Showing posts with label ရွှေဝါရောင် ၄နှစ်ပြည့်. Show all posts
Showing posts with label ရွှေဝါရောင် ၄နှစ်ပြည့်. Show all posts

Sunday, September 18, 2011

တွန်းနှိုးရသော ဇာတိမာန် နဲ့  သွေးပေါင်ချိန်ကျသော ရွှေဝါရောင်နေ့ ရက်များ

တွန်းနှိုးရသော ဇာတိမာန် နဲ့  သွေးပေါင်ချိန်ကျသော
ရွှေဝါရောင်နေ့ ရက်များ

အုတ်သော်သောင်းနင်းပါပဲ
ဘုရားစင်ပေါ် စစ်ဖိနပ်တက်တယ်
စက်တင်ဘာလဲ ငရဲပွက်တယ်
ငါတို့  ရင်ခွဲ ဆားနဲ့ ပက်တယ်…
ဒါနဲ့ များတောင်မှ ငါတို့ တတွေဟာ
မနိုင်၍သည်းခံရခြင်းသည်လည်းကောင်းများနဲ့ 
ရသေ့ စိတ်ဖြေ ကမ္ဘာမကြေ … ကမ္ဘာမကြေ
အော်သာ အော်နေ အော်သာ အော်နေကြရင်း
သောက်ရှက်မရှိတဲ့ မျက်ခွက်ကြီးတွေကို
မနက်တိုင်းဆေးကြော အသက်ရှင်နေသေးတာ အော့နှလုံးနာစရာပ …..။

လူတွေ ရုန်းရင်းဆန်ခတ်
ခြေထောက်တွေ သစ္စာဖောက်မဖြစ်ဘို့ အရေး
လမ်းမများ တအုန်းအုန်းညာသံပေးလာ
အမှန်တရားရေ နင်လည်းပြေးပေးဦးတော့
ဟိုတဖက် သည်တဖက် မျှော်လင့်ချက်မဲ့ ငေးမော
အစိမ်းပုတ်ရောင် တိမ်တောက်တောထဲမှာ
ရိုက်သံ နှက်သံ အော်သံ ဟစ်သံ ဆဲသံ ဆိုသံ တွေကြား
ရွှေဝါရောင်တွေ လက်လက်ထနေတုန်း
အေးမြတဲ့မေတ္တာလရောင် ဟာ သွေးပေါင်ချိန်ကျနေတယ် ……။

ငါ … ငိုတယ် …
ဘာသာတရားအသီးသီးတို့ ရဲ့  ဘုရားသခင်တွေကို တိုင်တယ်ပြီးတော့
သမ္မာကျမ်းစာပါ ကမ္ဘာပျက်မယ့်နေ့ ဟာ
မှားယွင်းရောက်လာသလား ထာဝရဘုရားကို ငါ မေးရဦးမယ် ၊
မိတ်ဆွေကြီး နာကာအိခန်းဂျီး ရေ
ခင်ဗျားအသေအချာ တွေ့ လိုက်ရတဲ့ မြင်ကွင်းကို
ခင်ဗျားအသေအချာ ရိုက်လိုက်ရတဲ့ရက်စက်မှုကို
ခင်ဗျားပြောနေကြစကား … ကမ္ဘာကြီးရဲ့ တနေရာရာမှာ
တခုခုဖြစ်နေပီဆိုရင် တယောက်ယောက်တော့ ရောက်အောင်သွားရမယ် ဆိုတာကို
ခင်ဗျားအသက်နဲ့  သက်သေပြခဲ့တာလား
သွေးစက်စက်နဲ့  ဦးခေါင်းတော်များ မားမားမတ်မတ်
ဘာမထီ ဒါဟာ ဗမာပြည်တဲ့ဟေ့
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ
ဘုရားစင်ပေါ်က စစ်ဖိနပ်
ငါ့ မျက်နှာကို လှမ်းဟတ်တယ် ။

ဒါပါပဲ …. ရွှေဝါရောင်အရေးတော်ပုံကြီး
လေးနှစ်ပြည့်တဲ့အခါ
သံတိုင်နောက်က မှတ်တမ်းများကိုဖတ်ရတဲ့အခါ
အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် ဖတ်ရတဲ့အခါ
“ဦးဝင်းတင်နဲ့ မေးခွန်းများ” အီးဘွတ် ဖတ်ရတဲ့အခါ
ဘိက္ခူမာတာ ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို
ထောင်ဝင်စာ ပေးပို့နေသူအကြောင်း ကြားသိ ဖတ်မှတ်ရတဲ့အခါ
ဇာတိမာန်တွေ ဟုန်းဟုန်းထ
နာကျည်းမှုတွေ ဟုန်းဟုန်းထ
အများပြည်သူတို့ ရဲ့  အက်ကွဲသံများ
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းဝေးကြပါစေ ဟုန်းဟုန်းထ …..။

ကြောက်ခမန်းလိလိ ဟုန်းဟုန်းထပုံများ
ဘုန်းဘုန်းတို့ ရေ …..
တရားချပါဦး တရားပြပါဦး
တိုတောင်းတဲ့လူ့ ဘ၀မှာ
ကောက်ရိုးမီးလို ဟုန်းဟုန်းမထမိစေဘို့ 
ရွှေဝါရောင်လို ဟုန်းဟုန်းတောက်စေဘို့  …….။

(ရွှေဝါရောင်တော်လှန်ရေးကြီး လေးနှစ်ပြည့်သို့ )

ရဲရင့်သက်ဇွဲ
၀၅၀၉၂၀၁၁
၂း၄၁အေအမ်