Showing posts with label မွေးနေ့ ကဗျာ. Show all posts
Showing posts with label မွေးနေ့ ကဗျာ. Show all posts

Friday, March 23, 2012

နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း

နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း


အိပ်မက်တွေကို ခြေရာခံကြည့်တော့
နှစ်တွေကိုအထုပ်ဖြည်ချ
ခေတ်တွေကို ပီပီသသမြင်ရတယ်
ကြယ်တွေကြွေတုန်းလား ။

အတွင်းစည်း အပြင်စည်း
လူ့ စည်း ဘီလူးစည်း
စည်းတွေရဲ့ ခရီးအကွာအဝေးတွေကြား
လသာသာမှာ ကစားမလား နားမလား
ရိုးစင်းတဲ့ မာယာမများတဲ့  တရား
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
ဟောဒီ ဒွန္နယာမှာ ရိုးသားခဲ့ဘူးတယ်။

မိုင်တိုင်များ တွားတွားတက်လာကြ
အရိပ်များ ပိုရှည်လျားလာ
အတ္တများ ပိုသိပ်သည်းလာ
ဘ၀က ပိုပြီးပါးလျလာခဲ့
ကုသိုလ် အကုသိုလ် လမ်းဆုံမှာ
ငါ့ရှိတာအကုန်ပုံရှိုးခဲ့ပြီး
မှောက်ထားတဲ့ နောက်ဆုံးဖဲချပ်
ပွတ်ဆွဲနေဘို့ အချိန်
ငါ့ဘ၀ လက်ကျန်နဲခဲ့ပုံများ
သံဝေဂရစရာ
အရင်းအတိုင်းချပြလိုက်တယ်။

ဟာ ကနဲ ဟင် ကနဲ အသံတွေကြဲသွားတဲ့အခါ
လဲသွားတဲ့ငါ
လွဲသွားတဲ့ငါ
မိသားစုရဲ့  ရှိုက်သံသဲ့သဲ့ နဲ့ 
သေမင်းရဲ့ ဟားတိုက်ရီမောသံ
ငါ့အတွက် မွေးနေ့ လက်ဆောင် ခေါင်းလောင်းသံပဲဖြစ်မယ် ။

(၂၃ - မတ်လ - ၂၀၁၂ မှာရောက်ရှိမယ့်မွေးနေ့ အတွက်)

ရဲရင့်သက်ဇွဲ
၂၀၀၃၂၀၁၂

Monday, June 27, 2011

သေတနေ့  မွေးတနေ့ ကြားက အမေ့ရဲ့ မေတ္တာ

(ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မွေးနေ့ အမှတ်တရ)

သေတနေ့  မွေးတနေ့ ကြားက အမေ့ရဲ့ မေတ္တာ

သေတနေ့ 
မွေးတနေ့ 
အဲဒီနေ့ နှစ်နေ့ ကြားမှာ
ကမ္ဘာသစ်တေး ဗမာပြည်သစ်ရေး
ငြိမ်းချမ်းရေးကို
အမေ … စိုက်လိုက်မတ်တပ် ဆုပ်ကိုင်ထားခဲ့တယ် …။

အဲဒီနေ့ နှစ်နေ့ ကြားမှာ
ဘဲအုပ်က တရာ နှစ်ရာ
ဗေဒါက တပွင့် အယက်အကန်ခံလျက်
အမနာပအခင်းအကျင်းများနဲ့  ထိုးနှက်
အမေကတော့ အပြုံးမပျက်
ယုံကြည်ချက်နဲ့  ခရီးဆက်ခဲ့တယ် …။

အဲဒီနေ့  နှစ်နေ့ ကြားမှာ
ဘ၀ဟာ ခပ်ပါးပါး
အရိုင်းဆန် အရိုးခံ ဖြစ်တည်မှု အသစ်
လူတိုင်းအတွက် ထုဆစ်တဲ့ ခေတ်
အမေ့ရဲ့ အနစ်နာခံမှုနဲ့ 
ကျနော်တို့ ရဲ့  အနာဂတ်ကို ဖူးပွင့်စေခဲ့တယ် ….။

အဲဒီနေ့ နှစ်နေ့  အကြားမှာ
ပကတိ အရှိတရား အမှန်တရား
သက်ရှိ သတ္တ၀ါများ မရှိမဖြစ်လိုအပ်
အောက်စီဂျင်ဓာတ် မဟုတ်လား အမေ ….
တကယ်တော့ .. အမေဟာ ကျနော်တို့ အတွက်
မရှိမဖြစ်လိုအပ် အောက်စီဂျင်ဓာတ်ဖြစ်သလို
ပြည်သူလူထုကြီးဟာလည်း အမေ့အတွက်
မရှိမဖြစ်လိုအပ် အောက်ဆီဂျင်ဓာတ်ဖြစ်တယ် …။

အဲဒီနေ့ နှစ်နေ့ အကြားက
အမေ့ရဲ့ မွေးနေ့ များနဲ့ အတူ
အနာဂတ်နိုင်ငံတော်အသစ်အတွက်
အမေ့ရဲ့  အတွေးသစ် အမြင်သစ်
စေတနာအသစ်များ လမ်းညွှန်ပြသ
ဝေဆာ လှပနေဦးမယ်ဆိုတာ
သားတို့  ယုံတယ် …။

(အမေ့ရဲ့ မွေးနေ့ မှာ အမေ့ရဲ့ မေတ္တာဓာတ်နဲ့ 
ဒီမိုကရေစီခေတ် သစ်စေရမည်…. သားတို့ ယုံသည် ။)

ရဲရင့်သက်ဇွဲ
၂၁၀၅၂၀၁၁



Tuesday, March 22, 2011

ဘ၀မှာ … သူတော်စင်လည်း မဖြစ်ခဲ့ဘူး ..... သူယုတ်မာလည်း မလုပ်ခဲ့ဘူး

ဘ၀မှာ … သူတော်စင်လည်း မဖြစ်ခဲ့ဘူး
သူယုတ်မာလည်း မလုပ်ခဲ့ဘူး

ငါမပိုင်တဲ့ ငါ့ဘ၀ ငါပိုင်တဲ့ ငါ့ဘဝ
ဟတ်ဒစ်(စ်) တလုံးကို ပတ်တေးရှင်းခွဲသလို
ခွဲထုတ် လိုက်ရမှာလား ……
သေချာတယ် …. လရောင်မှာ ပျော်ပါးဘို့ 
တဘ၀စာလုံး နေရောင်မှာ ပျော်ဝင်ခဲ့ရမှုတွေ
ဘယ်သူသိ နိုင်မှာတဲ့လဲ ….
ညီမလေး …. နင်က ပွဲအစ အဆုံး
နှလုံးသားကို ပုံအော လောင်းကြေးထပ်ခဲ့ သူ
ငါ့ရဲ့  တောင်ကုန်းတွေ တလုံးပြီးတလုံး
ညီမလေးရဲ့  ခြေရင်းမှာ ကျရှုံးခဲ့ရတာပဲမဟုတ်လား ….




အမေ့ရင်ခွင်ခြေစုံမကန်ခင်နဲ့ ခြေစုံကန်ခဲ့ပီးနောက်
ဆယ်စုနှစ် လေးခုခွဲကျော်မှာ လူပီသခဲ့ ရဲ့ လား
သေသေချာချာ ပြောနိုင်တာတခုတော့ ရှိရဲ့ 
ဘ၀မှာ … သူတော်စင်လည်း မဖြစ်ခဲ့ဘူး
သူယုတ်မာလည်း မလုပ်ခဲ့ဘူး
ခံစားမှုကို အံထုတ် ကဗျာရေးတဲ့အလုပ်ကလွဲလို့ …..
ဘယ်သူတွေကို စိတ်ချမ်းသာစေပြီး
ဘယ်သူတွေကို စိတ်ဆင်းရဲစေခဲ့သလဲ
မုန်တိုင်းထန်တဲ့ ရက်တွေများများကြားမှာ
တိတိကျကျ ပြောဘို့ ကလဲ အခက်သား
(အမေကတော့ ချစ်ခြင်းများစွာနဲ့ ခွင့်လွှတ်ပီးသားပါ ငါ့သားတဲ့)

ညီမလေး…..
ငါ့ရဲ့  မတ် ၂၃ မှာ
မင်း စိတ်ကောက်မနေစေချင်
ဝေးကွာမှုအတွင်းထဲမှာ
ဗွီဇက်အို ထဲကပဲဖြစ်ဖြစ် စကိုက်ပ် ထဲကပဲဖြစ်ဖြစ်
ငါ့မျက်ဝန်းတွေကို သေသေချာချာ စိုက်ကြည့် ပြီးတော့
ခလေးတွေ ကျောင်းကပြန်မရောက်ခင် အချိန်လေးအတွင်း
ညီမလေးကို ချစ်လားလို့  မေးပါဦး …. ငါ့ကို ချစ်တယ်လို့ ပြောပါဦး …

အမရပူရ ရဲ့ နံနက်ခင်း တောင်တမန်အင်းရဲ့  လေပြေလေညှင်း
မယ်ဇယ်ပင်တန်းရဲ့ ခြေရင်း နုပျိုတဲ့ ချစ်ချင်းရဲ့  နှင်းဆီတခင်း
မင်းမျက်နှာပေါ်ဖြတ်ပြေးခြင်းကအစ အဲဒီဘ၀တွေ အမှတ်တရ
အော် …လေးဆယ့်ခြောက်နှစ်သာရှိလာတယ် ရင်ခုန်သံက နုပျိုနေဆဲ
နှလုံးသားက ဦးနှောက်ထက် ကြီးနေဆဲ … ။

အမေကတော့ ပြုံးပီး ကြည့်နေတုန်း
ကျနော့်ကို ခလေးလို့  ထင်နေ … မြင်နေတုန်း …..။


(၂၃ မတ် မှာကျရောက်တဲ့ မွေးနေ့ ခံစားမှု)

ရဲရင့်သက်ဇွဲ
၂၀၀၃၂၀၁၁


Sunday, February 13, 2011

ဖေဖေါ်ဝါရီ တဆယ့်သုံးရက်ကို အမြင့်ဆုံးလွှင့်ထူလိုက်ကြရဲ့ 

ဖေဖေါ်ဝါရီ တဆယ့်သုံးရက်ကို အမြင့်ဆုံးလွှင့်ထူလိုက်ကြရဲ့ 


ပဉ္စလက်ဆံဆံ
မှော်အတတ်များ
အတောမသတ်ကြီးထွား
ကောင်းတာကလွဲလို့ 
မကောင်းတာမှန်သမျှ
အကုန်ရတဲ့ နေရာကြီးမှာမွေးဖွားကြီးပြင်း
ကျနော်တို့ ရဲ့  လူငယ်တွေ
လူဖျင်းတွေတော့ မဟုတ်ဘူး ။

အရင်က ဘာတွေဖြစ်ခဲ့လဲ
အခု ဘာတွေဖြစ်နေလည်း
နောက်ဘာတွေ ဖြစ်ဦးမှာလဲ
အကုန်သိတယ်…..။
အရင်က ဘာတွေလိုချင်ခဲ့လဲ
အခု ဘာတွေ လိုချင်နေလဲ
နောက် ဘာတွေလိုအပ်ဦးမလဲ
အကုန်သိတယ် ။

အင်္ဂလိပ် ဗမာ ပထမစစ်
……………….. ဒုတိယစစ်
………………. တတိယစစ်
နယ်ချဲ့ ကျွန် ဖြစ်ခဲ့ရတာ သိတယ် ၊
သူ့ ကျွန်အဖြစ် နွံနစ်မခံ
မျိုးချစ်တွေရဲ့  ပုန်ကန်မှုတွေကို သိတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သိတယ်
နတ်မောက်နယ်သား ဗိုလ်မင်းရောင်ကို သိတယ်
လယ်သမားအရေးတော်ပုံ ဆရာစံကို သိတယ်
သခင်အောင်ဆန်းကို သိတယ်
သခင်ဗဟိန်းကို သိတယ်
သခင်သန်းထွန်းကို သိတယ်
ဗိုယ်အောင်ကျော်ကို သိတယ် …
သူတို့ မမွေးခင်က သမိုင်း
သူတို့ ရဲ့  ဘ၀ အစိတ်အပိုင်းတခုလိုကို သိတယ်။

သူတို့ မွေးပြီးတဲ့နောက်ပိုင်း
ခမ်းနားကြီးကျယ်တဲ့ 
ကျောင်းသားလှုပ်ရှားမှုသမိုင်း
ပြည်သူလူထု လှုပ်ရှားမှု သမိုင်း
သံဃာ့ လှုပ်ရှားမှု သမိုင်း
ရိုင်းစိုင်းတဲ့ အုပ်စိုးသူလူတစုရဲ့ 
လူမဆန်တဲ့ သမိုင်း
အကုန်သိတယ် ။
မျိုးဆက်တို့ ရဲ့ စီးဆင်းမှု
တာဝန်သိမှု တာဝန်ယူမှုများထဲက
ကိုယ့်ဘ၀ထက် ပြည်သူ့ ဘ၀ကို ပိုချစ်တဲ့
အမေ တယောက်ရဲ့ အကြောင်းကို သိတယ် ။

အရိုင်းစံ အရိုးခံ လူသားဘ၀ကို ချစ်မြတ်နိုးတဲ့ 
သုံးဆယ့်နှစ်နှစ် အရွယ် လူတယောက်
ရာဇ၀င်ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေ
စိတ်ဓာတ်နဲ့ စိတ်ထား စံထားလောက်တဲ့တရားများ
မျိုးဆက်သစ်လူငယ်များရဲ့ အကြားမှာ
တောက်ပ ၀င်းလက် အနာဂတ်အတွက်
သူတို့ 
ဖေဖေါ်ဝါရီ တဆယ့်သုံးရက်ကို အမြင့်မြတ်ဆုံး လွှင့်ထူလိုက်ကြရဲ့  ……။

ရဲရင့်သက်ဇွဲ



Sunday, January 30, 2011

ကမ္ဘာမြေမှာ စမ်းရေလိုအေး ပန်းတွေလိုမွှေး

ကမ္ဘာမြေမှာ စမ်းရေလိုအေး ပန်းတွေလိုမွှေး


ကမ္ဘာမြေဟာ

သူလက်ခံထားရတဲ့ အရာအားလုံးရဲ့ 

အနာဂတ်တွေ တောက်ပဘို့ အတွက်

သမီးရတနာ တယာက်

လူ့ လောကကိုရောက်လာတာ

တနှစ်မြောက်မို့ 

ဝမ်းမြောက်လို့  နေလေရဲ့ ...။



ကမ္ဘာမြေကို

ထမ်းပိုးထားတယ်ပဲဆိုဆို

ကမ္ဘာမြေကို

စောင့်ရှောက်တယ်ပဲထားထား

နတ်ဘုရားများနဲ့ 

ကမ္ဘာတလွှားက ဘာသာတရားအားလုံးတို့ ရဲ့ 

ဘုရားသခင်များ မေတ္တာတော်

သမီးလေး ယွန်းရန်နိုင်မှူးထံသို့ 

ကျရောက်တော်မူပါစေ ။



တကယ်တော့

ကဗျာဆရာ တယောက်ရဲ့  သမီးဟာ

အမျိုးဂုဏ်လည်းသစ္စာမဖောက်

မတရားမှုကိုလည်း

တော်လှန်ရမှာမကြောက်

သံသရာမှာလည်း မွှေးရနံ့ မပြယ်

ကိုယ့်ကိုယ်ကို လဲ ကာကွယ်

အများသူငါကိုလည်း ကယ်မ

တကယ်လှတဲ့ ဗီဇ မွေးရာပါ ပ...။



သမီးလေးရေ

ဘ၀မှာ

မကြောင့်မကျ မတောင်းမတ

လိုအင်ဆန္ဒဟူသမျှ ပြည့်ဝပြီး

စမ်းရေလိုအေး

ပန်းတွေလို မွှေးပါစေကွယ် ။



ရဲရင့်သက်ဇွဲ(ကဗျာဆရာ (ကို)ရန်နိုင်ထွန်းရဲ့ သမီးလေး မယွန်းရန်နိုင်မှူးတနှစ်ပြည့်မွေးနေ့ သို့ )

Sunday, January 23, 2011

ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ်

ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ်

ပါရမီအခံမရှိပဲနဲ့  နဘေ တေးထပ်
ရေးတတ် ဖတ်တတ် ရွတ်တတ် ယုံနဲ့ 
လူရွှင်တော် ဖြစ်မလာနိုင်ဘူး …၊

တို့ တိုင်းတို့ ပြည်ကြီးမှာ
လူရွှင်တော်ပဲ ခေါ်ခေါ်
လူပျက်ပဲ ခေါ်ခေါ်
ပြည်သူလူထုကြီးအပေါ်
သူ့ တွေးလုံး ပျက်လုံးတွေက
တစိမ့်စိမ့်တွေး တရေးရေးမြင်
တငြိမ့်ငြိမ့်ပြုံး ၀ါးလုံးကွဲရယ်(ရီ)စေတဲ့
မဟာလူသား
သူဟာ … စွယ်စုံရ အနုပညာသမားပေါ့ ……။

မျိုးရိုးဗီဇ
ရေခံမြေခံ ကောင်းသမျှ
ရှင်သန်တဲ့ အပင်ရဲ့ သဏ္ဍန်
အနုပညာ စာပေ ဂီတ
မိဘနှစ်ပါးဆီက အမွေရ ပေမယ့်
နဂို မူလ မွေးရာပါ ပါရမီကလည်း
တခေတ်မှာ တယောက်
တယောက်ဆို ဆိုသလောက်ပါပဲ ….။

အကြောက်တရားနဲ့ ချောက်ခြားနေတဲ့
ပြည်သူလူထုကြီး အပေါ်
မကြောက်တရားနဲ့ ထောက်ပြပြောဆို
အနုပညာစွမ်းအားနဲ့ 
ခေတ်ရဲ့ ဝန်ကို ထမ်းသူ
သူ …. ဘယ်မှာလဲ …..။

သူ့ ရဲ့  အနုပညာတရားအောက်မှာ
အုပ်စိုးသူ ငမိုက်သားတစုဟာ
မှန်တောင် မကြည့်ရဲရှာ
အမှန်တရား စကားလုံးများ
ခါးသီး ရွံရှာ
အကြိမ်ကြိမ် အခါခါ
နရသိန်ထဲမှာ ညှဉ်းပန်းနှိပ်စက်
သူ့ ရဲ့ … အနုပညာ ဗီဇ ပိုထက်ရှလာခဲ့ …။

ဒုက္ခအဖုံဖုံ ကုံလုံကြွယ်ဝ
အနုပညာ ၀မ်းစာပြည့်သထက်ပြည့်ဝလာတဲ့အခါ
အုပ်စိုးသူတို့ ခမျာ အကြောက်တရားဟာ
မစင်မှာ လောက်ပွားသလိုမျိုး
အမျိုးမျိုး ပွေလီလိမ်
သူ့ ကို ….
ဟိုး …. အဝေးက နရသိန်ထဲမှာ
အုတ်တံတိုင်း အထပ်ထပ် ကာရံထားလိုက်ကြတယ်…။

အနုပညာသည် တယောက်ရဲ့ 
တိုင်းပြည်ကိုချစ်လို့ 
ရင်ထဲကတောက်တဲ့မီးအရောင်
အတားအဆီး အပိတ်အလှောင်
အမှောင်ကမ္ဘာကို ထိုးဖောက်
ပြည်သူရှေ့  ကိုရောက်လေတယ် …၊

အာဏာရှင်လက်အောက်က
လွတ်မြောက်လိုသူတိုင်း
သူ့ ကိုတမ်းတ သတိရ
ကြောက်မွှေးပါ ဇာဂနာနဲ့  နှုတ်ပြစ်ကြ
ကြောက်မွှေးပါ ဇာဂနာနဲ့  နှုတ်ပြစ်ကြ
ကြောက်မွှေးပါ ဇာဂနာနဲ့  နှုတ်ပြစ်ကြ ……။

(ကိုဇာဂနာ ၅၀ပြည့်နှစ် ရွှေရတုမွေးနေ့ သို့ )

ရဲရင့်သက်ဇွဲ
၂၂ ၀၁ ၂၀၁၁

Sunday, September 19, 2010

မွေးနေ့ 

သက္ကရာဇ် တခု တိုးလာချိန်မှာ
ငါက မင်းအနားမှာ
မရှိတော့ဘူး ။

ရှိနေတာနဲ့ 
မရှိနေတာ
အတူတူပဲလို့ 
မင်း ပြောဦးမှာလား
ကမ္ဘာကြီးရဲ့ 
ဝင်ရိုးစွန်းတခုအနားကနေ
ငါ ကြားချင်သေးတယ် ။

အခုတော့
သူစိမ်းတို့ အလယ်မှာ
ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ ဖြန့် ခင်း
လွမ်းဆွတ် တမ်းတမှု တမ်းချင်းနဲ့ 
ချစ်ချင်းမေတ္တာတရား
ရှားရှားပါးပါး
စကားမများဖြစ်သော နေ့ ရက်များ
အတားအဆီးမဲ့စွာ ၀င်ရောက်
ငါ့ရဲ့  အိပ်စက်ချင်းတွေကိုမောင်းထုတ်ပြစ်နေကြတယ် ။

နှစ်ဆယ်ရက်နေ့ 
ကြယ်မစုံဘူး လရောင်မဖြာဘူး
ဒါပေမယ့်လေ
အဲဒီ နှစ်ဆယ်ရက်နေ့ ဟာ
မင်းအတွက် ငါ့ရဲ့  မေတ္တာတရားအရောင်နဲ့ 
ကမ္ဘာကြီးတခုလုံး
ထိန်ထိန်တောက်လိမ့် မကွဲ့ ။

ပျော်ရွှင်ဘွယ်ရာ မိသားစု
အိပ်မက်တခုကို အသက်သွင်း
မင်းရဲ့  မျှော်လင့်ချင်းများ ပြီးပြည့်စုံစေဘို့ 
ဘုရားသခင့် ရဲ့  ကောင်းချီး မင်္ဂလာအဖြာဖြာ
မင်းအပေါ် သက်ရောက်ပါစေသော်ဝ် ။

သက္ကရာဇ်တခု တိုးလာချိန်မှာ
ငါ က
မင်းအနားမှာ
မရှိတော့ဘူး ။

ရဲရင့်သက်ဇွဲ
၁၉ စက်တင်ဘာ ၂၀၁၀

Tuesday, June 15, 2010

ချစ်ခြင်းဖွဲ့  အတ္ထုပ္ပတ္တိ

ဘယ်လို မိစ္ဆာဆိုးတို့ ရဲ့ 
ကျိန်စာများပါလိမ့်
အယူတိမ်းလို့ 
နတ်စိမ်းဖြစ်သွားရှာသူများ
အမေ့ မျက်ဝန်း အောက်မှာ …….။

ညောင်စေ့လောက်လှူပြီး
ညောင်ပင်ကြီးလောက်
လိုချင်နေတဲ့ ကျေးဇူးတရားများ
အမေ့ မျက်ဝန်း အောက်မှာ …….။

စွန့် လွှတ် ပေးဆပ်မှုတဲ့
အရောင်ပြောင်းလွယ်သူများရဲ့ 
နှုတ်ထွက်စကား
အချိန်ကာလများကသက်သေ
အမေ့ မျက်ဝန်း အောက်မှာ …….။

နှစ်နှစ်ဆယ်ကျော် ကြာရှည်ခဲ့တဲ့ ခရီးမှာ
အမေ့ မျက်ဝန်း အောက်က
အဖြစ်အပျက်များ
ခံပြင်း နာကျည်းစရာများ
သံဝေဂရစရာ တရားကျစရာ
အမေကတော့
မေတ္တာနဲ့  တုန့် ပြန်ပြုံးနေဦးမှာပဲ
သားတို့  …. ယုံတယ်

သားတို့  ….. ကြားတယ်
အမေ့  နှလုံးသားထဲကလာတဲ့ တရား
ချစ်ချင်းများနဲ့  မွှမ်းထုံ
ကမ္ဘာကုန် ကျယ်သရွေ့ ပါပဲ
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းဝေးကြပါစေ
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
ငြိမ်းချမ်းကြပါစေ
ရွှေဂုံတိုင်ကြေညာစာတမ်းသာ
တိုင်းပြည်ရဲ့  အသက်ဖြစ်တယ် …..။..
(အမေ သက်တော် ရာကျော်ရှည်စေသောဝ် )


ဖွန် ၁၃ ၂၀၁၀




Wednesday, June 24, 2009

ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ် လာသောလေညှင်းနဲ့ အတူ

ကန်ရေပြင်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေတဝှေ့  မိုးတပြိုက်မှာ
စပယ်တွေ နှစ်နှစ်ခြိုက်ခြိုက်ပွင့်ကြပြီ အမေ ။

ကန်ရေပြင်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေတဝှေ့  မိုးတပြိုက်မှာ
ဇီဇ၀ါ တွေ နှစ်နှစ်ခြိုက်ခြိုက်ပွင့်ကြပြီ အမေ ။

ကန်ရေပြင်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေတဝှေ့  မိုးတပြိုက်မှာ
ဇွန်ပန်းတွေ နှစ်နှစ်ခြိုက်ခြိုက်ပွင့်ကြပြီ အမေ ။

ဒါပေမယ့် အမေရေ
အဲဒီ လေတဝှေ့  မိုးတပြိုက်မှာ
ထိုင်သူမဲ့ ကုလားထိုင် တလုံး
ဖတ်လက်စ စာအုပ်တချို့ နဲ့ 
တီးသူမဲ့ စန္ဒရားတခု
ဖွင့်သူမဲ့ ပြူတင်းတံခါးပေါက်ရယ်
သားတို့ မှာ
လွမ်း ဆွတ် ဆွေး မြေ့ ကြေကွဲ ။
သားတို့ မှာ
နာကျည်း ခံပြင်း ထိရှ အက်ကွဲ ။

အမှန်တရားတွေ ထယ်ထယ်ဝါ၀ါ
အရာသွင်းမခံရတဲ့အခါ
ကတိစကားများ ခန့် ခန့် ညားညား
အရာသွင်းမခံရတဲ့အခါ
ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒ
လိမ်ညာလှည့်ဖျားမှု ကားစင်အတင်ခံရတဲ့အခါ
သပိတ်စုံ သူပုန်ထ အုံကြွတဲ့  လူထုတိုက်ပွဲ
သမိုင်းတကွေ့ မှာ တွေ့ ကြရဦးမယ် ဆိုတာ
သားတို့ ယုံတယ် ။

အမေရေ
လေတဝှေ့  မိုးတပြိုက်မှာ
ပန်းပေါင်းဆုံပွင့်ဖူးရာ
ကမ္ဘာကျော်လိပ်စာ တက္ကသိုလ်ရိပ်သာလမ်းက
အမေ့အိမ်မှာ အမေ့ကို ပြန်ဆုံချင်တယ်၊
အမေ့ ယုံကြည်ချက် အနာဂတ်အိပ်မက်တွေကို
သားတို့ ပြည်သူလူထုကြီးရဲ့  ဆန္ဒတွေနဲ့  ပုံအပ်ချင်တယ်။

အမေရေ
ယုံကြည်ချက်က အစ
ခံယူချက်က အဆုံး
ကမ္ဘာကြီးတခုလုံးမှာ
အမေ့ရဲ့ ဂုဏ်သတင်းမွှေးပျံ့  ထုံသင်းလို့ 
နိုင်ငံတကာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ 
ဒီမိုကရေစီရေး သင်္ကေတ ပြယုဂ်ဟာ
သားတို့ ချစ်တဲ့ အမေ
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ပဲလေ ။

(ဒေါ်အောင်ဆန်းစုကြည် (၆၄) နှစ်ဂုဏ်ပြုတမ်းချင်း)

Thursday, June 18, 2009

ဒေါ်အောင်ဆန်းစုကြည်ကဗျာ

ဒေါ်အောင်ဆန်းစုကြည်ကဗျာ
ထိန်လင်း

ဆယ့်ကိုးရက်နေ့ ဇွန်လ ဟာ
ဒေါ်စုမွေးနေ့ပါ။
တစ်ထောင့်ကိုးရာ လေးဆယ့်ငါး
ရန်ကုန်မြို့မှာ ဖွား။

ဦးအောင်ဆန်းနဲ့ ဒေါ်ခင်ကြည်
မွေးဖွားသန့်စင်သည်။
စိတ်ဓာတ်တည်ကြည် နှလုံးသား
ငြိမ်းချမ်းရေး လိုလား။

မြန်မာပြည်ကြီး လွတ်လပ်အောင်
ဒေါ်စု တို့ခေါင်းဆောင်။
ဦးဆောင်လို့သာ သူစွန့်စား
ပြည်သူတွေရဲ့ အား။

ညီညွတ်ရေးကို ဖော်ဆောင်သည်
ဒေါ်အောင်ဆန်းစုကြည်။
အနာဂတ်မှာ ပြည်ထောင်သစ်
ကြံဆောင် သူဖွင့်လှစ်။
သမီးလည်းချစ် သားလည်းချစ်
လူထုအားလုံးချစ်။ ။

၁၆၊ ၆၊ ၂၀၀၉

Friday, May 15, 2009

ဆရာကြီးဒဂုန်တာရာ ၉၀နှစ်ပြည့်မွေးနေ့ ကဗျာများ

အဝေးက ပို့တဲ့ ဖိတ်စာ

လူထုတေးသံ
ဗဟုဝါဒ၊ အလှဗေဒ
မှိုင်းဗေဒ၊ ပင်မရေစီး
ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ
စက်ရုံကျေးလက်မဲဇာ
ဇာတိရွာကို ဖြတ်သန်း
မြစ်ဝကျွန်းပေါ့့်  မုန်းမှသည်။

ထိုနေ့က
ပိတောက်နေ့က၊ အမှတ်တရ
--------------
--------------
ယူခြဲ့ကသည် ပိတောက်မျာ့း့ ။ •

မွေးနေ့ဆိုတာ
တခါဖူးမျှ၊ မကျင်းပခဲ့
ကျင်းပစရာ၊ ငါ ဘာမျှမဟုတ်
နမူနာမဟုတ်၊ စံပြုရာမဟုတ်
ခံစားမှုအား၊ ဖွဲ့ နွဲ့ရေးသား
ခေတ်ပြိုင်သမား၊ စာသမားပဲ
သို့သော်လည်းလေ၊ တနွေကသစ်
၎ဝ နှစ်က၊ အမှတ်တရ
ဘဝအစ၊ ၄ဝ က ဟု
ဆိုစ စကား၊ အမှတ်ထား၍
မွေးနေ့တနေ့ လုပ်ခဲ့ဖူး၏့  ။ •

ဆယ်စုနှစ်များ
မမှတ်မသား၊ ကုန်လွန်သွားခဲ့
မွေးနေ့ကြုံလျှင့့်  ။ •

အသက် ၆ဝ က
အမှတ်တရ၊ ကဆုန်လနွေ
ရွှေပြည်သာယာ၊ သာမိုင်းခမ်းတွင့့်  ။ •

ကဆုန်တောင်မှာ၊ နံနက်စာစား
ငါ၏မွေးနေ့ ဖြတ်သန်းသွာ့း့ ။ •

ညယံရောက်လည်း၊ ပိတောက်သင်းမြ
ထိုနေ့က့  ပိတောက်နေ့က့ ။ •

ယူဂျင်းပေါ်တီယာ
နိုင်ငံတကာရင်ခုန်သံ
ဇော်ဂျီ မင်းသုဝဏ် တပ်လှန့်ပြန်
ပီကာဆိုရဲ့ ချိုးကူသံ
နီရူဒါ မအမာ၊ ကဗျာ ပိတောက်
ကြိုင်လှောက်ဝင်းပ၊ လင်းစ လမြ
ဖိတ်လွ ကျဲမွ၊ လွမ်းတ ဆွတ်သ
ကြယ်စ မှန်စ၊ ဘဝမှန်ကူကွက်။

လူထုရဲ့ မေ ၉ဝ
တာရာရဲ့ မေ ၉ဝ
တနယ်ထဲသား ဆိုပါလေ။

မဆုံထိုက်လည်း
မကြုံကြိုက်လည်း၊ တိုက်ပွဲထဲက
မှန်းဆကြည်ညို၊ နေမအိုသေးသဖြင့်။

ငြိမ်းချမ်းရေးတေးသည်
အငတ်ဘေးကို
ရေးအေးတစက်မျှ
ထာဝရမဟုတ်လား။

(ဆရာဒဂုန်တာရာ ၉ဝ ပြည့် မွေးနေ့သို့)

မောင်လွမ်းဏီ
၅ -၅ -၀၉

•ဆရာဒဂုန်တာရာ၏ ပိတောက်နေ့ ကဗျာမှ (ပေဖူးလွှာ၊ ဇွန် ၁၉၉ဝ)

Thursday, May 14, 2009

ဆရာကြီး ဒဂုန်တာရာ ၉၀နှစ်ပြည့်မွေးနေ့ ကဗျာများ

အလွမ်းဆုံးမော်ကွန်း

ငြိမ်းချမ်းရေးနှင့် 
စိမ်းလန်းမွှေးမြ
လှပဘုံကဗျာ
ဒဂုန်တာရာ

သခင်ကိုယ်တော်မှိုင်း
ဇော်ဂျီ
မင်းသုဝဏ်
ဒဂုန်တာရာ


ပေါ်တီယာ
ရင်ခုန်သံ
နိုင်ငံတကာ
ဒဂုန်တာရာ

ပျဉ်းမနားအစိမ်း
ဂေါ်ဂင်အနီ
ဝေါ့ ဒစ္စနေအပြာ
ဒဂုန်တာရာ

ခေတ်ပြိုင်ခံစားမှု
တပ်ပေါင်းစု
ဗဟုအဘိဓမ္မာ
ဒဂုန်တာရာ

ဗန်းမော်တင်အောင်ရဲ့ 
ကြည်အေးရဲ့ 
ဟေမာနေ၀င်းရဲ့ 
ဒဂုန်တာရာ

အရှေ့ ကနေ၀န်းထွက်သည့် ပမာ
တို့ ခေတ်ကိုတော့ 
ရောက်ရမည်မှာမလွဲပါ
ဒဂုန်တာရာ

အောင်ဆန်း(သို့ မဟုတ်)အရိုင်း
ဗဟိန်း(သို့ မဟုတ်)ကဗျာ
ဒဂုန်တာရာ(သို့ မဟုတ်)
ဒဂုန်တာရာ။ ။

(ဆရာဒဂုန်တာရာ ၉၀ ပြည့် မွေးနေ့ သို့ )

အောင်ဝေး

Friday, February 13, 2009

မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ၊ ခလေးများဖြစ်တယ် ။

ကြေကွဲမှုဆိုတာ
အလျား အနံ ထုထည်
တိုင်းထွာလို့ ရကောင်းစရာလား
သုံးဆယ့်နှစ်နှစ်ဆိုတဲ့
သက်တမ်းလေးတခုအတွင်းမှာ
တာဝန်ကျေခဲ့ပုံများ
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။

သုံးဆယ်နှစ်နှစ်ဆိုတဲ့
လူ့ ဘုံမှာ
သူယုံကြည်တဲ့ အလုပ်
တိုင်းပြည်ကို နယ်ချဲ့ ဖက်ဆစ် လက်ထဲက
ဆွဲထုတ်ခဲ့ပုံများ
ကြားရ ဖတ်ရ မှတ်ရတဲ့အခါ
ငါတို့ မှာ ရင်သတ်ရှု့ မော
အံ့သြ မှင်သက် အားကျလျက်ပါ
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။

ငါတို့ ဗမာပြည်မှာကွယ်
မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို
သူရဲကောင်းမွေးရမယ်
အဲဒီလို သူရဲကောင်းရဲ့ နေ့ ဟာ
ဗမာပြည်ရဲ့ ခလေးများနေ့ တဲ့လေ
အနာဂတ်ကိုဆုပ်ကိုင်မယ့် လက်များရဲ့ နေ့ 
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။

သူရဲဘောကြောင်တဲ့အာဏာရူးတို့ ရဲ့  အတွေးမှာ
အနာဂတ်ဘာဆိုတာ မသိရှာဘူး
အနာဂတ် မသိသူများရဲ့  အကြည့်ဟာ
မျက်စေ့တဆုံး မမြင်နိုင်ဘူး
မျက်စေ့တဆုံးမမြင်နိုင်သူတွေရဲ့  လုပ်ရပ်ဟာ
တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူး
တိုင်းပြည်အတွက် အကျိုးမရှိမှတော့
အနာဂတ်ရဲ့ ဥသျှောင်
တိုင်းပြည်ကို ဦးဆောင်မယ့်
ခလေးသူငယ်တို့ ရဲ့ ခေါင်းဆောင်မှု့ အခန်း
နွံနစ်ရတဲ့လမ်းမှာ
တမလွန်တဘက်ကမ်းက
ဗိုလ်အောင်ဆန်းခမျာ ရင်ဝယ်မချိရှာဘူး ။
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။

မည်သို့ ပင်ဖြစ်စေ ချစ်နေသေးသည်
စူးနစ်ရဲရဲ ဘ၀ထဲမှ
ခလေးများနေ့  ထိုတနေ့ မှာ
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ်
မြန်မာပြည်မြေပုံဟာ ခလေးများဖြစ်တယ်
ကမ္ဘာကုန်ကျယ်သရွေ့ သူ့ ရဲ့ မွေးနေ့ ဟာ
တောက်ပတဲ့ မျှော်လင့်ချက်တွေနဲ့ 
ခေတ်သစ်ဗမာနိုင်ငံကို တည်ဆောက်မယ့်
ခလေးများရဲ့ နေ့ ဖြစ်တယ် ။
ခလေးများရဲ့ နေ့ ဟာ
အာဏာရှင်တွေကို ဇီဝိန်ချုပ်စေဘို့ 
အားသစ်လောင်းတဲ့ နေ့ လည်းဖြစ်တယ်

မြန်မာပြည်မြေပုံဟာ သူဖြစ်တယ်
မြန်မာပြည်မြေပုံဟာ ခလေးများဖြစ်တယ် ။

Friday, December 19, 2008

“သမီးလေးအတွက် ကဗျာ”

(အချစ်ဆုံးသမီးလေးရဲ့ တဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ အတွက်မွေးနေ့ လက်ဆောင်ကဗျာလေးပါ။
သမီးလေးမွေးတော့ ကိုယ်က မလေးရှားမှာ၊ရေကြည်ရာ မြက်နုရာရွေ့ လျားရင်း ယုံကြည်ချက်အတွက်တိုက်ပွဲဝင်ရင်း
စင်္ကာပူမှာ သောင်တင်ခဲ့၊ အဲဒီမှာပဲ သမီးလေးကို ကိုယ့်ရင်ခွင်ထဲခေါ်ယူထွေးပွေ့ ထားခဲ့၊ သမီးလေးအသက် (၄)နှစ်၊
အတူနေလို့ မှတည်ငြိမ်မယ်ကြံကာရှိသေးတဲ့ဘ၀ ကံဇာတ်ဆရာအလိုကျ ဂျပန်ကိုရွေ့ ခဲ့ရပြန်ပေါ့၊ အဲဒီတော့ သမီးလေး
အသက်က(၇)နှစ်၊အခုတော့ အဲဒီသမီးလေး (၁၈)နှစ်ပြည့်ပြီ၊ သမီးလေးဘ၀မှာ ဖအေနဲ့ အတူနေခဲ့ရကာလ သုံးနှစ်သာသာ၊
အဲဒီသမီးလေးရင်ထဲမှာ ဖအေရင်ငွေ့ နဲ့ ဝေးကွာခဲ့ရတဲ့ စိတ်အနာ ရှိနေတယ်။မိသားစုအတူတကွမနေရတဲ့ စိတ်အနာ သမီးလေး
ရင်ထဲမှာ တမြေ့မြေ့နဲ့ ၊ဘယ်သူက ဘယ်သူ့ ကို အပြစ်တင်ရမှာလဲ၊ သမီးလေးအနာဂတ်အတွက် သမီးစိတ်ချမ်းသာဘို့ အတွက်၊
ကိုယ့်ဘ၀မှာ ဘာကိုပဲပေးရ ပေးရ၊ ကိုယ့်အိမ်သူကတော့ပြောရှာပါတယ်၊ သိပ်နောက်ကျသွားပြီတဲ့။)





၁။
သမီးလေးရေ
ခေတ်တခေတ်ဟာ
စနစ်တခုကို တောင်းဆိုစမြဲပါ
အရာရာဟာလည်း
မျက်စိတမှိတ် လျှပ်တပျက်အတွင်းမှာ
ပြောင်းလဲနေတယ် ။
ဘ၀ဆိုတာကတော့
သမုဒ္ဒရာထက်က ရေတပွက်ပါပဲ ၊

၂။
သမီးလေးရေ
လောကကြီးမှာ
ကောက်ကျစ်မှုမာယာတွေက
အားကောင်းလွန်းတယ်
ဘ၀တွေက
တိုတောင်းလွန်းတယ်
ကြီးကျယ်မြင့်မြတ်မှုဆိုတာ
မွေးရာပါမဟုတ်ဘူးကွဲ့ 
အောင်မြင်မှုဆိုတာကလည်း
ကြိုးစားအားထုတ်သူတို့ အတွက်
ပိုင်ဆိုင်ရမယ့် ကမ္ဘာတခုပဲလေ
လေးစားမြတ်နိုးရတဲ့
ကြယ်ပွင့်တိုင်းမှာ
မရိုင်းတဲ့ ရာဇ၀င်သမိုင်းဆိုတာ
ရှိတယ်ကွယ့် သမီးလေးရဲ ။

၃။
သမီးလေးရေ
ကေသရာဇာခြင်္သေ့တို့ 
သားကောင်ဖမ်းတဲ့အခါ
သားကောင် ကြီးကြီးငယ်ငယ်
စိုက်ထုတ်တဲ့ခွန်အားလုံ့ လ
အတူတူပါပဲကွယ်
အဲဒီ ဥပဒေသကို
လိုက်နာကျင့်သုံး
သမီးလေးရဲ့  ဘ၀တခုလုံး
အောင်မြင်မှုတွေဖုံးလာမှာ အသေအချာပ ။

၎။
သမီးလေးရေ
သစ်ရွက်ကလေး လေတိုးလို့ လှုပ်ခါ
စိတ်လှုပ်ရှားတတ်တဲ့
သမီးတို့ အရွယ်မှာ
နှလုံးသားဟာ
ဦနှောက်ထက်မကြီးစေနဲ့ 
အချစ်ဆိုတာလည်း
ဘ၀ရဲ့ အစိတ်အပိုင်းတခုသာပ
ကောင်းကျိုး ဆိုးကျိုး
စဉ်းစားချင့်ချိန်တတ်တဲ့
ခွန်အား ဥာဏ်အား
သမီးလေး ပွားများနိုင်စေသား ။

၅။
သမီးလေးရေ
မိသားစုနဲ့ ခွဲခွာနေရတဲ့အခါ
ကိုယ့်စိတ်ကို ကိုယ်တိုင်ထိမ်းကျောင်းနိုင်မှ
လမ်းတွေက ကွေ့ ကောက်လွန်းလို့ 
မိသားစု တကွဲတပြားဆိုတာလည်း
ဖေဖေတို့ မိသားစု တခုထဲ မဟုတ်ဖူးကွဲ့ 
သမီတို့  ဖေဖေတို့  ဘ၀တွေထက်
ပိုမိုဆိုးရွားတဲ့
မိသားစုတကွဲတပြား ဘ၀များ
မြန်မာပြည် တနံတလျားမှာ
ရေတွက်လို့  မကုန်နိုင်အောင်ပါပဲ သမီးရယ် ။

သမီးလေးရေ
ဘ၀ရဲ့ တိုက်ပွဲ ဆင်နွှဲတဲ့အခါ
စိတ်ဓါတ်ကို ကြံ့ခိုင်အောင်ကြိုးစားပါ
ဗမာပြည်ကို ချစ်ပါ
ဧရာဝတီကို ချစ်ပါ
တိုင်းပြည်ရဲ့ အနာဂတ်ကို သစ်စေမယ့်
ခွပ်ဒေါင်းစိတ်ဓါတ်ကို ချစ်ပါ
ခွပ်ဒေါင်းစိတ်ဓါတ်လို ကျင့်ပါ ။

“မိဝေး ဖဝေး သမီးလေး”


မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
သမီးအသက် တဆယ့်ရှစ်မှာ
အတူနေရ သုံးနှစ်မျှသာ
အဖေနဲ့ သမီးရဲ့  ကမ္ဘာ ကြေကွဲစရာ ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
အပျံသင်စ စိတ်လှုပ်ရှားလွယ်
သမီးအရွယ်မှာ
နှလုံးသားဟာ ဦးဏှောက်ထက်
မကြီးစေနဲ့  သမီးရဲ့ ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
လောကကြီးမှာ
မသေချာ မရေရာတဲ့ အရာမှန်သမျှ
အသိဥာဏ်ခွန်အားနဲ့  ဝေဖန်ပိုင်းခြား
ဆုံးဖြတ်ချက်များလဲ မမှားစေနဲ့  သမီးရဲ့ ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
ဘ၀ကိုဖြတ်သန်းတဲ့အခါ
ကိုယ်ကျင့်တရားကို အစွန်းအထင်းမခံနဲ့ 
ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါနဲ့ 
ကိုယ့်ကိုယ်ကိုယ်ထက် ယုံပြီး
သူများကို ပုံမအပ်လေနဲ့  သမီးရဲ့  ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
မိသားစုစုံညီစွာနေရေး
မဝေးတော့တဲ့ ကာလတခုမှာ
ဒါဟာ အိပ်မက်တခုမဟုတ်တာအသေအချာ
ယုံကြည်လိုက်စမ်းပ သမီးရ ၊

သမီးရဲ့  ကမ္ဘာမှာ
မဖြစ်နိုင်ဘူးဆိုတာ မရှိစေရ
ကြိုးစားလိုက်စမ်းပ သမီးရ ၊

အို ကောင်းကင်နဲ့ မြေပြင်တခွင်
နားဆင်ကြလော
နားစွင့်ကြလော
အောင်မြင်မှုအပေါင်း
သရဖူဆောင်းမယ့်သူဟာ
ငါတို ချစ်မငြီးတဲ့ ချစ်သမီး
ဇွဲဟေမာန်သက်လင်းသာဖြစ်တယ် ဆိုတာ
ယုံမှားသံသယ မရှိကြလေနဲ့  ။

၂၀၀၈ ။ ဒီဇင်္ဘာ ။ ၁၉