Showing posts with label ချစ်သူများနေ့ ကဗျာ. Show all posts
Showing posts with label ချစ်သူများနေ့ ကဗျာ. Show all posts

Tuesday, February 14, 2012

ချစ်သူများနေ့  သမင်လည်ပြန်

ချစ်သူများနေ့  သမင်လည်ပြန်

အလင်းနှစ်သန်းပေါင်းများစွာ
မလိုပါဘူး အချစ်ရေ
တည်ဆောက်ခဲ့တဲ့ ဘ၀လေးထဲ
သမင်လည်ပြန် အကြည့်တချက်သာ
နှစ်ဆယ့် ငါးနှစ်ဟာ
မြင်းတကောင်လို ကဆုန်ပေါက်
ငါ့ရှေ့ ကိုရောက်ရှိလာတယ် ။

ရှစ်ဆယ့်ခွန်ရဲ့  ဖေဖေါ်ဝါရီမှာဝေတဲ့နှင်း
မန္တလေးရဲ့  တောင်သမာန်မှာ ဝေတဲ့ နှင်း
အော် …ချစ်သူများနေ့ မှာ ဝေတဲ့နှင်း
လွမ်းလွမ်းဆွေးဆွေး သတိရနေမလား
ကိုယ်က ကမ္ဘာ့ဝင်ရိုးစွန်းနားမှာ
ဝေးကွာခြင်းက တို့ အတွင်းထဲမှာ ။

ဘယ်သူတွေ ဘာပဲပြောပြော
မြစ်ရေတွေက တို့ နှစ်ဦးသားကိုတိုးဝှေ့ သွား
ခိုင်မာတဲ့ ကြိုးနှစ်ချောင်းက တုတ်နှောင်ထားတယ်မဟုတ်လား
မင်္ဂလာရှိသောနေ့ ပါ ညီမလေးရေ
အရာရာဖြည့်ဆည်းပေးခဲ့သမျှ
ကျေးဇူးတွေ အချစ်တွေ ပေပွနေတဲ့ဘ၀လေးထဲမှာ
လွန်ခဲ့တဲ့ နှစ်ဆယ့် ငါးနှစ်က
ချစ်သူများနေ့ ဟာလှပ လတ်ဆတ်နေဆဲ
ပစ္စုပ္ပန်ရဲ့ ရောက်လာတဲ့ ချစ်သူများနေ့ ဟာလည်း
လှပလတ်ဆတ်နေမြဲသာပ
အနာဂတ်ရဲ့  ချစ်သူများနေ့ ဟာလည်း
လှပလတ်ဆတ်နေဦးမယ်ဆိုတာ ကိုယ် ယုံတယ် ။

(နှစ်ဆယ့်ငါးနှစ်သက်တမ်း အမှတ်တရ)

ရဲရင့်သက်ဇွဲ
၁၄၀၂၂၀၁၂
၇း၃၈ အေအမ်



Monday, February 14, 2011

မေတ္တာနဲ့ ချစ်သူများနေ့ မှာ မေတ္တာပို့ တယ်

မေတ္တာနဲ့ ချစ်သူများနေ့ မှာ မေတ္တာပို့ တယ်

မေတ္တာနဲ့  ထွက်သက် ၀င်သက်ကိုမှတ်တယ်
မေတ္တာနဲ့  အာရုံကို စုစည်းထိမ်းချုပ်တယ်
ချစ်သူမရှိသူများအတွက်
ချစ်သူများနေ့ မှာ မေတ္တာပို့ တယ် ။

မေတ္တာနဲ့  ပြင်းပြသော စိတ်ဆန္ဒများ
မေတ္တာနဲ့  ကြိုးစားအားထုတ်နေပုံများ
မေတ္တာနဲ့  အမှည့်တ၀င်းဝင်း
မေတ္တာနဲ့  အကင်းတဖြုတ်ဖြုတ်
မေတ္တာနဲ့  သူ့ အလုပ်သူလုပ်သွားလိမ့်မယ်
မေတ္တာနဲ့  တိမ်းညွှတ် မူးရစ် ရီဝေ ညများ
မေတ္တာနဲ့  အသဲကွဲသီချင်းအသစ်
မေတ္တာနဲ့  ညောင်ပင်ရဲ့ တောင်ဘက်အကိုင်းမှာ
မေတ္တာမရှိဘူး အပြောခံရသူရဲ့  အသက်မဲ့ခန္ဓာ
ချစ်သူများနေ့ မှာ မေတ္တာပို့ တယ် ။

မေတ္တာနဲ့  အမုန်းဒဏ်ရာ ဟက်ပက်
မေတ္တာနဲ့  ချစ်ခြင်းတရား ခါးသက်လေသောအခါ
မေတ္တာနဲ့  မေ့ပင်အောက်မှာ နှလုံးသားပျောက်သွားပုံအကြောင်း
မေတ္တာနဲ့  အလှူတခုကဖွင့်တဲ့ မုန်းသူတို့ အကြောင်း ဓါတ်ပြား
မေတ္တာနဲ့  ခဏခဏ ရွတ်ပြတတ်တယ် ….ပီးတော့ ….
မေတ္တာနဲ့  ပြောပြတတ်သေးတယ် …. ကျနော်မရူးပါဘူးတဲ့ …..။
မေတ္တာနဲ့  လှည့်စားသွားသူ သူသာအရူး …ဆွေးမြေ့တဲ့မျက်နှာကအပြုံး
မေတ္တာနဲ့  အဲဒီနေ့ ပဲ … ၀ုန်းကနဲ ပြစ်လဲ … လူတွေက ရုတ်ရုတ်သဲသဲ ပွဲတခုလို ၀ိုင်းအုံကြည့်ကြ

မေတ္တာနဲ့  ချစ်သူများနေ့ မှာ လှည့်စားပြေးထွက် မုန်းရက်သူများကို
မေတ္တာနဲ့ မေတ္တာပို့ တယ် ။

ရဲရင့်သက်ဇွဲ
မနက် ၁၂း ၄၀
ဥရောပ စံတော်ချိန်