Showing posts with label ၀မ်းနည်းကြေကွဲခြင်း အမှတ်တရ ကဗျာ. Show all posts
Showing posts with label ၀မ်းနည်းကြေကွဲခြင်း အမှတ်တရ ကဗျာ. Show all posts

Sunday, April 10, 2011

ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်

ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်



ဝမ်းနည်းကြေကွဲမှုဆိုတာ ......

တရားလား ......

သိတယ် ..

မြင်တယ်...





ဒီအသက်အရွယ် ကြွေချိန်တန်ပါပီလေ .......

အော်. ..ကြယ်တပွင့် ကြွေလင့် .......

အို...ဘုရားရှင်..စောင့်ရှောက်တော်မူပါ .....

အစားထိုးမရတဲ့ ဆုံးရှုံးမှု .......

ကျနော်တို့ ကို ထားခဲ့ပီလား..ဆရာ ပါ....

ဆရာရေ ..... ရာဟုလာသံကစ္စည်း အငမ်းမရ

ဖတ်ခဲ့ရတဲ့ ကာလများ ......

ပါရဂူရှန်တိနိကေတန်စာကြည့်တိုက် .....

ဆရာ ရေ.....

ဘုရားရှင်ကိုယ်တော်တောင်မှ

မလွန်ဆန်နိုင်ခဲ့ တဲ့ ကိစ္စ .........

ဆရာ ပါရဂူ ....................

သေခြင်းသည်မဆန်း ...ပန်းတပွင့်ကြွေ ....

မြေ၀သုန်ရေ ..... ဆီးကြိုပေတော့ ......



စသည့်စသည့် အသံလှိုင်းများ ဆူညံ

ကမ္ဘာပျက်သည့်အလား ......

ကြေကွမှု အတိုင်းအဆ

နှိုင်းပြမှုများ ..................



မိတ်ဆွေတို့ ခင်ဗျား........

ကျေးဇူးပြုပီး တိတ်ဆိတ်စွာ

ကြေကွဲ

ဟောဒီမှာ .....တရားကို

တရားနဲ့  ဖြေဖို့ ကြိုးစားနေဆဲ ......။



(အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးရပ်စလုံးအတွက် ပါရဂူရှန်တိနိကေတန် ကို ထားခဲ့တယ်။)



ရဲရင့်သက်ဇွဲ

၀၉၀၄၂၀၁၁

Monday, October 26, 2009

“ငါ့ ..... ရဲဘော်တွေ အလျော်ပြန်ပေး”

(ကိုသက်ဝင်းအောင် ကျဆုံးစဉ်က ရေးဖွဲ့ တဲ့  ခံစားချက်ဖြစ်ပါတယ်။ကိုသက်ဝင်းအောင် အကြောင်း
တွေးမိတိုင်း ရာသီအလီလီပြောင်းပေမယ့် ကျနော်တို့ ရင်ထဲက ခံစားချက်တွေက ဟောင်းမသွားဘူး၊ ပြောင်းမသွားဘူး။ဒါကြောင့်ကိုသက်ဝင်းအောင်ကျဆုံးခြင်း၃ နှစ်ပြည့်မှာ ဒီခံစားချက်နဲ့ဒီကဗျာကိုပြန်လည်ဖေါ်ပြလိုက်ပါတယ်။)

“ငါ့ ..... ရဲဘော်တွေ အလျော်ပြန်ပေး”

‘သေခြင်းသည် မဆန်း ၊ ပန်းတစ်ပွင့်ကြွေ
လေတစ်ဝေ့တိုက် ၊ နှင်းတစ်ပြိုက်ကျ
တစ်ဘ၀လျှင် ၊ ခဏပင်တည်း
အသင်ထာဝရ ၊ လူ့လောကမှ
လုံးဝပျောက်ဆုံးသွားခြင်း မဟုတ်ပါ ။

(ဒေါင်းနွယ်ဆွေ ၏
မဆန်းသောသေခြင်းမှ ထာဝရမပျောက်ဆုံးသူ မှ)

၁။
ကိုသက်ဝင်းအောင်ရေ ....
တဖွဖွ ... တသသ
နှုတ်ဖျားက တရွရွ
ရင်ထဲက တမြမြနဲ့
ကျနော်တို့တတွေ
ဆို့နင့် ကြေကွဲရပုံများ
ငိုရှိုက်သံသဲ့သဲ့ကြားမှာ
ခင်ဗျားရဲ့ ... အသွေးတူ အမွေးတူ
တောင်ကုန်း တောင်တန်းတွေကလဲ
သူတို့ရဲ့ရင်အုံတွေကို တ၀ုန်းဝုန်းထုလို့
အဲဒီမြည်သံတွေဟာ စစ်အုပ်စုအတွက်
တိုက်ပွဲခေါ်သံတွေပဲဖြစ်တယ်
ခင်ဗျားကတော့ ....
ဘ၀ကို အနိုင်နဲ့ပိုင်းသွားခဲ့ပေါ့ ။
၂။
ကိုသက်ဝင်းအောင်ရေ ....
အရှေ့ဆီက ရောင်နီဉီးရဲ့
အလင်းရောင်အောက်မှာ
သမိုင်းက တင်ပေးလိုက်တဲ့ တာဝန်ကို
ယုံကြည်ချက်အပြည့်နဲ့
ဘ၀ကိုပါ ပုံအပ်ခဲ့ရင်း
ခင်ဗျား ......
ခေတ်တခေတ်ကို ထုဆစ်ခဲ့တယ် ။

ကိုသက်ဝင်းအောင်ရေ ......
တကယ်တော့ဗျာ
ခင်ဗျားဟာ .....
စနစ်ရဲ့သားကောင်ဖြစ်ခဲ့ရတာပါ
တပြိုင်တည်းမှာပဲ
ကျနော်တို့ ခင်ဗျားတို့ လိုချင်တပ်မက်တဲ့
ခေတ်တခေတ်ရဲ့ သားကောင်း
ခေတ်တခေတ်ရဲ့ အာဇာနည်တယောက်
(အဲဒီလိုလမ်းမျိုး)
ခင်ဗျား လျှောက်ပြခဲ့တယ် ။
၃။
ကိုသက်ဝင်းအောင်ရေ .......
ခင်ဗျားရဲ့ ...
စွန့်လွှတ်ပေးဆပ်မှုအပေါ်
စစ်အုပ်စုတစုလုံးဟာ
ချောက်ချောက် ချားချားနဲ့
ကြောက်လန့်တကြား ရှိနေကြရော့မယ် ။

ကိုသက်ဝင်းအောင်ရေ .....
ခင်ဗျားကတော့ ...
သွေးကြွေးကို သွေးကြွေးနဲ့ ပေးဆပ်ရမယ်ဆိုတာမျိုး
ကြိုက်ချင်မှ ကြိုက်မယ်
ကျနော်တို့ကတော့
ကြေကွဲမှုရဲ့ အတိုင်းအဆကို
နှိုင်းပြလို့ မရသူတွေမို့
ဘယ်သူတွေ ကြိုက်ကြိုက် မကြိုက်ကြိုက်
‘ဟာမူရာဘီ ကိုဓ ဉပဒေ’အလိုက်သာ

မျက်လုံးတလုံးကို
မျက်လုံးတလုံးခြင်း

လက်တဘက်ကို
လက်တဘက်ခြင်း

အသက်တချောင်းကို
အသက်တချောင်းခြင်း


ခင်ဗျားအပါအ၀င် ကျဆုံးခဲ့ရတဲ့
သူရဲကောင်း ၀ိညာဉ်အပေါင်းတို့အတွက်
ရင်းစားပြန်ရချင်တာ တခုပါပဲ .....။

ရဲရင့်သက်ဇွဲ