Wednesday, August 4, 2010 / စာရေးဆရာမဂျူး
ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေ၀ါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (သြဘာသံများ)
ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က 'ကျမ တော်တော်ညံ့ခဲ့ပါတယ်' ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့သြချင် အံ့သြမိမယ်။ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ ခင်ဗျားတို့တွေဆီက တော်တာတွေများ ကြားရမလား၊ အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီးနားထောင်တာ၊ ညံ့တာတွေတော့ ငါတို့ မကြားချင်ဘူး၊ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ကျမကလဲ ကျမ သိတ်တော်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျမဟာ ဘ၀မှာ တခါမှ မတော်ခဲ့ဘူးသေးပါဘူး။ (အော်ဟစ်သံများ)
ဒီတော့ ကျမ ပြန်ကြည့်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ညံ့နေတာပဲတွေ့တော့ ကျမရဲ့ ပရိသတ်ရှေ့မှာ ကျမညံ့တဲ့အကြောင်းကိုပဲ ၀န်ခံတာဟာ ရိုးသားမှု အရှိဆုံး ဖြစ်လိမ့်မယ်လို့ ကျမ တွေးပါတယ်။ အဲ့ဒါကြောင့် အခုလို စင်မြင့်ပေါ် တက်လာပြီး တော့ ကျမညံ့တဲ့အကြောင်းတွေ ပြောရတာ ကျမ အများကြီး ၀မ်းလဲနည်းမိပါတယ်။ (လက်ခုပ်သံများ) ဒါပေမယ့် မတတ်နိုင်ပါဘူး၊ ကျမ ညံ့တဲ့အကြောင်းကတော့ ပြောရမှာပဲ။
ကျမကတော့ ညံ့တဲ့အကြောင်းတခုပဲ ပြောစရာ ရှိလို့ပါ။ ဒီတော့ အဲဒီလို စိတ်ပျက်နေတဲ့သူ၊ ဒေါသထွက် နေတဲ့ သူတွေအတွက် ကျမ အကြံကောင်းလေးတခုတော့ ပေးနိုင်ပါတယ်။ တော်တာတွေကို မြင်ချင် ကြားချင်ရင်တော့ စာပေဟောပြောပွဲကို လာစရာမလိုပါဘူး။ တော်တာတွေကို မြင်ချင်ကြားချင် ဂုဏ်ယူချင်တယ် ဆိုရင် မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ကြပါ။ (အော်ဟစ် လက်ခုပ်သံများ) အခုအချိန်က စပြီးတော့ 'ဂျူး' ရဲ့ ညံ့ဖျင်းမှုတွေကို ၀န်ခံပါတော့မယ်ရှင်။
ကျမဟာ အများသိကြတဲ့အတိုင်း ဆရာဝန် စာရေးဆရာ ဖြစ်ပါတယ်။ (အော်ဟစ်သံများ) ကြွားတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဆရာဝန်အလုပ်လဲ တပြိုင်နက်လုပ်တယ်။ စာရေးတဲ့အလုပ် လဲ တပြိုင်နက်လုပ်တယ် ဆိုတော့ ဘယ်အလုပ်မှာများ ကျမ ညံ့ပါသလဲလို့ မေးခဲ့ရင် ကျမ ဖြေချင်လို့ပါ။ ကျမဟာ အလုပ်နှစ်မျိုးစလုံးမှာ ညံ့ဖျင်းပါတယ်။ အဲ့ဒီတော့ ကျမ ညံ့ခဲ့တဲ့အကြောင်းတွေကို ပြောပြပါမယ်။ ကျမဟာ ငယ်ငယ်ကလေးကတည်းက ညံ့ပါတယ်။ ကျမ ငယ်ငယ်တုန်းက မြန်မာနိုင်ငံအကြောင်း ပထ၀ီဝင်ဘာသာမှာ သင်ရသော်လဲ မြန်မာနိုင်ငံရဲ့ စီးပွါးရေးအမြင် ဘာမှ မရှိခဲ့ပါဘူး။ (လက်ခုပ်သံများ) ကျမ တတိယတန်းအရွယ် လောက်မှာ မြန်မာ့ ပထ၀ီဝင်ဘာာသာကို သင်ရပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံရဲ့ သံယံဇာတတွေအကြောင်း စာသင်ရပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ အလွန်ပေါများကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆန်စပါးတွေ ထွက်တယ်။ ကျွန်းသစ်တွေ ထွက်တယ်။ ရေနံတွေလဲ ထွက်ပါတယ်။ ရေနံထွက်တာလဲ ကျမ မျက်မြင်ကိုယ်တွေ့ ပါပဲ။ ကျမက ရေနံချောင်းသူ ဖြစ်ပါတယ်။
ရေနံချောင်းသူဆိုတော့ ကျမတို့ ရေနံမြေကနေ ဖြတ်သွားတဲ့အခါမှာ ရေနံတူးစင်ကြီးနဲ့ ရေနံတူးနေတာ တွေ၊ တူးပြီးသား ရေနံတွင်းတွေကနေ ပိုက်လုံးတွေနဲ့ မောင်းတံတွေနဲ့ စုပ်ယူပြီးတော့ ရေနံလှောင်ကန်ထဲ ထည့်နေတာတွေ ကျမ မျက်မြင်ကိုယ်တွေပါပဲ။ အဲ့ဒီ ရေနံလှောင်ကန်တွေထဲက များပြားလှတဲ့ ရေနံတွေ ဘယ်ရောက်သွားလဲဆိုတာတော့ ကျမက မမြင်ရဘူးပေါ့။ (လက်ခုပ်သံများ) ကျမ မြင်ရတာက ရေနံလှောင်ကန်ပဲ မြင်ရတာကိုး။ အဲ့ဒီတော့ အဲ့ဒါ ရေနံနဲ့ ပါတ်သက်တဲ့ အပိုင်းပါ။ နောက်ထပ် သံယံဇာတတွေ အများကြီး ထွက်တယ်လို့ သိရပါတယ်။ ဥပမာ တွင်းထွက်ပစ္စည်းတွေ၊ ကျောက်မီးသွေးလဲ ထွက်ပါတယ်။ ပတ္တမြား၊ နီလာ၊ ရွှေ၊ ရွှေကြောကြီးတွေလဲ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ ဒီတော့ ဒီ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေ အပြင် ကျောက်မီးသွေး၊ ခဲမဖြူတို့၊ အဖြိုက်နက်တို့ မြန်မာနိုင်ငံမှာ မထွက်တဲ့ တွင်းထွက်ဆိုတာ မရှိသလောက် အများကြီး ထွက်ခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာ့ပိုင်နက် ပင်လယ်ရေပြင်ဆိုတာ အများကြီး ရှိပါတယ်။ ပင်လယ်ပြင်ကထွက်တဲ့ ငါးပုစွန်တွေဟာ မြန်မာပြည်သူလူထု စားသုံးလို့တောင် မကုန်တဲ့အတွက် စည်သွတ်ဗူး တွေနဲ့ ဒါမှမဟုတ် ရေခဲရိုက်ပြီးတော့ နိုင်ငံခြားကိုတောင် တင်ပို့ရောင်းချလို့ ရပါတယ်တဲ့။ ဒီတော့ တတိယတန်း ကျောင်းသူ ကျမဟာ ကျမနိုင်ငံကို ကျမ တော်တော် ဂုဏ်ယူခဲ့ပါတယ်။ (လက်ခုပ်သံများ) သယံဇာတတွေ သိပ်များတာပဲပေါ့။ ဒါပေမယ့် တနေ့ကျတော့ ကျမက ကျောင်းစာအပြင် တခြားပြင်ပမဂ္ဂဇင်းတခုကို သွားဖတ်မိပါတယ်။ သွားဖတ်တော့ အဲဒီအချိန်မှာ ကျမ စာတော့ ဟုတ်တိပတ်တိ မဖတ်ဖူးသေးပါဘူး။ ဒါပေမယ့် ဆောင်းပါးတို့ ပုံပြင်တို့ဆိုရင် တကြောင်းစ နှစ်ကြောင်းစ ဖတ်တတ်နေပါပြီ။ အဲ့ဒီမှာ ကံဆိုးစွာနဲ့ စာကြောင်းလေးတကြောင်း သွားတွေ့ပါတယ်။ အဲ့ဒီ စာကြောင်းလေးကို ကျမ အခုထိ မမေ့နိုင်သေးပါဘူး။'မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တတိယမြောက် လိုက်ပါသည်တဲ့'။ (အော်ဟစ်သံများ၊ လက်ခုပ်သံများ)
အဲ့ဒီတော့ ကျမက ပထ၀ီ သင်ခါစ တတိယတန်းကျောင်းသူ အမြင်နဲ့ဆိုတော့ ကျမ ဒီလိုပဲ မြင်တာပေါ့။ တကယ်တမ်းတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ သယံဇာတ ထွက်ရုံနဲ့တင် မလုံလောက်ပါဘူး။ (လက်ခုပ်သံများ) ဒါ ကျမရဲ့ အပြောမဟုတ် ပါဘူး။ ကမ္ဘာ့စီးပွါးရေး ပညာရှင်တွေပြောတဲ့ အပြောပါ။ သူတို့က ဘယ်လိုပြောသလဲဆိုတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ အချက်ကြီး (၄)ချက် လိုပါတယ်တဲ့။ သယံဇာတ၊ သဘာဝသယံဇာတ (Natural Resource) လို့ခေါ်တဲ့ သဘာဝသယံဇာတတွေ ပေါများဖို့တဲ့။ နံပါတ် (၂)ကတော့ အစဉ်အဆက်က ကြီးပွါးခဲ့တဲ့၊ အစဉ်အဆက်က ရှိခဲ့တဲ့ အရင်းအနှီး၊ နံပါတ် (၃) က Technology လို့ခေါ်တဲ့ နည်းပညာအသစ်အဆန်းတွေ၊ နံပါတ် (၄) ကတော့ အဲ့ဒီနည်းပညာကို ကျွမ်းကျင်သူတွေ၊ အဲဒီ လေးမျိုးလုံး ရှိတဲ့ နိုင်ငံဟာ (သို့မဟုတ်) လေးမျိုးမှာ သုံးမျိုးလောက် ရှိတဲ့နိုင်ငံဟာ အဲ့ဒီ နိုင်ငံဟာ ချမ်းသာပါတယ်တဲ့။
အဲ့ဒီတော့ ကျမတို့ မြန်မာနိုင်ငံက (၁) သယံဇာတတွေတော့ ပေါများကြွယ်ဝပါတယ်။ နောက် နံပါတ် (၂) (၃) (၄) ရှိ မရှိတော့ ကျမ မသိပါဘူး။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမ ညံ့တဲ့အကြောင်းက အဲ့ဒီက စ ပါတယ်။ နောက်ထပ် ကျမ ညံ့တဲ့အကြောင်းကို ပြောရရင်တော့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျမ ညံ့တာပါ။ နိုင်ငံရေးအမြင် ဘာမှ မရှိခဲ့တဲ့ ကျောင်းသူတယောက်အကြောင်း ကျမ ပြန်ပြောပါမယ်။ စတုတ္ထတန်း (ဒါမှမဟုတ်) ပဉ္စမတန်း အရွယ် လောက် ကလေးဘ၀မှာ ကျမတို့ နိုင်ငံမှာ အရေးအခင်းတခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းမှာ မြို့ကြီးတွေ၊ ရန်ကုန်၊ မန္တလေးတွေကနေ ပြီးတော့ စတင် ဖြစ်ပွါးခဲ့ပြီးတော့ ကျမတို့ဆီကို တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းကတော့ တရုတ်-ဗမာ အရေးအခင်းပါ။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီးလို့ (ရီသံများ) ကျမတို့ ကြားရပါတယ်။
ကျမတို့ ရေနံချောင်းမှာ တရုတ်လူမျိုးတွေ အများကြီး ရှိပါတယ်။ ကျမတို့ ရေနံချောင်းက တရုတ်လူမျိုးတွေနဲ့ ဗမာလူမျိုးတွေတော့ မချကြပါဘူး။ ကျမတို့ အချင်းချင်းတော့ ခင်ခင်မင်မင်ပါပဲ။ ကျမတို့ ကျောင်းမှာ အတန်းထဲမှာ ကျမတို့နဲ့ စာပြိုင်ဖက် တရုတ်မလေး ၃ - ၄ ယောက် ရှိပါတယ်။ သူတို့နဲ့ ကျမတို့လဲ စာမေးဖော် မေးဖက် ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ တရုတ်-ဗမာ အရေးအခင်း ဖြစ်နေပြီလို့ သိရပါတယ်။ ဒီတော့ ကျမတို့လဲ လက်ခံလိုက်ရုံပဲပေါ့။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီ၊ ဒီလောက်ပဲ သဘောထားလိုက်ပါတယ်။ တရက်တော့ ကျမတို့ ကျောင်းတက်နေတဲ့အချိန်မှာ ဆရာမက ကျမတို့ကို ပြောပါတယ်။ တို့တတွေ မနက်ဖန် ရောက်လို့ရှိရင် ဒီမြို့ရဲ့ လမ်းတွေပေါ်မှာ ကျောင်းသားတွေ အားလုံးတန်းစီ လမ်းတလျှောက် ချီတက်ရမယ်တဲ့ (လက်ခုပ်သံများ) အဲဒီတော့ ကျမက ကျောင်းစာသင်တဲ့အချိန်မှာ အပြင်ထွက် ရမယ်ဆိုတော့ သိပ်ပျော်သွားပါတယ်။ (ရီသံများ) အဲ့ဒါနဲ့ပဲ ကျမတို့ တက်တက်ကြွကြွနဲ့ပဲ လိုက်ဖို့ စီစဉ်ပါတယ်။ ဆရာမက ပြောတယ်။ နင်တို့အားလုံး စည်းကမ်းရှိရှိ သေသေ၀ပ်ဝပ် ချီတက်ရမယ်နော်တဲ့။ နှစ်ယောက်တတွဲ တွဲလို့ရတယ်။ နင်တို့ ကြိုက်တဲ့လူနဲ့ နင်တို့ တွဲကြပါတဲ့။ အဲ့ဒါနဲ့ ကျမကလဲ ကျမရဲ့ လက်တွဲဖော်အဖြစ် တရုတ်မလေးကို ရွေးလိုက်ပါတယ်။ ကျမနဲ့ ကျမသူငယ်ချင်း တရုတ်မလေးဟာ တရုတ်ဗမာအရေးအခင်း မှန်ကန်ကြောင်း ထောက်ခံဖို့ မြို့ထဲမှာ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။ (ရီသံများ လက်ခုပ်သံများ) အဲ့ဒီတော့ ကျမတို့က ၂ ယောက်တတွဲ လမ်းလျှောက် လမ်းတွေပေါ်မှာ ချီတက်ကြတယ်။ ရိုးရိုးတန်းတန်း ချီတက်ကြတာ မဟုတ်ဘူး။ ရှေ့က တယောက်က စာရွက်တွေနဲ့ တိုင်ပေးတယ်။ ကျမတို့က နောက်ကနေပြီး လိုက်အော်ရတယ်။ လိုက်အော်တော့လဲ တို့အရေး၊ တို့အရေး ပေါ့။ ရှေ့က ဘာအောသလဲတော့ ကျမတို့ ကောင်းကောင်း မကြားရဘူး။ (ရီသံများ) အဲ့ဒီလိုနဲ့ ရှေ့ကတယောက်က တိုင်ပေးလိုက်၊ ဘာမှမသိပဲ နောက်က တို့အရေး အော်လိုက်၊ အော်ရင်းနဲ့ပဲ လမ်းတကာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျမတို့ ကျောင်းသားတွေကို လမ်းလျှောက်ရတာ၊ အော်ရတာ မောရင် ရေသောက်ရအောင်၊ အအေးသောက်ရအောင် ဆိုပြီးတော့ အိမ်တွေကနေပြီး အိမ်ရှေ့မှာ စာပွဲလေးတွေ ခင်းပြီးတော့ ကျမတို့ကို အစားအစာတွေ ကျွေးမွေးပါတယ်။ ကျမတို့လဲ အလကားရတာမှန်သမျှ အကုန်စားပါတယ်။ (ရီသံများ) အကျင့်က ပါနေတာကိုး (ရီသံများ)
ဗမာက ကျွေးကျွေး၊ တရုတ်က ကျွေးကျွေး အကုန်စားပါတယ်။ (ရီသံများ) ဒီလိုနဲ့ပဲ နည်းနည်း နေမြင့်လာတဲ့အခါမှာ ကျမတို့ ကျောင်းကို ပြန်ရပါတယ်။ ကျောင်းရှေ့မှာ အင်မတန် ကျယ်ဝန်းတဲ့ မြေတလင်းပြင်ကြီး ရှိပါတယ်။ အဲ့ဒီမှာ အားလုံးစုရုံးပြီးတော့ အတန်းလိုက် အတန်းလိုက် ကိုယ့်လူစုနဲ့ကိုယ် စုရုံးကြပါတယ်။
အဲဒီမှာ ကျမတို့ ဆရာမက ဘာပြောလဲဆိုတော့၊ အော်... ကျမ မေ့နေလို့၊ ကျမတို့ လမ်းလျှောက်တဲ့ အခါမှာ ဒီအတိုင်း လက်လွတ်လျှောက်ရတာ မဟုတ်ဘူး။ 'ခေါင်း' ကြီးတွေကို ကြိုးနဲ့ ဆွဲပြီးတော့ ဒီ ခေါင်းကြီးတွေကတော့ ကျမတို့ ကျောင်းသားလေးတွေ ဆွဲနိုင်အောင်ပါ။ စက္ကူတွေနဲ့လဲ ခေါင်းပုံစံ ဖြစ်အောင် ရေးထားပါတယ်။ အဲ့ဒီထဲမှာလဲ ကျမတို့ မျက်စိရှေ့မှာ စက္ကူစုတ်တွေ ထည့်ထားတာ မြင်ရပါတယ်။ ဒါပေမယ့် အဲ့ဒီ စက္ကူစုတ်တွေကို ကျမတို့က စက္ကူစုတ်တွေလို့ မမှတ်ရဘူးတဲ့။ အဲဒီအထဲမှာ အလောင်းတွေ ပါတယ်လို့ မှတ်ရမယ်တဲ့။ အဲ့ဒီမှာမှ ကျမ ပထမဦးဆုံး နံမည်တခုကို ကြားဖူးပါတယ်။ အဲ့ဒီနာမည်ကတော့ မော်စီတုန်းတဲ့။ မော်စီတုန်းဆိုတဲ့နာမည်ကို အဲဒီအချိန်မှာမှ ပထမဦးဆုံး ကြားဖူးတာပါ။ မော်စီတုန်း ကျဆုံးပါစေ ပေါ့။ အဲ့ဒီလို ဆိုတယ်လို့ ကျမ ထင်ပါတယ်။ ဒီလိုနဲ့ ကျောင်းရှေ့ကို ပြန်ရောက်တော့ ကျမတို့ ဆရာမက အဲဒီ ခေါင်းကြီးကို မီးရှို့ရမယ်လို့ ပြောတယ်။ ဒီတော့ ကျမက သူများအော်ရင်သာ နောက်ကနေ တို့အရေး လိုက်အော်ရဲတာ။ ကျမကတော့ မီးရှို့ဖိုတော့ ကြောက်ပါတယ်။ ကြောက်တော့ ကျမက နောက်ဆုတ်တယ်။ အဲ့ဒီအချိန်မှာ ဆရာမက ကျမကို ရှေ့ထွက်ခိုင်းတယ်။ ကျမက အတန်းရဲ့ မော်နီတာ ဖြစ်ပါတယ်။ (ရီသံများ)
"တင်တင်ဝင်း နင်ရှေ့ထွက် နင်မီးရှို့ ရမယ်" လို့ ပြောတယ်။ အဲ့ဒီတော့ ကျမက မရှို့ရဲဘူးဆိုပြီး နောက်ကို ကပ်တယ်။ အဲဒီတော့ ကျမတို့ နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို မကြည့်ရက်တဲ့ နည်းနည်းအသက်ကြီးတဲ့ ကျောင်းသူတယောက်က ကျမတို့နှစ်ယောက် ကိုယ်စား ဖြေရှင်းပေးလိုက်ပါတယ်။ သူပဲ ဆက်ပြီးတော့ မီးရှို့တယ်။ (ရီသံများ) ကျမဟာ ဒီလို နိုင်ငံရေးမရှိအောင် ညံ့တယ်ဆိုတာ ကျမ ၀န်ခံပါတယ်။ ဒါ ကျမရဲ့ စီးပွါးရေး ညံ့ဖျင်မှု၊ နိုင်ငံရေး ညံ့ဖျင်းမှုပါ။ ဒါပေမယ့် အဲဒီလိုသာ ညံ့တယ်။ ကျမက ဘာဖြစ်ချင်သလဲဆိုတော့ ကျမဘ၀မှာ အဖြစ်ချင်ဆုံး ဆန္ဒတခုက စာရေးဆရာ ဘ၀တခုပါပဲ။ စတုတ္ထတန်းအရွယ် ကတည်းက ကျမဟာ စာရေးဆရာတယောက် ဖြစ်ချင်ခဲ့ပါတယ်။ စာရေးဆရာဖြစ်ဖို့ ကျမကို တွန်းအားပေးတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဲဒါကတော့ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေပါပဲ။ ကျမဟာ ကျောင်းစာက လွဲပြီးတော့ အပြင်ဘက်စာပေတွေကို မဂ္ဂဇင်းတွေကို အများ ဖတ်ခဲ့ ပါတယ်။ ကျောင်းစာထက် ပိုပြီးတော့ ဖတ်ခဲ့ပါတယ်။ အဲ့ဒီတော့ ကျမ မှတ်မိသလောက်ပေါ့၊ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေဟာ အများကြီးပါပဲ။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ စာရေးဆရာကြီး ဓူဝံ၊ ဆရာမကြီး ဒေါ်ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ သူတို့ စာအုပ်တွေကို ကျမ ဖတ်ပါတယ်။ အဲ့ဒီမှာ ကျမဘ၀မှာ ပထမဦးဆုံး ဖတ်ဖူးတဲ့ စာအုပ်တအုပ်ကို အခုထိ မှတ်မိပါတယ်။ ဒါဟာ ကျမအတွက် ပထမဦးဆုံး ၀တ္ထုပါ။ အဲ့ဒါကတော့ စာရေးဆရာကြီးဓူဝံရဲ့ 'မာလာ' လို့ အမည်ရတဲ့ ၀တ္ထု ဖြစ်ပါတယ်။ 'မာလာ' ဟာ လက်သုံးလုံးလောက် ထူတဲ့ စာအုပ်ကြီးတအုပ်ပါ။ သူ့ အဲ့ဒီစာအုပ်ကို ကျမရဲ့ ကျမကိုယ်ပိုင်အမြင်နဲ့ ဖတ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျမက ကာတွန်းတွေပဲ ဖတ်ပါတယ်။ ကာတွန်းတောင်မှ ထူရင် မဖတ်ပါဘူး။ ခပ်ပါးပါးပဲ ဖတ်ပါတယ်။ တရက်ကျတော့ ကျမ စတုတ္ထတန်း စာမေးပွဲအပြီး ကျောင်းအားတဲ့ အချိန်မှာ ကျမ မေမေက စာအုပ်တအုပ် ယူလာပေးပါတယ်။
"သမီး ဒီဝတ္ထုကို ဖတ်စမ်း" လို့ ကျမကို ပြောပါတယ်။ အဲ့ဒီဝတ္ထုက 'မာလာ' ၀တ္ထုပါ။ ကျမက စာအုပ်ကြီးကို ကြည့်ပြီးတော့ လန့်သွားတယ်။ "အား စာအုပ်ကြီးက အထူကြီးပါလားမေမေ" လို့ ပြောတော့ "အေး ထူတော့ ထူတယ်၊ ဒါပေမယ့် သမီး စိတ်ဝင်စားမှာပါ" တဲ့။ သမီးတို့ မောင်နှမတွေဟာ စကားပြောရင် အင်မတန် ရိုင်းတယ်တဲ့။ ကိုကိုရယ်၊ ညီမလေးရယ် ဘယ်တော့မှ စကားမပြောဘူး၊ မောင်နှမအချင်းချင်း အကြီးနဲ့အငယ်ကို နင်, ငါ သုံးတယ်တဲ့။ အဲ့ဒါ မကောင်းဘူးတဲ့၊ ဒီတော့ သမီး ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ ဖတ်ပြီးသွားရင် သမီး ယဉ်ကျေးသိမ်မွေ့လာလိမ့်မယ်။ ဒီစာအုပ်ထဲမှာ လူတွေဟာ စကားပြောရင် သိပ်ယဉ်ကျေးတာပဲတဲ့။ ဖတ်ကြည့်ပါတဲ့။ အဲ့ဒီတော့ ကျမကလဲ မေမေက ဖတ်ခိုင်းတယ်ဆိုရင် ငါဖတ်ဖို့ သင့်တာပေါ့။ ကိုယ့်ဖာသာကိုယ် တွေးပြီးတော့ မေ့မေ့ရှေ့မှာပဲ အဲ့ဒီစာအုပ်ကို ကျမ ဖွင့်ဖတ် လိုက်ပါတယ်။ စ ဖွင့်ဖွင့်ချင်းပဲ အဲ့ဒီစာအုပ်ကို ကျမ စိတ်ဝင်စားသွားတယ်။ သူက အခန်း(၁) အဖွင့်မှာ အကျဉ်းထောင်တခုရဲ့ မြင်ကွင်းနဲ့ စထားပါတယ်။ အဲ့ဒီ အကျဉ်းထောင်ထဲမှာ၊ အချုပ်ခန်းထဲမှာ၊ သံတိုင်တွေနောက်မှာ အကျဉ်းသား ၁၀ ယောက် အကျဉ်းကျ နေပါတယ်။ သူတို့ကတော့ တိုင်းပြည်ကို တော်လှန်ပုန်ကန်လို့ ချုပ်ထားတဲ့ အကျဉ်းသား တွေပါ။ တယောက်က ခေါင်းဆောင်၊ အဲ့ဒီခေါင်းဆောင်နာမည်က ဗိုလ်နန္ဒလို့ ခေါ်ပါတယ်။ သူ့ရဲ့ နောက်ပါက ၉ ယောက် ရှိပါတယ်။ သူတို့ ၁၀ ယောက်ကို ဒီကနေ့ ညနေ နေကွယ်လို့ ရှိရင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး၊ မသေမချင်း ကြိုးပေးသတ်ခံရဖို့ ဘုရင်က အမိန့် ချပြီးသားပါ။ ဒီတော့ သူတို့ အားလုံးဟာ ဒီကနေ့ ညနေမှာ သေမယ်ဆိုတာ သေချာနေတော့ တော်တော် ကြောက်ရွံ့တုန်လှုပ်နေပါတယ်။ တပည့်တွေဟာ ငိုတဲ့သူက ငိုနေကြတယ်။ နံရံကို လက်သီးနဲ့ထိုးပြီး အော်တဲ့သူက အော်နေကြတယ်။ နောက် ဒေါသတကြီး စကားပြောတဲ့သူက ပြောနေကြတယ်။ အဲ့ဒါတွေကို ကြည့်ပြီးတော့ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်နန္ဒက တော်တော်စိတ်မကောင်း ဖြစ်တယ်။ "သူတို့ခမျာ ငါ့ရဲ့ ခေါင်းဆောင်မှုကို လိုက်ခဲ့တဲ့အတွက် သူတို့ဟာ ကြိုးပေးပြီး အသတ်ခံရတော့မှာပါလား၊ သူတို့တွေ အသေဖြောင့်အောင်၊ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင် အောင် ငါ ကဗျာလင်္ကာတပုဒ် ရွတ်ပြမှ ဖြစ်မယ်" လို့ သူ့ဖာသာသူ တွေးပြီးတော့ သူ ကဗျာလင်္ကာတပုဒ် ရွတ်ပြပါတယ်။ အဲ့ဒီကဗျာကတော့ အနန္ဒသူရိယ အမတ်ကြီး ရေးစပ်ခဲ့တဲ့ အမျက်ဖြေ အလင်္ကာလို့ အမည်ရတဲ့ ကဗျာလေးတပုဒ်ပါ။ "သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း" အဲ့ဒီကဗျာပါ။ သူက အဲ့ဒီကဗျာကို ရွတ်တဲ့အခါမှာ စာရေးဆရာက ဘယ်လိုဖွဲ့ထားသလဲဆိုတော့ ဗိုလ်နန္ဒသည် သူ၏ အောင်မြင်လှသော အသံဝါကြီးနဲ့ထိုကဗျာကို ရွတ်ဆို၏တဲ့။ အဲ့ဒီမှာ ကျမက နည်းနည်း ကလေး နားမလည်ဘူး ဖြစ်သွားတယ်။ ဗိုလ်နန္ဒကို ကျမသိတာက သူပုန်ဗိုလ်လို့ ကျမသိပါတယ်။ သူပုန်ဗိုလ် တယောက်ကို ဘာဖြစ်လို့ အဲ့ဒီလို ဖွဲ့သလဲ အောင်မြင်လှသော အသံဝါကြီးဆိုတာ သူပုန်ဗိုလ်ကို ဖွဲ့ရမယ့် စကားမဟုတ်ပါဘူး။ ဒါဟာ သူရဲကောင်းတွေ ဟီးရိုးတွေကိုသာ သုံးရမယ့် စကားပါ။ ဒီတော့ ကျမအမြင်မှာ သူပုန်ဗိုလ်ဆိုတာ လူဆိုးပဲ၊ လူဆိုးတယောက်ကို အောင်မြင်လှသော အသံဝါကြီးနဲ့လို့ ဖွဲ့တာဟာ နည်းလမ်း မကျဘူးလို့ ကျမရဲ့ စတုတ္ထတန်း အမြင်နဲ့ တွေးပါတယ်။ အဲ့ဒါနဲ့ မေမေ့ကို မေးမိတယ်။ မေမေလို့ ဗိုလ်နန္ဒဟာ ဘာလဲလို့၊ အဲ့ဒီလို မေးတော့ မေမေက ဇာတ်လိုက်တဲ့၊ (ရီသံများ) ကျမပိုပြီးတော့ နားမလည်ဘူး ဖြစ်သွားတယ်။ (ရီသံများ) သူပုန်ဗိုလ်လို့လဲ ပြောသေးတယ်၊ ဇာတ်လိုက်လို့လဲ ပြောသေးတယ်၊ ကျမ အဲ့ဒီမှာ အဲ့ဒီနှစ်ခုကို ယှဉ်ပြီး နားမလည်ဘူးပေါ့။ ကျမ အပြင်မှာ သူခိုးတွေ၊ ဓါးပြတွေ၊ သူပုန်တွေ၊ ခါးပိုက်နှိုက်တွေ၊ အဲ့ဒါတွေ အကုန်လုံးက လူဆိုးတွေ စာရင်းထဲမှာ ပါတယ်။ ဒီတော့ ဒီလူဆိုးတယောက်က ဘာဖြစ်လို့ ဇာတ်လိုက်ဖြစ်သလဲ ကျမက မေမေ့ကို ပြန်မေးတယ်။ မေမေလို့ မေမေ့ဥစ္စာက ဖြစ်နိုင်ပါ့မလား၊ သူပုန်က ဘယ်လိုလုပ်ပြီးတော့ ဇာတ်လိုက် ဖြစ်မလဲ၊ မဖြစ်နိုင်ဘူး ထင်တယ်လို့ ကျမကပြောတော့ မေမေက ဖြစ်နိုင်တာပေါ့ သမီးရယ်တဲ့၊ တခါတခါကျတော့ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်တဲ့ ရှင်ဘုရင်က ဆိုးနေရင်၊ ယုတ်မာနေရင်၊ ကောက်ကျစ်နေရင် သူပုန်ဆိုတာလဲ ဇာတ်လိုက် ဖြစ်တတ်ပါတယ်တဲ့။ (ရီသံများ၊ လက်ခုပ်သံများ)
အဲ့ဒီတော့မှ ကျမ ရေးရေးလေး သဘောပေါက်သွားပါတယ်။ ကျမ ဒီဝတ္ထုကို တော်တော် စိတ်ဝင်စားသွားပြီ၊ ဒါပေမယ့် ထပ်ပြီးတော့ မေးသေးတယ်၊ ဟုတ်ပါပြီလို့ အဲ့ဒါဆိုလို့ရှိရင် ဒီသူပုန်ဗိုလ်က ဇာတ်လိုက်ဖြစ်နေရတာ သူက ဘာဖြစ်လို့ သူပုန်ဘ၀ကို ဘာဖြစ်လို့ ရောက်သလဲ မေမေလို့ ကျမက ပြန်မေးတယ်။ ပြန်မေးတော့ မေမေကလည်း သူ့သမီးကို စာဖတ်စေချင်တော့ ရှင်းပြတယ်၊ သူ့ဘ၀တဲ့၊ သူကတော့ သူပုန်ဘယ်ဟုတ်မလဲ သမီးရယ်တဲ့၊ သူက ဘုရင့်သားတော် တပါးပါ၊ သူတက္ကသိုလ်ပြည်မှာ ပညာသွားသင်နေတုန်းက သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို သူ့အဖေလက်အောက်က စစ်သူကြီးတပါးက တိုက်ခိုက်ပြီးတော့ သိမ်းယူထားတဲ့အတွက် သူဟာ ပြန်လာတဲ့အခါကျတော့ သူပုန်ဘ၀ကို ရောက်ရတာပါတဲ့။ (လက်ခုပ်သြဘာသံများ) အဲ့ဒီလို ပြောပါတယ်။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမက ပိုပြီး စိတ်ဝင်စားသွားပါတယ်၊။ ဟုတ်ပါပြီမေမေ အဲ့ဒါဆိုရင် သမီး ဒီဝတ္ထုကို ဖတ်ပါတော့မယ်။ ဒါပေမယ့် သမီး ဒီဇာတ်လမ်းအဆုံးကို သိပ်သိချင်တာလို့၊ အဲ့ဒီ ဇာတ်လမ်းအဆုံးကိုတော့ သမီးကို ကြိုပြီးတော့ ပြောပါအုန်းလို့။ သူက သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို ပြန်ရရဲ့လားလို့ ကျမ မေးလိုက်တယ်။ ကျမမေးလိုက်တော့ မေမေက ရတယ် သမီးတဲ့။ နောက်ဆုံးကျတော့ သူရသင့်တဲ့ သူ့အဖေရဲ့ စည်းစိမ်ကို သူပြန်ရသွားပါတယ်တဲ့။ အဲ့ဒီလို ကျမကို ပြောပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒါနဲ့ပဲ ကျမ ဒီဇာတ်လမ်းကို ကြိုက်လို့ ဒီဝတ္ထုကို ဖတ်ပါတယ်။ တကယ်လဲ မေမေပြောသလိုပဲ သူပုန်ဗိုလ်နန္ဒဟာ သူရသင့်ရထိုက်တဲ့ သူ့အဖေရဲ့ ဒီနန်းစည်းစိမ်ကို ပြန်ရသွားပါတယ်။ ဘယ်လိုနည်းနဲ့ သူထီးနန်းစည်းစိမ်ကို ပြန်ရသွားလဲ၊ အဲ့ဒါကို သိချင်ရင်တော့ ဓူဝံရဲ့ 'မာလာ' စာအုပ်ကို ဖတ်ကြည့်ပါ။ (လက်ခုပ်သံများ) အဲ့ဒါ ကျမရဲ့ စာရေးဆရာ ဖြစ်ချင်တဲ့စိတ်အစပါပဲ။
ကျမဟာ လူတွေကို စရိုက်အမျိုးမျိုး ရေးဖွဲ့ချင်တယ်။ လူဆိုးဆိုလဲ လူဆိုးစရိုက်၊ လူကောင်းဆိုရင်လဲ လူကောင်းစရိုက် အဲ့ဒီလို ရေးဖွဲ့တော့ ဇာတ်လမ်းတွေ ဆင်ချင်တယ်။ အမှန်တရားဟာ ရှေ့မှာ ရောက်သင့်တဲ့ အချိန်မှာရှေ့မှာ ရောက်ဖို့ ကျမက ထည့်ချင်တယ်။ အဲ့ဒီလို စိတ်လေးတွေဟာ ၀တ္ထုတွေ ဖတ်ရင်း ဖတ်ရင်းကနေပြီး ကျမကို ပိုပို ပိုပို တွန်းအားပေးလာတော့ ကျမဟာ စာရေးဆရာ ဖြစ်ချင်တဲ့ စိတ်တခုထဲနဲ့ ကျမဟာ ကြီးပြင်းခဲ့ ပါတယ်။ ဒါပေမယ့် ကျမ ဆယ်တန်းအောင်တဲ့အခါ ခြေချော် လက်ချော်နဲ့ ဂုဏ်ထူး ၅ ခု ရသွားပါတယ်။ အဲ့ဒီတော့ အဲဒီဂုဏ်ထူး ၅ ခုလေးကို ကျမက နှမျောပြီးတော့ ဆေးတက္ကသိုလ်ကို လိုက်ပါတယ်။ (ရီသံများ) ကျမတို့ ခေတ်တုန်းက ဂုဏ်ထူး ၆ ခုတွေ၊ ၅ ခုတွေ၊ ၄ ခုတွေ အများကြီးပါပဲ။ သူတို့တွေ အားလုံးဟာ ဆေးတက္ကသိုလ်ကိုဝင်ဖို့ပဲ အာရုံရှိကြပါတယ်။ ရူပဗေဒ၊ ဓါတုဗေဒတွေကို မ၀င်ကြပါဘူး။ မိဘတွေ ကိုယ်တိုင်ကလည်း ဆေးတက္ကသိုလ်ကို ၀င်စေချင်တယ်။ ကျမကိုယ်တိုင်ကလဲ ကျမရဲ့ မိဘတွေက ဆေးတက္ကသိုလ်ကို လိုက်ဖို့ ပြောလို့ ကျမကလဲ ဂုဏ်ထူးလေးကို အားနာလို့ ဆေးတက္ကသိုလ်ကို ၀င်ခဲ့ပါတယ်။ ၀င်ခဲ့တော့ ကျမဟာ ဆရာဝန်ဘ၀ကို လုံး၀၀ါသနာ မပါပဲ ရောက်ခဲ့တာဆိုတော့ အတန်းထဲမှာ ဆေးပညာကလွဲရင် အားလုံးကို စိတ်ဝင်စားပါတယ်။ (ရီသံများ)
ကျမ တနေ့တနေ့ ဖတ်တဲ့ စာတွေဟာ ဆေးပညာနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျမတို့ ရေနံချောင်းမှာ စာကြည့်တိုက် ကောင်းကောင်း မရှိဘူး၊ ဆေးကျောင်း ရောက်တော့ မန္တလေးဆေးတက္ကသိုလ်မှာ အင်မတန် ကြီးမားတဲ့ စာကြည့်တိုက်ကြီးတခု ကျမသွားတွေ့တယ်။ အဲ့ဒီ စာကြည့်တိုက်ကြီးထဲမှာ ကျမ မဖတ်ဖူးတဲ့ စာအုပ်တွေ၊ ကြားဖူးပြီးတော့ မဖတ်ဖူးတာ၊ ကြားတောင် မကြားဖူးတာ၊ မြန်မာလို အင်္ဂလိပ်လို အစုံပါပဲ။ အဲ့ဒါကြီးကို ကျမ မြင်ပြီးတော့ ငါတော့ ဒီ ဆေးတက္ကသိုလ် ၇ နှစ် အတွင်း ဒီစာအုပ်တွေ ပြီးအောင်ဖတ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပါတယ်။ အဲ့ဒီလိုနဲ့ ကျမ အပြင်စာတွေ ဖတ်ခဲ့တယ်။ အတန်းထဲမှာ စာသင်တဲ့အခါမှာ ကျမက နောက်ဆုံးကနေ မတ်တတ်ရပ်ပါတယ်။ ဆရာ စာမေးလွတ်အောင်လို့ပါ။ ရှေ့မှာ ရပ်လို့ရှိရင် ဆရာက လှမ်းလှမ်းပြီး စာမေးလို့ပါ။ စာသင်ရတဲ့အခါမှာလဲ ကျမ အားကျစိတ် လုံးဝမပေါ်ပါဘူး။ ကျမတို့ ကျောင်းမှာ ရောဂါနံမည်တွေ၊ ကုထုံးနာမည်တွေ အဲ့ဒါတွေ အားလုံးဟာ လူနံမည်တွေနဲ့ ချည်းပါပဲ။ ဥပမာ ရောဂါတခုခုကို တယောက်ယောက်က ရှာတွေ့သွားပြီဆိုရင် အဲ့ဒီလူရဲ့ နာမည်ကို ရှေ့မှာတပ်ပြီးတော့ နံမည်နဲ့ ရောဂါနံမည် ပေးပါတယ်။ ဥပမာ ကော့ ဆိုတဲ့သူက ရောဂါတခုကို ရှာဖွေတွေ့ခဲ့တယ်။ အဲ့ဒီ ကော့ ရှာတွေ့ခဲ့တဲ့ အဆုပ်ရောဂါကို ကော့ Lung ကော့ဒစိပေါ့။ ကော့ရဲ့ရောဂါလို့ နံမည် တပ်ပါတယ်။ နောက်ပြီး ပဲလော့ လို့ခေါ်တဲ့ ပြင်သစ်သမားတော်ကြီး တယောက်က ရှာတွေ့ခဲ့တဲ့ ရောဂါ၊ မွေးရာပါ နှလုံးရောဂါ၊ အဲ့ဒါဆိုလို့ ရှိရင် ပဲလော့တက်ထွာလော်ဂျီလို့ သူတို့က နံမည်ပေးပါတယ်။ ပဲလော့ ရှာတွေ့ခဲ့သော ရောဂါ၊ အဲ့ဒီလိုမျိုးတွေ ထောင်ပေါင်း၊ သောင်းပေါင်းများစွာ နေ့စဉ် ကျမတို့ စာကျက်ရပါတယ်။ အဲ့ဒီလို ကျက်နေတဲ့အခါမှာ ဒီနံမည်တွေကို ကျက်ပြီးတော့ ငါသူတို့ ဘ၀ကို အားကျလိုက်တာ ဆိုတဲ့စိတ်များ ၀င်ခဲ့မိသလားလို့ အခုနေ ကျမပြန်တွေးကြည့်တော့ ကျမ နည်းနည်းမှ အားကျစိတ် မ၀င်ခဲ့ပါဘူး။ တခါတခါ သူတို့ကို ငြိုတောင်ငြိုငြင် မိပါတယ်။ သူတို့ဟယ် ရှာလိုက် ဖွေလိုက်ကြတာ၊ တွေ့ပဲ တွေ့နိုင်လွန်းတယ်၊ သူတို့ ရှာပြီးတော့ တွေ့တော့ ငါတို့မှာ စာတွေ ကျက်လို့ကို မပြီးနိုင်တော့ဘူး။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒီလောက်ထိအောင် ကျမ မေတ္တာပို့ခဲ့ ပါတယ်။ ဒါ ကျမ ဆေးကျောင်းသူဘ၀ ညံ့ဖျင်းမှုတွေပါ။
ဒီလိုနဲ့ တနှစ်ပြီး တနှစ် ယက်ကန်ယက်ကန်နဲ့ စာမေးပွဲတွေ နီးတော့ စာလေးကျက်လိုက်၊ အောင်လိုက်၊ တခါတလေ တခါတည်းနဲ့ မအောင်လို့ နှစ်ခါပြန် ဖြေရပါတယ်။ ကျမတို့ ကျောင်းမှာတော့ ဆပ်ပလီမန်ထရီဆိုတာ ရှိပါတယ်။ ဆပ်ပလီမန်ထရီက စာမေးပွဲ ကျပြီးတော့ ကျတဲ့ဘာသာကိုပဲ ပြန်ဖြေရတာပါ။ တော်ပါသေးရဲ့ ဆပ်ပလီမန်ထရီသာ မရှိခဲ့ရင် ကျမ တတန်းနှစ်နှစ် လောက် နေရဖို့ အကြောင်းရှိပါတယ်။ အဲ့ဒီလိုနဲ့ ကျမ ဆရာဝန် ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်လာတော့ ဒီလို ခပ်ညံ့ညံ့ ဆေးကျောင်းသူတယောက်က ဘယ်လိုဆရာဝန်မျိုးဖြစ်မလဲ။ တွေးကြည့်ရင်တော့ သဘောပေါက်နိုင်စရာ အကြောင်းရှိပါတယ်။
ဒါပေမယ့် ကျမရဲ့ ဆရာဝန်ဘ၀ကို ပိုပြီးတော့ ပုံပေါ်သွားအောင်၊ ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ နားလည်သွားအောင် ကျမ ကာတွန်းလေးတပုဒ်နဲ့ ဥပမာပေးချင်ပါတယ်။ အဲ့ဒီကာတွန်းလေးကို ရေးဆွဲတဲ့သူ ဘယ်သူလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမညံ့တဲ့အထဲမှာ အဲ့ဒါလဲ ပါပါတယ်။ ကျမက ဆရာအော်ပီကျယ်ကို တောင် မေးကြည့်ပါသေးတယ်။ ကာတွန်းဟာ ကျမ အခုထိ သတိရနေသေးတယ်ဆရာလို့ ဆရာများ ဆွဲခဲ့ သလားလို့ ကျနော် မဆွဲခဲ့ ပါဘူးတဲ့။ ဒါပေမယ့် ကျမရင်ထဲမှာ အဲ့ဒီ ကာတွန်းလေးဟာ အခုချိန်ထိ နှစ်ပေါင်းများစွာ စွဲတင်ကျန်ရစ်ခဲ့ပါတယ်။ အော် ငါနဲ့ တူလိုက်လေခြင်း၊ အဲ့ဒီ ကာတွန်းအတွေးလေးကို ကျမ ပြောပြမယ်။ သူက တမျက်နှာ ကာတွန်းပါ။ မဂ္ဂဇင်းရဲ့ သရုပ်ဖော်ပုံ၊ မဂ္ဂဇင်းမှာ တမျက်နှာ ၄ ခု လောက်ပါတယ်။ တခါတလေ ၆ ခုလောက်ပါတယ်။ အခု ကျမကာတွန်း အကွက် ၆ ကွက်ပါတဲ့ ကာတွန်းပါ။ သူက ပထမဦးဆုံး အကွက်မှာ လူမမာတယောက် ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး စန့်စန့်ကြီး အိပ်နေတယ်၊ လူနာရဲ့ ဘေးနားလေးမှာ လူနာရဲ့ ဇနီးလို့ ထင်ရတဲ့ အမျိုးသမီးလေးက တယောက်၊ သူက ကျုံ့ကျုံ့လေးထိုင်ပြီးတော့ စိတ်ပူနေတဲ့ မျက်နှာလေးနဲ့ လူနာကို ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘေးနားမှာတော့ ဆရာဝန်တယောက် မတ်တတ်ရပ်နေပါတယ်။ အဲဒီဆရာဝန်က လူနာကို နားကြပ်ကလေး နားမှာထောက်ပြီး စမ်းသပ်နေပါတယ်၊ အဲဒါ ပထမဦးဆုံးအကွက်။ ဒုတိယအကွက်ကတော့ အဲဒီဆရာဝန်ကို ကာတွန်းဆရာက ပုံကြီးချဲ့ပြီး ဆွဲပါတယ်။ ဆရာဝန်ရဲ့ မျက်လုံးတွေကို အဓိက ထားတယ်။ ဆရာဝန်ရဲ့ မျက်လုံးက ဘာမှမသိတဲ့ အူကြောင်ကြောင် မျက်လုံးမျိုးပါ။ မျက်လုံးလေးက လည်နေတယ်။ ဆရာဝန်ရဲ့ ခေါင်းပေါ်မှာလဲ ကွက်ရှင်မတ်ပေါ့ မေးခွန်းလက္ခဏာလေးနဲ့၊ သူ့ရဲ့ဘေးနားမှာ ရှုပ်နေတဲ့ သပွတ်အူလို ပုံစံလေးနဲ့။ ဘာရောဂါပါလိမ့် သူတော်တော်ဦးဏှောက်ခြောက် နေပြီလို့ ကာတွန်းကြည့်တဲ့ပရိသတ် သိအောင် ကာတွန်းဆရာက ဆွဲထားပါတယ်။ အဲ့ဒါက ဒုတိယအကွက်။ နောက် တတိယအကွက်ရောက်တော့ ဆရာဝန်ကိုပဲ အသားပေးပြီး ဆွဲထားတယ်၊ ဆရာဝန်ရဲ့ မျက်ဝန်းမှာ စောစောက မြင်နေရတဲ့ အူကြောင်ကြောင် မျက်လုံးမရှိတော့ဘူး။ သူ့မျက်လုံးလေးတွေက တောက်နေတယ်။ သူ့ရဲ့ ခေါင်းပေါ်မှာလဲ စောစောက ကွက်ရှင်မတ်တွေ၊ သပွတ်အူတွေ မရှိတော့ပဲနဲ့ လင်းနေတဲ့ ဖန်သီးလေးတလုံးကို ခေါင်းပေါ်မှာ ဆွဲထားပါတယ်။ ဖန်သီးလေးဘေးမှာ အချောင်းချောင်းလေးတွေနဲ့ သူဘာရောဂါလဲဆိုတာ ရှာလို့ ရပြီဆိုတဲ့ အဓိပ္ပါယ်၊ ကျမတို့ သိစေပါတယ်။ နောက် စတုတ္ထကွက်မှာရောက်တော့ ဆရာဝန်က သူတပ်ထားတဲ့ နားကျပ်ကို ချွတ်ပြီး လူနာရှင် အမျိုးသမီးဘက်ကို လှည့်ပြီးတော့ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကျနော် ၀မ်းနည်းပါတယ်၊ လူမမာဟာ အသက်မရှိတော့ပါဘူးတဲ့။ (ရီသံများ) အဲ့ဒီလို ပြောလိုက်ပါတယ်။ အဲ့ဒါက စတုတ္ထအကွက်ပေါ့။ နောက် ပဉ္စမအကွက်ကို ရောက်တော့ စောစောတုန်းက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စိုးရိမ်ပူပန်တဲ့ မျက်နှာလေးနဲ့ သူ့ယောက်ျားကို ကြည့်နေတဲ့ လူမမာရှင်အမျိုးသမီးက သူ့ယောက်ျားဘက်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီးတော့ 'ရှင် ဆရာဝန်ထက် ပိုပြီးတော့ မသိချင်နဲ့' အဲ့ဒီလို ပြောလိုက်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ)
အဲ့ဒီတော့ ကာတွန်းထဲက ဆရာဝန်လို ကျမဟာ၊ ကာတွန်းထဲက လူနာရှင်မိန်းမလို အများကြီး ကြုံတွေ့တဲ့အခါ ကျမရဲ့ဆေးခန်းဟာ လူနာတော်တော်များပါတယ်။ ရေနံချောင်းမြို့မှာ ဒေါက်တာ တင်တင်ဝင်း ဆိုတာ နံမည် တော်တော်ကြီးပါတယ်။ စောစောက ဒေါက်တာ တင်မောင်သန်းပြောသွားတဲ့ ပူဖောင်းလေးတွေလဲ ပါတာပေါ့။ အဲ့ဒီတော့ ဒါဟာ ကျမရဲ့ ဆရာဝန်ဘ၀ သရုပ်ပေါ်အောင် ကာတွန်းလေးနဲ့ ဥပမာ ပေးတာပါ။ ကျမရဲ့ ဆရာဝန်ဘ၀ကို ကျမ ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခု ကျမပြောပြရင် ပိုပြီးတော့ သဘောပေါက် သွားမယ်လို့ ကျမ ထင်ပါတယ်။ ဒါဟာ ကျမလို ခပ်ညံ့ညံ့ဆရာဝန်တွေသာကြုံရမယ့် အချက်ပါ။ တော်တဲ့ ဆရာဝန်တွေ ဒါမျိုး လုံးဝ ကြုံရမှာ မဟုတ်ဘူး။ ဒါဟာ သေချာပါတယ်။ ကျမဟာ ဆရာဝန်ဖြစ်ပြီးတော့ ၃ လ လောက်အချိန်မှာ ကြုံရတဲ့ အဖြစ်ကလေးပါ။ ၃ လ ဆိုတော့ ဘာအတွေ့အကြုံမှ မရှိသေးပါဘူး။ စမ်းတ၀ါးဝါး ဆေးကုနေဆဲ၊ ကျောင်းစာနဲ့ ပြင်ပလောကနဲ့ကို ထင်ဟပ်ကြည့်နေဆဲ အချိန်ပါ။ အဲ့ဒီအချိန် တညနေ ကျမ ဆေးခန်းဖွင့်တဲ့အချိန်မှာ ကျမရဲ့ ဆေးခန်းထဲ လူနာနှစ်ယောက် ရှိပါတယ်။ တယောက်က ကျမ ကုလက်စ၊ တယောက်က သူ့အလှည့်ရောက်ဖို့ ထိုင်စောင့်နေတယ်။ အဲ့ဒီအချိန်မှာ အပြင်ဘက်ကနေ အမျိုးသမီးတယောက် ခပ်သုတ်သုတ် ဆေးခန်းထဲ ၀င်လာပါတယ်။ ဆရာမ ဆရာမ လူနာအရေးကြီးနေလို့ အိမ်ပင့်ချင်လို့ပါတဲ့။ အဲဒီလို ပြောပါတယ်။ ကျမက လူနာတယောက်ကို ဆေးကုလက်စဆိုတော့ ခဏစောင့်ပါဦး၊ ဒီက လူနာပြီးရင် လိုက်ခဲ့ပါ့မယ်ပြောတော့၊ ဟာ ဘယ်စောင်လို့ ဖြစ်မလဲဆရာမတဲ့၊ ဟိုမှာက အရေးကြီးတယ်တဲ့။ လူမမာက သတိ လစ်နေတာပါတဲ့။ သတိလစ်တယ်ဆိုတော့ အရေးကြီးပြီပေါ့၊ ကျမက ကုလက်စလူနာကို ဆေးတွေ ဘာတွေ ပေးပြီးတော့ စောင့်နေတဲ့ လူနာကို စောင့်များစောင့်နိုင်မလားလို့ ကျမအရေးကြီးတဲ့ လူနာနောက်ကို လိုက်ချင်လို့ပါလို့ ခွင့်တောင်းပါတယ်။ အဲ့ဒီ လူနာကလဲ သဘောကောင်းပါတယ်၊ လိုက်သွားပါဆရာမ ကျမ စောင့်ပါမယ်တဲ့။
အဲ့ဒါနဲ့ ကျမ ဆေးအိတ်ကို ပေးပြီးတော့ လူနာရှင် အမျိုးသမီးနောက် လိုက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နွေရာသီပါ။ နွေရာသီမှာ ရေနံချောင်းမြို့မှာ တော်တော် ပူပါတယ်၊ ဘယ်လောက်ထိ ပူသလဲဆိုရင် နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီကြားမှာ ရေလုံးဝ မချိုးရဘူးလို့ အာဏာပိုင်တွေက တားမြစ်ထားတဲ့အထိ ကျမတို့ ရေနံချောင်းက ပူပါတယ်။ ရေချိုးပြီးတော့ ဗြုန်းကနဲ လဲကျပြီး သေဆုံးသူတွေ အများကြီးပါပဲ။ အဲ့ဒါကြောင့် အာဏာနဲ့ တားမြစ်ထားတဲ့ အချိန်ပါ။ စေတနာနဲ့ အာဏာသုံးတာပါ။ တခါတခါ အာဏာဟာ စေတနာနဲ့လဲ သုံးတတ်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ)
အဲ့ဒီတော့ ကျမက လူနာအိမ်ကို လိုက်သွားပါတယ်။ လမ်းမှာလဲ ကျမ စဉ်းစားနေတာပေါ့။ ရေချိုးရင် အန္တရာယ်ရှိတဲ့ အချိန်ပဲ။ မေးကြည့်တယ် ဘာဖြစ်တာလဲပြော ဆိုတော့၊ ကျမ အမကြီးပါတဲ့၊ ဈေးကနေ မကြာသေးခင်က ပြန်လာပါတယ်တဲ့။ ပူပူအိုက်အိုက်နဲ့ ဈေးက ပြန်ပြန်ချင်း ရေတန်းချိုးလိုက်ပါတယ်။ ရေချိုးပြီး ကတည်းက သတိလစ်သွားတာ အခုချိန်ထိ သတိပြန်လည် မလာပါဘူးတဲ့။ အဲ့ဒီတော့ ဒါဟာ ရေချိုးမှားလို့ အပူရှပ်တယ်ပေါ့။ ဒါဆိုရင် သာမိုမီတာ တိုင်းရမယ်။ စိတ်ထဲမှာ စွဲသွားတယ်။ လူနာအိမ်ရောက်တော့ လူနာက အမျိုးသမီးပါ။ ခပ်၀၀၊ ထွားထွား၊ အဲ့ဒီအမျိုးသမီးကို ကျမက ဘေးကနေ ကြည့်လိုက်တော့ သူ့ပုံစံက မလှုပ်မရှက် ပုံစံပါ။ အဲ့ဒါနဲ့ ကျမ သာမိုမီတာလေးကို ယူပြီးတော့ သူ့ပါးစပ်ကို တိုင်းဖို့ သူ့ပါးစပ်ကို ဖွင့်ပါတယ်။ သူ့ပါးစပ်က ဖွင့်လို့ မရဘူး။ သွားစိနေတယ်။ ကျမကလဲ ဘယ်ရမလဲ သွားစိနေတော့ သူ့ချိုင်းထဲ တိုင်းလိုက်တာပေါ့။ သာမိုမီတာနဲ့ ချိုင်းထဲတိုင်းတော့ အဖျား ရှိ မရှိပေါ့။ ကျမထင်သလောက် မဖျားဘူး။ ဒါနဲ့ ကျမက သွေးပေါင်ချိန် တွေ ဘာတွေ တိုင်းကြည့်သေးတယ်။ သွေးဖိအားက သိတ်ပြီတော့ များဘူး။ နောက်အဆုတ်ကို နားထောင်ကြည့် တော့ အဆုပ်မှာ အသက်ရှူသံ လုံးဝ မကြားရပါဘူး။ အဲ့ဒါလဲ ကျမက အားမလျှော့သေးဘူး။ နှလုံးကို ထောက်စမ်းကြည့် ပါတယ်။ နှလုံးကလဲ တချက်မှ မခုန်ပါဘူး။ အဲ့ဒီတော့ နားကြပ်လေးကိုချ လူမမာရှင်ဘက် လှည့်ပြီးတော့ ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ ပြောတော့မလို့ မပြောရသေးဘူး၊ ပြောမလို့ ရှိသေးတယ်။ ကျမရဲ့ ခေါင်းထဲမှာ အတွေးတချက် ၀င်လာပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျမတို့ရဲ့ ဆရာ့ဆရာကြီးတွေက ကျမတို့ကို သင်ထားတာ ရှိပါတယ်။ လူမမာတယောက်ကို စမ်းသပ်ပြီးတဲ့အခါ သူသေပြီလို့ မပြောမီ နောက်ဆုံး စမ်းသပ်နည်းတွေနဲ့ စမ်းသပ်ရမယ်။ အဲဒီ နောက်ဆုံးနည်းတွေနဲ့ စမ်းသပ်ပြီးမှ လူနာသေပြီလို့ ခိုင်လုံမှသာ လူနာရှင်ကို အတည်ပြုပေးရမယ်လို့ ပြောတော့၊ ဟုတ်ပြီ အဲ့ဒါဆိုရင် လူနာတယောက် အသက်မရှူရုံ၊ နှလုံးမခုန်ရုံနဲ့၊ သေပြီလို့ ပြောလို့ မဖြစ်သေးဘူး။ နောက်ဆုံး စမ်းသပ်နည်းနဲ့ စမ်းသပ်ရဦးမယ်၊ အဲ့ဒီနည်းကို ရှာပါတယ်။ ဖြစ်ချင်တော့ နောက်ဆုံးစမ်းသပ်နည်းဟာ ဘာလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမစဉ်းစားတယ်။ ငါ့ကို ဆရာကြီးတွေက သင်ပေးလိုက်တယ်၊ ဘာလဲ မသိဘူး၊ နောက်ဆုံးနည်း ရှိတယ်တဲ့။ စဉ်းစားတာ တော်တော်ကြာတယ်။ ဘေးကလူတွေကလဲ ကျမကို ငေးကြည့်လို့၊ ကျမလဲ စဉ်းစားရင်း စဉ်းစားရင်း အဖြေမပေါ်တော့ လူနာဆေးထိုးဖို့ လာချတဲ့ ရေနွေးဇလုံထဲကို ကျမ အပ်တွေထည့်၊ ပိုက်တွေထည့် ပိုက်ကလေးကို ရေနွေးစုပ်လိုက် ပြန်ထုတ်လိုက်၊ စုပ်လိုက် ပြန်ထုတ်လိုက်နဲ့ ခေါင်းထဲကတော့ သပွတ်အူတွေ တော်တော်များနေပြီ။ ငါဘာလုပ်မလဲလို့။ ကံကောင်းချင်တော့ ကျမ သတိရသွားပါတယ်။ ဇဝေဇ၀ါ မျက်လုံးတွေ အကုန်ဖျောက်ပြီး မျက်နှာထား ခပ်တည်တည်နဲ့ အဲ့ဒီအမျိုးသမီး ဆီကနေ ကျမကို လက်နှိပ်ဓါတ်မီးတခုပေးပါလို့ တောင်းလိုက်ပါတယ်။
ကဗျာကယာပဲ လက်နှိပ်ဓါတ်မီးထိုးပေးတယ်။ သူ့ဆီက လက်နှိပ်ဓါတ်မီးကို ယူပြီးတော့ လူမမာရဲ့ မျက်လုံးကို ဖွင့်ပြီးတော့ ကျမ မီးထိုးကြည့်ပါတယ်။ သာမန်လူတွေဟာ မျက်လုံးကို မီးရောင်နဲ့ လျှပ်တပြက် ထိုးလိုက်လို့ ရှိရင် အဲ့ဒီ မျက်လုံးသူငယ်အိမ်က မီးရောင်ကို တုံ့ပြန်တဲ့အနေနဲ့ သူငယ်အိမ် ကျယ်ရာကနေ ကျဉ်းသွားရပါတယ်။ ကျုံ့ဝင်သွားရပါတယ်။ အခု ကျမရဲ့ လူနာက လက်နှီပ်ဓါတ်မီးနဲ့ ထိုးလိုက်ပေမယ့် မျက်လုံးသူငယ်အိမ် ကျယ်မြဲကျယ်လျက်ပါ။ အဲ့ဒီတော့ ဒီတဖက် မသေချာသေးဘူး၊ နောက်တဖက် ထပ်ထိုးကြည့်ပါတယ်။ ထပ်ထိုးကြည့်တော့ နောက်တဖက်ကလဲ ကျယ်မြဲ ကျယ်လျက် နည်းနည်းမှကို မလှုပ်ပါဘူး။ သေချာပြီ ဆိုတော့မှ ကျမက လက်နှိပ်ဓါတ်မီးကို ချ၊ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ လူမမာနားတော့ မနေရဲဘူး၊ ၀ုန်းဆို ထထိုင်ပြီး ဖက်လိုက်မှာစိုးလို့၊ လူနာရှင်ဘက်ကို ကပ်သွားပြီးတော့ ကျမ ပြောလိုက်ပါတယ်။ အမကြီးလို့ ပြောရမှာတော့ ကျမ ၀မ်းနည်းပါတယ်၊ အမကြီးရဲ့ လူမမာက အသက်မရှိတော့ ပါဘူးလို့၊ ကျမ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ လူနာရှင် မိန်းမက ကျမ ထင်သားပဲ ဆရာမတဲ့။ အဲ့ဒီလို ပြောပါတယ်။ ကျမ တော်တော် ရှက်သွားတယ်။ ငါ့မှာတော့ ဒီလူနာ သေ မသေ စဉ်းစားလိုက်ရတာ၊ သူကတော့ ကြိုပြီးတော့ သိနေခဲ့ပါလား။ အဲ့ဒီအချိန်မှာ ကျမဟာ ထိုင်ရာကနေ ထပြီးတော့ ထွက်ပြေးသွားချင်လောက်အောင် ရှက်ပါတယ်။ ရှက်တာနဲ့အမျှ ဒေါသလဲထွက်။ ငါ့ကို ဒီလူနာ သေမှန်း သိလျက်နဲ့ သေနေတယ်လို့ ထင်နေလျက်သားနဲ့၊ ငါ့ဆေးခန်းကို ပိတ်ပြီး လာခဲ့ရအောင် ငါ့ကို ခေါ်တယ်။ ကျမဟာ ဒေါသနဲ့ ဟောက်ထည့်လိုက်တယ်။ လူနာသေတယ်လို့ ထင်လျက်သားနဲ့ ကျမကို ဘာဖြစ်လို့ လာခေါ်တာလဲ၊ ကျမမှာဖြင့် ဆေးခန်းလူနာတွေ ပစ်ထားခဲ့ရတာ၊ ရှင်အဓိပ္ပါယ်မရှိဘူး။ ဘာလို့ လာပင့်တာလဲ ဟောက်လိုက်တော့၊ လူနာရှင်အမျိုးသမီးက မျက်နှာလေး ချပြီး ပြောပါတယ်။ ဆရာမရယ် သေတယ်လို့တော့ ထင်ပါတယ်၊ ဒါပေမယ့် ဆရာမဆီက အတည်ပြုချက်လေး ယူချင်လို့ပါတဲ့။ (ရီသံများ) အဲ့ဒါ ကျမဘ၀ရဲ့ အင်မတန် ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခုပါ။ ဒီတော့ ကျမဟာ ဆရာဝန်ဘ၀မှာလဲ ညံ့ဖျင်းတဲ့ ဆရာဝန်ပါ။
ဘယ်လောက် ညံ့ဖျင်းသလဲဆိုရင် ကျမ လူမမာတွေ အိမ်တွေ လိုက်သွားတယ်၊ ခလေးမွေးပေးရတယ်၊ ညှပ်နဲ့ ဆွဲမွေးပေးရတယ် ဆိုရင်ပဲ ကျမဟာ သားဖွါးမီးယပ်ပညာရှင်တွေလို ခံစားရပါတယ်။ ဘ၀င်မြင့်ခဲ့ပါတယ်။ အလုံး အကြိတ်လေးတွေ၊ အဆီလုံးလေးတွေ ခွဲစိတ်ရတာကိုပဲ ကျမဟာ ခွဲစိတ်ကုဆရာဝန်ကြီးလို ကျမ ဘ၀င်မြင့်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နိုင်ငံရဲ့ ပြင်ဘက်မှာ ဆေးပညာနဲ့ ပါတ်သက်ပြီး ဘာတွေ တွေးထင်နေသလဲ၊ ဘာတွေ စီစဉ်နေကြသလဲ ကျမ မသိပါဘူး။
ဒိထက်ပိုညံ့တာတခုက ကျမတို့ ဆရာဝန် ဖြစ်တော့နောက်မှာ ကျမတို့နိုင်ငံရဲ့ ပြည်သူ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုပါတယ်။ ပြည်သူ့ဆေးရုံ တွေမှာ တာဝန်ထမ်းဆောင်ဖို့က ဘွဲ့ရရုံနဲ့ မဖြစ်ပါဘူး။ ကျမတို့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ချင်တဲ့စိတ်ရှိရင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးရအောင် စာမေးပွဲတွေ ဖြေရပါတယ်။ အဲ့ဒီက စာမေးပွဲတွေကတော့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျင်းပပေးတဲ့ စာမေးပွဲတွေပါ။ အဲ့ဒီ စာမေးပွဲတွေက ဖြေပြီးအောင်မှသာ ကျမတို့ဟာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခွင့် ရှိပါတယ်။ ကျမဟာ ဘွဲ့ရရခြင်း တိုင်းပြည်ကို အင်မတန် အကျိုးပြုချင်ပါတယ်။ တိုင်းပြည်တာဝန်ကိုလဲ အင်မတန် ထမ်းဆောင်ချင်ပါတယ်။ အဲ့ဒါနဲ့ပဲ ကျမ စာမေးပွဲတွေ ဖြေပါတယ်။ ဖြေတိုင်း ဖြေတိုင်း ကျပါတယ်။ နောက်ဆုံးတကြိမ်မှာတော့ ရေးဖြေစာမေးပွဲ အောင်သွားတယ်။ အောင်သွားတော့ ကျမတို့ ကျက်ရတဲ့ စာတွေကလဲ နိုင်ငံရေးသိပ္ပံ ပါပါတယ်။ မြန်မာစာ ပါပါတယ်။ ဗဟုသုတ ပါပါတယ်။ ဆေးပညာတော့ မပါပါဘူး။ (ရီသံများ) အဲ့ဒီတော့ ကျမတို့ ရေးဖြေအောင်သွားတဲ့အခါ ကျမ ရန်ကုန်ကို လာပြီး နှုတ်ဖြေ ဖြေရပါတယ်။ နှုတ်ဖြေဖြေတော့ ကျမတို့ သူငယ်ချင်း သုံးလေးယောက် စုပြီး တအိမ်မှာ တည်းတယ်။ တည်းပြီးတော့ နောက်ဆုံးပေါ် ဂျာနယ်တွေ၊ ဆေးပညာနဲ့ ပတ်သက်တာတွေ ကျမတို့ အကုန်ဖတ်ပါတယ်။ အဲ့ဒီအချိန်တုန်းက (အိတ်စ်) ရောဂါ ကမ္ဘာမှာ လူသိခါစ၊ ရော့ဟဒ်ဆန်ကြောင့် အဲ့ဒီရောဂါကို လူတော်တော်များများက သိကုန်ကြပါပြီ။ ကျမတို့ ကျောင်းတုန်းက ဒီရောဂါဟာ မထင်ရှားသေးတဲ့အတွက် ကျမတို့ သိပ်စာမကျက်ရပါဘူး။ အဲ့ဒီအချိန်မှာ အိတ်စ်ရောဂါနဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ်နည်းတွေ၊ ဖြစ်ပွါးတဲ့ အကြောင်းရင်းတွေ၊ ဆက်သွယ်မှုတွေ အားလုံးကို ကျမတို့ တညလုံး ဖတ်ရတယ်။ ဖတ်ပြီးတော့ နောက်တနေ့ ကျမတို့ အဆင်သင့်ပဲပေါ့။ ဆေးပညာနဲ့ ပတ်သက်လို့ ဘာမေးမေး အားလုံးရပြီလို့ ဆိုပြီး ရင်ကော့ပြီး စာမေးပွဲခန်းထဲ ၀င်သွားပါတယ်။ ၀င်သွားတော့ ကျမတို့ကို မေးလိုက်တဲ့ မေးခွန်းတွေက ကျမထင်ထားတဲ့ မေးခွန်းတွေ ဘာတခုမှ မမေးပါဘူး။ ကျမ မထင်မှတ်တဲ့ မေးခွန်းတွေပဲ မေးပါတယ်။ အဲ့ဒီ မေးခွန်းတွေဟာလဲ ကျမတခါမှ မကြားဘူးတဲ့ မေးခွန်းတွေပါ။ ဘာမေးခွန်းတွေလဲ ဆိုတာတော့ ကျမ မပြောတော့ပါဘူး။ မမှတ်မိလို့ပါ။ အဲ့ဒီမေးခွန်းတွေကို မေးပြီးတော့ ကျမကလဲ မဖြေနိုင်ပါဘူး။ ကျမကို ဆေးပညာနဲ့ ပတ်သက်တဲ့တာ မေးပါ။ ကျမ အကုန်ရပါတယ် ပြောတော့ အဲ့ဒါတွေ မမေးဘူးတဲ့၊ ငါတို့ မေးတဲ့ မေးခွန်းကိုပဲ ဖြေရမယ်တဲ့။ ကျမ စာမေးပွဲ ကျခဲ့ပါတယ်။ ကျမ အင်မတန် ထမ်းဆောင်ချင်တဲ့ တိုင်းပြည်တာဝန်ကို မထမ်းဆောင်ခဲ့ရပါ။ အဲ့ဒါ ကျမတို့ ဘွဲ့ရခါစ လွန်ခဲ့တဲ့ (၁၀) နှစ်ကပေါ့။ အခုအချိန်မှာတော့ အခြေအနေ တမျိုးပြောင်းသွားပါပြီ။
တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ဖိတ်ခေါ်လျက် ရှိပါတယ်။ မြို့နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆရာဝန်တွေ လိုနေပါတယ်တဲ့။ အရင်တုန်းက တနှစ်တနှစ် အောင်ခဲ့တဲ့ ဆရာဝန်တွေ ငါးရာ ခုနှစ်ရာလောက် ရှိပါတယ်။ ခေါ်တဲ့ဆရာဝန်က ၁၅၀ လောက်ပဲ ရှိပါတယ်။ အခုတော့ တနှစ်တနှစ် ဘယ်လောက်အောင်သလဲတော့ မသိဘူး။ ခေါ်တဲ့သူတွေက အများကြီးပဲ။ ဖြေတဲ့သူတိုင်းကို အအောင်ပေးပါတယ်။ ဒါပေမယ့် ဖြေတဲ့သူ တဖြေးဖြေး နည်းသွားပါတယ်။ ကျမကိုယ်တိုင် အရင်တုန်းက တိုင်းပြည် တာဝန်ထမ်းဆောင်ချင်တဲ့ ကျမဟာ အခုအခြေအနေမှာ သွားပြီးတော့ ဖြေရင် အောင်မယ်ဆိုတာ ကျမ သိပါတယ်။ အခုတော့ ကျမ တိုင်းပြည်တာဝန် ထမ်းဆောင်ချင်တဲ့စိတ် မရှိတာလား၊ အသက်ကပဲ ကြီးသွားတာလား မသိပါဘူး။ စိတ်မ၀င်စားတော့ဘူး။ အခုတော့ ကျမဟာ ခပ်ညံ့ညံ့ ပြင်ပဆေးကု ဆရာဝန်ဘ၀နဲ့ပဲ ဆက်ပြီးတော့ နေထိုင်လျက် ရှိပါတယ်။ အဲ့ဒါက ကျမရဲ့ ဆရာဝန်ဘ၀ ညံ့ဖျင်းမှုတွေပါ။
ဆရာဝန်ဘ၀ ပြောပြီးတော့ စာရေးဆရာဘ၀ ညံ့ဖျင်းမှုတွေကို ၀န်ခံလိုပါတယ်။ ကျမ စာရေးဆရာအဖြစ် ဘာတွေညံ့သလဲ ဆိုတာကတော့ ကျမရဲ့ ၀တ္ထုဆောင်းပါးတွေကို ဖတ်တဲ့ ပရိသတ်တွေအနေနဲ့ ထူးပြီးတော့ ၀န်ခံစရာ မလိုလောက်အောင် သဘောပေါက်ပြီးသားလို့ ကျမ ယူဆပါတယ်။ ဒီတော့ ကျမစာရေးတာနဲ့ ပတ်သက်လို့ ကျမရဲ့ အရေးအသားတွေ၊ ဇာတ်လမ်းတည်ဆောက်ပုံတွေ၊ အတွေးအခေါ်တွေ ညံ့ဖျင်းတာကိုတော့ ကျမ မပြောတော့ပါဘူး။ ဒါပေမယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ညံ့ဖျင်းတာကိုတော့ ကျမ ပြောလိုပါတယ်။ ကျမဟာ စာရေးဆရာ ဖြစ်လို့သာ ဖြစ်လာရတယ်၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ စာရေးဆရာ ဘာ့ကြောင့် ဖြစ်ချင်သလဲလို့ တယောက်ယောက်က မေးလိုက်တဲ့အခါမှာ ကျမ အိုးနင်းခွက်နင်း အမြဲဖြစ်တတ်ပါတယ်။ ဘာဖြေလို့ ဖြေရမှန်း မသိပါဘူး။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ အခုအချိန်ကျမှ ပြန်စဉ်းစားကြည့်ရတယ်။ အရင်တုန်းက ကျမ မသိပါဘူး။ အခုအချိန်လဲ ကျမ ဘာဖြစ်လို့ ပြန်စဉ်းစားမိသလဲဆိုတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရလို့ပါ။ ဒေါ်ခင်မျိုးချစ်ကို အားလုံးသိကြမှာပါ။ အဲ့ဒီဆရာမကြီးက စာရေးတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဆောင်းပါးတပုဒ် ရေးဖူးပါတယ်။ သူက ဘာကို ဥပမာပြသလဲဆိုတော့ ဖိလစ်ပိုင်အမျိုးသား အာဇာနည်ခေါင်းဆောင် ဒေါက်တာ ဟိုဆေးရီဇော်နဲ့ ဥပမာ ပြပါတယ်။ ဒေါက်တာ ရီဇော်ဟာ သူစာရေးတဲ့ အချိန်တုန်းက သူနိုင်ငံဟာ ကိုလိုနီနိုင်ငံပါ။ သူ့တိုင်းပြည် လွတ်လပ်ရေး မရသေးပါဘူး။ အဲဒီတော့ သူဟာ သူ့တိုင်းပြည်လွတ်လပ်ရေးရဖို့ ကျနော် စာ(၃)အုပ် ရေးပါမယ်တဲ့။ အဲ့ဒီစာ (၃) အုပ်ရေးပြီးတဲ့ အထိ ကျနော့်တိုင်းပြည်ဟာ လွတ်လပ်ရေး မရသေးဘူးဆိုရင် ကျနော် ကိုယ့်ကိုယ်ကို သတ်သေ ပစ်လိုက်မယ်တဲ့။ အဲ့ဒီ ရည်ရွယ်ချက်နဲ့ ကျေညာပြီး စာရေးတဲ့ သူတယောက်ပါ။ တကယ်လဲ သူစာအုပ် ရေးခဲ့ပါတယ်။ စာအုပ်နှစ်အုပ် ရေးပြီးတဲ့အခါမှာပဲ သူ့တိုင်းပြည်ဟာ လွတ်လပ်ရေး ရသွားပါတယ်။ သူကိုယ်တိုင်ကတော့ နယ်ချဲ့အစိုးရက သူပုန်ဆိုပြီး သတ်မှတ်ပြီးတော့ သေနတ်နဲ့ ပစ်သတ်ကွပ်မျက်တာကို ခံခဲ့ရပါတယ်။ သူဟာ သူရဲကောင်း ပီသစွာ ကျဆုံးသွားပါတယ်။ အဲဒီ ဒေါက်တာရီဇော်ရဲ့ ရည်ရွယ်ချက်ကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ရေးပြလိုက်တဲ့အခါ ကျမ ကိုယ့်ကိုယ်ကို သိပ်ရှက်သွားပါတယ်။ ငါ ဘာရည်ရွယ်ချက်နဲ့ စာရေးတာလဲ။ သူများတွေများ ရည်ရွယ်ချက်က မွန်မြတ်လိုက်တာ။ မြင့်မြတ်လိုက်တာ၊ ငါ့မှာတော့ ဘာရည်ရွယ်ချက်မှ မရှိပါလား၊ ကျမရေးခဲ့တဲ့ ၀တ္ထုတွေ လေးငါးပုဒ်၊ လုံးချင်းစာအုပ်နဲ့ ၀တ္ထုတွေ ၃၀ ကျော်၊ ငါဘာကို ရေးတာလဲ၊ အဲ့ဒီတခါ ကျမ နည်းနည်းတော့ သဘောပေါက်လာပါတယ်။ ကျမဟာ ရည်ရွယ်ချက်တော့ ရှိခဲ့ဟန် တူပါတယ်။ ဘာရည်ရွယ်ချက် လဲ တွေးကြည့်တော့ ကျမ၀တ္ထုတွေထဲက ကျမ ပြန်ပြီးတော့ လေ့လာကြည့်ရသလောက်တော့ ကျမဟာ အမျိုးသမီးတယောက် ဖြစ်တာနဲ့အမျှ အမျိုးသမီးများရဲ့ ဂုဏ်သိက္ခာမြင့်မားရေး၊ တိုးတက်အောင်မြင်ရေး၊ ကိုယ်ကျင့်တရား မြင့်မြတ်ရေး အဲ့ဒါတွေကို ကျမ ဦးတည်ခဲ့ပုံရပါတယ်။ ကိုယ့်ဖာသာကိုယ် ပြန်ပြီးတော့ ဆင်ခြင်မိသလောက် ပြောရရင် ဒါတွေကြောင့် ရေးမိခဲ့တယ်နဲ့ တူပါတယ်။ ဒါတောင် အခုချိန်ထိ မသေချာသေးပါဘူး။ ဇဝေဇ၀ါ ဖြစ်တုန်းပါပဲ။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျမကိုယ်ကျမ မသေချာသေးဘူး။ ဒါပေမယ့် ဒါ ထင်မြင်ချက်တခုပါ။ ကျမ အဲ့ဒီလို ရည်ရွယ်ချက်နဲ့ ရေးခဲ့မိတယ်လို့ ကျမ ကိုယ့်ဖာသာကိုယ်ပဲ ကောက်ချက်ချရပါတယ်။
ဒါက ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ညံ့တာ၊ နောက်တခုက ကျမတို့ဟာ ၀တ္ထုတပုဒ် ကဗျာတပုဒ် ရေးတဲ့အခါ ကိုယ့်ရဲ့စာကို စာဖတ်ပရိသတ် ဖတ်စေချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ စာဖတ်ပရိသတ်ဆီကို ပို့ချင်တဲ့ ဆန္ဒလေးတွေ အမြဲရှိပါတယ်။ ဒါ့ကြောင့် ကျမတို့ စာတွေ ရေးပါတယ်။ ကိုယ့်ကိုယ်ကို ဖတ်ဖို့ ရေးတာထက် သူတပါးဖတ်ဖို့ ရေးတာက ပိုပြီးတော့ များပါတယ်။ အဲ့ဒီတော့ ကျမဟာ ပရိသတ်အတွက် ရည်ရွယ်ပြီးတော့ ၀တ္ထုတွေ အများကြီး ရေးတယ်။ ဒါပေမယ့် ပရိသတ်ဆီကို ရည်ရွယ်သော်လည်း ပရိသတ်ဆီကို မရောက်ပဲ မမျှော်လင့်ပဲ ရေမြောင်းထဲကို ရောက်သွားခဲ့ရတဲ့ ၀တ္ထုလေးတွေ၊ ကဗျာလေးတွေ ရှိပါတယ်။ အယ်ဒီတာစာပွဲက ဆုတ်ဖြဲပြီးတော့ ရောက်တာ မဟုတ်ပါဘူး။ အယ်ဒီတာ စာပွဲကနေ ကျော်သွားပြီးမှ အကြောင်းကြောင်းကြောင့် ကျမရဲ့ ၀တ္ထုလေးတွေ ကဗျာလေးတွေ ရေမြောင်းထဲကို ရောက်သွားတာ ကျမ ခဏခဏ ကြုံရပါတယ်။ ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုတွေထဲမှာ ပါပါတယ်။ တကယ်တော့ ကျမတို့ဟာ စာဖတ်ပရိသတ်တွေဆီကို ပို့တဲ့အခါမှာ ပရိသတ်ဆီရောက်အောင် ကျမတို့ ရေးနိုင်ရပါမယ်။ ဘယ်လို အတားအဆီးပဲရှိရှိ ဘယ်လို အဖြတ်အတောက်ပဲ ရှိရှိ ဒါကို လှည့်ပတ်ပြီး ပို့နိုင်ရပါမယ်။ အရေးကြီးတာက ပန်းတိုင်ရောက်ဖို့ပဲ။ ဒါပေမယ့် ကျမတို့က အဲ့ဒီလို မပို့တတ်ဘူး။ ကျမက ပိုပြီးတော့ မပို့တတ်ဘူး။ အဲ့ဒီတော့ ကျမက ရည်ရွယ်ချက်နဲ့ ပရိသတ်ဆီကို ရောက်အောင် ပို့ပေးလိုက်ပေမယ့် တခါတခါကျတော့ ကံအကြောင်း မသင့်လို့ ပရိသတ်ဆီကို မရောက်တော့ပဲ ရေမြောင်းထဲကို ရောက်သွားတာ ကြုံရပါတယ်။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ ရေမြောင်းထဲကို ရောက်သွားတဲ့ ၀တ္ထုလေးတွေ အများကြီး ရှိပါတယ်။ ကဗျာလေးတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲက ကျမ ကဗျာတပုဒ်အကြောင်း ပြောပြချင်ပါတယ်။ ကဗျာလေးက တိုတိုလေးပါ။
ကဗျာလေးခေါင်းစဉ်က 'လေလွင့်သူရဲ့တိမ်' လို့ အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့ (၈) နှစ်လောက်က ရေးထားတာပါ။ ကျမ အဲ့ဒီကဗျာကို ပရိသတ်ဆီပို့ဖို့ အခုအချိန်ထိ ၃ ကြိမ်တိတိ ပို့ပြီးပါပြီ။ ၃ ကြိမ်လုံးလုံး ရေမြောင်းထဲပဲ ရောက်သွားပါတယ်။ ဒီတော့ အဲဒီကဗျာလေး ဘာကြောင့် ရေမြောင်းထဲကို ရောက်သလဲဆိုတာ ၀ိုင်းပြီးတော့ ဆန်းစစ်ပေးပါလို့ ကျမ တောင်းပန်ချင်ပါတယ်။ ကျမ အဲ့ဒီကဗျာလေးကို ရွတ်ပြပါမယ်။ နဲနဲကြာပြီဆိုတော့ အလွတ်မရလို့ စာရွက်ကို ကြည့်ပြီးတော့ ရွတ်ပါမယ်။
မုန်းတီးသူများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။
မုန်းတီးမှုတွေ စားရတယ်ဆိုတာ တခြား စားစရာ မရှိလို့ စားရတာပါ။ ကျမမှာက နေ့စဉ်နှင့်အမျှ မုန်းတီးမှုကို စားရပါတယ်။ တချို့ တချို့သော သူတွေ၊ ကံကောင်းတဲ့သူတွေကတော့ စားစရာတွေ အများကြီး ရှိမှာပေါ့။ အဟာရရှိတဲ့ အစားအစာတွေ အများကြီး စားတဲ့အခါမှာ သူတို့ရဲ့ ဗိုက်တွေကလဲ တဖြေးဖြေးနဲ့ ပိုပိုပြီး ပူလာပါတယ်။ (ရီသံ၊ လက်ခုပ်သံများ) အဲ့ဒီတော့ ဒီပရိသတ်ထဲမှာ ဗိုက်ပူသူ ရှိရင် (ရီသံများ) တချို့ကျတော့ ဘီယာသောက်လို့ ဗိုက်ပူတတ်ပါတယ်။ အဲ့ဒါတွေက တမျိုးပေါ့။ ကျမမှာတော့ သူများလို စားစရာ အဟာရလဲ သိတ်မရှိ၊ လူပုံကို ကြည့်လိုက်ပါ၊ လူပုံကလဲ ပိန်ပိန် ပုပု သေးသေးလေး၊ ဒါ အဟာရ မရှိလောက်ဖူးဆိုတာ သိလောက်ပါတယ်နော်။ ကျမတို့မှာက ဆန်စပါး။ ၀၀လင်လင် မစားရ။ တချို့တော့ ဆန်စပါးတင်မကဘူး၊ ဘိလပ်မြေတွေ ဘာတွေလဲ စားတတ်ကြတယ်လို့ ပြောပါတယ်။ (ရီသံများ) အဲ့ဒီတော့ ကျမက စားစရာ မရှိတော့ နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ မုန်းတီးမှုကို ကိုယ့်အမုန်းတွေကို ပြန်ပြီး စားရင်း ကိုယ့်ကိုယ်ကို ခွန်အားဖြစ်အောင် နေခဲ့ရပါတယ်။ အဲ့ဒီအဓိပ္ပါယ်နဲ့ ကျမဟာ ကဗျာလေးကို အဲ့ဒီလို ရေးဖွဲ့ခဲ့ပါတယ်။
မုန်းတီးမှုများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။
နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းခဲ့ပြီ။
အဲ့ဒါကလဲ အဲ့ဒီကဗျာရေးတော့ ကျမက အသက် ၃၀ မို့လို့ နှစ် ၃၀ ကြာတဲ့ မီးလျှံများလို့ ရေးတာပါ။ (ရီသံများ)
လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်း စိန်ခေါ်
email ကနေ ရလို့ ပြန် share တာပါ ..
Showing posts with label သူတို့ ရေးတဲ့စာ. Show all posts

Thursday, August 05, 2010
Saturday, December 26, 2009
ကလေးနှင့် စွန့်စားချင်စိတ်
ကလေးနှင့် စွန့်စားချင်စိတ်
ကျမ ငယ်ငယ်တုန်းက ကျမနှင့်အစ်ကို့ ကို ဖေဖေက ကလေးစီးသောဗိုလ်အုန်းသီး ဂျစ်ကားလေးဝယ်ပေးခဲ့သည်။ ဂျစ်ကားကတကယ့် လူကြီးစီးဂျစ်ကားအတိုင်းပါပဲ။ အစိမ်းရောင်၊ ရှေ့လေကာမှန်နေရာမှာ မှန်မပါသော သံပြားဘောင်ခတ်ပြတင်းလေး။ လီဗာမပါ၊ ဘရိတ် မပါ၊ ခြေနင်းကွင်းနှစ်ခုသာ၊ ကွင်းတခုစီပေါ် ခြေတဖက်စီနင်းလျက် ရှေ့သို့ကားရွေ့အောင် မောင်းရသည်။ တယောက်တည်းစီးလျှင် ကိုယ့်ဟာကိုယ်နင်းရပြီး မောင်နှမနှစ်ယောက်စီးလျှင် အစ်ကိုကရှေ့ကထိုင် စတီရာရင်ကိုကိုင် ကားခြေနင်းကိုနင်း၊ ကျမကနောက်ခန်း မှာထိုင်လိုက်သည်။
အိမ်ရှေ့လမ်းပေါ်မှာ စီးနင်းကစားရာကနေ တရက်တော့ ခြေရှည်ကာထိုကားလေးကို ရပ်ကွက်ကျော်ပြီး မောင်းကြသည်။ ကုန်းဆင်း တခုတွင် ကားလေးတိမ်းမှောက်သွားခဲ့ပြီး မောင်နှမနှစ်ယောက်လုံး လက်တွေခြေတွေ ပွန်းပဲ သွေးစို့သွားခဲ့သည်။ ကျမမှတ်မိ၏။ ကျမ ၏လက်ဖမိုးမှ လက်ဆစ်တွေသွေးစို့ပြီး ပွန်းပဲ့နေခဲ့သည်။ ရပ်ကွက်ကျော်ပြီး သွားရကောင်းလားဟု မေမေကဆူသေး၏။ ဖေဖေကတော့ ကားကဘရိတ်မပါသဖြင့် ကုန်းဆင်းတို့ဘာတို့တွင် တယောက်ကနောက် ကနေဆွဲပြီးထိန်းပေးရမည်ဟု မှာသည်။ လက်တွေနာကျဉ် သော်လည်း ကျမတို့မောင်နှမ စိတ်လှုပ်ရှားစွာရယ်မော နိုင်ခဲ့ကြသည်။ ကျမ ၏ ကလေးဘ၀သည် ဖေဖေနှင့်မေမေ၏ လွတ်လပ်ခွင့် ပေးမှုကြောင့် ရင်ခုန်စရာ စွန့်စားမှုအတိဖြင့် ကျေနပ်စရာဖြစ်ခဲ့ရသည်။
သူငယ်တန်းအောင်တော့ ပြောင်းရွေ့သွားရသည့် ကုန်းစောင်းရောက်တော့လည်း အလယ်တန်းကျောင်းတွင် တော်တော်ကျယ်ပြန့် သော ရေကန်ဟောင်းကြီးတခုရှိသည်။ မိုးတွင်းဆိုလျှင်ရေအတော်အတန် ပြည့်လျှံပြီး ကြာပင်တွေဗေဒါပင်တွေ ပေါက်ရောက်သည်။ ဆောင်းတွင်းကာလနှင့် နွေဦးကာလတို့တွင် ရေစပ်စပ်ကျန်ရစ်ခဲ့သော ထိုကန်ကြီး ပတ်လည်တွင် ငှက်ပျောပင်များ၊ ပုန်းညက်ပင်များ၊ စိန်ပန်ပင်များဖြင့် ဝေဆာမြိုင်ဆိုင်နေသည်။ ထိုကန်ကြီးသည် ကျမတို့ကလေးတသိုက်အတွက် စွန့်စားခန်းပြဇတ်များ ကပြရာနေရာ တခု ဖြစ်ပါသည်။
စစ်တိုက်တမ်းကစား ကြသည့်အခါ ကျမတို့အဖွဲ့နှစ်ဖွဲ့ ခွဲပြီးတိုက်ကြသည်။ ငှက်ပျောလက် ကျောရိုးများ၊ အုန်းလက်များ သစ်တို သစ်စ များကို သေနတ်လက်နက်အဖြစ် သုံးကြသည်။ မာလကာသီးစိမ်းသေးသေးများကို လက်ပစ်ဗုံးအဖြစ် သုံးကြသည်။ အများအားဖြင့် ကျမတို့ ကစားကြသော တိုက်ပွဲမှာ ဂျပန်နှင့် မြန်မာတပ်မတော်တိုက်ပွဲဖြစ်သည်။ တပ်မတော်သား လုပ်ချင်သူတွေကများပြီးဂျပန် လုပ်ချင်သူက နည်းသဖြင့် အမြဲတမ်းမဲနှိုက်ပြီး ခွဲရသည်။ ဂျပန်က ရှုံးသူဖြစ်သည့်အပြင် နာမည်ဆိုးသူမဟုတ်လား။ ကျမတို့က သူရဲ ကောင်းသာဖြစ်ချင်သူတွေကိုး။
ကျမတို့ကုန်းစောင်းတွင် ရုပ်ရှင်ရုံဟူ၍ တခုတည်းသာရှိပြီး ထိုရုံတွင်ကျမတို့ ကြည့်ရသမျှ ဇာတ်ကားတွေမှာ စွန့်စားခန်းတွေသာဖြစ်၏။ ဥပမာ ဇော်လွင်နှင့် တင်တင်လှ ပါဝင်သော ဥဒါန်းမကြေ ဟူသည့်ဇာတ်ကား။ ကျမတို့သည် အများအားဖြင့် နေ့လည်ပိုင်း ကစားချိန်မုန့် စားဆင်းချိန် တို့တွင် ယောက်ျားလေးတွေနှင့် တန်းတူသေနတ်ပစ်တမ်း၊ တိုက်ပွဲတိုက်တမ်း ကစားခဲ့ကြသည်။ ရန်သူဂျပန် တွေရော မြန်မာမျိုးချစ် ဘီအိုင်အေ စစ်သားတွေရော ရေကန်ကြီးကို ပတ်ပြီး ပြေးကြ လွှားကြ၊ ပုန်းကြရသည်မှာ ရင်ခုန်စရာကောင်းသည်။
ထိုအကြောင်းကို ကျမတို့သမိုင်းသင်ခန်းစာ ထဲမှာလည်း လေ့လာခဲ့ကြသည်။ တခါတုန်းက ကျမတို့ကျောင်းပတ်ဝန်းကျင်တွင် တကယ် ပဲ ဂျပန်စစ်သားတွေ စခန်းချခဲ့ကြသည်။ သည်နေရာမှာ မြန်မာမျိုးချစ်တပ်မတော်သားတွေက ဂျပန်တွေကို တိုက်ဖို့စည်းရုံးခဲ့ကြ ဆွေး နွေးခဲ့ကြသည်။ ရေကန်ကြီးသာမက ကျောင်းဘေးက ရေနံရည်ဝနေသော ညိုမှောင်သည့် ခြေတံရှည်သစ်သား အိမ်ကြီးကလည်း တော်လှန်ရေး ရာဇ၀င်နှင့်ဆက်စပ်နေသည်။ အဲသည်မှာက ဂျပန်စစ်ဗိုလ်များ စတည်းချခဲ့ကြသည်ဟု ဆိုပါသည်။ ကုန်းစောင်းမြို့သည် ကျမကို ပင်လယ်နှင့်တူသော မိန်မများ ၀တ္ထုရေးဖြစ်ဖို့ အဓိကတွန်းအားပေးသော စွန့်စားသည့်မိန်မများ ရှင်သန်ကြီးပြင်းရာ ၀န်းကျင် ဖြစ်သည်။ ဗိုလ်တဲကြီးအနား ရေမြောင်းကြီး၏ဘေးမှာ တန်းစီနေသော လူတဖက်မက ပင်စည်ကြီးမားသည့် ကုက္ကိုလ်ပင်အိုကြီးများ၊ မန်ကျည်းပင်အိုကြီးများသည် ကျမတို့အား တကယ့်အဖြစ်ပုံပြင်များကို ပြောပြနေသည့် ကြွင်းကျန်ရစ်သော သမိုင်းဝင်အရာများဖြစ် သည်။
သို့သော် ကလေးဘ၀၏ အရိုင်းဆန်သောစွန့်စားမှုမှာ သဘာဝကပေးသည့် တောင်ကုန်းတွေ၊ သစ်တောတွေ ရေကန်တွေနှင့်သာ သက်ဆိုင်သည်ဟု မဆိုလိုပါ။ မြို့မှာလည်း စွန့်စားလိုသူ ကလေးငယ်များအတွက် ရှာတွေ့စရာနေရာတွေ အများကြီးရှိသည်။ ရေနံ ချောင်းမှာ ကလေးတွေကျောင်းတက်ကြသည့်အခါ ဘယ်မိဘကမှ ကျောင်းသွားကျောင်းပြန် လိုက်ပို့ပေးစရာမလို။ အဝေးပြေးကား တွေ မောင်းသောကားလမ်းမတလျှောက် လမ်းဘေးကပ်ပြီး ကလေးတွေကျောင်းသွားရတာဖြစ်ပေမဲ့ ဘာမှစိုးရိမ်တကြီး ပူပန်စရာ မလိုခဲ့။ မိုးသည်းထန်သည့် တနေ့ခင်းတုန်းကတော့ ကျောင်းအသွား ဖြတ်ရသည့်မြို့လယ်ချောင်းမှာ ရေတွေလျှံလို့ အနီးအနားက အိမ်တွေမျော၊ အိမ်တိုင်တွေကျွတ် ဖြစ်ကုန်လို့ ကလေးမိဘတွေ ကျောင်းသို့လိုက်ခေါ်ရသည်အထိ စိုးရိမ်စရာဖြစ်ခဲ့ဖူးသည်။ ထိုအ ဖြစ်မျိုးကတော် တော်ရှားပါသည်။ မိဘတို့သည် ကလေးတွေကို အတော်အတန်လွတ်လပ်စွာ သွားလာခွင့်၊ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ရှာဖွေစူးစမ်းခွင့် ပေးထားခဲ့သည်။
ထို့ကြောင့် ကျမတို့အိမ်နီးချင်းတွေကို ကျမတို့သိသည်။ အတန်းဖေါ်ကစားဖက် သူငယ်ချင်းမှာ မောင်နှမဘယ်နှယောက်ရှိမှန်း သိ သည်။ သူ့အမေက ဈေးထဲတွင် ငါးရောင်းသလား၊ စက်ချုပ်တာလား၊ နတ်ကတော်လုပ်တာလား၊ သူ့အဖေက ချမ်းသာသော ဆေး လိပ်ခုံပိုင်ရှင်လား အကုန်သိသည်။ ရေနံဆီမီးခွက်ထွန်းဖို့ ရေနံဆီသွားဝယ်တော့လည်း ညနေချမ်းမှောင်ရီပျိုးစအချိန်။ မြို့မတောင် ရပ်ကွက် စလင်းတန်းအထိ သွားဝယ်ဖို့ ကျမတယောက်တည်းကိုပဲ မေမေက ခိုင်းခဲ့တာပါပဲ။ ရေနံဆီရောင်းသော အိမ်ကနေ ပြန် လာရသည့်လမ်းသည် ကလေးတယောက်အတွက်တော့ လုံလောက်သည့်စွန့်စားမှု ဖြစ်သည်။ သည့်ထက်ပိုတာက စလင်းတန်းမှ ဈေး ဘက်သို့ပြန်အတက်မှာ ကြီးမားသောညောင်ပင်ကြီး၏ ပင်စည်တွင် ထိုးစိုက်ထားသော ထီးဖြူ ထီးနီလေးတွေ၊ တွဲလွဲချိတ်ထားသော မြင်းရုပ် ဆင်ရုပ် နတ်ရုပ်တွေ၊ ခေါစာပစ်သော ကြိမ်ခြင်း ၀ါးခြင်းအခွံတွေက နတ်ကိုးကွယ်ခြင်းနှင့် နတ်ကိုင်ခြင်း၊ ဖျားနာခြင်းဆိုသော ကြားဖူးနားဝဇာတ်လမ်းတွေကို လက်တွေ့ပြနေသလိုရှိသည်။ တခါမှ မမြင်ဖူးသော နတ်စိမ်းဆိုတာနှင့် ဆက်စပ်နေသော ထိုအရာများ သည် ကလေးတယောက် အတွက်ကြောက်စရာလည်း ကောင်းပြီး စိတ်ဝင်စားစရာလည်း ကောင်းသည်။
ကျမတို့၏ ကလေးဘ၀သည် တနည်းအားဖြင့် စိတ်လှုပ်ရှားစရာတွေနှင့် ကြွယ်ဝပြည်စုံခဲ့သည်။ ရေနံချောင်းမြို့၏ ရေနံငွေ့လွှမ်း နေသော ခြောက်သွေ့သည့် တောင်ကုန်းလမ်တွေမှာရေနံမြေသပိတ်၏ အငွေ့အသက်များကိုမြင်တွေ့ရှူရှိုက်ရသည်။ စတုတ္ထတန်းမှာ ရေနံမြေသပိတ်သမိုင်းကို ကျက်မှတ်စဉ်က သိခဲ့သည့်သခင် ဖိုးလှကြီးဆိုတာသည် တက္ကသိုလ်ဘုန်းနိုင်၏ ကမ္ဘာကုန်ကျယ်သရွေ့ ၀ယ်ဝတ္ထုကို ဖတ်ပြီးတော့တော်တော် ရုပ်လုံးကြွလာ၏။ ရေနံချောင်းမြို့မှာရှိသည့် သခင်ဖိုးလှကြီးလမ်းသည် ကျမတို့အိမ်နှင့် တော် တော်ဝေးသော် လည်းထိုလမ်းကို ကျမတို့ညီအမ စူးစမ်းရှာဖွေ လျှောက်လှမ်းကြသည်။ ဟောဒီလမ်းဟာ ရေနံမြေသပိတ်တပ်သားတွေ လျှောက်လှမ်းခဲ့ တဲ့လမ်းပေါ့။ ကျမတို့ခြေဖ၀ါးအောက်က ကျောက်စရစ်လွှမ်းသော ကတ္တရာလမ်းဟောင်းသည် သမိုင်းဖြစ်ရပ်မှန်တွေကို ကျမတို့အား ပုံပြင်အဖြစ် ပြောပြနေခဲ့သည်။
စွန့်စားခန်းပုံပြင် ၀တ္ထုတွေကို ကလေးတွေနှစ်သက်သည်။ ပတ်ဝန်ကျင်မှာ လူကြီးထိန်ကွပ်မှု စောင့်ကြည့်မှုမပါဘဲ ကိုယ်ချည်းပဲ လှုပ် ရှား ဆောင်ရွက်ရသည်ကို ကလေးတွေရင်ခုန်မက်မော၏။ နယ်က ကလေးတွေ၊ သဘာဝနှင့်ထိစပ်သော ကလေးတွေက သဘာ ၀တောအုပ်တွေဆီ မြစ်ကူးချောင်းခြား ကျွန်းတွေဆီ သွားချင်သည်။ လိပ်ပြာလေးတွေ ခူကောင်လေးတွေကို မြင်ချင်သည်။ ပုဇင်းတွေ ကို ဖမ်းချင်သည်။ ကျမ၏တူလေး တူမလေးတွေသည် မြို့ပြမှာနေတာမို့ သဘာဝတောအုပ်နှင့် ဝေးသည့်အခါ သူတို့အတွက် စွန့် စားခန်းက တမျိုးတဖုံရှိ၏။ သူတို့ကို မိဘက၀ယ်ပေးသည့် စက်ဘီးနှစ်မျိုးရှိသည်။ တခုကဖိုက်ဘာခုံတွေနှင့် သုံးဘီးစက်ဘီး လှလှ လေး။ နောက်တ ခုက ခပ်မြင့်မြင့် နှစ်ဘီး စက်ဘီးလေး။ အစ်မက ထိုနှစ်ဘီးလေးဖြင့် ရပ်ကွက်ထဲမှာ လျှောက်နင်းရတာပျော်ရွှင်သည်။ မောင်လေးက သုံးဘီးစက်ဘီးလေးဖြင့် အိမ်ရှေ့လမ်းတလျှာက် ခေါက်တုန့်ခေါက်ပြန်နင်းရသည်ကို ပျော်ရွင်သည်။ ရာသီဥတုသာယာ သည့် ညနေ တိုင်းသူတို့စက်ဘီးလေး တွေဖြင့် ရက်ကွက်ကို ပတ်ကြသည်။ ပြန်လာသည့်အခါ သူတို့လမ်းမှာကြုံတွေ့ခဲ့ရသည့် ခွေးတွေ၊ ဘဲငန်းတွေ၊ အခြားလူတွေ အကြောင်း ပြောပြကြသည်။
"သားသားရှေ့မှာ ခွေးအကြီးကြီးက သားသားကိုစိုက်ကြည့်နေတာ၊ သားသားစက်ဘီးကို မရပ်ဘဲတအားနင်းပြီး သူ့ရှေ့ကနေ ပြေးလာ ခဲ့ရတာပေါ့ မောလိုက်တာ" ရင်တဆတ်ဆတ်ခုန်နေဆဲ မျက်နှာထားနှင့် ရေအိုးမှရေကို အမောတကော သောက်နေသည့် ကလေးငယ် သည် တက်ကြွရွှင်လန်းမှုအပြည့်။ နောက်တနေ့တွင် ထိုလမ်းသို့ ထပ်သွားရန်အဆင်သင့်။
သူတို့ကို စွန့်စားမှုအတွက်လွတ်လပ်ခွင့် ပေးသည့်အခါ ကလေးတွေ၏ အသက်အန္တရယ်ကို ကျမတို့ထည့်မစဉ်းစားသင့်ဘူးလား။ စဉ်းစားပေးသင့်တာပေါ့။ ကျမတို့ ခဏခဏကြံဖူးနေသည့် ကြေကွဲစရာ၊ ထိန့်လန့်စရာ ဇာတ်လမ်းမှန်တွေရှိသည်။ ကလေးတွေကို ဖမ်းဆီးခေါ်သွားပြီး လျှာကိုဖြတ်ပစ်တာတို့ သူတောင်းစားလုပ်ခိုင်းတာတို့က ဆိုတုန်းကတည်းက ဖြစ်ရပ်တွေ။ ယခုအခါ ကလေးငယ် တွေသည် အမျိုးမျိုးအမြတ်ထုတ်ခံနေရသည်။ သူတို့၏ လုပ်အားသာမက လိင်ဆက်ဆံခြင်းဖြင့်ပါ အမြတ်ထုတ်ခံရသည်။ ကံဆိုးမိုး မှောင်ကျပြီး အသတ်ခံရသည့် ကလေးတွေလည်းရှိခဲ့ကြ၏။
ထိုအထိတ်တလန့် ကြေကွဲစရာ ဇာတ်လမ်းမှန်တို့သည် ဟိုတုန်းကထက် ယခုခေတ်မှာအရေအတွက် ပိုလာသလား။ အမေရိကန်ပြည် ထောင်စုမှာ ၁၉၉၉ ခုနှစ်တုန်းက ကလေးတွေကို ဖမ်းဆီးသွားသည့်အမှုပေါင်း ၁၁၅ ခုရှိခဲ့သည်၊ နောက်နှစ်တွေမှာလည်း ထိုအရေအ တွက်သည် သိသိသာသာတိုးလာသည်ဟု မဟုတ်ဘဲ ထိုအရေအတွက် ပတ်ဝန်ကျင်မှာတော့ ရှိနေတာပဲတဲ့။ ဆိုလိုတာက ကလေးတ ယောက်အတွက် ဖြစ်နိုင်ချေအန္တရာယ်သည် ပိုလာခြင်းလျော့လာခြင်းမရှိ။ လိုအပ်သည်ထက်ပိုပြီး ကာကွယ်ပေးထားသည့်တိုင်အောင် ကလေးတို့၏ အန္တရာယ်ဖြစ်နိုင်ချေက လျော့နည်းမသွားခဲ့။ ကလေးတို့မှာသာ ပိုပိုသာသာတင်းကျပ် ကာကွယ်ထားခံရသည့် အတွက် ကလေးဘ၀ စွန့်စားမှုတွေ ရင်ခုန်မှုတွေနှင့်ဝေးရသည်။
ယခုခေတ်မှ ကလေးတွေကိုအိမ်မှ ကျောင်းအထိလူကြီးက လိုက်ပို့ပေး၊ ထမင်းကို ကျောင်းအထိလိုက်ပြီးကျွေး၊ အပြန်တွင် လူကြီးက ကျောင်းအပြင်ကနေ စောင့်ကြို၊ အိမ်ပြန်။ ဒါက ကလေးကိုအန္တရာယ် အပေါင်းမှကြိုတင်ကာကွယ်ပေးခြင်းဖြစ်သည်။ ကလေးကို ရွှေ ပေး မဆင်ရဟူသော ကာကွယ်တားမြစ်မှုသည် ထိုကြေကွဲစရာဇာတ်လမ်းတွေမှ ကာကွယ်ဖို့ဖြစ်သည်။ ရွှေသည် လူတို့အတွက် မက် မောစ ရာမို့ ရွှေကိုလိုချင်ပြီး ကလေးကို တခုခုအန္တရာယ်ပြုမှာ စိုးရိမ်လို့ဖြစ်သည်။ သို့သော်ရွှေမပါဘဲလည်း ကလေးတို့သည် အန္တ ရာယ်တော့ရှိ နေတာတော့အမှန်ပါ။ အန္တရာယ်ရှိလို့ထိန်ချုပ် ကာကွယ်ပေးတာက လမ်းမှန်းပါတယ်။ သို့သော် တဖက်မှာက ကလေး တို့အတွက်ကိုယ်တိုင် စူးစမ်းရှာဖွေထုတ်ဖော်မည့် မြေပုံတွေ၊ ရတနာသိုက်တွေ၊ ခရီးစဉ်သေးသေးလေးတွေ၊ လမ်းခရီးမှာတွေ့ရမည့် သူငယ်ချင်းသစ်တွေ ပျောက်ကွယ်ကုန်ရသည်။
ကလေးတို့သည် ပထ၀ီကို စိတ်ဝင်စားဖို့လိုအပ်၏။ ကိုယ့်ဒေသပတ်ဝန်ကျင်ကို ပြောပြသော ဒေသန္တရ ပထ၀ီထိုမှစပြီး ပထ၀ီကိုစိတ်ပါ ၀င်စားကြသည်။ ကိုယ့်ဘေးမှာ တောင်ကုန်းရှိသလား၊ ကိုယ့်ဘေးမှာမြစ်ကြီးတစင်းရှိသလား၊ သဲသောင်တွေရှိသလား၊ မြစ်ထဲမှာ ငါးတွေ ရှိသလား၊ တံငါသည်တွေ ငါးဖမ်းကြသလား၊ ထိုမြစ်က ဘယ်မြို့ကနေလာပြီး ဘယ်မြို့ဆီသို့ ဆက်သွားသလဲ။ ကလေးတွေ သည်တိရစ္ဆာန်လေး တွေကိုစိတ်ဝင်စား၏။ ရန်ကုန်လိုမြို့ကြီးမှာ တိုက်ခန်းအလုံပိတ်၊ ခြံတံတိုင်းအလုံပိတ်ထဲတွင် နေထိုင်ကြရသော ကလေးတို့သည် တိရစ္ဆာန်ဥယျာဉ်သို့ သွားလျင် ပျော်ရွှင်ကြသည်။ အသေးဆုံးပူးလေးတွေ၊ ကြက်တူရွေးလေးတွေ၊ ယုန်လေးတွေကအ စ ဆင်ကြီးတွေအထိ သူတို့ရင်ခုန်လို့မပြီးတော့ပေ။ တနေ့တနေ့ ကျောင်းသွားကျောင်းပြန် ကားပေါ်ကမဆင်းရသော သူတို့လေးတွေ သည် တိရစ္ဆာန်ဥယျာဉ်ထဲတွင် တောင်ကုန်းတွေလည်း တက်ကြွစွာ ပြေးတက်ပြေးဆင်း၏။ သူတို့အတွက်စွန့်စားခန်းသည် လူကြီးတွေ တော့ပါနေသေးတာမို့ ပုံပြင်တွေထဲကလို အပြည့်အ၀တော့မဟုတ်။ သို့သော် ကလေးတွေချည်း အုပ်စုဖွဲ့ကစားရ၊ စွန့်စားရသည့် အရသာကို မသိနိုင်သည့် ကလေးများအတွက် အဲသည်လောက်ကကိုပဲ တော်တော်ဟုတ်နေပါသည်။
စာဖတ်တတ်သည့် အရွယ်ရောက်လာတော့စာထဲကနေ စူးစမ်းရှာဖွေမှုနှင့် စွန့်စားမှုကိုဖတ်ပြီး နှစ်သိမ့်ကြရသည်။ ကဗျာတွေပုံပြင်တွေ မင်းသုဝဏ်၏ ကဗျာတွေက အသံလည်းချိုပြီး သဘာဝ ၀န်းကျင်ကိုလည်း ကလေးတို့ရင်းနှီးကျွမ်းဝင်အောင် မိတ်ဆက်ပေးသည်။ တခါ တုန်က ပြင်သစ်ယဉ်ကျေးမှုဌာန အကြီးအကဲအရာရှိတယောက်၏ ညစာစားပွဲတွင် မိမိအတွက် ပထမဆုံးစွဲမက်ရသည့် ကလေးဘ၀ ကဗျာတွေအကြောင်း နိုင်ငံစုံ ပြောဖြစ်ကြသည့် အခါကျမရွတ်ပြခဲ့သည့် ကဗျာကလယ်စောင့်တဲ ကဗျာဖြစ်သည်။
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။
မိုးထဲလေတဲတွင် ရေလွှမ်းနေသည့် ခြေတံရှည်ရှည် ချစ်စရာလယ်စောင့်တဲ လေးတခု၊ သူ့ဘေးက ရေထဲမှာကြာပွင့်တွေက အနီနှင့် အဖြူ။
ကလေးတယောက်ကို သဘာဝပတ်ဝန်းကျင်နှင့် မိတ်ဆက်ပေးလိုက်သည့်ကဗျာ။ ထိုကဗျာကိုဖတ်ပြီး ကလေး၏အတွေးထဲတွင် ပုံဖော် ကြည့်လိမ့်မည်။ ဘာများကွာခြားမလဲ။ ကျမတို့ငပုတော မြို့နယ်ကြာကွင်းကျေးရွာရှိ ကန်သုံးဆယ် ကြာကွင်းမူလတန်းကျောင်းတွင် ကလေးများအတွက် ပြပွဲ၊ ပြိုင်ပွဲနှင့် စာဖတ်ပွဲများလုပ်ပေးစဉ်က မင်းသုဝဏ်၏ကဗျာနှစ်ပုဒ်ကို သရုပ်ဖော်ပန်းချီ ရေးဆွဲသည့်ပြိုင်ပွဲ ထည့် သွင်းခဲ့သည်။ ပထမရက်မှာ လယ်စောင့်တဲ၊ နောက်တရက်မှာ ၀င်္ကပါဖြစ်သည်။ အံ့သြစရာပင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလေးတို့သည် ထိုကဗျာနှစ်ပုဒ်ကို တထိုင်တည်းနှင့်ပန်းချီရေးဆွဲ သရုပ်ဖော်ကြသည်။ ဒုတိယတပုဒ်က ပိုခက်သည်။
အေးရပ်သာတဲ့ ပညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း၊
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုံစီ
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း။
သူတို့ကို ရှင်းပြပေးရတာက ဒိုးယိုစီးတဲ့ ဆိုသည့်စကားပဲ ဖြစ်သည်။ နဒီဆိုတာမြစ်ဟု တော်တော်များများသိနေခဲ့ကြသည်။ ကံကော်ပင် ကိုမမြင်ဖူးဘူးဆိုသည့် ထိုမြစ်ဝကျွန်းပေါ်ကလေးတချို့အတွက် ကံကောင်းတာက သူတို့ကျောင်းမှာ သူတို့ပန်းချီရေးဆွဲ ဖို့ချထားသည့် ထိုင်ခုံတွေကို အရိပ်ပေးနေသည့် အပင်ကြီးသည် ကံကော်ပင်ဖြစ်နေခဲ့သည်။ ဟောဒါ ကံကော်ပင်ပေါ့ဟု သူတို့ဆရာမက ပြောပြလို့ သူတို့သိရတော့ ရယ်မောကြပါသည်။ ကံကော်ပွင့်တွေကိုတော့ အ၀ါရောင်ဝတ်မှုံလေးတွေ နှင့် ရေးဆွဲတတ်ကြ၏။ သူတို့ကို ပန်းချီဆု ပေးဖို့ ကျမတို့အုပ်စုတွင် ပန်ချီဆရာတယေက်မှ မပါ။ ဆုရွေးချယ်ဖို့ အတွက် အခွင့်မရှိ။ အတန်းလိုက်သူတို့ယှဉ်ပြိုင် စဉ်က ဆုရွေးချယ် ပေးခဲ့သည့် ပန်းချီဆရာ ကာတွန်းဆရာ ကိုဇော်မောင်၏ ဆုရွေးချယ်ခြင်းဆိုင်ရာ လမ်းညွှန်မှုကို လိုက်နာပြီး ဆုပေးခဲ့ရပါသည်။
အဲလစ်စ်နှင့် အံဖွယ်ကမ္ဘာ စသည့်နိုင်ငံခြားမူရင်း စာအုပ်တွေကို လက်လှမ်းမမီနိုင်သေးသည့် ကလေးတို့အတွက် ကာတွန့်အောင်ရှိန်၏ ကလေးဇာတ်လိုက်တွေပါဝင်သည့် ကာတွန့်တွေရှိသည်။ အဲသည်မှာ တဆင့်တက်တော့ ဂရင်းညီနောင်၏ ပုံပြင်တွေရှိသည်။ ၀တ္ထုဖတ် နိုင်သည့်အရွယ်ရောက်တော့ ရွှေဥဒေါင်း၏ ၀တ္ထုတွေရှိသည်။ ဆယ်ကျော်သက်သို့ပြောင်းကာစ ကလေးတို့ မိန်းခလေးရော၊ ယောက်ျား လေးပါအလွန်နှစ်သက်သည်။ ယောက်ျားလေးတွေအဖို့တော့ အတိုင်းထက်အလွန်ပေါ့။ ဒဂုန်ရွှေမျှား၏ ဘာသာပြန်စွန့်စားခန်းဝတ္ထု တွေကိုလည်း ကလေးတွေနှစ်သက်ကြ၏။ ကျမဆယ်ကျော်သက် ကလေးတွေကိုတွေ့သည့်အခါ ဘာစာအုပ်တွေကြိုက်လဲဟု မေးတိုင်း ရွှေဥဒေါင်းနှင့် ဒဂုန်ရွှေမျှား ပါဝင်တတ်သည်ကို သတိထားမိသည်။ ကျမကိုယ်တိုင် ရွှေဥဒေါင်း၏ ရှုပနန္ဒီ ကိုစွဲစွဲမက်မက် ဖတ်ခဲ့ရ သည်ကို သတိရမိပါသည်။ ကလေးတို့၏ စူးစမ်းရှာဖွေစွန့်စားချင်သည့် သဘာဝစိတ်ဆန္ဒကို ထိုစာအုပ်များ၏ ရသက ဖြည့်စွမ်းပေး သည်။ စာအုပ်တို့သည် သူတို့အတွက်စိတ်ဖြင့် ခရီးနှင်စရာယာဉ်တွေဖြစ်သည်။
ကျမဘ၀တွင် ပထမဆုံးဖတ်ခဲ့ရသည့် ဓူဝံ၏မာလာဝတ္ထုတိုကို ကျမအခုချိန်အထိ မမေ့တော့ပါ။ အဲသည်အထဲကဖိုခနောက်ဆိုင် တိုင်း ပြည်သုံးခု ကြားကတောအုပ်ကြီးသည် တော်လှန်ရေးသမား သူရဲကောင်း ဗိုလ်နန္ဒ အခြေစိုက်ရာနယ်မြေဖြစ်သည်။ မတရားတာကို လက်ပိုက်ကြည့်မနေဘဲ အသက်နှင့်ရင်းပြီး ကူညီဖြေရှင်းပေးသော သူရဲကောင်းသည် ကျမအတွက် လေးစားအထင်ကြီးစရာပေါ့။ ည သန်းခေါင်တွင် ဘီလူးစားခံရတတ်လို့ မသွားရဲကြသည့် တောင်ခြေတခုဆီက လျှို့ဝှက်ချက်ကို ထုတ်ဖော်သည့် ထိုသူရဲကောင်း၏ ဆောင်ရွက်ချက်များ၊ သူဖမ်းဆီးရမည့် ဘုရင်မကို မဖမ်းဆီးရုံတွင်မကနိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စစ်အင်အားကြီးမားအောင်ပင် သူက ကူညီလိုက်သေးသည်။ ထိုဘုရင်မနှင့် သူရဲကောင်းကြားက ဖွင့်မပြောလဲ သိနေသည့်ချစ်ခြင်းမေတ္တာ၊ နောက်ဆုံးသူ့ကတိကို ထိန်းချုပ် ပြီး သူ့အသက်ကို ဓားစာခံသူ့တပည့် နောက်လိုက် လူကိုးယောက်အသက်နှင့် လဲယူဖို့သာယာရွှေပြည် ဘုရင်ကြီးဆီသို့ တဦးတည်း တိတ်တဆိတ်ပြန်အသွား၊ ဘုရင်မကလဲ သူရဲကောင်းမရှိသည်ကို သိသည့်အခါထိုနိုင်ငံသို့ လိုက်သွားပြီး၊ သူ့ကိုယ်သူအပ်နှင်းလျက် ဗိုလ်နန္ဒအတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းသည့်အချိန်၊ ထိုဇာတ်သိမ်းခန်းသည် ဇာတ်၏အထွဋ်အထိပ် ဖြစ်သည်။
သူတို့ဆီက ဟယ်ရီပေါ်တာ ၀တ္ထုတွေအရှိန်အဟုန်ဖြင့် လူကြိုက်များသည်မှာ ကလေးတို့ကိုယ်တိုင်ပါဝင် လှုပ်ရှားသည့် လျှို့ဝှက်ဆန်း ကြယ်စွန့်စားမှု အခြေခံ ဇာတ်လမ်းများဖြစ်လို့ နေမှာပါ။ ကလေးတွေချည်းလူကြီး အကူအညီသိပ်မပါဘဲ အန္တရယ်ဆိုးတွေနှင့်ကြုံ၊ ကလေးတို့၏ ကြံရည်ဖန်ရည် စွမ်းရည်တွေနှင့်ပဲ အဲသည်ကနေလွတ်မြောက်၊ ဘယ်လောက်ကျေနပ်အားရစရာ ကောင်းလိုက်ပါသလဲ။
အခုခေတ်မှာ အများအားဖြင့်တွေ့ရသည့် ကလေးတို့၏စွန့်စားမှုက ဂိမ်းတွေပဲ ဖြစ်သည်။ ဂိမ်းထဲမှာ သေနတ်ပစ်သည်။ ဂိမ်းထဲမှာဗုံး ဖောက်ခွဲသည်။ ဂိမ်းထဲမှာမြေလျှိုးမိုးပျံသည်။ ကျမတူအငယ်လေးတယောက် ဆော့သည့် ဂိမ်းမှာတော့ ဇာတ်လိုက်က သူ့လိုအရွယ် ကောင်လေး။ နွားခြံထဲမှာ နွားနို့ညှစ်တာလည်းပါ၏။ ကျမသဘောကျစွာ ပြုံးရယ်မိသည်။ သူ့ဘ၀မှာနွားကို သေသေချာချာကိုင်မ ကြည့်ဖူးတာကျမသိသည်။ နွားနို့ညှစ်ဖို့တော့ ဝေးလေစွ။ ဒါပေမယ့် ဂိမ်းထဲမှာနွားနို့ညှစ်သည်ဆိုတော့ ဒါလည်းတမျိုးတော့ စိတ်ဖြေရာ ရတာပေါ့လေ။ သို့သော် သူတို့တကယ်ကြုံတွေ့ရသည်က အလင်းရောင်တွေ ပုံရိပ်တွေပါ။ ဘယ်မှာလဲ နွား၊ ဘယ်မှာလဲ နွား၏ အမွှေးနု နုလေးတွေ၊ ဘယ်မှာလဲ နွားစာခွက်၏ ကောက်ရိုးရနံ၊ ဘယ်မှာလဲ နွားချေးနံ။
ကလေးတွေ သွားရင်းလာရင်း သစ်ပင်တွေကိုကြည့်ရမြင်ရသည် ဆိုလျှင်လည်းဒါက ကားမှန်ပြတင်းမှ တဆင့်မြင်ရသည့် မြင်ကွင်း တွေ၊ သစ်ရွက်စိမ်းစိမ်း ပန်းမွှေးမွှေးကို လက်ဖြင့်ထိတို့ကြည့်ရတာမဟုတ်။ လိပ်ပြာလေးတွေ ပုဇဉ်းလေးတွေ တီကောင်တွေကို လက် ဖြင့်ထိ ကိုင်ကြည့်ရတာမဟုတ်။ သူတို့လမ်းလျှောက်ရသည့် မြေက သူတို့အိမ်ရှေ့တိုက်ခန်းရှေ့က မြေသာလျှင်ဖြစ်သည်။ စက်ဘီးလေး သော်မှ စီးခွင့်မရှိ။ ကံကောင်းလို့ ခြံဝင်းကျယ်ကျယ် ရှိသူကတော့ စက်ဘီးစီးခွင့် ရှိတာပေါ့။ သာမန်ကျမတို့လို ကန်ထရိုက်တိုက်တွေမှာ နေရသည့်ကလေးတွေ ဘယ်နေရာသွားပြီး စက်ဘီးစီးမလဲ။ ဘောလုံးကန်သည့် ကွင်းမရှိ၊ ကြက်တောင်ရိုက်သည့် ကွင်းမရှိ၊ ပန်းခြံ တောင် ကျမတို့နားမှာမရှိတော့ပါဘူး။ စိမ်းလန်းသည့်နေရာ လိုအပ်သည်။ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှု လိုအပ်သည်။ စွန့်စားရင် ခုန်မှုကို ကလေးတွေသိဖိုလိုသည်။ ပျော်ရွှင်မှုသာမက နာကျင်မှုကိုလည်း ကလေးတွေသိသင့် သည်ဟုဆိုလျှင် လက်ခံနိုင်ကြပါ့မလား။
လိုအပ်သည်ထက်ပိုပြီး အတင်းကာရောအကာအကွယ်တွေ ပေးခံနေရသည့် ကလေးတို့သည် ဘ၀အတွက် လိုအပ်သည့်သတ္တိတွေ ဘယ်ကရမလဲ၊ ဖြောင့်မှန်ပြီး အားနည်းသူကို ဖိနှိပ်ခံလူကို ကူညီကယ်တင်ပေးဖို့ အမှန်တရားအတွက် စွန့်စားလိုစိတ်တွေ၊ တွန်းအား တွေကိုဘယ်က ရနိုင်ပါ့မလဲ။ အနည်းဆုံးသူတို့၏ မျိုးဆက်အနာဂတ်ကလေးတွေ စွန့်စားမှု၏ အရသာကိုသိအောင် ပြောပြဖို့ ပုံပြင်တွေ ဖန်တီးပေးဖို့ အနုပညာကိုရော သူတို့ဘယ်က ရနိုင်လေမလဲ။
ဂျူး
ကလျာ မဂ္ဂဇင်း အောက်တိုဘာ ၂၀၀၉

Friday, December 11, 2009
၎ ကျောင်းထွက်
၎ ကျောင်းထွက်
ရဲရင့်အောင် (နယူးဒေလီ)
'ဂျိန်း' ဆိုတဲ့ တံခါးပိတ်သံကြီးဟာ ဘဝကို ထက်ပိုင်းချိုးချလိုက်သလား ထင်ရတယ်။ တကယ့်ကို သူစိမ်းဆံတယ်။ လူမှာ သိမ်ငယ်လိုက်တဲ့ဖြစ်ခြင်း။ ထောင်ဘူးဝကနေ ပုံစံခန်းထဲ မဝံ့မရဲ လျှောက်လာရတယ်။ ရှိနှင့်နေပြီးသူတွေရဲ့ စူးရဲလှတဲ့ အကြည့်တွေကို ရင်ဆိုင်နိုင်စွမ်းမရှိ။ အနားကို သွေးအေးအေးနဲ့ ဝိုင်းအုံလာတဲ့အခါ အားငယ်စိတ်နဲ့ နှလုံးခုန်နှုန်းဟာ အမြင့်ဆုံးဆီ ခုန်တက်သွားတာ။ ရင်ထဲမှာ ကတုန်ကရင်ဖြစ်လာလို့ တကိုယ်လုံး နတ်ပူးသလိုလို တုန်ရင်လှိုက်မောလာတယ်။ လှောင်ချိုင့်ထဲက ငရဲသားတွေက စားတော့ဝါးတော့မတတ်။ ဒီလိုအဖြစ် မကြုံဖူးခဲ့။
'ဟဲ့ကောင် … လေးဖက်ကုန်းလျှောက်' ။ ကြမ်းပြင်ထက် လက်နှစ်ဖက်နဲ့ ဒူးထောက်ရတယ်။ အလျား ပေ ၃ဝ လောက်ရှိတဲ့ အခန်းနံရံနှစ်ဖက်ကို ဦးခေါင်းနဲ့ ခေါက်တုံ့ခေါက်ပြန်တိုက်ပြီးတဲ့အခါ အခန်းထဲမှာ ပါဝါအာဏာ အရှိဆုံး တန်းစီးနဲ့ စည်းကမ်းထိန်းဆီ ပြားပြားဝပ် အခစားဝင်ရတယ်။ ကျေးတော်မျိုး ကျွန်တော်မျိုး ဖြစ်ကရော့ပဲ။ 'ပုံစံထိုင်' ဆိုတဲ့ အသံကြီး ထွက်လာတယ်။ အနေအထိုင် မတတ်တော့ ထွားကျိုင်းတုတ်ခိုင်တဲ့ မိုက်ခဲတွေရဲ့ ခြေဖနောင့်နဲ့ လက်သီးလက်ဝါးတွေက ပြင်းအားကောင်း မိုးသီးတွေပမာ ဆင်းချလာတယ်။ နားအုံထဲ မိုးကြိုးတွေ ပစ်၊ ရင်ဝမှာ မိုးကြိုးသွားတွေ စူးနစ်နဲ့ ခန္ဓာကိုယ်တခုလုံး ထောင်းထောင်းညက်ခြေ ခံရလေပြီ။
တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို ဦးချိုး၊ ချိုချိုးလုပ်ပြီးမှ ပုံစံပြတန်းစီးက ပုံစံတွေ ပြပေးတာပါ။ အထိုင်အထ ပုံစံကျရမယ်၊ ဆက်ဆံပုံ ဆက်ဆံနည်း မှန်ကန်ရမယ်။ ဒီ့နောက် ပါဝါရှင်နှစ်ယောက်ဆီ မော်ပင်မကြည့်ရဲတဲ့ သိုးသူငယ်လို ခယရတယ်။ မေးသမျှ ဖြေပေတော့ … ပြောသမျှ နာခံပေတော့။
'အပြင်မှာ မင်းဟာ ဝန်ကြီးသားပဲဖြစ်ဖြစ်၊ မြို့တော်ဝင်ပဲဖြစ်ဖြစ်၊ ဘာကောင်ပဲဖြစ်ဖြစ် ဒီထဲကို ဝင်လာကတည်းက ဘူးဝဆိုတဲ့ အဝင်ပေါက်မှာ အားလုံးထားခဲ့ရမယ်' တဲ့။ (ဒီစကားက အာပလာဆိုတာ နောက်ပိုင်းမှ သိရတာပါ။ လူတိုင်းအတွက် မဟုတ်ပါဘူး။ ပုံစံကြည့်ပြီး ဟိန်းဟောက်ခြိမ်းခြောက်တာပါ။) ကိုယ်ကလည်း အကောင်ကြီးကြီး အမြီးရှည်ရှည် မဟုတ်။ သာမန်လူလို့ ဆိုလိုက်ရင်ကို လုံလောက်ပါရဲ့။ အထူးအခြား မရှိ။ စားဝတ်နေရေး မလောက်င၊ ကြံရာ မရရာမှ မူးယစ်ဆေးဝါး အရောင်းအဝယ်နဲ့ ငြိပြီး ဝင်ရတာ။ ထောင်အဝင်မှာ ငုတ်တုတ်ထိုင် စစ်ဆေးခံရ၊ အမည် နေရပ်လိပ်စာ အမှု ရေးမှတ်၊ ထောင်ဝင်နံပါတ်ပေးပြီး အကျဉ်းဆောင်ထဲ မဝင်ရခင် ပုံစံခန်းမှာ ပုံစံပေးလိုက်တာပါပဲ။ ပွဲဦးထွက် ကြိုဆိုဧည့်ခံပုံက အတော်ယဉ်လှသကိုး။
စီရင်ချက်ချပြီး အကျဉ်းသားတွေနဲ့ တရားဆိုင် အချုပ်သားတွေ အဆောင်ထဲမှာ ရှိတယ်။ အဆောင်တွေထဲ ဝင်ဖို့အရေး ဝင်ကြေးက စလာတယ်။ နေရာတွေက ခွဲခြားထားလို့ စိတ်ကြိုက်နေရာရဖို့ ငွေထိုးနိုင်တယ်။ ညကင်းမစောင့်ချင်ရင်၊ ကြမ်းမတိုက်ချင်ရင်၊ မိလ္လာမထမ်းချင်ရင်၊ စိုက်ခင်းမှာ လုပ်ချင်ရင်၊ စားဖိုမှာ ကျချင်ရင် … ချင်ရင်၊ မချင်ရင်တွေ အများသား။ ဘာအတွက် ဘယ်လောက်ဆိုတာ ဈေးနှုန်းရှိပြီးသား။ ဈေးဆစ်ဖို့ မစဉ်းစားနဲ့၊ မရရေးချ မရ။ အပြတ် ဈေးကိုင်တာ။ အဲလိုဆက်ကြေးတွေကို အချုပ်ကင်းကျ ကင်းမှူးတွေကို ခွဲတမ်းပေးရတယ်။ မပေးလို့ကတော့ နောက်ထပ်အချုပ်သားတွေကို တခြားအခန်းထဲ ထည့်ပေးလိုက်မယ်။ သူ့နေရာမှာ သူ့သြဇာနဲ့သူ ရှိနေတာ။ သူ့ခွဲတမ်းနဲ့ သူ။ တန်းစီးတွေနဲ့ ကင်းမှူးတွေရဲ့ကြားက အပေးအယူ။
ဝန်ဆောင်ခကို ပေးမယ့်အကြောင်း ကတိပေးရုံနဲ့ သူတို့ဂွင်ထဲမှာ အသားမကျသေးဘူး။ အခန်းထဲရှိတဲ့ မိတ်ဆွေ နှစ်ယောက်ကို နှုတ်ဆက်ခွင့် မပေးသေးဘူး။ တံမြက်စည်း၊ ရေအိုး၊ ရေခွက်၊ စာအုပ်မှတ်တမ်းကြေးတွေနဲ့ ထောင်ဝင်စာလာရင် ကော်ဖီမစ်၊ စားသောက်စရာ၊ သကြားနဲ့ ဆေးလိပ်တွေပါ အချိုးကျ ပေးရမှာကို သဘောတူရတယ်။ ရှေ့ရေးအထိပါ ကြိုးကိုင်လိုက်တာ။ ဒီလိုမဟုတ်ရင် အခန်းထောင့်မှာ ဆီးရွက်လောက်မျက်နှာနဲ့ ထိုင်နေပေရော့။ ဒါကြောင့် ရေလာမှ ဆီလာမှာမို့ နှုတ်ကတိပေးခဲ့ရတာ။ သဒ္ဓါတရားထက် ကြီးမားတဲ့ ခန္ဓာ၊ ရက်စက်တဲ့ စိတ်ဓာတ်၊ လက်ရဲဇက်ရဲ အပြုအမူ၊ သုန်မှုန် မျက်နှာထား၊ အုပ်စုကြီးကြားမှာ အကြောက်တရား ကြီးစိုးနေလို့ပါ။ ကိုယ့်မှာ လွန်ဆန်နိုင်စွမ်းမှ မရှိတာ။ ထောင်ထဲကို ရာဇဝတ်မှုနဲ့ ပထမဆုံး စကျတုန်းကပေါ့။
ထောင်သက်တမ်း ရင့်လာတာနဲ့အမျှ ထောင်ကြောနပ်လာပြီ။ သက်သာရာ သက်သာကြောင်း ရှာဖွေလာဘ်ထိုး ရာထူးတိုးဖို့ အကြောင်းဖန်တတ်ပြီ။
''မိန်းဂျေး'' ။ မိန်းဂျေးဆိုတာက အထူးတာဝန်ယူရတဲ့၊ ထောင်ဝန်ထမ်းတွေရဲ့ ခိုင်းစေခံရတဲ့ ကျေးကျွန်တွေလို့ပဲ အဓိပ္ပာယ်ပေါက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကျွန်က အနေချောင် အစားချောင်။ ထောင်ပါးဝလာလို့ ထောင်ပိုင်၊ ထောင်မှူးကို ချဉ်းကပ်လာဘ်ထိုးပြီး မိန်းဂျေးနေရာကို အရယူတယ်။ အဆောင်တိုင်းနဲ့ ထောင်တွင်း နေရာတကာ သွားလာနိုင်တဲ့ အခွင့်အရေး ရတယ်။ အကျဉ်းအကျပ်ထဲမှာမို့ အတော်ပဲ လွတ်လပ်လှပါ့။ ဒါတင် ဘယ်ကမလဲ၊ မျိုးမျိုးမျက်မျက်လေးတွေလည်း ရှိမှ ရှိ။
အကျဉ်းသားတွေကို ထောင်ဝင်စာ လာတွေ့ရင် အဝင်အထွက်စစ်၊ တွေ့ဆုံချိန် တင်းကျပ်ထားတာ လျှော့ပေါ့ပေး၊ ပစ္စည်းသွင်းတာတွေ ကြီးကြပ်၊ အဆောင်တွင်း ဖောက်ခွဲမှု မရှိစေဖို့ လှည့်ပတ်စုံစမ်း၊ ပြင်ပက ဝယ်ချင်တာရှိရင် အကျိုးဆောင်နဲ့၊ အလုပ်ကို ဖြစ်လို့။ သိတယ်မလား၊ ရေမလာရင်တော့ ဆီဘယ်ပေးမလဲ။
ထောင်ရဲက ခေါ်ရင် 'ရှိ' ခနဲ ချက်ချင်းဖြေဖို့၊ အသံကျယ်ဖို့၊ လေသံမှန်ဖို့၊ မျက်နှာပေးကောင်းဖို့၊ အပြေးလေးသွားဖို့၊ အကြိုက်ဆောင်ဖို့ အသားကျလာတယ်။ အမည်၊ အဆောင်၊ အခန်း၊ ထောင်ဝင်နံပါတ်ပါ ထောင်ဝင်စာ ပြေစာ ဖြတ်ပိုင်းတွေယူပြီး အကျဉ်းသားတွေကို သတင်းပို့၊ ထောင်ဝတ်စုံ ဝတ်ခိုင်း၊ ပုံစံ ထိုင်ခိုင်း၊ စစ်ဆေး၊ ထောင်ဝင်စာ တွေ့ဆုံခန်း ခေါ်သွား၊ နေရာယူခိုင်း။ တွေ့ရတာ အချိန်နည်းလို့ အားမရသေးရင် ရဲနဲ့ ညှိပေး၊ သဘောတူရင် ငွေယူပြီး အချိန်တိုးပေးပေါ့။
ထောင်ဆေးခန်းက ပေးလေ့ရှိတဲ့ Peracetamol နဲ့ မလုံလောက်ဘူးလား။ ယားနာပျောက်ဆေး လိုချင်သလား၊ ကောင်းရာမွန်ရာ ဆေးမျိုးတွေ လိုချင်သလား၊ စာပါ ဖတ်ချင်သလား။ ရစေရမယ်။ အပြင်က မိသားစုဝင်တွေဆီ သတင်းရောက်စေရမယ်။ လာပို့ရင် အလွယ်တကူ ပေးသွင်းနိုင်တယ်။ ရဲနဲ့ စစ်ဆေးခန်းက ဝန်ထမ်းတွေအတွက် ဘာမှ မပူနဲ့။ သူ့ဟာနဲ့သူ အချိုးကျလေး ကသွားလိမ့်မယ်။ သိတဲ့အတိုင်း ရေစီးဖို့ပဲ။
ဒါတင်ဘယ်ကမလဲ။ အစားအသောက်ဆိုတာ အရေးကြီးမှကြီး။ အမဲသားကြော်၊ ငပိကြော်၊ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီ၊ ဘာဖြစ်ဖြစ် ပေးသာပေးလှည့်။ တခန်းဝင် တခန်းထွက်နဲ့ စစ်ရင်းဆေးရင်း အကျဉ်းသားဆီ ရောက်သွားလိမ့်မယ်။ ဒါပေမဲ့ ဖြတ်စားလာဘ်စားကို ကြည်ဖြူဖို့ လိုတယ်။ မကျေမချမ်းပုံစံ မျက်နှာရိပ် မျက်နှာကဲ မပြလေနဲ့။ နောက်တခါ အခွင့်အရေး ဝေလာဝေး။
မိန်းဂျေးတာဝန်ယူချိန် ထောင်ထဲကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ICRC ဝင်တာနဲ့ ကြုံရပါသေးရဲ့။ သူတို့လာမယ်ဆိုလို့ အခန်းတိုင်း သန့်ရှင်းရေးလုပ်၊ ဟောင်းနွမ်းအဝတ်အစားတွေကို အသစ်နဲ့ အစားထိုး၊ ပြီးတော့ ပုံစံထိုင်ပေါ့လေ။ ICRC က ထောင်အာဏာပိုင်တွေနဲ့အတူ သန့်ရှင်းရေး၊ ကျန်းမာရေး၊ အစားအသောက် စစ်သပေါ့။ မေးချင်တဲ့ အကျဉ်းသားကို ကောက်သာမေး။ အားလုံး အော်ဟစ်ပြောရလေ့ရှိတဲ့ 'အားလုံး … ကောင်းပါသည် ခင်ဗျား' ချည်းပဲ။ တချို့က မှန်တာပြောရင် ထောင်ဆရာဝန်က စိတ်ဖောက်ပြန်သူအဖြစ် ဆင်ခြေပေးပြီး လျှော်ပစ်မလား၊ နောက်ပိုင်းမှာ အခွင့်အရေးတွေ ဆုံးရှုံးမလား၊ တခုခုတော့ တခုခုပဲ။ ဒီ့ထက် ဆိုးမယ်ဆိုရင် အလုပ်ကြမ်းတမ်း ရဲဘက်စခန်းနဲ့ ဒုက္ခဆိုးရှာ စစ်ပေါ်တာ ဖြစ်ကရော့။ ဒါကြောင့် ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေရတယ်။ ၁၉၉၉ ခုနှစ်လောက်ကစပြီး ၆-၇ နှစ်လောက်ပဲ ICRC က နှစ်စဉ် လာဖူးတာ။ အခု မလာတော့ဘူး။
အစားအသောက်ရော ဘာထူးလဲ။ စိုက်ခင်းက ဟင်းသီးဟင်းရွက် သန်ပေ့ကောင်းပေ့ဆို ထောင်ပိုင်ထောင်မှူး အမှူးပြုပြီး၊ အဆင့်အလိုက် ခွဲတမ်းပေးဖို့ လက်မနှေးစေနဲ့။ ကျန်တာတွေကိုမှ ဧရာမ ဒန်အိုးကြီးထဲထည့်ပြီး တာလဘောဟင်း ချက်ပေတော့။ ဆီမပါပြားမပါ မည်ကာမတ္တ အသားဟင်းက တပတ် ၂ ခါ စားရတယ်။ ဓားခုတ် မညီတဲ့ အသားတောင် တယောက်ကို ၅ ကျပ်သားထက် မပိုစေဘူး။ (အခု ဘူးသီးတောင်ထောင်မှာ ၂ ကျပ်သားပဲ ရတော့မယ်လို့ ကြားရလို့ စိတ်မကောင်းဘူး။) ဆိုတော့ တပိဿာ၊ လူ ၂ဝ ခွဲတမ်း။ ထမင်း တပန်းကန်မှာ စပါးလုံးက လက်တဆုပ်စာ။ အဝင်ဆိုးသလား မမေးနဲ့။ ရွေးချင်သူ ရွေးစား၊ ဒါက အလုပ်ကြီးတလုပ် ဖြစ်လိမ့်မယ်။ ကောင်းပေ့ညွန့်ပေ့တွေ ချက်ပြီး တာဝန်ကျ ထောင်မှူးဆီ အစစ်ခံရတယ်။ အစားအသောက် ကောင်းကြောင်း မှတ်တမ်းတင်ရတယ်။ လာတာက အဲသလို။
ကျန်းမာရေး မကောင်းလို့ ဝန်ထမ်းရဲဘော်နဲ့ ထောင်မှူးကို အာပေါက်မတတ် တိုးလျှိုးတောင်းပန်ပြီးမှ ထောင်ဆေးခန်းဆီ လှမ်းတော်မူရတယ်။ အဆုံးမှာတော့ Peracetamol ပဲ။ ဒါတွေကြောင့် ထောင်ဝင်စာ၊ ထောင်ပြင်ပက ဆေးဝါး၊ အစားအသောက်နဲ့ ငွေကြေးက အတော်တန်ဖိုးရှိတယ်။ ခိုးဆိုးလုယက် သောင်းကျန်းရက်စက်သူလည်း လူပါပဲ။ ဒီအလုပ်လောက်ပဲ အားကိုးခဲ့သူမျိုးဆိုရင်တော့ ငွေကို ရရာရကြောင်း ချောင်းမြောင်းတော့တာပဲ။ ဆိုးသွမ်းပါပေ့၊ နည်းစုံလမ်းစုံ ကမ်းကုန်ပါပဲ။ လှုပ်သာလှည့်သာဖို့ ရတဲ့နည်းနဲ့ လာဘ်ထိုးလား ထိုးရရဲ့၊ ဖော်လံဖားလား ဖားရရဲ့။ အပိဆုံး အပြားဆုံး အကျဉ်းသားတွေအတွက် ထောင်ဟာ ငရဲတကာ့ ငရဲအကြီးစား။
အခွင့်ထူးခံတွေလည်း ရှိတာပါပဲ။ သူတို့ကို ထောင်ထဲမှာ သက်တောင့်သက်သာ ထားရတယ်။ ထောင်ထဲမှာပါ အပြစ်မရှိ အပြစ်ရှာခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဒါမျိုးမနေရဘူး။ ရာဇဝတ်သားလိုပဲ နေရတာ။ အခုတော့ ငါးဖယ်က ပြောင်းပြန်။ ကိုယ်လိုသူလို ရာဇဝတ်သားကို အထက်အာဏာပိုင်တွေက ပစားပေးထားတာ။ တကယ့်ကို 'ဘုရားက အောက်၊ မျောက်က အထက်'။ စစ်အာဏာပိုင်တွေနဲ့ ပေါက်ရောက်ဝင်ဆံ့ရင်၊ ချမ်းသာရင်၊ ပေးကမ်းနိုင်ရင် အဆင်ကို ပြေလို့။ အကျဉ်းသားချင်း မတူရေးချ မတူ။ ရဲတို့၊ တန်းစီးတို့တောင် မတို့ရဲ မထိရဲဘူး။ ထောင်စည်းဝိုင်းရဲ့ အတွင်းနဲ့ အပြင်ကို ဖန်ခုန်တမ်းကစားသလို တံခါးမရှိ၊ ဓားမရှိ ဝင်လိုက် ထွက်လိုက်။
'အရေးပါ အရာရောက်ပြီဟေ့' ဆိုရင် လက်ထဲက ငွေပဒေသာပင်ဟာ လှိမ့်သီးလာတာ။ ဒါကြောင့် ပြန်လွတ်မှာ စိုးရိမ်သူ၊ ထောင်မှာ ငွေရှာပြီး အိမ်ပြန်ပို့သူ၊ ရာဇဝတ်မှုလေးတွေ ထပ်လုပ်ပြီး ထောင်ထဲ ထပ်တလဲလဲ ပြန်ဝင်သူ၊ အဲသလို ထောင်ပျော်တွေ မျိုးစုံရှိတယ်။ ဝင်ငွေကောင်းမယ့် နေရာရဖို့ ကြံရဖန်ရ၊ ညစ်ပတ်ရ၊ ရက်စက်ရနဲ့မို့ ထောင်ဆိုတာ လူဆိုးကို လူကောင်းဖြစ်ဖို့ သဘောတရားနဲ့ လက်တွေ့ မပါတဲ့ နေရာ။ မလွတ်မလပ်နဲ့၊ ကျပ်တည်းကျဉ်းမြောင်းတာ မနှစ်သက်လို့ အများက နောက်တခါ ထောင်မလာချင်တာ။ ဒါပေမဲ့ လက်တွေ့မှာ ဆိုးသွမ်းဖို့အရေး ဝန်မလေးဘူး။ လူနည်းစုကို ပြောပါတယ်။ အများစုက ထောင်အတတ်တွေကို အပြင်မှာ မကျင့်သုံးဘူးလို့ ယုံပါရဲ့။
အခွင့်အရေးနဲ့ ငွေကြေး ရတက်မအေးတဲ့ ထောင်ပြင်ပ ဘဝဥခွံလေးမှာပါ အသာစီး ရရေး၊ အထက်စီး ရောက်ရေး အတွေးတွေ ပေါက်လာတယ်။ အဲဒီအတွက် ဆန္ဒအားကြီးလာတယ်။ ရိုးရိုးဖြောင့်ဖြောင့်သွားဖို့က လက်လှမ်းမမီ။ မကောင်းလိုက်တဲ့ မကောင်း။ ထောင်ထဲက သင်လာတဲ့ ပညာတွေကို မကျင့်သုံးမိဖို့ သတိသာ ထားပေတော့။ လူ့ပတ်ဝန်းကျင်ကို ကောင်းမွန်သန့်စင်ဖို့အရေး ဖာထေးရှင်းလင်းပေးလိုတဲ့ စေတနာ ပရပွသာ ထောင်ထဲမှာ စနစ်တကျ ရှိနေမယ်ဆိုရင် လူသာဓုခေါ်၊ နတ်သာဓုခေါ်ပေါ့။ တကယ့်ကို ခေါ်ချင်စမ်းပါရဲ့ သာဓု သုံးခွန်း …။
(တွေ့ဆုံမေးမြန်းခွင့်နှင့် စာမူရေးသားခွင့် ပေးသဖြင့် ကာယကံရှင် ကိုယောဟန်ကို ကျေးဇူးတင်ပါသည်။ မြန်မာပြည်တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်နှစ်ခါ ထပ်ကျခဲ့သလို၊ စင်္ကာပူတွင် ရက်လွန်နေထိုင်သဖြင့် အကျဉ်းကျခဲ့ဖူးသူ ဖြစ်သောကြောင့် သူ့ကို တင်စားခေါ်ဝေါ်သည့်အနေဖြင့် ဆောင်းပါးခေါင်းစဉ်ကို '၄ ကျောင်းထွက်' ဟု အမည်ပေးပါသည်။ အကျဉ်းမျှ တင်ပြခြင်းသာ ဖြစ်ပါသည်။)
(အင်းစိန်ထောင်၌ အကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များက ခွဲခြားဖိနှိပ်မှုများ ရှိနေသဖြင့် အကျဉ်းသား အခွင့်အရေးနှင့် တရားမျှတရေးအတွက် နိုင်ငံရေးအကျဉ်းသား ကိုညီညီအောင် လက်တလော အစာငတ်ခံ ဆန္ဒပြနေချိန်နှင့် ယနေ့ ကျရောက်သည့် ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ယခု ဆောင်းပါးကို ရေးသားရပါသည်။ - ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် -)

Thursday, November 26, 2009
စုန်လိုက် ဒဿန၏ အန္တာရယ်
[8888peoplepower] အီးမေးလ်အုပ်စုမှ ကူးယူရရှိဖေါ်ပြပါသည်။
The voice 6-2, November 16.22, 2009 မှာပါတဲ့ ဆရာမောင်စူးစမ်းရဲ့  ဆောင်းပါးတို လေးကိုဖတ်ရပါတယ်၊ ဆရာ့ကိုစိတ်ဝင်စားသူတယောက်လည်း ဖြစ်နေလို့ပါ၊ မ.ဆ.လ ခေတ်မှာ ဘောဂဗေဒ ဘာသာရပ်ကို စပြီးသင်ယူခဲ့စဉ်ကပင် ဆရာမောင်စူးစမ်း ဆိုတဲ့ အမည်နဲ့ ရင်းနှီးပြီး သားဖြစ်ခဲ့ပါတယ်၊ အစွန်းထွက်တန်ဘိုးတို့၊ ကုန်ထုတ်စွမ်းအား ကုန်ထုတ်ဆက် ဆံရေး ဆိုတဲ့ ဝေဟာရတွေကို ကြားလိုက်ရင်ပဲ မောင်စူးစမ်းဆိုတဲ့ အမည်နာမကို ပြေးပြီး မြင်မိပါတော့တယ်။ ဆရာသည် ဆိုရှယ်လစ်ဘောဂဗေဒဘာသာရပ်မှာတော့ ပါရဂူတဦးပါပဲ၊ ဒါကြောင့်လည်း မ.ဆ.လ ခေတ်တခေတ်လုံးဆရာရဲ့ စာတွေ ဆရာ့ ရဲ့ ဆိုရှယ်လစ်စီးပွါးရေး သဘောတရားတွေကို ကျောင်း သားတွေ လေ့လာမှတ်သားခဲ့ကြရပါတယ်။
ဆရာသည် တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီက ဗဟိုလ်ကော်မတီတဦး ဖြစ်ခဲ့ဘူးတယ်လို့ လည်းသိခဲ့ရပါတယ်၊ ဗ.က.ပ ရဲ့ မူဝါဒလမ်းစဉ်အပေါ်မှာ သဘောထားကွဲလွဲလို့လား၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ အမြင်မကြည်လင်လို့လား ဆိုတာတော့ မသိပါ။ ဗ.က.ပ က ထွက်ပြီး မ.ဆ.လ ကို ကူးပြောင်း လိုက်တာကိုတော့ သိပါတယ်၊ ဒါကြောင့် ဗ.က.ပ ၊ မ.ဆ.လ တို့နဲ့ ပါတ်သတ်ပြီး သဘောတရားရော လက်တွေ့ပါ ကျွမ်းကျင်နေပြီဖြစ်တဲ့ ဝါရင့် ဆရာ ကြီး ဖြစ်လို့လည်း လေးစားမိပါ တယ်။
ဒီဘက်ခေတ်ရောက်တော့လည်း ဆရာသည် နိုင်ငံရေးကို အစွဲအလမ်းကြီးတဲ့ နိုင်ငံရေး သမားကြီးတယောက်ဖြစ်နေသလား တော့ မပြောတက်ပါ၊ အင်အယ်ဒီမှာ လူကြီးတယောက် ဖြစ်နေ တာကိုလည်း တွေ့ရပြန်ပါတယ်၊ အခု ဆရာသည် အင်အယ်ဒီနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိမရှိဆို တာ မသိပါ၊ န.အ.ဖ စစ်အစိုးရလက်ထက်မှာ တရားဝင်ထုတ်ဝေနေတဲ့ စာစောင်တွေ၊ ဂျာနယ် တွေ ထဲမှာတော့ ဆရာ့စာတွေကို ဆက်လက်ပြီးတွေ့နေရပြန်ပါပြီ၊ ကမ္ဘာ့စီးပွါးရေး ပြောင်းလဲဖြစ်ပေါ်မှု့ တွေနဲ့ ပါတ်သက်ပြီး အတွေးအခေါ်ရှု့ဒေါင့်၊ ဘောဂဗေဒရှု့ဒေါင့်တို့မှ ဆရာ့ရေးသားတင်ပြချက် တွေကိုလည်း ယနေ့ အထိ ကျနော်တို့ တန်ဖိုးထား လေ့လာနေရတုံးပါ၊ ဆရာ့ကို ဆိုရှယ်လစ် စီးပွါးရေး ဘောဂဗေဒပညာရှင်ကြီးတဦး အနေနဲ့ လေးစားလျှက်ပါ၊ ဒါပေမယ့် ကျနော့်လို သာမန်စာ ဖတ်တတ်သူတဦးအနေနဲ့ ဆရာ့စာရေးပုံရေးနည်းတွေ၊ စကားလုံးအသုံးအနှုန်းတွေနဲ့၊ မြန်မာမှု့ပြု ထားတဲ့ ဝေါဟာရတွေက ခက် လွန်း နက်လွန်းလို့ နားမလည်တာတွေများတဲ့ အတွက် ကိုယ့်ရဲ့ ညံ့ဖျင်းမှုကိုပဲ အပြစ်တင်မိနေပါ တော့ တယ်၊ ဆရာသည် မြန်မာစာရေးတဲ့ နေရာမှာ ဆရာတော် သျှင်ဥက္ကဌ ကဲ့သို့ပင် ပညာရှင်ပီပီသသ နက်ရှိုင်းစွာရေးနှိုင်တဲ့အတွက် လေးစားရပါသေးတယ်၊ နားမလည်တာကတော့ စာဖတ်သူတွေရဲ့ ညံ့ဖျင်းမှုပါပဲ။
ဆရာရဲ့ နိုင်ငံရေးသမားခံယူမှု့ မခံယူမှု့နဲ့ ပါတ်သတ်ပြီး ဆရာ့စာကိုလည်း ဖတ်မိဘူးပါတယ်၊ဒါက ဆရာ့အပိုင်းပါ၊ သို့သော် ဆရာ ရေးတဲ့ ဒီမိုကရေစီ သည် အထက်ကလာမည် ဆိုတာမျိုး၊ ရွေးကောက်ပွဲနှင့် မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတွေ ကိုဖတ်ရပြန်တော့လည်း ဆရာ သည် နိုင်ငံ ရေးနယ်ထဲမှ နိမိတ်ပုံဆောင် ဆရာကြီးတဦးဖြစ်နေပါသေးလားလို့ နားလည်မိပြန်ပါ တယ်။ ဒီမိုကရေစီသည် အထက်ကပဲလာမည်လို့ ဆရာရေး တုံးက လည်း ကျနော်က ဒီမိုကရေစီ သည် ဒီမိုကရေစီရှိတဲ့ နေရာ ကပဲလာနှိုင်တယ်လို့ ပြန်ပြီးရေးခဲ့ဘူးပါတယ်။ အခုလည်း ရွေးကောက် ပွဲနှင့် မဟာဗျူဟာ မြောက်ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတမ်း ကို ဖတ်ရပြန်ပါပြီ၊ အဲဒီ့အထဲက နိုင်ငံရေးနှင့် ဒီပလိုမေစီ ”ခေါင်းတွဲနှင့်နောက်တွဲ” ဆိုတာတွေကို ကြိုက်ပါတယ်၊ ဘဝင်မကျတာ က ”မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီ၊ ပေါ် မည့် မြန်မာ့ နိုင်ငံရေး ပုံသဏ္ဍန်သည် (လမ်းညွန်ဒီမိုကရေစီ)တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့် လွှတ်တော်) တို့က အဆုံးအဖြတ်ပေးသော ကဏ္ဍဖြစ် တည် လာ မည်” ဆိုသည့် ဆရာ့ဟောကိန်းဖြစ်ပါတယ်။
ဆရာမောင်စူးစမ်းက မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီလို့ဆိုလိုက် တော့ ကျနော်လည်း ဘယ်လိုနားလည် ရမှန်းမသိတော့ပါဘူး။ ကမ္ဘာကြီးမှာ မည်သည့် လူ့အဖွဲ့အစည်းမှာ မဆို အိုင်ဒီအိုလိုဂျီကဏ္ဍ ကုန်ဆုံးတယ်လို့ ရှိဘူးပါသလား၊ ဆရာပြောသလိုဆိုရင် ဗမာပြည်မှာတွေးခေါ်ပညာရှင်တွေ မပေါ် ပေါက်နှိုင်တော့ဘူးလား၊ မိမိကိုယ်စားပြုနေတဲ့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း တိုးတက် ဖြစ်ထွန်းရေး အတွက် တွေးခေါ်မျှော်မြင်စဉ်း စားဖို့ မလိုအပ်တော့ဘူးလား၊ လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ် ခွင့်နဲ့ လွတ်လပ်စွာ ဖေါ်ထုတ် ခွင့်ဆိုတာ မရှိရတော့ဘူးလား၊ ကမ္ဘာ့ဒဿန ပညာသမိုင်းမှာ ဆော့ခရစ်တီး၊ ပလေတို၊ အရစ္စတိုတယ်၊ ဟေဂယ် တို့မှအစ ဒါဝင်၊ ဖေါရီးယား၊ စိန့်ဆိုင် မွန်၊ ကား(လ်)မာ့က်(စ်)၊ နစ်ရှေးတို့အပါအဝင် ယ္ခုခေတ်အော်စကာ အီကာစိုတို့အထိ လွတ်လပ်စွာ ပေါ်ထွန်း လာခဲ့ကြတဲ့ အိုင်ဒီ လို ဂျစ်ကြီး တွေပင် မဟုတ်ပါလား၊ ဆရာ့အပြောအရဆိုရင် အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ အိုင်ဒီအိုလိုဂျီကဏ္ဍသည် န.အ.ဖ က စိတ်တိုင်းကျရွေးကောက်ပွဲမှ ဖြစ်ပေါ်လာ မည့် (တပ်မတော်နှင့် လွှတ်တော်)ကသာ ပေါ်ပေါက်လာရမည်၊ အခြားမည်သည့် နေရာကမှ ဖြစ်ထွန်းခွင့် မရှိလို့ဖြစ် နေပါရော့လား၊ ဆရာက ဦးနှောက် မဲ့ မြန်မာ့လူ့အဖွဲ့အစည်း အဖြစ်ပုံဖေါ်ချင် ဟန် ရှိနေ ပါပေါ့လား။
မြန်မာ့နိုင်ငံရေးအနာဂတ်မှာ သမိုင်းကဏ္ဍလည်းကုန်ဆုံးပြီလို့ ဆရာကဆိုပြန်ပါတယ်၊ ဘယ်သမိုင်းကဏ္ဍကို ဆရာကဆို လို တာလဲ၊ ကွန်မြူနစ်သမိုင်း နိဂုံးချုပ်ချိန်ဆိုတာ နဲ့တော့ ရောပြီး မပြောသင့်ပါဘူး၊ လူ့သမိုင်းကဏ္ဍဆိုတာ လူတွေနဲ့မကိုက်ညီ တော့လို့ ချုပ်ဆုံးမှု့တွေရှိကြပေမယ့် လူတွေနဲ့ ကိုက် ညီမယ့် သမိုင်းကဏ္ဍသစ်တွေက ပေါ်လာရစမြဲပါ၊ အဟောင်းအဟောင်း တွေကို ပြုပြင်ရင်း အသစ်အသစ်တွေကို ဖန်တီးနေကြတဲ့ ဖြစ်စဉ်သည်ပင်လျှင် သမိုင်းမဟုတ်ပါလား။ မြန်မာနိုင်ငံမှာလည်း မြန်မာ့လူအဖွဲ့အစည်းနဲ့ ကိုက်ညီမယ့် သမိုင်းကိုမြန်မာတွေ ဖန်တီးနေကြမှာပါ၊ စစ်တပ်ကဦးစီးထားတဲ့ လွှတ်တော်ကသာ မြန်မာ့သမိုင်းကို ဖန်တီးခွင့်ရှိတယ် လို့တော့ မြန်မာ့ သမိုင်းကို စစ်တပ်ထံ ”ဝ” ကွက်မအပ်သင့်ပါဘူး။
နောက်တချက်က မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍလည်း ကုန်ဆုံးသွားပြီလား၊ခေတ်ဟောင်းက အယူအဆအတိုင်း နိုင်သူက သမိုင်းဝင်၊ရှုံးသူက သမိုင်း ကျဉ်ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး၊ လူ့သမိုင်းမှာရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ လူသားအကျိုး အတွက် အမှန်တရားဘက်မှ ရပ်တန့် ခဲ့သူတွေရဲ့ သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမည် မဟုတ်ပါဘူး၊ တို့တောင်းတဲ့ ကာလလေး တခုကို ကြည့်ပြီး မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍသည် ကုန် ဆုံးသွားပြီ ဆိုတဲ့ ကောက်ချက် ကတော့ ရိုင်းလွန်း တယ်လို့ ထင်ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်ကျော် ဒီမိုကရေစီ ခေါင်းဆောင်ကြီးများရဲ့ ကဏ္ဍသည် အကြောင်းမမည် အရာမ ရောက် ဘဲ ရပ်တန်းက ရပ်သွားပြီ၊ စစ်တပ်က ဖန်တီးမယ့် လမ်းစဉ်အတိုင်းလိုက်ဖို့သာ ဖြစ်တော့သည်လို့ ဆရာက မှတ်ချက်ချ လိုက်တာပဲ၊ ခေါင်းဆောင် ဆိုတာ လည်း လူတွေပါပဲ၊ လူတွေ့သည် ကိုယ့်သမိုင်းကို ကိုယ်ရေး နေကြတာပါ၊ အတွေးအခေါ်၊ အယူ အဆ၊ လမ်းစဉ်တွေ နဲ့ အတူ သမိုင်းမှတ်ချက်တွေ အပေးခံ နေကြရတာပါ။ အခန်းကဏ္ဍသည် ပြီးဆုံးသွားသည်ဟု မရှိ ခဲ့ပါဘူး။
ဆရာမောင်စူးစမ်းသည်ပင်လျှင် ဗ.က.ပ ဗဟိုလ်ကော်မီတီအခန်းကဏ္ဍမှ မ.ဆ.လ ပါတီကို အလုပ်အကျွေးပြုခဲ့သူ ဖြစ်ခဲ့တယ်၊ ပြီးတော့ အင်အယ်ဒီ ဗဟိုလ်မှာ ဆရာ့ကိုတွေ့ရပြန်တယ်၊ ဟောအခု န.အ.ဖ ခေတ် စာရေးဆရာကြီး ဖြစ်နေပြန်ပါတယ်၊ ဆရာ့ကဏ္ဍတွေက အပြောင်းအလဲ တွေပဲမဟုတ် ပါလား ပြီးဆုံးသွားးခြင်း၊ ကုန်ဆုံးသွားခြင်းမျိုးတော့ ဆရာ မသေမခြင်း မဖြစ်တန်ရာပါ ဘူး၊ ထို့နည်းအတူပဲပေါ့ မဟာခေါင်းဆောင်ကြီးတွေရဲ့ ကဏ္ဍ သည် သူတို့လှုပ်ရှားနေသ၍ ပြီးဆုံး မသွားပါဘူး။
ပေါ်မည့်မြန်မာ့နိုင်ငံရေး ပုံသဏ္ဍာန်သည် (တပ်မတော်နှင့်လွှတ်တော်) တို့က အဆုံးအဖြတ် ပေးသော ကဏ္ဍဖြစ်တည်လာ မည်လို့ ဆရာကဟောကိန်း ထုတ်လိုက်တယ်၊ ဒါတွေကတော့ ဆရာပြောမှချည်းမဟုတ်ပါဘူး၊
အရပ်ထဲမှာလည်းပြောနေကြတာပါပဲ၊ ပြည်တွင်းရောပြည်ပမှာပါ အတိုက်အခံတွေရဲ့ လှုပ်ရှားမှု့တွေက န.အ.ဖ ကိုထိထိရောက် ရောက် မသက်ရောက်ခဲ့သေးဘူး ဆိုတာ လူတိုင်းသိနေကြတာပါပဲ၊ ၉၀ ခုနှစ်က တရားဝင်ရွေးကောက်ပွဲ (ကမ္ဘာကလည်း အသိ အမှတ်ပြု) မှာ တရားဝင်အနိုင်ရရှိခဲ့တဲ့ အင်အယ်ဒီပါတီကို အာဏာမလွှဲ၊ အသိမအမှတ်တောင် မပြုပဲ နှိပ်ကွတ်နေခဲ့တာ ဘယ် သူ က ဘာများတက်နှိုင်ကြလို့လဲ၊ ပြည်တွင်းကလည်း မတက်နှိုင် ပြည်ပကလည်း မကူညီနဲ့ ရေစုံမျောခဲ့ရတဲ့အခြေအနေကို အတိုက်အခံတွေဘက်က လည်း ဘာမှ မလုပ်နိုင်ဘူးဆိုတော့ န.အ.ဖ ကခင်းတဲ့လမ်းကို လျှောက်ဖို့မှ အပ အခြားမရှိဘူးဆိုတဲ့ အဖြေကို ဆိုက်နေပြီဆိုတာကတော့ လူတိုင်း တွေ့မြင်နေရတဲ့ အချက်ပါ၊ ဆရာကဟောကိန်းထုတ်မှ မဟုတ်ပါ ဘူး။ မြန်မာ့အခြေအနေသည် အင်ဒိုနီးရှားတို့လို ထိုင်းတို့လို စစ်အာဏာရှင်စံနစ်မှ ဒီမိုကရေစီသို့ တဖြည်းဖြည်းပြောင်း သွားအောင် ပင် မနည်းလုပ်ယူကြရအုံးမှာပါ။
မြန်မာ့အရေးနဲ့ အမြဲလိုလိုပတ်သက်နေသည့် အမေရိကန်ပင်လျှင် နှစ်ပေါင်းနှစ်ဆယ် လောက် ဆက်စပ်ခဲ့အပြီးမှာ စစ်အစိုးရ ကိုပဲ ပြန်လည်အာရုံကျ လာတယ်ဆိုတာ သိသာပါတယ်၊ စစ်အေးတိုက်ပွဲက ကမ္ဘာမှာပြီးသွားတယ်ဆိုပေမယ့် မြန်မာပြည်မှာက မပြီးသေးပါ၊ ဘယ်တော့မှ ပြီးမလဲဆိုတာလည်း မသိနှိုင်သေးပါ၊ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်အနေနဲ့ သူနဲ့ အကျိုးတူ ရပ်တည်မယ့် အစိုးရမျိုးဖြစ်စေချင်မှာပဲ ဆိုတာလည်း ထည့်တွက်ကြရမှာပါ၊ အကျိုးဆက်တွေ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း လျှောလျှောလျူလျူ ဖြစ်သွား နှိုင်ပါတယ်၊ ဆရာပြောတဲ့ စစ်အစိုးရဦးစီး တဲ့ လွှတ်တော်သည်လည်း ရုပ်ပြောင်းပွိုင့်တခုဖြစ်မယ် ဆိုတာ သေချာသလောက်ရှိနေပါတယ်။
သို့သော် ဒီလိုမျိုးအခြေအနေတွေ ဖြစ်ပေါ်လာအောင် တွေးခေါ်မှု့သဘောတရားတွေက ဦးဆောင်နေခဲ့ပါတယ်၊ အဲဒီအတွေး အခေါ်တွေသည် အမြဲ ထာ ဝရ တရားသေကျ မနေနှိုင်ပါဘူး၊ အတွေးအခေါ်အသစ်တွေ ရှိနေကြပြီ၊ ပေါ်ပေါက်ဆဲ၊ ပေါ်ပေါက် လာကြဦးမည်ဆိုတာ ဓမ္မတာပါ၊ ဆရာပြောသလို အိုင်ဒီအိုလိုဂျီသည် ဘယ်တော့မှမပြီးဆုံးပါ။ မျိုးဆက်သစ်တို့ရဲ့ အိုင်ဒီအိုလိုဂျီ လမ်းသစ် တွေကို ဖေါက်ကြဖို့ တိုက်တွန်းသင့်ပါတယ်၊ လမ်းညွှန်သင့်ပါတယ်၊ ဖြစ်တည်မှု့ရေစီး ကြောင်း အတိုင်း စုန်လိုက်ခိုင်း ပြီး ရေမနစ်အောင် ရေကူးနေကြဖို့ ပြောနိုင်တာလောက်တော့ လူတိုင်းပေါ့လို့ ပြောကြားရင်း။…။
ကျေးဇူးတင်ပါတယ် ဆရာမောင်စူးစမ်းခင်ဗျား။…။
ဦးဖိုးသာအောင်--၂၃၊ ၁၁၊ ၀၉။

Thursday, September 24, 2009
မိုးဝေမဂ္ဂဇင်း သံကြိုးကွင်းဆက်များ
မိုးဝေမဂ္ဂဇင်း သံကြိုးကွင်းဆက်များ
တလောက ဒီဗွီဘီ ရုပ်မြင်သံကြားအစီအစဉ်မှ ပြည်တွင်းသတင်းတပုဒ်တွင် စာရေးဆရာကြီး (ဦး) နတ်နွယ် လူကြီးရောဂါဖြင့် ကျန်းမာရေးဆိုးဝါးနေသည့်အတွက် ဆေးရုံတက်ကုသမှု ခံယူနေကြောင်း သတင်းကို ထုတ်လွှင့်သွားတာ ကြည့်ရှုလိုက်ရပါသည်။ ဆရာ့အား တက်ကြွရွှင်လန်းစွာ အားပေးစကား ပြောကြားနေသော မကြာသေးမီကာလကမှ အကျဉ်းရဲတိုက်မှ လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေအဖွဲ့ ချုပ် အတွင်းရေးမှူး သတင်းစာဆရာ၊ စာရေးဆရာကြီး ဦးဝင်းတင်ကိုလည်း တွေ့ မြင်လိုက် ရသည်။
ကျနော့်စိတ်တွင် တခုခုကို ခံစားရမိ၏။ စိုးရိမ်ပူပန်စိတ်လည်း ကြောင့်ကြောင့်ကြကြ ဖြစ်မိသည်အမှန်။ ဆရာ့အသက်ပင် လာမည့် ဖေဖော်ဝါရီလ ဆိုလျှင် ၇၇ နှစ်ပင် ပြည့်တော့မှာကို။ ဆရာက ၁၉၃၃ ခု ဖေဖော်ဝါရီ ၁ ရက် ဖွား။ ဆရာ့အသက်ကို တွက်ဆမိရင်းမှ စိုးရိမ်စိတ်က ပိုပြီး စိုးမိုးထိတ်လန့် မိပြန်သည်။ မြန်မာ စာပေနယ်၊ နိုင်ငံရေးနယ်ပယ်များက ထင်ရှားတဲ့ စာရေးဆရာကြီး စာရေးဆရာမကြီးများ၊ ခေါင်းဆောင် ကြီးများကို လက်ချိုးရေတွက်နေမိ၏။ အထူးသဖြင့် ဆရာ့၏တွဲလက်ဖော်များ ဖြစ်သည့် ဆရာမြသန်းတင့်၊ ဆရာကျော်အောင်၊ ဆရာမောင်နေ၀င်း (နေရီရီ)၊ ဆရာမင်းကျော်တို့ မှာ မြန်မာစာပေနယ်အတွက် ကြီးမား သော ဆုံးရှုံးမှုများအဖြစ် ဆုံးပါးကွယ်လွန်သွားကြပြီမဟုတ်လား။ နတ်နွယ်ဟု ဆိုလိုက်လျှင် “မြန်မာပြည် မြောက်ပိုင်း” ဟူသော အမှတ်အသားတခုက မြန်မာစာပေနယ်တွင် ထူစိုက်ထားခဲ့ပြီး ၀ိသေသဖြစ်နေသည်မှာ ခိုင်ခိုင်မာမာ မဟုတ်လား။
ထိုနေ့ က မိုးဝေမဂ္ဂဇင်း (၁၉၈၀-၉၀) ကာလများးကို ပြန်ပြောင်းအောက်မေ့နေမိသည်။ ၃၄ လမ်း၊ ၃၃ လမ်း မိုးဝေမဂ္ဂဇင်းတိုက်၊ အယ်ဒီတာများ။ စာရေးဆရာများ၊ ရေးဖော်ရေးဖက်များ၊ ရွှေကြည်အေးလက်ဘက် ရည်ဆိုင်၊ စာပေလောကပုံနှိပ်တိုက်၊ နဂါးနီထမင်းဆိုင်၊ ဘင်္ဂလီစုရှိ ၀င်းရွှေစင်ပုံနှိပ်တိုက်၊ ညနေရီ ဗိုလ်တ ထောင် ၄၂ လမ်း၊ ၅၂ လမ်းနှင့် ပုဇွန်တောင် ရေကျော်လမ်းမများ။ နှောင်းအတိတ် မိုးဝေဂီတသံစဉ်များက တလက်လက် လွင့်ပျံလာသလား ထင်မှတ်ခံစားရမိသလိုပါပဲ။
ကျနော် နိဒါန်းချီနေသည့် အကြောင်းမှာ ဆရာနတ်နွယ် ရေးသားသကဲ့သို့ “မိမိနှင့် စာရေးဆရာများ”၊ “တောအကြောင်းတောင်အကြောင်း”၊ သို့ တည်းမဟုတ် စာရေးဆရာ အယ်ဒီတာချုပ်တဦးဖြစ်သည့် ဆရာ့ အကြောင်း အတ္ထုပ္ပတ္တိအကျဉ်းမျိုးမဟုတ်ပါ။ အလားတူစွာပင် ကျနော်၏ စာပေသမိုင်း ဖြတ်သန်းမှုပုံရိပ်များကို ဖွဲ့ သီရန် ပလ္လင်ခံနေခြင်းလည်း မဟုတ်ပါချေ။ အညာမြေလတ် ဧရာဝတီအနောက်ဘက်ကမ်းက သာမန်စာပေ ၀ါသနာရှင်လူငယ်တဦးအား ကဗျာဆရာမောင်လွမ်းဏီအဖြစ် မွေးဖွားသန့် စင်ပေးခဲ့သည့် စာပေဖခင်တဦးသို့  စကားကြွေး သမိုင်းကြွေးဆပ်လိုရင်းအကြောင်းပါ။
ကျနော် ၁၊ ၈၀ ဖြင့် နရသိန် ဘ၀တက္ကသိုလ် (၁၉၇၅ - ၁၉၇၉) မှ အမေ့အိမ်ကို ပြန်ရောက်ပါသည်။ ကျောင်းလည်းဆက်မတက်ဖြစ်တော့ပါ။ မိခင်ကြီးက ကျနော်လုပ်ချင်သည့် စာအုပ်ဆိုင်လေးလုပ်ဖို့  ငွေစ ကြေးစလေး အနည်းအကျဉ်း ထုတ်ပေးပါသည်။ ကျနော့်မိဘများက ကြွယ်ဝသူများမဟုတ်ပါ။ မဆင်းရဲသော် လည်းနွမ်းပါးသူများပါ။ သာမန်လက်လုပ်လက်စား လူတန်းစားမျိုးပါ။ စာအုပ်ဆိုင်လေးမှာထိုင်ရင်း နရသိန်မှာ လေ့လာအားထုတ် ရုန်းကန်ပျိုးထောင်ခဲ့ရသည့် ကဗျာမျိုးစေ့လေးများကို ကျနော့် “ကျော်ကျော် စာပေ” စာအုပ်ဆိုင်နံရံများနှင့် ၀ါးကြမ်းခင်းပေါ်မှာ နေ့ တဓူဝ ကျဲပက်ရင်း ကဗျာမှော်ရုံတောကို ရှာဖွေတူးဆွနေမိခဲ့ သည်။ မိုးဝေသို့  အင်တိုက်အားတိုက် ကဗျာတွေရေးသားပေးပို့ နိုင်အောင် စေ့စော်လှုပ်ခတ်ပေးသူမှာ ကျနော့် ငယ်ပေါင်းကြီး စာပေဂျာနယ် ကဗျာဆရာ ဗဟိန်းအောင် (ကွယ်လွန်) ပါ။ သူ၏ စာပေကျေးဇူးကိုလည်း ဘယ်သောအခါကမှ မမေ့မလျော့ခဲ့ပါ။ ဆိုရလျှင် ပြီးပါပြီစာတန်းထိုးတော့ ကျနော့် စာအုပ်ဆိုင်လေးမှာ ကြွေး လည်ပင်းနစ်ခဲ့သည်။ ဆိုင်ပြုတ်သွားခဲ့သည်ဟု ပြောရပါမည်။ ဤအရှုံးထဲမှ အမြတ်မှာ ဆရာနတ် နှင့် ဆရာမောင်သွေးသစ်တို့  ပြန်လည်တာဝန်ယူ ကိုင်တွယ်သည့် မိုးဝေ မဂ္ဂဇင်းတွင် ကျနော့်ကဗျာလေးဖြစ်သည့် “ရွှေစက်တော်နွေ” ကဗျာလေးကို ၈၂ ဖေဖော်ဝါရီလတွင် ရွေးစာရင်း ဖော်ပြပါရှိခဲ့ခြင်းပင်ဖြစ်ပါသည်။ ဤနေရာ၌ ကျနော် ဖြည့်စွက်ပြောဆိုချင်တာရှိပါ၏။ ဤစာတွင် “စုံထောက် မဂ္ဂဇင်းမှ မိုးဝေမဂ္ဂဇင်းသို့  အမည်ပြောင်းလဲခဲ့သည့် (၁၉၆၈) မှ ဆရာနတ်နွယ် ဦးစီးပဲ့နင်းခဲ့သည့် (၁၉၆၉ - ၁၉၇၅) မိုးဝေမဂ္ဂဇင်း အကြောင်း၊ ဆရာညိုသစ်၊ ဆရာသန်းအုန်း ဦးဆောင်မောင်းနှင်ခဲ့သည့် (၁၉၇၆ - ၇၉) မိုးဝေအကြောင်း၊ ဆရာနတ်၊ ဆရာကိုသွေးသစ်၊ ဆရာမြင့်မောင်မောင်၊ ဆရာလွင်စမ်းယဉ်၊ ဆရာတင်ဆွေမိုး၊ ဆရာ ကောက်နွယ် (ကနောင်)၊ ကိုမျိုးဝင်း (မဟာနန္ဒာ)၊ ကိုသိန်းဦး (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အုတ်တွင်း အမတ် စသူတို့ ၏ (၁၉၈၀ -၈၉) အဆက်ဆက် မိုးဝေမဂ္ဂဇင်း မုန်တိုင်းထန် ရေဆန်လေဆန် ဖြတ်သန်းခဲ့ သည်များကို အလျင်းသင့်လျှင် ဆက်လက်ရေးသားသွားလိုပါသေးသည်။ ထို့ ပြင် မိုးဝေ ကဗျာခေတ် ရှိမရှိ ဆိုသည့် ယနေ့ တိုင် အငြင်းပွားနေသည့် စာပေရှူခင်းများကိုလည်း သုတေသန၊ မှတ်တမ်းမှတ်ရာ ရှိသင့် သည့် အချိန်ကာလကိုလည်း ရောက်ရှိပြီဟု ယူဆမိပါသည်။ သီမှီလိုက်သည့် အယ်ဒီတာများ၊ စာရေးဆရာ များ၊ ကဗျာဆရာများ ပြည့်စုံအောင် ရေးကြရန်ကိုလည်း တိုက်တွန်းလိုပါ၏။ သို့ သော် အထက်တွင် ကျနော် ဆိုညွှန်းခဲ့ သကဲ့သို့  မိုးဝေ စာပေမဂ္ဂဇင်းသမိုင်းကို ခဏ တေးမှတ်ထားကြရအောင်ပါ။
ရွေးချယ်ထားသည့် “ရွှေစက်တော်နွေ” ကဗျာက ၈၂ ဇူလိုင်ထုတ်တွင် အတွင်းကဗျာအဖြစ် ဖော်ပြ ပါရှိခဲ့သည်။ ကျနော်၏ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ကဗျာဖြစ်ပါ၏။ ကျနော်နှင့်အတူ ဆရာလှသန်း၊ ဆရာကွန်စစ်ကောင်း၊ ကျန်ကဗျာဆရာတဦးကိုမူ မမှတ်မိတော့ပါ၊ ဆရာလှသန်းမှာ “ဒီပင်္ကရ” ကဗျာရေးသည့် ဆရာကြည်မောင်သန်းပါ။ ၈၀ မိုးဝေခေတ်ပြိုင် ကဗျာလူငယ်ဆရာများအဖြစ် မွေးဖွားလာသူများကတော့ အောင်ဝေး၊ ကျော်စွာထက်၊ ချစ်လေးမြတ် (၀မ်းတွင်း)၊ ဒတ္ထ (ကိုအောင်ဒင်၊ ယခု ဒါရိုက်တာ မြန်မာ့ပြည် လွတ်မြောက်ရေးအဖွဲ့ ၊ အမေရိကန်၊) စိုးအိမ်၊ မောင်ဒေါင်း၊ မြေနု၊ ပန်းလှိုင်စိုး(ကျုံပျော်)၊ မောင်နေဦး(ရေဦး)၊ မောင်ခိုင်မွန် (ပုလိပ်)၊ မင်းမြင့်ဇင်၊ မောင်ခိုင်မိုး (မြို့ သစ်)၊ ၀င်းဌေးဦး(မင်းဘူး)၊ မောင်မုန်းမာန် (တောင်တွင်း)၊ ဒဿနေမင်း (ရေတာရှည်)၊ နီဇော်(ပျဉ်းမနား) စသဖြင့်။ နှစ် ၂၀ ကျော်ခဲ့ပြီဆိုတော့ တချို့  ကျန်ရှိသည့် မြန်မာ ပြည် တနံတလျားက မိုးဝေ ကဗျာဆရာများကိုလည်း ချန်လှပ်ထားခြင်းမဟုတ်ဘဲ ကျနော့်၏ မေ့လျော့ ညံ့ဖြင်း မှုများအဖြစ် မှတ်ယူစေလိုပါသည်။
ယင်းနောက်ပိုင်း ကျနော့် ကဗျာလေးများ ၃ - ၄ ပုဒ်လောက် ပါအပြီး “ကြေးနီရထား” ကဗျာဖြင့် မိုးဝေ ရှေ့ တန်း ကဗျာဆရာ ဖြစ်ခဲ့ပါသည်။ သို့ သော် ကျနော် ပို့ တိုင်းဖော်ပြသည်တော့မဟုတ်ပါ။ ဆရာနတ်က ဘယ်သောအခါမှ ပယ်ထားတယ်ဟု မပြောပါ၊ “မောင်ရင့်ကဗျာ ဒီအပတ်ပို့ တာတွေ အားမရဘူးကွာ။ အား စိုက်စမ်းပါ၊ တလတလ ကဗျာထောင်ကျော်ထဲက ၁၀ စာရင်းဝင်နေအောင် ကြိုးစားနိုင်မှ ကဗျာဆရာ ဖြစ်မှာ ပေါ့၊” ဒါပဲ ပြောပါသည်။ ကဗျာရေးသက်လေးရလာသည်နှင့်အမျှ ဆရာနတ်မိသားစု၊ ကိုသွေးသစ် မိသားစုတို့ နှင့်လည်း မိသားစုဝင်တွေလို ဖြစ်လာခဲ့ပါသည်။ ဆရာနတ်၏သား မင်းထွန်းနွယ်က မိုးဝေတိုက်တွင် အမှု ဆောင် အယ်ဒီတာ။ နယ်မှ ရန်ကုန်ရောက်သည့်အခိုက် ကြိုးကြားရံခါ ဆရာနတ်အိမ်၊ မင်းထွန်းနွယ်တို့  အိမ် များတွင် အိပ်သည်။ တခါတရံ ကျနော့်ကဗျာလေးများကို ဝေဖန်ညွှန်ပြပေးသည့် ကဗျာဆရာ အောင်ဇင်မင်း နှင့် ဇနီး ကဗျာဆရာမဧဧသန်းတို့  အိမ်များတွင် နားခိုမှေးစက်ခဲ့သည့်ညများ မရေတွက်နိုင်။ နောက်ပိုင်းတော့ လုံးလုံးလျားလျား ရေကျော် ဇီဇ၀ါလမ်းရှိ ကိုသွေးသစ်အိမ်သည် ကျနော့်မိသားစုအိမ်လို ဖြစ်သွားပါတော့ သည်။
ကျနော်ရေးလိုသည့် အကြောင်းရင်းခံကို ရေးပါတော့မည်။ အကြောင်းက ဒီလိုပါ။ ဆရာနတ်က “မိမိနှင့်စာရေးဆရာများ” စာအုပ်တွင် “မိမိနှင့် မော်သွေးသစ်” စာမျက်နှာ ၃၇၈ - ၄၀၇ တွင် ဆရာနတ်နှင့် ကိုသွေးတို့  စတင်ဆုံစည်းမှု။ စာပေလှုပ်ရှားမှုများ၊ စာပေဟောပြောပွဲခရီးများ၊ မိုးဝေမဂ္ဂဇင်းအယ်ဒီတာ များဘ၀ ရုန်းကန်လှုပ်ရှားခဲ့ရပုံများ၊ အခက်အခဲ အကျပ်အတည်းများ၊ တိုက်ပွဲများ၊ ထုတ်ဝသူနှင့် ဆက်ဆံ ရေးများ၊ မိုးဝေ လက်ပြောင်းလက်လွှဲ ပြုခဲ့ရသည့် အခြေအနေများကို အသေးစိတ် ရေးပြထားပါသည်။
အရေးကြီးလှသည့်အတွက် ဆရာနတ်ရေးသည့်အထဲမှ စာပိုဒ်အချို့ ကို ကောက်နုတ်ဖော်ပြလိုပါ သည်။
“ နောက်ဆုံးအကြိမ်တွင်ကား အတော်ကြီးပင် အကျပ်အတည်း ဖြစ်ကြရသည်။ မဂ္ဂဇင်းမထွက်နိုင်ပဲ ဖြစ်နေသည်။ ပိုင်ရှင်ကလည်း မဂ္ဂဇင်း ရပ်သွားမည်ကို စိုးရိမ်နေသည်။ ရရန်ရှိသူ သုံးလေးဦးကလည်း သူတို့ ရရန်ရှိသည်များကို မရမှာစိုးရိမ်နေကြသည်။ မိမိတို့ နှစ်ယောက်လည်း ကြားဝင်ပြီး အာမခံရင်းနှင့် ကြား ညပ်နေသည်။ နောက်ဆုံးတွင် ထွက်ပေါက်ကို ရှာရင်းရှာရင်းနှင့် တဦးအပေါ်တဦး မယုံသင်္ကာစရာများ ဖြစ်လာသည်။ မိမိတို့ အနေနှင့်လည်း တဦးနှင့် ပူးပေါင်းခဲ့လျှင် အခြားတဦးကို ထိခိုက်နစ်နာစေသလို ဖြစ်နေ သည်။ နောက်ဆုံးတွင် မိမိတို့ နှစ်ယောက် အယ်ဒီတာ အဖြစ်မှ နုတ်ထွက်လိုက်ကြသည်။ ဤကား အဖြစ်မှန်။ မှန်သည် မှားသည် ဟု မိမိ မပြောလို။
သို့ သော် ပြဿနာတခု ဖြစ်လာသည်။ မိုးဝေကို တယောက်က တာဝန်ယူထုတ်ဝေသောအခါ မောင်သွေးသစ်က အယ်ဒီတာလုပ်သည်။ သည်အကြောင်းကို သူက မိမိကို တိုင်ပင်ခြင်းမရှိ။ အနားကပ်ပြီးမှ အသိပေးခြင်းသာပြုသည်။ သို့ ဖြင့် မိမိက မိုးဝေနှင့်ရော၊ မောင်သွေးသစ်နှင့်ရော အဆက်ဖြတ်လိုက်သည်။”
(စာ - ၄၈၆ - ၄၈၇)။
အမှန်တကယ် ဖြစ်စဉ်မှာ ကျနော့်ပယောဂ မကင်းဟုဆိုရချေမည်။ ဆရာနတ်နှင့်ကိုသွေးတို့ နုတ်ထွက် သွားကြပြီးနောက် ကိုမျိုးဝင်း (မဟာနန္ဒာ)က မိုးဝေကို ဆက်ထုတ်သည်။ အယ်ဒီတာချုပ်အဖြစ် ဆရာတင် ဆွေမိုးက တာဝန်ယူသည်။ ကျနော်ကတော့ မိုးဝေရဲဘော်အဖြစ် ဘယ်အယ်ဒီတာအပြောင်းအလဲ ဖြစ်ဖြစ် မိုးဝေစာမျက်နှာကိုတော့ အဆုံးရှုံး မခံချင်၍ ဆက်ရေးသည်။ ဆရာနတ်တို့ က သဘောပေါက်ကြ ပါသည်။ တဖန် မည်သည့်အကြောင်းကြောင့်မသိပါ။ ဆရာတင်ဆွေမိုးလည်း မိုးဝေအယ်ဒီတာချုပ်တာဝန်မှ နုတ်ထွက် သွားပြန်ပါသည်။ တနေ့  ကိုမျိုးဝင်းက ကျနော့်ကိုခေါ်၍ မိုးဝေအခြေအနေများကို ရှင်းပြ၏။ အထူးသဖြင့် အယ်ဒီတာ အခက်အခဲကြောင့် မိုးဝေ ရပ်ရလျှင် မသင့်တော်ကြောင်း။ အယ်ဒီတာချုပ် မထားတော့ပဲ တာဝန်ခံအယ်ဒီတာ ထားရှိပြီး လုပ်လျှင်ကောင်းမလား အကြံတောင်းသည်။ တာဝန်ခံအယ်ဒီတာနေရာမှာ လည်း ကိုသွေးသစ်ကို ညှိနှိုင်းပေးပါလားဟု ဆိုလာသည်။ ဤတွင် ကျနော်က အားတက်သရော ခေါင်းငြိမ့် မီးစိမ်းပြလိုက်သည်။ ကျနော်က ကိုသွေးတို့  ရေကျော်အိမ်မှာ အကျွမ်းတ၀င် နေထိုင်နေသူကိုး။ တပတ် ဆယ်ရက်လောက် ကိုသွေးနှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းဖြစ်ကြသည်။ နှစ်ဦးသားခံယူချက်တူညီမှုက မိုးဝေကိုတော့ ဘယ်သူ့ လက်ထဲမှာမှ သမိုင်းအစဉ်အလာ အပျက် မခံနိုင်။ ကျနော်တို့  နှစ်ဦးက မိုးဝေကို ချစ်ခင်စုံမက်မှုဖြင့် ဆင်ကန်းတောတိုး ပြုမှုခဲ့ခြင်းသာဖြစ်သည်။ အမှန်တကယ်ပင် ကျနော်တို့ နှစ်ဦးက အခြေအနေအရပ်ရပ်ကို ဆရာနတ်ကိုရှင်းပြ အသိပေးသင့်သိမှာအမှန်ပါပဲ။ ကိုသွေးစိတ်ထဲ မည်သို့ ရှိမည် ကိုတော့ ကျနော်မမှန်းဆတတ်ပါ။ ကျနော်ကတော့ ကိုယ့်ဇောနှင့်ကှိုယ် ရိုးရိုးသားသား မေ့လျော့ခဲ့မှုသာ ဖြစ်သည်။ တနည်းပြောရလျှင်လည်း မိုးဝေကို သံယောဇဉ်ကြီးမားသည့် ကိုသွေးကို စည်းရုံးခဲ့သည်မှာ ကျနော်။ ကြံဖော်ကြံဖက် ကျနော်တို့ နှစ်ဦးအနက်တွင်မှ ကံကွက်ကြား၍ ကိုသွေးချည်း တာဝန်ရှိသူ မဟုတ်ပါ။ ကျနော်က ပထမ တရားခံ ဖြစ်ကြောင်း ဆရာနတ်ကို ၀န်ခံဖြောင့်ချက်ပေးလိုခြင်းနှင့်အတူ ရို့ ကျိုးတောင်းပန် လိုခြင်းလည်း ဖြစ်ပါသည်။
“မည်သို့ ပင်ဆိုစေ။
မောင်သွေးသစ်သည် မိုးဝေမဂ္ဂဇင်းမှ မဂ္ဂဇင်း အတတ်ပညာများ ရရှိခဲ့သည်ဆိုလျှင် မိမိသည် စာရေး ဆရာ “မိုးဝေ” ထံမှ စာပေအတတ်ပညာများ ရရှိခဲ့ပါသည်။ မိုးဝေနှင့် ကင်းရှင်းသည်ဟု မိမိတို့  မည်သည့်အခါ တွင်မျှ ငြင်းနိုင်ကြမည်မဟုတ်ပါ။” ဟု ဆရာနတ်က ရွှေဝတ်မှုန် မဂ္ဂဇင်း၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ ၁၉၉၁) တွင် ”မိမိနှင့်မောင်သွေးသစ်” အခန်းဆက်ကို ရေးသားခဲ့ပါသည်။
ကျနော့်အနေဖြင့်မူ့ 
ဆရာနတ်နွယ်နှင့် ဆရာမောင်သွေးသစ်တို့ ထံမှ မဂ္ဂဇင်းအတတ်ပညာတချို့ ကို ရရှိခဲ့သကဲ့သို့  စာပေသဘောတရား၊ စာပေအတတ်ပညာတချို့ ကိုလည်း အမွေခံခဲ့ရပါသည်။ မည်သည့်အခါတွင်မျှ မိုးဝေနှင့် ဝေးကွာနေရသည်ဟု ခံစားချက်မဖြစ်ပေါ်ခဲ့ဘူးပါချေ။
ဆရာနတ် ကျန်းမာသက်ရှည်ပါစေ။
မောင်လွမ်းဏီ
၂၃-၉-၀၉မိုးဝေမဂ္ဂဇင်း သံကြိုးကွင်းဆက်များ

ထိုနေ့ က မိုးဝေမဂ္ဂဇင်း (၁၉၈၀-၉၀) ကာလများးကို ပြန်ပြောင်းအောက်မေ့နေမိသည်။ ၃၄ လမ်း၊ ၃၃ လမ်း မိုးဝေမဂ္ဂဇင်းတိုက်၊ အယ်ဒီတာများ။ စာရေးဆရာများ၊ ရေးဖော်ရေးဖက်များ၊ ရွှေကြည်အေးလက်ဘက် ရည်ဆိုင်၊ စာပေလောကပုံနှိပ်တိုက်၊ နဂါးနီထမင်းဆိုင်၊ ဘင်္ဂလီစုရှိ ၀င်းရွှေစင်ပုံနှိပ်တိုက်၊ ညနေရီ ဗိုလ်တ ထောင် ၄၂ လမ်း၊ ၅၂ လမ်းနှင့် ပုဇွန်တောင် ရေကျော်လမ်းမများ။ နှောင်းအတိတ် မိုးဝေဂီသံစဉ်များက တလက်လက် လွင့်ပျံလာသလား ထင်မှတ်ခံစားရမိသလိုပါပဲ။

၂၃-၉-၀၉

Subscribe to:
Posts (Atom)