Showing posts with label ညီမလေးအတွက်ကဗျာ. Show all posts
Showing posts with label ညီမလေးအတွက်ကဗျာ. Show all posts

Thursday, December 30, 2010

တောင်သမန်အင်းက အလွမ်းပွင့်ဝေနှင်း

တောင်သမန်အင်းက အလွမ်းပွင့်ဝေနှင်း

ဘ၀ရဲ့ မှတ်တမ်း
ရုပ်ရှင်ထဲက ဇာတ်လမ်းလို
စာတမ်းထိုး ………
လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်က ………
နောက်ခံဂီတသံက
ခေါက်ရှာငှက် ပျံသန်းပုံမျိုး ……။

သတ္ထုနွယ်ကြိုးတွေက
သံစဉ်လှိုင်းများ အပြန်အလှန်သယ်ဆောင်
နုနယ်ပျိုမျစ်သော
နှစ်ကာလတချို့  ……

နှလုံးသားချင်း ဖလှယ်
အတွယ်အတာနဲ့ သမုဒယ
ဘ၀ချိုချို
နှစ်ကာလတချို့  ……

တီတီတာတာ
သား သမီးနဲ့ အတူနေရ
ငါ့ ဘဝ
နှစ်ကာလတချို့ ……

ခွဲနေရဦးမယ်
အတိုင်းအတာ တခုအထိ
မိသားစုနဲ့ ဝေး
နှစ်ကာလ တချို့  …..

ဂလိုဘယ်လိုက်ဇေရှင်းတဲ့ 
ကမ္ဘာ့ရွာ ခေတ်ကြီးထဲမှာ
ကလစ် တချက်နှိပ်ရုံနဲ့ 
အရုပ်မြင် အသံကြား
အလွမ်းက ပါးလျသွားလား
အလွမ်းက အားရသွားလား
နှစ်ကာလတချို့  ……

နှစ်ဆယ့်လေးနှစ်ကြာတဲ့အခါ
ညီမလေးရေ ….
အဲဒီ နံနက်ခင်းက
တောင်သမန်အင်းမှာ မြူနှင်းတွေ ဝေနေပုံ သတိရ
မယ်ဇယ်ပင် ခြေရင်းမှာ မြူနှင်းတွေ ဝေနေပုံများ သတိရ
သီချင်းသံတိုးတိုးသဲ့သဲ့ ကြားရဲ့ လား
နောက်ထပ်တို့  မဝေးဘူး ……။

(တယောက်ဘ၀ကို တယောက်ထွေးပွေ့ နှစ်ဆယ့်လေးနှစ်ပြည့် အမှတ်တရ)

ရဲရင့်သက်ဇွဲ ၂၉ ၁၂ ၂၀၁၀