Showing posts with label မွေးနေ့ ဂုဏ်ပြုကဗျာ. Show all posts
Showing posts with label မွေးနေ့ ဂုဏ်ပြုကဗျာ. Show all posts

Tuesday, March 22, 2011

ရင်ဘတ်တွေနဲ့  တူးဆွ ပူဇော်

ရင်ဘတ်တွေနဲ့  တူးဆွ ပူဇော်


ခေတ်ကို ရင်ဘတ်တွေနဲ့ တူးဆွကြည့်ကြတဲ့အခါ
ဧရာဝတီက သူ့ နှလုံးသားထဲက အရိုးခံအတိုင်း
သင်တို့ ကို စီးဆင်းပြလိမ့်မယ် ….

ကြာခဲ့ပါပြီ
ဒါပေမယ့် … မနေ့ တနေ့ ကလို
အထက်ဗမာပြည်ရဲ့  နွေနေ အပူမီးက
ဆယ်နှစ်သားလေးရဲ့ ရင်မှာ
ကြေကွဲမှုနဲ့ တောက်လောင်တဲ့ မီးကို
လက်မှိုင်ချလို့ သာနေရတော့တယ်။

မြတောင်ကျောင်းကြီးရဲ့ 
စားတော်ဝန်ဦးခဲကျောင်းလက်ရန်းပေါ်ကနေ
မြင်တွေ့ ရတဲ့ မြင်ကွင်း တသက်မမေ့နိုင်စရာ
(သာသနာမြေပလ္လင်အသရေလှပေတဲ့၊
ရွှေမြတောင်သာတဲ့တိုက်ဆီက၊
နေလနှစ်ဆောင် ပါတော်မူတဲ့ အခိုက်တို့ဖြင့်၊)
အရှင်နှစ်ပါး ပါတော်မူခန်း ဇာတ်လမ်းကကြမ်းတယ်
မုန်တိုင်းတခုရဲ့ ဗဟိုချက်လိုမျိုး ဇာတိမာန်က
ဆယ်နှစ်သားလေး သွေးသားထဲကိန်းဝပ်တယ်
ကုန်းဘောင်မင်းဆက်ရဲ့ ကျဆုံးခန်း
ကိုယ့်မင်းကိုယ့်ချင်းဇာတ်သိမ်း ပတ်စာခွါ ဖျာသိမ်း
သမိုင်းမှာ မြန်မာတို့ ရဲ့ လွတ်မြောက်ရေးသွေးအလိမ်းလိမ်းနဲ့ …။


နှစ်ကာလများ ဖြတ်သန်း
ဇာတိမာန်ကြီးထွားမှုလမ်းမှာ
မစ္စတာမောင်မှိုင်းမှသည်
“ဒို့ဗမာတခွင်သခင်ထိုအကျော်အမော်ဂိုဏ်းတွင်ဖြင့်၊
မျို့ရတနာသဘင်အကြင်ဗြဟ္မစိုရ်ဇော်ကသိုဏ်းတွေနှင့်၊
ပလ္လင်ဗဟိုသော်တနှိုင်းပေပဇမ္ဗူသမိုင်းပျော်စရာအခြေ
(သခင်ကိုယ်တော်မှိုင်း) ရယ်လို့ လူတိုင်းခေါ်ကြစေ ”
သခင်ကိုယ်တော်မှိုင်း ဘွဲ့ အမည်ခံ နယ်ချဲ့ ကို အာခံခဲ့တယ်…
အကျိုးအပြစ်ကို အချိုးအဆစ်ချကြည့်စရာမလို
နယ်ချဲ့ ရဲ့ ရန်သူစာရင်းမှာ နံပါတ်တစ် သခင်ကိုယ်တော်မှိုင်း
အဲဒီအတိုင်း တိုင်းပြည်နဲ့ လူမျိုးကို ချစ်ခဲ့တယ် …။

ဂျပန်အကူအညီနဲ့  အင်္ဂလိပ်နယ်ချဲ့ ကိုတိုက်ထုတ်
အဲဒီ ဂျပန်တွေကပဲ ပြည်သူလူထုကို ရိုက်ပုတ်လေတော့
သခင်ကိုယ်တော်မှိုင်းလဲ မနေသာ
“ မင်းတို့ပင့်လာတဲ့ဘုရားတွေ ကြည့်လည်းလုပ်ကြဦးကွာ၊
တိုင်းပြည်မှာလူတွေကို သိပ်ညှဉ်းဆဲကုန်ပြီ ”
သူ့ တပည့်တွေကို ပြောရပြန်တာပါပဲ၊

လက်တွဲဖော် တပည့်တပန်းများ လုပ်ကြံခံရတော့
သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊
အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံနှမြော။
ဆရာကြီးက အာဇာနည်ဗိမာန် လေးချိုးကြီးနဲ့  ရင်ကျိုးခဲ့ရတယ်၊

လွတ်လပ်ရေးလဲ ရပြီ
ပြည်တွင်းစစ်လဲစပြီ
အရွယ်ညောင်းလို့  ဇရာလည်းထောင်းလာတဲ့
ဆရာကြီးခမျာ မနားရရှာ
ငြိမ်းချမ်းရေးသာ
ငြိမ်းချမ်းရေးသာ တိုင်းပြည်အတွက် အရေးကြီးလာ
ဆရာကြီးရဲ့  ဦးခေါင်းပေါ် စုပြုံရောက်လာတာပဲမဟုတ်လား
တနေ၀င် တနေထွက် ဆက်လိုက်ရတဲ့ခရီး
ငြိမ်းချမ်းရေး မီးတောက် အလင်းမပျောက်ဘို့ ကြိုးစား
ရေခြားမြေခြားလဲသွားရ ပြည်တွင်းမှာလဲဟောရပြောရ
ဆရာကြီးရဲ့ စိတ်ထား တကမ္ဘာလုံးက လေးစားတန်ဖိုးထားသမို့ 
စတာလင်ငြိမ်းချမ်းရေးဆု ကိုပေးအပ်
ဆရာကြီးရဲ့  ဂုဏ်ကိုအထွတ်အမြတ်ဖြစ်စေခဲ့ကြတယ် …။

ဆရာကြီးရဲ့ အသက်တွေသာ ကြီးရင့်ပြောင်းလဲ
တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ ခေတ်ကြီးက မပြောင်းမလဲ
(၁၉၅ဝ)ခုနှစ်က မန္တလေးဘုရားကြီး (၄၅)တာကွင်းကြီး
ငြိမ်းချမ်းရေး လူထုတရားပွဲကြီးမှာ
‘ဆရာမသေခင် ငြိမ်းချမ်းရေး ရတာကို မြင်ချင်တယ်’ လို့
တမ်းတကြေကွဲတဲ့ အသံ
ခေတ်တိုင်းမှာ မျိုးဆက်တိုင်းမှာ ပဲ့တင်ရိုက်ခတ်နေဆဲပဲ …၊

တော်လှန်ရေးခရီးကြမ်းမှာ
လွတ်လပ်ရေးအလွန် ငြိမ်းချမ်းရေး ခရီးလမ်းမှာ
အသက်အရွယ်ကို မငဲ့အား
ကျရာတာဝန်ကို ထမ်းရွက်ရှာသူ က၀ိဆရာတဆူရဲ့  သမိုင်း
ပကတိ အမှန်အတိုင်း စိတ်ရှိတိုင်းရေးရရင်
ကမ္ဘာပေါ်မှာ အပြည့်အစုံဆုံး
အမျိုးသားလွတ်မြောက်ရေးသမိုင်းအတ္ထုပ္ပတ္တိ စာအုပ်
ဗမာပြည်ကထုတ်တယ် ဖြစ်ရော့မယ် …..။
မိတ်ဆွေတို့ ရေ ……
ဆရာကြီးကို လေးစားမြတ်နိုး ရှစ်ခိုးပူဇော်
ဆရာကြီးရဲ့  လေးချိုးထဲကစာသားနဲ့  တိုက်ပွဲကိုခေါ်
တိုက်ပွဲကိုဖေါ်ကြပါစို့ ….
အရေးကြီးလျင်ဖြင့် သွေးစည်းပြီး
သွေးနီးရာဆိုသည့်အတိုင်း.......
ကိုင်း ထထကြွကြွနှင့်
ဝိုင်းကြပေရော့.......။

ရဲရင့်သက်ဇွဲ
၂၈၀၂၂၀၁၁
(မတ်လ ၂၃ မှာကျရောက်မယ့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမွေးနေ့ အား
မတ်လ ၂၃ ရက်နေ့ တွင်မွေးသောသူမှ ဤကဗျာဖြင့် ပူဇော်အပ်ပါသည်။)



Friday, October 29, 2010

ဘယ်သူပြောလဲ …တတောလုံးကြွေ

ကမ္ဘာ့သမိုင်း
မြန်မာ့ သမိုင်း
ခွဲခြမ်းစိတ်ဖြာ အပိုင်းပိုင်းဆစ်
သူရဲကောင်းတို့ ရဲ့ 
တိုင်းချစ်ပြည်ချစ်စိတ်ကို တွေ့ ရမယ်။

မြန်မာသမိုင်းမှာရော
ကမ္ဘာ့သမိုင်းမှာပါ မရှိတဲ့အရာ
ဟောဒီ ဒွန္နရာကြီးထဲမှာဗျာ
ကျောင်းသားတပ်မတော်ဆိုတာ
ကျနော်တို့  တိုင်းပြည် တခုထဲသာ
ရှိခဲ့တာ မဟုတ်လား ။

တပ်ဦးရဲ့ ယုံကြည်ချက် သံမဏိဓါးသွား
ခေတ်တွေကို ပိုင်းဖြတ်သွားတဲ့အခါ
ခွပ်ဒေါင်းရဲ့ ဟန် ခွပ်ဒေါင်းရဲ့ မာန်
ခွပ်ဒေါင်းရဲ့ အသံ
အာဏာရှင်စနစ်ကို မြေလှန်ပြစ်မယ့်
လူထုရဲ့  တိုက်ပွဲခေါ်သံနဲ့ ထပ်တူထပ်မျှသာပ။

ခုခံစစ်
တော်လှန်စစ်
နှစ်ဆယ့်နှစ်နှစ် ဆိုတဲ့ ခရီးလမ်းမှာ
ကိုယ်ကျိုးမဖက် ပြည်သူလူထုအတွက်သာ
အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်
ယုံကြည်လျက်ပင် ငါတို့ မြင်သည်
ပြည်ချစ်သားကောင်း သူရဲကောင်းတို့ 
ဓါးတောင်ကိုကျော် မီးပင်လယ်ဖြတ်
တပ်ဦးရဲ မြင့်မြတ်တဲ့ အလံတော်ကို
အမြင့်ဆုံးလွှင့်ထူထားခဲ့ကြပြီ ။

အာဏာရှင်စနစ် မုချကျဆုံးရမည်။

(နှစ်ဆယ့်နှစ်နှစ်ပြည့် တပ်ဦးမွေးနေ့ သို့  အလေးပြုလျက်)

ရဲရင့်သက်ဇွဲ

၂၉ အောက်တိုဘာ ၂၀၁၀