ရင်လည်း မလွယ်ပါဘူးကွာ။
တချို့က မကြိုက်ဘူး။ တိုက်ခိုက်မယ်” တဲ့။ ဦးနီမာ က အဲ့သလို ရိုးသည်။ ပိုက်ဆံမရချင်နေ၊ မိတ်ဆွေများနှင့် အခင်အမင်မပျက်ချင် ငြင်းခုန်မှုမရှိချင်သူ။
ကျနော်က “ ဘာဆိုင်လည်း စီးပွားရေးလုပ်တာပဲ။ နောက်တခုက ကျနော်တို့တတွေအနေနဲ့ ပြောင်းလဲမှုတွေကို
ဖတ်သင့်တယ် လို့ထင်တယ်။ ဒါတွေနဲ့ချည်းရပ်နေရင် အန္တရာယ်များတယ်” လို့ ကျနော့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ တကယ်တော့ သူကလည်း စာအုပ်ဆိုင်တိုးချဲ့ရေးကို စိတ်ဝင်စားသည်။ ရုရှားသံရုံးကို ဝင်ထွက်သွားလာနေသည့် မောင်လင်းယုန်( ရှမ်းပြည်) ကလည်း ပြန်လွတ်လာချိန်၊ လှည်းတန်းလမ်းဆုံလေးက လက်ဘက်ရည်ဆိုင်ဘေးမှာလူငယ်တွေနှင့်တရုန်းရုန်းထိုင်နေချိန်။
ဦးနီမာ က စာအုပ်ဆိုင် ကို ထားခဲ့ပြီး လူငယ်များဆီကို ကူးလာတတ်သည်။ တရုတ် သံရုံးမှ စာအုပ်အပြာဖြင့်ထုတ်ဝေသည်
“ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှုအပေါ်ပါတီ ရဲ့ သုံးသပ်ချက်၊ သဘောထား” ( ခေါင်းစဉ် ကို တိတိကျကျမမှတ်မိ) ကို ကျနော့သူငယ်ချင်းဆီမှ သူကယူဖတ်ပြီး၊ ကျနော့်ကို လက်ဘက်ရည်ဆိုင်မှာ မေးဘူးသည်။ “ငါ့တူဘယ်လိုမြင်လဲ” တဲ့။
“ကျောင်းသားကို သတ်တဲ့ကိစ္စကို လူသတ်မှုလို့ပဲမြင်တာပေါ့ ဦးလေးရယ်၊ အဲ့ဒီ စာတမ်းတွေ ကျနော်ဖတ်ပြီးပြီ၊ အစိုးရက ပြောတော့လည်း အစိုးရစကားပဲပေါ့ ဦးလေးရယ်။ ကျနော်တို့လိုပဲနေမှာပေါ့” ဆိုတော့
သူက နှစ်နှစ်ကြိုက်ကြိုက်ပြုံးသည်။ လက်ဘက်ရည်ခွက်ကိုတိုက်မိပြီး မောက်ကျသွားတာကို သတိယမိသည်။
ဘာရယ်လို့မဟုတ်။ မှောက်ကျသွားသည့် လက်ဘက်ရည်စက်တွေကို ငေးရင်း ကျနော့စိတ်ထဲထင့်နေသည်။ လှည်းတန်းလမ်းဆုံ လို နေရာမှာ လာပြီးစာအုပ်ဆိုင်ဖွင့်တာကို ကျနော်သဘောမကျခဲ့ပါ။ ကိုယ်က ဘာမှမလုပ်ရင်လည်း ထောက်လှမ်းရေးတွေက ယူဂျီလုပ်နေတယ်ထင်နေတာမို့လား။
ပြီးတော့ သူတို့ လူတွေကလည်း စာအုပ်ဟောင်းရောင်းတဲ့အထဲမှာ ဘယ်နှစ်ယောက်ရှိနေတယ် မသိ။
(၃)
၁၉၉၅ ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်က လွတ်လာပြီးစနေ၊ တနင်္ဂနွေ ခြံရှေ့တရားပွဲတွေလုပ်တော့ တရားပွဲပြီးတိုင်း ကျောင်းသား၊ လူငယ်အုပ်စုတွေက လှည်းတန်းလမ်းဆုံမှာ လက်ဘက်ရည်ဆိုင်လာထိုင်သည်။ သူ့ဆိုင်လေးမှာ ဝင်ပြီး
လာရောက်နှုတ်ဆက်ကြသည်။ ခင်မင်တာတွေကို ကျေးဇူးတင်သည်၊ ဝမ်းသာသည်။ သို့သော် ထောင်နှုတ်ခမ်းနှင့်တော်တော်လေးနီးလာပြီ လို့
မာမာဦး ကို ကျနော်က ပြောခဲ့သည်။ ဘာလို့လဲဆိုတော့ သူဆိုင်လေးမှာ က လူတော်တော်ဆုံသည်။ ဦးနီမာ ကလည်း အမြဲတမ်းပြုံးပြီး လူငယ်တွေကို အားပါးတရနှုတ်ဆက်သည်။ တခါတလေ ဆိုင် ကို ပစ်ပြီး လက်ဘက်ရည်ဆိုင်မှာလာထိုင်သည်။ မမာမာဦး ကလည်း ဆယ်တန်းတွေကို ကျူရှင်ပြဖို့ဝိုင်းရှာသည်။ သူနှင့် ကျနော် တချို့ဝိုင်းတွေမှာ အတူတူစာပြကြသည်။
ထိုခေတ်တုန်းကတော့ ဂိုက် ( Guide) လုပ်သည်ဟုခေါ်သည်။ ကျနော်က လှုပ်ရှားမှုတွေမှာ သိတ်မပါဖို့၊ လူတိုင်းကို လက်ခံပြီး
မတွေ့ဖို့ပြောသည်။ ကျနော်က မာမာဦးကို သတိပေးပေမဲ့ တကယ်တမ်း ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုဖြစ်သောအခါ မနေနိုင်နထိုင်နိုင် ဝင်ပါဖြစ်သွားသည်။
မမာမာဦးကလည်း ကံမကောင်း။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော သူများကို ဖမ်းဆီးစဉ်က သူအဖမ်းမခံရခဲ့။
သို့သော် ချင်းမိုင်တွင် အခြေစိုက်ပြီး ဗမာပြည်သို့အကူအညီပေးနေသည့် အဖြူမတယောက်က ပြည်တွင်းကိုလာရောက် ပြီး သူတို့ပေးသည့် ငွေမည်သို့မည်ပုံသုံးသည်ကို လာရောက်စစ်သည့်အတွက် ကျောင်းသားခေါင်းဆောင်တချို့အဖမ်းခံလိုက်ရသည်။ မကြာပါ။
၁၉၉၆ လှုပ်ရှားမှုကို နောက်ကွယ်မှ အားပေးအားမြှောက်ပါဝင်သူများ ဟု စွပ်စွဲကာ မီးခိုးကြွက်လျှောက် ဖမ်းလေတော့သည်။
မာမာဦးလည်း ထောင်နှစ်ရှည်ကျခဲ့ရသည်။ ထို ကိစ္စက ၁၉၉၇ မှာ ဖြစ်ပျက်ခဲ့သည်ထင်သည်။
(၄)
ထောင်က ပြန်လွတ်လာတော့လည်း မာမာဦးတယောက် ရှစ်ဆယ့်ရှစ်မျိုးဆက်အုပ်စုတွေနှင့်ဆက်လုပ်နေတာကို
တွေ့နေရသည်။စာရေးဆရာ နီမာရဲ့စာအုပ်ဆိုင်လေးမရှိတော့ဘူး တဲ့။ ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်းခေါင်ခိုက်လာသည်။
ကိုကိုကြီး က သူတို့သားအဖနှစ်ယောက်နေဖို့ အိမ်လေးတလုံးရှာခိုင်းခဲ့သည်။
အိမ်ရှာချိန်တောင်မရလိုက်တော့။ ထောင်ဒဏ် ( ၇၀) နှစ် ဖြင့် အကျဉ်းထောင်ထဲ ပြန်ရောက်သွားပြန်သည်။
ဦးနီမာ တယောက်လည်း ထောင်ဝင်စာတွေ့ဖို့ ရုန်းကန်ရပြန်သည်။ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေကို ဝေးလံတဲ့နယ်ထောင်တွေမှာ ပြောင်းပစ်လိုက်ပြန်သည်။ “ ဘယ်လိုလုပ်လွယ်မလဲဗျာ။ နဂိုကမှ အဆင်မပြေပါဘူး ဆိုကာမှ အခုလိုလုပ်လွှတ်လိုက်တော့ သားအဖ နှစ်ယောက် ဘယ်မှာတွေ့ဖို့ ဖြစ်နိုင်ပါ့မလဲ” တဲ့။ မှတ်ချက်ချသံတွေ သိတ်မကြာလိုက်၊
ဒီတခါ ထောင်ဝင်စာမတွေ့နိုင်တော့တာက သေချာသွားပြီ။
ဦးနီမာ ကွယ်လွန်ကြောင်းကြားတော့ မာမာဦး နှင့် သူမအဖေအကြောင်းကို ကိုသားကြီး ( အေအေပီပီ၊ ထိုင်းနိုင်ငံ ) က
သူ့ရဲ့အထီးကျန်နှစ်များ၊ မွန်းကျပ် နှစ်များကို ထည့်သွင်းပြီး အခုလို သတိယပြောဖြစ်သည်။
“ညနေ မှောင်ရီပြိုးစဆို သူ့ဆိုင်လေးမှာ လူစုံတတ်တယ်ကွာ။ ပြည်သူ့တိုးတက်ရေးပါတီဝင်ဟောင်းတွေ၊ကျောင်းသားတွေ။
ကမာရွတ်-စမ်းချောင်း-လှိုင် NLD အဖွဲ့ဝင်တွေ၊ နောက်ပိုင်း ကိုမြင့်အေးတို့ HRDP က တချို့ ဆုံတတ်တယ်။ တခါတလေ လဘ္ကက်ရည်။ တခါတလေ ရေနွေးကြမ်းသောက်ပြီးထောင်အကြောင်းတွေပြော၊ အတွေ့အကြုံတွေပြော။သတင်းစကားလက်ဆင့်ကမ်း။စာအုပ်ငှားဖတ်လို့လဲရတယ်။
လိုရင်မှာထားလို့လဲရ။ဦးနှီမာ က ပန်းဆိုးတန်း စာအုပ်တန်းနဲ့လဲအဆက်အသွယ်ရှိတယ်။
စကားပြောရင်း လူတွေကိုငေး- အရသာတခုပါဘဲ။ည ၈ခွဲ ၉ ဆို ဆိုင်သိမ်းတယ်။
ဆိုင်ကတော့ နေ့စဉ်ဖွင့်ရတယ်မရှိပါဘူး။ စည်ပင်ဖမ်းရင် ဆိုင်ပိတ်ရပြန်တယ်။ ဦးထွန်းလင်းခြံလမ်းကြားထဲဝင်ထိုင်ကြတယ်။
အဲဒီမှာဘဲစကားပြောကြတယ်။ နိုင်ငံရေး အသိုင်းအ၀ိုင်းကဆို အားလုံးကိုလက်ခံစကားပြောတာလေ။
ဦးနီမာ ကစိတ်မြန်လက်မြန်။စကားပြောလဲ အားရပါးရ။ မာမာဦးကတော့ ဆိုင်မှာသိပ်မရှိတတ်ဘူး
၉၃-၉၄ ကနေ ၂၀၀၂-၃-၄ လောက်ထိစာအုပ်ဆိုင်လေးရှိ။၉၆-၉၈ လှုပ်ရှားမှုအပြီး ၂၀၀၂ ပါတ်ဝန်းကျင်ပြန်လွတ်လာတဲ့ ကျောင်းသားတချို့လဲဦးနီမာအကူအညီနဲ့ လှည်းတန်းထိပ်မှာဘဲ စာအုပ်အဟောင်းဆိုင်လေး ဖွင့်ခဲ့ကြတယ်။
ဦးနီမာက သာရေးနာရေးပွဲ၊ နိုင်ငံရေးပွဲ တွေလဲသွားလာတတ်တယ်။ မာမာဦး က ၈၈ အုပ်စုထဲပါတော့လဲ-ဦးနီမာက
စာအုပ်ရောင်းမပျက်။လမ်းထိပ်မှာ လူစုံလျှက်သတင်းစကားကြားနေရတတ်တယ်။ အမှတ်တယ စာအုပ်ဆိုင်လေးပါဘဲကွာ” တဲ့
(၅)
ဆောင်းဦးအဝင်စောနေတယ် ထင်ပါရဲ့။ သီရိဆောင်ဘေး ရေတမာတန်းတွေကြားမှာ အေးစက်စက်ဖြတ်လျှောက်နေကြသည့် ပုံရိပ်တွေကို အမှတ်ရမိသည်။ လှည်းတန်းလမ်းစုံရဲ့ပလက်ဖောင်းတွေကို ဖြတ်ကျော်လိုက်တော့ ကျယ်ကျယ်ပြန့်ပြန့်ပြုံးနေသည့် ရွေ့ပြောင်း စာအုပ်ဆိုင်တဆိုင် ကို တွေ့ဖို့ဆိုတာ ဖြစ်နိုင်ချေ မရှိတော့။
မောင်လင်းယုန် ( ရှမ်းပြည်) လည်း လက်ဘက်ရည်ဆိုင်တွေမှာ ရောက်လာဖို့ဆိုတာလည်း မဖြစ်နိုင်တော့သလို၊
အန်အယ်ဒီ လူငယ်တွေ၊ ကျောင်းသားသမဂ္ဂအသီးသီး က ခေါင်းဆောင်တွေ၊ အနံ့ခံကောင်းသည့် ထောက်လှမ်းရေး (၁၂) မျက်လုံးတွေ------နောက်-- အန္တရာယ်တွေ၊ မသေချာမှုတွေ-- သားသမီးထောင်ဝင်စာတွေ့ဖို့ ရုန်းကန်နေရတဲ့
အဆင်မပြေမှုတွေ၊-
------ညနေကြယ်တွေက တဖြည်းဖြည်းဝေးသွားသလို ခံစားနေရသည်။
သို့သော် -မာမာဦးရဲ့အဖေ ဦးအုန်းမောင် က နီသည်။ မာသည်။ ရိုးသားသည်။
ကြံ့ကြံ့ခံနေသော ဖေါ်ရွှေသည့် အပြုံးများက ကျနော်တို့ကို မေ့စေနိုင်မည်မဟုတ်။
အောင်မိုးဝင်း
ဦးအုန်းမောင် (ခ) စာရေးဆရာ နီမာ က သခင်အုန်းမြင့်တို့လို ထင်ရှားတဲ့ခေါင်းဆောင်တယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့သမီး မာမာဦးတယောက် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို ဆွဲကိုင်နေချိန်မှာ ဖခင်တယောက်ရဲ့ထောက်ပံ့ပေးမှုတွေကို တာဝန်ကျေခဲ့တဲ့အပြင် သူ့စာအုပ်ဆိုင်လေးဟာ လူငယ်တွေအတွက် အလည်နားခိုရာနေရာလေးတခုဖြစ်ခဲ့တယ်။ လှည်းတန်းလမ်းဆုံ လက်ဘက်ရည်ဆိုင်တွေ မှာ ၁၉၉၄-၉၆ အတွင်း ဆုံဆည်းခဲ့ရတဲ့ မိတ်ဆွေတွေကိုလည်း သတိယနေပါတယ်။
ဓါတ်ပုံတွေကို မိုးမခ အင်တာနက်စာမျက်နှာက ယူသုံးပါတယ်။ သူတို့လည်း ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အားကြိုးမာန်တက်ပါဝင်နေသူတွေဖြစ်လို့ ခွင့်မတောင်းတော့ပါဘူး။ နားလည်ပေးလိမ့်မယ် လို့ ထင်ပါတယ်။

Subscribe to:
Posts (Atom)