Showing posts with label ဆောင်းပါး. Show all posts

Saturday, April 03, 2010

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံရပ်တည်ချက်

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံရပ်တည်ချက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့ အခြေခံနိုင်ငံရေးရပ်တည်ချက်နဲ့ ဝါဒသဘော ထားကို ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းမှာ ပြင်ပသို့ အမှာစကားပါးလိုက်ရာမှာ အောက်ဖော်ပြပါ မိန့်ခွန်းသုံးခု အတိုင်း ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီ မိန့်ခွန်း/ဆောင်းပါးတွေကတော့ --
၁။ "လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်" Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃
၂။ "ကျမတို့လွတ်လပ်မှုကိုမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကိုအသုံးချကြပါ" New York Times သတင်းစာ၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇ (ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ်ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့်ခွန်း)
၃။ နေရူးဆု လက်ခံမိန့်ခွန်း၊ နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃

(၁)
လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်

မြန်မာနိုင်ငံတဝန်း ခရီးသွားလာရင်း ကျမက လူတွေကို ဘာလို့ဒီမိုကရေစီ လိုချင်တာလဲလို့ မေးကြည့်မိပါတယ်။ မကြာခဏဆိုသလို အကြားရဆုံးအဖြေကတော့ ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ဆိုတာပါပဲ။ သူတို့ အကျယ် ချဲ့ပြီးမပြောရဘဲ သူတို့ဘာပြောတယ်ဆိုတာ ကျမနားလည်ပါတယ်။ သူတို့ရဲ့ကံကြမ္မာကို သူတို့ကိုယ်တိုင် ပုံဖော် ဆုံးဖြတ်ခွင့်မရှိဘဲ ဖိနှိပ်ခံနေရတာကနေ လွတ်မြောက်ချင်ကြပါတယ်။ လက်နက်အင်အားပေါ်အခြေပြုတဲ့ အမိန့်တွေနဲ့ ထင်ရာစိုင်းမှုတွေအောက် ရောက်နေရတဲ့၊ သူတို့ရဲ့ နိစ္စဓူဝကြုံတွေ့နေရတဲ့ အဖြစ်တွေကို မလိုချင်ကြတော့ပါဘူး။
လူငယ်တွေကို ကျမက လွတ်လပ်ခြင်းဆိုတာဘာလဲလို့ မေးကြည့်တဲ့အခါ သူတို့က သူတို့စိတ်ထဲရှိတာတွေကို ရှိတဲ့အတိုင်း ရင်ဖွင့်ပြောပြချင်တာလို့ဆိုပါတယ်။ သူတို့အသိဉာဏ်ပညာစိန်ခေါ်မှုကို ဖြည့်ဆည်းမပေးနိုင်တဲ့ ပညာ ရေးစနစ်အပေါ် မကျေနပ်ချက်တွေကို သူတို့ ထုတ်ဖော်ပြောလိုကြပါတယ်။ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနိုင်သူတွေဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာပေးနိုင်ဖို့ ထောင်သောင်းသိန်းမကစုဝေးနိုင်သူတွေ ဖြစ်လိုကြပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ကျယ်ပြန့်လွန်းတဲ့ မျှော်လင့်ချက်တွေနဲ့ အံမခန်းမှုတွေပြည့်နေတဲ့ လူငယ်ဘဝရဲ့ နိုးကြားတက်ကြွတဲ့ အရွယ်တွေကို အပြည့်အဝပိုင်ဆိုင်ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ်မှုတွေနဲ့ စိတ်ကူးယဉ်မှုတွေ၊ တောက်ပခမ်းနား မှုနဲ့ ဖီလာဆန့်ကျင်မှုတွေ ကြမ်းတမ်းခက်ထန်မှုနဲ့သိမ်မွေ့မှုတွေ တန်းစီပြည့်နေတဲ့ လူငယ်ဘာဝကို အပြည့်အဝရယူလို ကြပါတယ်။
မြန်မာအမျိုးသမီးတွေအနေနဲ့ရော ဘာတွေအလိုရှိပါသလဲ။ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဖိစီးမှုဒဏ်ကြောင့် အား ဆုတ်ငြီးငွေ့လောက်အောင် အိမ်မှုထိန်းသိမ်းနေရတဲ့ဘဝက လွတ်မြောက်ချင်ကြပါတယ်။ လွတ်လပ်စွာတွေးတော ကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေးအရေးယူခံရမလား ဒါမှမဟုတ် ကလေးတွေများ ဘဝရဲ့အခွင့်အလမ်းတွေ ဆုံးပါး သွားမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက ကင်းလွတ်ချင်ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ဘဝက လွတ်မြောက်ဖို့ တောင့်တနေကြတဲ့အမျိုးသမီးတွေလည်း တော်တော်များများ (အများကြီးကို) ရှိပါ တယ်။
ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမားယာသမားတွေဆိုရင် သူတို့ဆန္ဒအတိုင်း စိုက်ပျိုးထွန်ယက်ချင်ကြတယ်။ မတော် မတရားဈေးနှိမ်ခံရပြီး အစိုးရကို မရောင်းမနေရ ခြိမ်းခြောက်ခံရတာမျိုးတွေက ကင်းလွတ်ပြီး သူတို့ထွက်ကုန်တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက်တင်ရောင်းချလိုကြပါတယ်။ သူတို့ဟာ နိစ္စဓူဝ မြေနဲ့ဖက်ပြီး ဘဝကို ရုန်းကန်ရပ်တည်သူ တွေပါ။ ဒီလိုကြမ်းတမ်းတဲ့ဘဝတွေအပေါ်မှာ ကျိုးကြောင်းမဆီလျော်တဲ့အမိန့်တွေနဲ့ နားလည်ရခက်တဲ့ အာဏာပိုင် တွေကြောင့် နောက်ထပ်ဝန်ထုပ်ဝန်ပိုး မလိုချင်ကြတော့ပါဘူး။
ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ကျမတို့ရော လို့မေးစရာရှိပါတယ်။ ဘာလို့ ကျမတို့တတွေ တိုင်းပြည် လွတ်မြောက်ဖို့ ခက်ခက်ခဲခဲလုပ်ကိုင်နေပါသလဲ။ ဒီလိုလုပ်ကိုင်နေတာဟာ ဒီမိုကရေစီအပေါ် မရေမရာနဲ့ အကောင်း မြင်မျှော်လင့်ပြီး ထင်ရာလုပ်ကိုင်နေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ သူရဲ့တောက်ပမှုကို ကြာရှည်ထိန်းနိုင် အောင် အမြဲတစေအရောင်တင်ပေးရတဲ့ ရတနာတပါးဖြစ်တယ်ဆိုတာ ကျမတို့သိပါတယ်။ ပျက်စီးဆုံးရှုံးတာ၊ အခိုးခံရ တာတွေမဖြစ်အောင် ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေရပါလိမ့်မယ်။
လွတ်လပ်တဲ့မြန်မာပြည်ကသာ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားလေးစားတဲ့နိုင်ငံ တည်ထောင်နိုင်မှာမို့ လွတ် မြောက်ရေးအတွက်ကို ကျမတို့တတွေ ပင်ပင်ပန်းပန်ကြိုးစားနေကြတာဖြစ်ပါတယ်။
တိုင်းပြည်တဝှန်းလှည့်လည်သွားတဲ့အခါ လူတွေက ကျမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်တွေ၊ ပထမ အကြိမ် ခြောက်နှစ်နဲ့ ဒုတိယအကြိမ် ဆယ့်ကိုးလနေရတာမှာ ဘယ်လိုခံစားရသလဲလို့ မေးကြပါတယ်။ မိသားစု မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ခွဲခွာပြီး ကျမဘယ်လိုနေခဲ့သလဲပေါ့။ ဒီအာဏာရှင်နိုင်ငံမှာ ယုံကြည်ချက်အတွက် အကျဉ်းချခံရသူကသာ အမှန်တကယ်လွတ်လပ်သူဖြစ်နေတာ ဂွကျလှတယ်လို့ ကျမပြာချင်ပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့သာမန်ဘဝလွတ်လပ်ခွင့်တွေကို ပေးဆပ်ထားရတယ်။ ဒါပေမဲ့ လူသားဘဝရဲ့ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ယုံကြည်ချက်အမှန်တရားအပေါ် ကျမတို့ ကြံ့ကြံ့ခံရပ်နေခဲ့ကြပါတယ်။
ဒီမှာ ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ်နေနိုင်ဖို့ပါပဲ။ ကြောက်ရွံ့မှုရဲ့ နုံးချည့်သေးသိမ်စေတဲ့ အနှောင်အဖွဲ့တွေ ကိုဖယ်ရှားပြီး မြန်မာပြည်သူတွေဟာ လွတ်လပ်တဲ့လူသားတွေအဖြစ် ခေါင်းမော့ဂုဏ်ယူနိုင်သူတွေ ဖြစ်လာမှာကို ကျမ တွေ့မြင်လိုပါတယ်။ ကျမတို့အားလုံးအတွက် ပိုပြီးပျော်ဖို့ကောင်းတဲ့၊ လုံခြုံမှုလည်းပိုရှိတဲ့ လူ့ဘောင်ဘဝ တည် ဆောက်ဖို့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းကြတာကို ကျမတွေ့မြင်လိုပါတယ်။
အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အနာဂတ်ကိုတက်လှမ်းပြီး တန်ဖိုးရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့်မားမားနဲ့ စိန်ခေါ်မှုအားလုံးကိုရင်ဆိုင်တာ ကျမတွေ့မြင်လိုပါတယ်။ "ဒီတိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာသေခဲ့သူအားလုံးအတွက် ထိုက်တန်တဲ့တိုင်းပြည်အဖြစ် ဘိုးဘွားအမွေအနှစ်အတွက် ဂုဏ်ယူရပြီ" လို့လည်း ကျမပြောပြချင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ်အိပ်မက်တွေမဟုတ်ပါဘူး။ ဒါတွေဟာ ပြည်သူ လူထုရဲ့ဆန္ဒသာ နောက်ဆုံးမှာအောင်ပွဲမုချရရမယ် ဆိုတဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ ကျမတို့အားလုံး နှစ်နဲ့ချီကြိုးပမ်း လုပ်ဆောင်နေတာတွေရဲ့ ပကတိဦးတည်ရာပဲဖြစ်ပါတယ်။
(ဝါရှင်တန်ပို့စ် သတင်းစာနှင့်တွဲထွက်သည့် ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Parade သတင်းစုံမဂ္ဂဇင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆိုတင်ပြထားသည်။)

(၂)
ကျမတို့လွတ်လပ်မှုကို မြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကိုအသုံးချကြပါ

ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးကြိုးပမ်းဆောင်ရွက်နေသူတွေဟာ ဖိနှိပ်ချုပ်ချယ်မှုများလွန်းတဲ့ လူ့အဖွဲ့ အစည်းမှာ သူ့ကျွန်အဖြစ် အေးအေးဆေးဆေးနေမယ့်အစား အခြေခံလူ့အခွင့်အရေးအတွက် ရပ်တည်တိုက်ပွဲဝင်ဖို့ ကိုယ့်ဘဝကိုယ် ရွေးချယ်ကြပါတယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာ နားလည်မှုအပေါ် အရင်းခံ တဲ့ ယုံကြည်မှု ရှိမှသာလျှင် ဖြစ်မယ့် အကြမ်းမဖက်လှုပ်ရှားမှုတရပ်သာဖြစ်ပါတယ်။
လူဆိုတာ မိမိကောင်းစားရေးကိုသာအဓိကထားတဲ့ စီးပွားရေးအကျိုးအမြတ်ကိုသာ ရှေးရှုတတ်သူ သတ္တဝါသာ ဖြစ်တယ်လို့ တချို့က ဆိုကောင်းဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိယုံကြည်ချက်နဲ့ စိတ်ဓာတ်ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေးအရေးယူမှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ဒုနဲ့ ဒေး ရှိသေးတယ်ဆိုတာကိုကြည့်ယင် အဲဒီအဆိုဟာ သေးသိမ်ကျဉ်းမြောင်းလှတယ်ဆိုတာ သိပါလိမ့်မယ်။ ဒီလိုအမျိုး ကောင်းသမီး၊ အမျိုးကောင်းသားတွေ ကျမတို့နိုင်ငံမှာ မြောက်များစွာရှိနေသေးတာကြောင့် ကျမလွန်စွာ အားတက်မိ ပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားမှုတွေကြောင့် တော်လှန်ပြောင်း လဲမှုတွေ ပေါ်ပေါက်လာတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတရပ်ရှိတယ်လို့ အများကလက်ခံထားကြပါတယ်။ ရန်ကုန် တက္ကသိုလ်ကနေ သူတို့ရဲ့နိုင်ငံရေးဘဝကို အစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ငယ်ရွယ်နုနယ်တဲ့ ခေါင်းဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။
ဒီလို ထူးထူးခြားခြား ရဲရင့်တက်ကြွတဲ့ ဆန့်ကျင်အာခံလိုစိတ်တွေနဲ့ သြဇာတိက္ကမကြီးမားလှတဲ့ အတိုက်အခံ အဖွဲ့အစည်းမျိုးကို ဘယ်လိုအာဏာရှင်အစိုးရမဆို ပစ်မှတ်ထားချေမှုန်းမှာ အသေအချာပါဘဲ။ ၁၉၆၂ ခုနှစ်ကတည်း က အာဏာရလာတဲ့ မြန်မာစစ်အစိုးရကတော့ အာဏာရပြီးသိတ်မကြာခင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အသင်းအပင်းဖွဲ့စည်းခွင့်ကိုပါ တရားမ၀င်ကြောင်း ဆုံးဖြတ် ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရတပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အုပ်ချုပ်မှု ကို မြန်မာပြည်သူတွေ ဆန့်ကျင်အာခံခဲ့ပါတော့တယ်။ တတိုင်းတပြည်လုံးမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့သူတွေကတော့ ကျောင်းသား ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ အဓိကတောင်းဆိုချက် တွေထဲက တခုကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ဘဲ ဖြစ်ပါတယ်။
ဒီအတွက် စစ်အာဏာရှင်တွေတုံ့ပြန်လိုက်တဲ့အဖြေကတော့ သူတို့ကို ပစ်သတ်လိုက်ကြတာပါဘဲ။ ရှစ်နှစ်ကျော် ကြာလာတဲ့အထိ မြန်မာပြည်ကကျောင်းသား ကျောင်းသူတွေဟာ မိမိတို့အကျိုးဖြည့်ဆီးပေးပြီး မိမိတို့ အမှန်တကယ် လိုချင်တောင့်တလှတဲ့ ကျောင်းသားအဖွဲ့အစည်းမျိုးကို မတည်ထောင်နိုင်သေးပါဘူး။
အခု သိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုတောင်းဆိုတဲ့ ကျောင်းသား ဆန္ဒပြပွဲတရပ် ပေါ်ပေါက်ခဲ့ပြီး အဲဒီဆန္ဒပြပွဲတောင်းဆိုချက်တွေ လျစ်လျူရှုခံခဲ့ရပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေ ကို အင်အားသုံးဖြိုခွဲခဲ့ပြီး ကျမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပါတီဝင်တွေကို အဆိုပါဆန္ဒပြပွဲ စီစဉ်ရာမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပါတယ်။ ကျမကိုလည်း ကျောင်းသားတွေနဲ့  တွေ့ဆုံဆွေးနွေးခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။
နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေဆုံဆွေးနွေးတာဟာ အစိုးရကို ပုန်ကန်ခြားနားတယ်လို့ အမှန် တကယ်သာ ယူဆနေမယ်ဆိုယင် ကျမတို့နိုင်ငံမှာ ဝမ်းနည်းစိတ်မကောင်းစရာတွေ ထပ်ပြီးပေါ်ပေါက်လာတော့မှာ ဖြစ် ပါတယ်။ ကျမပါတီဟာ ကျောင်းသားတွေရဲ့မျှော်မှန်းချက်တွေကို စာနာထောက်ခံကြောင်း ဘယ်တုံးကမှာ လျှို့ဝှက် မထားခဲ့ပါဘူး။ ကျမတို့ဟာ မတူညီတဲ့မျိုးဆက်တွေအကြား နီးစပ်အောင် ကြိုးပမ်းနေပြီး ဒီလိုကြိုးပမ်းခြင်းအားဖြင့် ကျမတို့ရဲ့ရည်ရွယ်ချက်တွေနဲ့ အားထုတ်မှုတွေ ဆက်လက်ရှင်သန်တည်တန့်ပြီး ကျမတို့တိုင်းပြည်ရဲ့ အသွေးအသား ထဲ ပေါင်းစည်းယှက်နွယ်သွားအောင် ဖြစ်ပါတယ်။
ကျမတို့ဟာ ကိုယ့်ထက်အဆမတန်သာလွန်တဲ့အင်အားတွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရဗျူရိုကရက် ယန္တရား ပေါင်းစည်းထားတဲ့အားကို ဆန့်ကျင်အာခံယင်း တခါတလေမှာ သံသယတွေ ဝင်လာတတ်ပါတယ်။ ဘယ်လို သံသယမျိုးလဲဆိုတော့ လက်ရှိအမိန့်အာဏာတွေဟာ အမြဲတမ်းမပျက်မသုဉ်း တည်ရှိမယ့်အရာတွေဘဲလို့ ယုံကြည် နေသူတွေရဲ့ သံသယတွေပါဘဲ။ လက်ရှိအခြေအနေကိုဘဲ လက်ခံလိုက်တာဟာ အသင့်လျှော်ဆုံးဖြစ်မယ်လို့ နားလည်ယုံကြည်ထားသူတွေ အများကြီးရှိနေတာ အံ့သြစရာပါဘဲ။
ကျမတို့ဟာ ပြောင်းလဲဖို့လိုတဲ့ကိစ္စတွေကို ပြောင်းလဲဖို့စွမ်းအားအပေါ် ယုံကြည်မှုရှိပေမဲ့ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီးလမ်းဟာ လွယ်လိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရလက်ထက် မှာ ကျမတို့ရဲ့ပြဿနာတွေအားလုံး ပြေပျောက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်ယောင်မှားခဲ့တာမျိုး မရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ်တည်ထောင်ဖို့အတွက် ကျမတို့ရဲ့လှုပ်ရှားရုန်းကန်မှုဟာ ကျမတို့ရဲ့ ဘဝသက်တမ်းမက ကြာမြင့် ကောင်း ကြာမြင့်လိမ့်မယ်ဆိုတာ ကြိုတင်မှန်းဆထားပါတယ်။
ဒါပေမဲ့ ဒီလို လှုပ်ရှားရုန်းကန်ရာမှာ ကျမတို့ဟာ အထီးကျန်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှာဖွေရာမှာ ကျမတို့ကိုဂရုဏာသက်သူတွေ ကမ္ဘာနဲ့အဝှန်း ရှိနေပါတယ်။ လူမျိုး၊ ဘာသာ၊ အသား အရောင်မရွေး နေရာတိုင်းက ခံစားတွေးတောတတ်တဲ့ လူသားတွေအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ဖြစ်တည်မှုကို လိုလား တောင့်တတာဟာ ရုပ်ဝတ္ထုပစ္စည်းတပ်မက်မှုသက်သက်ထက် အဆပေါင်းများစွာသာလွန်ပါတယ်။ နိုင်ငံရေးအခွင့် အရေးတွေ အပြည့်အဝရှိတဲ့လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်ရနေတဲ့ ကံကောင်းလှသူတွေအနေနဲ့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတဲ့ ကျမတို့ကမ္ဘာကြီးရဲ့ အခြားနေရာတွေက ကံမကောင်းအကြောင်းမလှသူတွေကိုကူညီဖို့ အင်မတန် လိုအပ်လှပါတယ်။
ကျမတို့လှုပ်ရှားရုန်းကန်မှုရဲ့ တစိတ်တပိုင်းကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျမတို့ ဆင်းရဲမွဲတေနေ ရတာဟာ လုံလောက်တဲ့ရင်းမြစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှားပါးလွန်းလို့မဟုတ်ဘဲ အုပ်ချုပ်မှုကောင်းကောင်း ပေါ်ထွန်းစေ တဲ့ အခြေခံအဆောက်အအုံတွေနဲ့ အလေ့အကျင့်တွေ နည်းပါးလွန်းလို့သာဖြစ်တယ် ဆိုတာကို သိမြင်နားလည်စေခြင်း ပါဘဲ။
ဖိနှိပ်လွန်းတဲ့အစိုးရတွေနဲ့ ဆက်ဆံဖို့ နောက်တွန့်စိုးရွံ့ခြင်းမရှိတဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးတွေ အများအပြား ရှိနေပါတယ်။ သူတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အကူအညီဖြစ်စေဖို့သာဖြစ်တယ်လို့ အကြောင်းပြလေ့ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်၊ ချမ်းသာပြီးသားလူတစုကိုသာ ပိုမိုချမ်းသာစေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီစနစ်အတွက် အခြေခံအုတ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖော် ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့စိတ်ကူးစံတွေကို မြှင့်တင်ပေးနိုင်မယ့် စွမ်းအားဖြန့်ကျက်ဖို့ စိတ်ဝင်စားသူ ဘယ်သူမဆို မြန်မာစစ်အစိုးရနဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရပ်တည်သွားပါလို့ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးပြု၍ ကျမတို့ရဲ့လွတ်လပ်မှုကို မြှင့်တင်ဖို့ ရှင်တို့ ရဲ့လွတ်လပ်မှုကို အသုံးချပေးပါလို့ တောင်းပန်ပါရစေ။
(ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့်ခွန်းကို အခြေခံသည့် New York Times နှင့် International Herald Tribune သတင်းစာဆောင်းပါး၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇)
(၃)
ဂျာဝါဟာလားလ်နေရူး ဆုချီးမြှင့်ပွဲသို့ ပေးပို့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ ဆုလက်ခံမိန့်ခွန်း
နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃

သမတကြီး၊ ဒုသမတကြီး၊ ဝန်ကြီးချုပ်၊ နေရူးဆုကော်မတီဝင်များ၊ သံတမန်များ၊ ဂုဏ်သရေရှိဧည့်သည်တော်များနှင့် မိတ်ဆွေများရှင့်
ဒီဆုပေးပွဲ အခါသမယဟာ ခံစားချက်အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ ကျမကို အိန္ဒိယနိုင်ငံက လူပေါင်း များစွာနဲ့ သံယောဇဉ်တွယ်မိစေတဲ့၊ အားကောင်းတဲ့ ချစ်ကြည်ရင်းနှီးမှုနှောင်ကြိုးတွေ ဘုံနိုင်ငံရေးစိတ်ကူးစံတွေရှိပါ တယ်။ ကျမဘဝမှာ အိန္ဒိယနိုင်ငံအကြောင်း၊ "ပန်ဒစ်ကြီး" လို့ ကျမတို့မိသားစုကအမြဲခေါ်တဲ့ ပန်ဒစ်နေရူးအကြောင်း ရင်းနှီးကျွမ်းဝင် မဖြစ်ခဲ့တဲ့အချိန်ကာလဆိုတာ မရှိခဲ့ပါဘူး။ သူ့ကိုအမှတ်တရနဲ့ထူထောင်ထားတဲ့ နိုင်ငံတကာနားလည် မှုဆုတံဆိပ် ချီးမြှင့်ခံရတာဟာ ကျမအတွက် ဂုဏ်ယူဝမ်းသာစရာဖြစ်ပါတယ်။
တဖက်ကကြည့်ရင် ဒီဆုကို ကျမ လူတဦးချင်းအနေနဲ့ရတာမဟုတ်ဘဲ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုရဲ့ ကိုယ်စားလှယ်တယောက်အဖြစ် ရတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။ အဲဒါကြောင့် ကျမမှာ လူသားပီသ တဲ့ မေတ္တာကရုဏာစိတ်နဲ့ ကျေးဇူးတင်ဝမ်းမြောက်စိတ် ပြည့်လျှမ်းသွားမိပါတယ်။ ကမ္ဘာတလွှားမှာ လူ့ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးအတွက် ထူးထူးချွန်ချွန်အကျိုးဆောင်ခဲ့သူတွေကို ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေလက်ခံဖို့ ကျမ အရွေးချယ်ခံရတိုင်း အဲသလိုစိတ်မျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကျမရဲ့တိုင်းပြည်မှာတော့ နိုင်ငံတကာအသိအမှတ်ပြု စောင့်ရှောက်မခံရဘဲ ကျမတို့ပြည်သူလူထုကို လုံခြုံပြီးသိက္ခာရှိတဲ့ဘဝရပ်တည်မှု အာမခံချက်ပေးမယ့် အခြေခံမူတွေ ရပိုင်ခွင့်တွေရဖို့အတွက် မိမိတို့ရဲ့ဘဝနဲ့ မိမိတို့ရဲ့လွတ်လပ်မှုသာမက မိမိတို့အသက်တွေတောင် စွန့်လွှတ်စွန့်စားနေသူ အမျိုးသား အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။ ဒီသတ္တိပြောင်တဲ့ အမျိုးသား အမျိုးသမီးတွေရဲ့တိုက်ပွဲကို မီးမောင်းထိုးပြဖို့ အခွင့်အလမ်းရတဲ့အတွက် ကျမကျေးဇူးတင်ပါတယ်။ လူသားနွယ်တရပ်လုံးအတွင်းမှာ သူတို့တတွေ ကိုယ်စား နိုင်ငံတကာနားလည်မှုဆိုင်ရာနေရူးအမှတ်တရဆု လက်ခံခွင့်ရတဲ့အတွက်လည်း ကျမကျေးဇူးတင်ပါတယ်။
ကျမဟာ လွတ်လပ်တဲ့ ဒီမိုကရေစီမြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် အင်မတန့်ကို စွန့်လွှတ်စတေးခဲ့သူတွေကို ဦးညွတ်ဂုဏ်ပြုချင်တဲ့ဆန္ဒ ပြင်းပြနေသလို အိန္ဒိယနိုင်ငံနဲ့ ကျမရဲ့နှောင်ကြိုးတွေကို တဖန်ပြန်ထူထောင် အချောကိုင်ဖို့ လည်း ဆန္ဒပြင်းပြနေတဲ့အတွက် ဒီကနေ့ လူကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ မပေးလို့ မဖြစ်နိုင်တဲ့အတွက် ကျမရဲ့ကိုယ်စားအဖြစ် အင်မတန်ချစ်ခင်တဲ့ မိသားစုမိတ်ဆွေလည်းဖြစ်၊ "ဂုဏ်ထူး ဆောင်" ဒေါ်လေးလည်းဖြစ်သူကို ထိုက်ထိုက်တန်တန်ရွေးချယ်ခဲ့ပါတယ်။ သူမဟာ ကုလသမဂ္ဂအတွင်းရေးမှူးရုံးရဲ့ ပထမဆုံးမြန်မာလူမျိုး ရုံးအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတကာနားလည်ရေးအတွက် ထက်ထက်သန်သန်ဆော်သြခဲ့ လက်တွေ့ ကျင့်သုံးခဲ့သူဖြစ်ပါတယ်။ သူမဟာ ကျမကိုယ်စား ဆုချီးမြှင့်ပွဲနဲ့ထိုက်သင့်တဲ့ ဂုဏ်ကြက်သရေအပြည့်နဲ့ ဆု လက်ခံမယ် ဆိုတာ ကျမယုံကြည်ပါတယ်။
နိုင်ငံတကာနားလည်မှုရှိရေးအတွက် ပန်ဒစ်နေရူးရဲ့ အကျိုးပြုချက်တွေက သူ့ဘဝတသက်တာအတွင်း ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ သူပါဝင်ကပြခဲ့တဲ့အခန်းထက် ကျော်လွန်ပြီး ထွေပြားတဲ့ယဉ်ကျေးမှုဓလေ့တွေကြား၊ အမျိုးမျိုးအဖုံဖုံ သော သဘောတရားဝါဒရေးရာတွေကြား ကွာဟချက်ကို ကျဉ်းမြောင်းလျော့ကျစေခဲ့ပါတယ်။ ရုပ်ဝတ္ထုစွမ်းပကား ပိုလို့ ပိုလို့တွင်ကျယ်လာတဲ့ကမ္ဘာကြီးမှာ တလောကလုံးဆိုင်ရာ လူသားတန်ဖိုးစံတွေ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်ရုန်းကန်နေ ကြတဲ့ ပြည်သူလူအများကို နေရူးဝိညာဉ်က အားပေးအကျိုးပြုနေပါတယ်။
ကျမအချုပ်အနှောင်ခံနေရတဲ့ နှစ်ကာလတွေအတွင်းမှာ မဟတ္တမဂန်ဒီနဲ့ ပန်ဒစ်နေရူးတို့ရဲ့ စကားတွေ စာတွေ ဟာ အစဉ်တစိုက် စိတ်ဓာတ်မြှင့်တင် အားပေးနေခဲ့ပါတယ်။ ဒီကြီးကျယ်မြင့်မြတ်လှတဲ့ အိန္ဒိယအမျိုးသားနှစ်ယောက် ကို ကျမအလေးစားအကြည်ညိုဆုံး ရှေ့ဆောင်လမ်းပြတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေတွေစာရင်းထဲ ထည့်ထားပါ တယ်။ ကျမ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရတဲ့ ခြောက်နှစ်တာကာလတလျှောက်လုံး ကျမအိမ်ရှေ့ခန်းမမှာ ပန်ဒစ် ကြီးကိုယ်တိုင်ရေးအထုပ္ပတ္တိထဲက ထာဝရရှင်သန်နေမယ့်စကားတွေကို ကောက်နှုတ်ပြီး ပိတ်ကားချပ်ပေါ် ရေးကူး ချိတ်ဆွဲထားပါတယ်။ ဒီစကားတွေဟာ ကျမအပေါ် နက်နက်ရှိုင်းရှိုင်း စွဲထင်နေတဲ့အတွက် အဲဒီထဲကတပိုဒ်ကို ကိုးကားပါရစေ။
တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေးတို့သည် အိန္ဒိယနိုင်ငံကို ဗြိတိသျှအုပ်စိုးမှု၏ ဂုဏ်ယူဖွယ်အောင်မြင်ချက်များထဲ ပါဝင် သည်ဟု ကျနော်တို့ကို သင်ကြားခဲ့သည်။ ကျနော်၏ကိုယ်ပိုင်အသိစိတ်အရ ယင်းတရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို လုံးဝလိုလားထောက်ခံပါသည်။ ကျနော်သည် စည်းကမ်းရှိရှိနေထိုင်ခြင်းကို နှစ်သက်ပြီး မင်းမဲ့ဝါဒ၊ စည်းကမ်းမဲ့ ဗရုတ်သုက္ခဖြစ်မှုနှင့် စွမ်းဆောင်ရည်မဲ့မှုကို မနှစ်ခြိုက်ပါ။ သို့ရာတွင် ခါးသီးသောအတွေ့အကြုံကြောင့် ပြည်သူလူထုအပေါ် နိုင်ငံတော်အစိုးရများက ချမှတ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၏ တန်ဖိုးကို ကျနော်သံသယဖြစ်မိပါသည်။ တခါတရံတွင် ယင်းတန်ဖိုး အတွက် ပေးဆောင်ရသည့် စရိတ်မှာ လွန်ကျူးလှပြီး တရားဥပဒေစိုးမိုးရေး ဟူသည်မှာ ကြီးစိုးလွှမ်းမိုးနေသည့် ဂိုဏ်းတရပ်၏ ဆန္ဒ သဘောထားသာဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေး ဟူသည်မှာလည်း အသွေးအသားထဲအထိ စိမ့်ဝင်နေသည့် ကြောက်ရွံ့မှု၏လွန့်တုန့်ချက် reflex သာဖြစ်သည်။ တခါတရံတွင် တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေး ဟုခေါ်ဆိုကြသည့်အရာမှာ လက်တွေ့တွင် တရား ဥပဒေနှင့်ငြိမ်ဝပ်ပိပြားခြင်း ကင်းမဲ့မှုဟု ပို၍သင့်တော်စွာခေါ်ဝေါ်နိုင်ပေသည်။ အပြန့်အနှံ့ဖြစ်နေသည့် ကြောက်ရွံ့မှုအပေါ် အခြေခံ ထားသော မည်သည့်အောင်မြင်မှုမဆို နှစ်လိုဖွယ်ရာဖြစ်နိုင်ရန်ခဲယဉ်းလှပြီး နိုင်ငံတော်အစိုးရ၏ အကြပ်ကိုင်ခြိမ်းခြောက်မှုယန္တရား ပေါ် အခြေခံထားကာ ယင်းယန္တရားနှင့် ခွဲခြားမတည်ရှိနိုင်သော 'ငြိမ်ဝပ်ပိပြားရေး' ဆိုသည်မှာလည်း အရပ်ဖက်အုပ်စိုးမှုထက် စစ်ဖက်သိမ်းပိုက်စိုးမိုးမှုနှင့် ပိုတူနေပါသည်။ ကဗျာဆရာကြီး ကဠဏ၏ သက်တမ်းထောင်ချီရှိပြီဖြစ်သည့် ရာဇတရံဂဏိ အမည်ရှိ ကက်ရှ်မီးယားရာဇဝင်ဇာတ်တော်ကြီးထဲတွင် မင်းနှင့်နိုင်ငံတော်အစိုးရတို့က စောင့်ထိန်းရန်တာဝန်ရှိသော ဓမ္မ (မှန်သောတရား) နှင့် အဘယ (အကြောက်အရွံ့မဲ့မှု) တို့ကို တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေး အဓိပ္ပာယ်ဖြင့် ထပ်တလဲလဲသုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ တရားဥပဒေ မည်ကာမတ္တထက်သာလွန်သလို ငြိမ်ဝပ်ပိပြားရေး ဆိုသည်မှာ လည်း ပြည်သူပြည်သားများအနေဖြင့် အကြောက်အရွံ့မဲ့ခြင်းကို ဆိုလိုခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေသော ပြည်သူလူထုအပေါ် 'ငြိမ်ဝပ်ပိပြားမှု' သက်ရောက်စေခြင်းထက် အကြောက်အရွံ့မဲ့မှုကို ပျိုးထောင်စိမ့်ဝင်စေသည့်စိတ်ကူးက အများကြီးပို၍ နှစ်လိုဖွယ်ပါ တကား။
အဲဒီအပိုဒ်မှာ ပန်ဒစ်နေရူး ဖော်ပြထားတဲ့ ခံစားချက်တွေဟာ ကျမရဲ့ခံစားချက်တွေနဲ့ လုံးဝတထပ်တည်း ဖြစ်ပါ တယ်။ သူနဲ့ကျမ တူညီတာတွေ အများကြီးရှိတယ်လို့ မကြာခဏဆိုသလို ကျမခံစားမိပြီး အမေနဲ့အတူ အိန္ဒိယမှာ ကျမနေတဲ့ကာလတွေတုံးက ပန်ဒစ်ကြီးနဲ့ ပိုရင်းနှီးအောင်လုပ်နိုင်တဲ့အခွင့်အလမ်း မယူမိခဲ့တာကို နောင်တရမိပါ တယ်။ အဲဒီတုံးကတော့ သူ့ကို ကျမမိဖတွေရဲ့ မိတ်ဆွေတယောက်အဖြစ်လောက်ဘဲ သဘောထားမိခဲ့ပြီး တနေ့ကျရင် ကျမကိုယ်တိုင်ရဲ့မိတ်ဆွေအဖြစ် သဘောထားမိမှာကို တခါမှ မစဉ်းစားမိခဲ့ပါဘူး။
ပန်ဒစ်နေရူးဟာ လူမျိုးရေးနဲ့ အသားအရောင်တံတိုင်းတွေ မျိုးဆက်တံတိုင်းတွေကို သူ့ရဲ့ နွေးထွေးတဲ့ လူသား ဆန်မှု မေတ္တာကရုဏာဓာတ်နဲ့ မကြာခဏဖြတ်ကျော်ခဲ့ပါတယ်။ ကျမအဖေဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် လန်ဒန်ကိုသွားဆွေးနွေးတဲ့အခါ ဒေလီမှာခဏနားပြီး ပန်ဒစ်နေရူးနဲ့တခြားအိန္ဒိယခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါ တယ်။ ပန်ဒစ်ကြီးဟာ သူ့ထက် (၂၆)နှစ်ငယ်တဲ့ ကျမအဖေအပေါ် ဖခင်စိတ် ချက်ချင်းပြခဲ့ပါတယ်။ အဖေ့ရဲ့ နွမ်း ဖတ်ဖတ် ပါးလှပ်လှပ် ချည်ယူနီဖောင်းကို ကြင်နာတဲ့မျက်လုံးနဲ့ ဝေဖန်ပိုင်းခြားပြီး အဲဒီအဝတ်အစားနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပန်ဒစ်ကြီးက အပ်ချုပ်ဆရာတွေကို ပုံစံကျကျ ထူထူထဲထဲ သိုးမွှေးယူနီဖောင်း လေး-ငါးထည် အမြန်ချုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဟာ အဲဒီတုံးက တသက်မှာမကြုံဖူးအောင်အေးတဲ့ ဆောင်း ရာသီကိုတွေ့နေရတာ ကြားရတဲ့အတွက် ပန်ဒစ်ကြီးက အပေါ်ဝတ်ရုံအနွေးထည်ကြီး (ဂရိတ်ကုတ်) တထည်ကိုလည်း တနေရာကဆွဲပေးခဲ့ပါတယ်။ ကျမအဖေရဲ့ လူသိများတဲ့ဓာတ်ပုံတပုံမှာ သူ့အတွက်အတော်လေးကြီးနေတဲ့ အဲဒီ ဂရိတ်ကုတ်ကြီးထဲ မြုပ်ဝင်နေတာကို ပြထားပါတယ်။
၁၉၆၀ မှာ ကျမအမေ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ် ခန့်အပ်ခံရတဲ့အခါ ပန်ဒစ်နေရူးက ရင်းရင်းနှီးနှီး နွေးနွေး ထွေးထွေး စောင့်ရှောက်ခဲ့ပါတယ်။ အများပြည်သူပွဲလမ်းသဘင်တွေမှာဆိုရင်လည်း အမေ့ကိုတမင်ရွေးပြီး နေကောင်း ကျန်းမာလား မေးလေ့ရှိခဲ့ပါတယ်။ ဒီလို လူသားဆန်တဲ့နွေးထွေးမှုအမူအရာမျိုးတွေနဲ့ ပန်ဒစ်နေရူးဟာ လူမျိုးမရွေး ဘာသာမရွေး ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒီမိုကရေစီ ယုံကြည် ချက် နိုင်ငံတကာ့ဝါဒယုံကြည်ချက်တွေကို လက်မခံသူတွေကတောင် သူ့ဉာဏ်ပညာနဲ့ ရိုးဖြောင့်မှုကြောင့် လေးစား သွားကြပါတယ်။
ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ကျမတို့ရဲ့ ခြောက်ပစ်မကင်းကမ္ဘာကြီးကို ဖိစီးနှိပ်စက်နေတဲ့ ပြဿနာတပုံတခေါင်း အတွက် အကောင်းဆုံးဖြေရှင်းချက်တွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတဲ့ ကျမတို့အဖို့ ပန်ဒစ်နေရူးနဲ့ အိန္ဒိယနိုင်ငံ တို့ရဲ့အောင်မြင်မှုတွေက အင်မတန့်ကို အားဖြစ်စေပါတယ်။ ဒီအိန္ဒိယတိုက်ငယ်ဟာ လူမျိုးတွေ၊ ဘာသာစကားတွေနဲ့ အယူဝါဒတွေ အများကြီးရှိနေတဲ့တိုက်ငယ်ဖြစ်တယ်၊ ဒီနိုင်ငံဟာ တုန်လှုပ်ခြောက်ခြားစရာကောင်းလှတဲ့ လူမျိုးရေး-ဘာသာရေးအဓိကရုဏ်း၊ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကြောင့် အနေအထားတွေ ဖရိုဖရဲဖြစ်သွားပြီး လပိုင်း အတွင်းမှာ ကံကြမ္မာနဲ့ချိန်းဆိုချက်အတိုင်း ရင်ကော့ခေါင်းမော့ပြီး ရှေ့တက်လှမ်းသွားခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ လူသားရဲ့ ဝမ်းတွင်းပါဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်ဖို့နဲ့ ကိုယ့်ဖာသာကိုယ်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့သတ္တဝါအဖြစ် တန်ဖိုးထားတဲ့စနစ်က မထိန်းချုပ်နိုင်တဲ့ပြဿနာမရှိဘူး ဆိုတာကို ဒီ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးက အကောင်းဆုံးသက်သေပြနေပါတယ်။ ကျမတို့နိုင်ငံလည်း မဝေးတော့တဲ့တနေ့မှာ ပြည်သူလူထုရဲ့ဆန္ဒသဘောထား က ရှေ့ဆောင်လမ်းပြပြီး ဓမ္မ နဲ့ အဘယ တို့စိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မြန်မာပြည်သူအများတကာ့ အများစုကြီးက နှစ်နှစ်ကာကာမျှော်လင့်နေပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်မြေချင်းစပ်နေရုံမကပါဘူး။ မြန်မာ့ယဉ်ကျေးမှုရဲ့ ကျောရိုးဖြစ်တဲ့ ဗုဒ္ဓ ဘာသာဟာ အိန္ဒိယမြေပေါ်က ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကျမတို့ခေတ်ကာလရဲ့ ဧရာမနည်းပညာတိုးတက်မှု တွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီးသေးငယ်လာပေမဲ့ ပိုရှုပ်ထွေးပြီး အင်မတန်အန္တရာယ်ကြီးနိုင်စရာ ဖြစ်လာပါတယ်။ ဒီလိုကမ္ဘာကြီးမှာ ဗုဒ္ဓဝါဒကသင်ကြားပေးတဲ့ မေတ္တာ၊ ကရုဏာ၊ သည်းခံခွင့်လွှတ်မှု နဲ့ မိမိကိုယ်မိမိထိန်းချုပ်မှုတို့ဟာ တန်ဖိုးရှိလှတဲ့ အရည်အသွေးတွေဖြစ်ပါတယ်။ လူမျိုးအားလုံး လူအားလုံးကို ဘုံလူသားနွယ်ဖြစ်မှုက စည်းနှောင်ထား တာကို အသိအမှတ်ပြုဖို့၊ တယောက်ကိုတယောက် ပိုနားလည်စေတဲ့ အရည်အသွေးတွေကို မြေတောင်မြှောက်ပေးဖို့ တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။ သူတို့ရဲ့အမြော်အမြင်ကျယ်ပြောမှုနဲ့ တစိမ်းတရံစာနှလုံးသားတွေကို သိမ်းကျုံးယူနိုင်ခဲ့တဲ့ မဟတ္တမဂန္ဒီ နဲ့ ပန်ဒစ်နေရူးတို့လို ကြီးကျယ်မြင့်မားမှု တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။
ဒီကနေ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ဆက်လက်လျှောက် လှမ်းနေပါတယ်။ ကျမရဲ့နှလုံးသားနဲ့ အင်မတန့်ကိုရင်းနှီးလှတဲ့ ဒီနိုင်ငံကနေ နိုင်ငံတကာ့နားလည်မှုဆိုင်ရာဆု လက်ခံ ယူဖို့ ရွေးချယ်ခံရတာဟာ တကယ့်ကိုဂုဏ်ယူစရာဖြစ်ပါတယ်။
သမတကြီးနဲ့ နေရူးဆုကော်မတီဝင်များရှင့်၊ ကျမရဲ့တိုင်းပြည်၊ ကျမရဲ့ပြည်သူတွေနဲ့ ကျမကိုယ်တိုင်ကို ဂုဏ်ပြု တဲ့အတွက် ကျေးဇူးတင်ပါတယ်။

(ဒေါ်သန်းအေးက သမတကြီး ဒေါက်တာရှန်ကာဒါယားရှားမ ထံမှ ဒေါ်စုကိုယ်စား ဆုလက်ခံယူခဲ့သည်။)

Friday, March 06, 2009

လက်ဘက်ရည်ဆိုင်ထဲမှာ ဖြတ်သန်း စီးဆင်းသွားသော ရေအလျဉ်

(ဒီရက်ပိုင်းထဲ သွားလေသူ ဆရာမြကို စူးစူးနစ်နစ်သတိရနေမိတယ်။ဆရာ့စာတွေပြန်ဖတ်မိတဲ့အထဲကပြန်ဝေမျှလိုက်တာပါ။)

လက်ဘက်ရည်ဆိုင်ထဲမှာဖြတ်သန်းစီးဆင်းသွားသောရေအလျဉ်
ရေးသူ- မြသန်းတင့်

[၁]
ကျွန်တော်သည် ၄၅ လမ်းထဲသို့ ချိုးဝင်လိုက်သည်။
ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းမကြီးများပေါ်တွင် မော်တော်ကားသံတွေ၊ ဟွန်းသံ တွေ ဆူညံနေသလောက် လမ်းထဲမှာ တိတ်ဆိတ်နေသည်။ အချို့နေရာများတွင် တိုက်သစ် အိမ်သစ်တွေကို မြင်ရသော်လည်း အချို့နေရာများတွင်မူ တိုက်ဟောင်း အိမ်ဟောင်းတွေ ကျန်နေသေးသည်။ တချို့အိမ်တွေမှာ စက္ကူပန်းရုံလေးတွေ၊ ဗာဒံပင်ဝိုင်းဝိုင်းကလေးတွေ စိမ်းစိုအေးမြနေသည်။
ကျယ်ဝန်း၍ လေကောင်းလေသန့်ရသည့် မဟေသီမဂ္ဂဇင်းတိုက် အပေါ်ထပ်သို့ ရောက်သွားသည့်အခါတွင် ရန်ကုန်မြို့ကြီးမှ အိမ်တအိမ်သို့ ရောက်သွားသည်နှင့်မတူ။ မြို့ပြသဲ ကန္တာရကြီးထဲက အိုအေစစ်ကလေးတခုကို ရောက်သွားသလို ခံစားလိုက်ရသည်။
မဟေသီအယ်ဒီတာချုပ်နှင့် အယ်ဒီတာအဖွဲ့ဝင်များက ကြုံလျှင် သူတို့မဂ္ဂဇင်းတိုက်ကို ဝင်ပါဟု မကြာခဏ ဖိတ်တတ်သည်။ သို့ရာတွင် မရောက်ဖြစ်ခဲ့ပါ။ တလောကမှ လမ်းကြုံ သဖြင့် မဟေသီမဂ္ဂဇင်းတိုက် ရှိရာကို ရောက်သွားခြင်းဖြစ်သည်။
မဟေသီမဂ္ဂဇင်းတိုက်ကိုသာမဟုတ်။ မဂ္ဂဇင်းတိုက်တည်ရာ ၄၅ လမ်းကို မရောက်ဖြစ် သည်မှာလည်း တော်တော်ကြာပါပြီ။
ဟိုတုန်းက ၄၅ လမ်းကို မကြခဏ ရောက်ဖြစ်သည်။ မကြာခဏပင် မဟုတ်ပါ။ နေ့တိုင်းလောက်ပင် ရောက်ဖြစ်ပါသည်။
ဟိုတုန်းက ဆိုသည်မှာ စစ်ပြီးစ ၁၉၄၇-၄၈ ခုနှစ်တဝိုက်။ ကြာတော့ ကြာခဲ့ပြီကော။

[၂]

ထိုစဉ်က နေ့တိုင်းလိုလို ၄၅ လမ်းထဲသို့ ရောက်ရသည်မှာ အခြားကြောင့် မဟုတ်ချေ။ သွေးသောက်မဂ္ဂဇင်း တိုက်ရှိသောကြောင့် ဖြစ်သည်။
ကျွန်တော်တို့ တသိုက်က ၅၁လမ်း ရန်ကျော်ဂျာနယ်တိုက်မှာ စတည်းချတတ်သည်။ ရန်ကျော်ဂျာနယ်တိုက်မှာ ကျော်လင်းစာပေ 'ကိုအုန်းမြင့်' နှင့် ကွယ်လွန်သူ စာရေးဆရာ 'စောဦး'တို့ တည်ထောင် တည်းဖြတ်သည့် အပတ်စဉ်ဂျာနယ် ဖြစ်သည်။ နောင် ကျွန်တော်တို့ တတွေ စာပေသစ်မဂ္ဂဇင်းကို ထုတ်ဝေကြသည့် အခါတွင်လည်း ထိုနေရာမှာပင် စတည်း ချကြသည်။
ထိုစဉ်က ရန်ကုန်အရှေ့ပိုင်းသည် စာရေးဆရာတွေ တော်တော်များများအား တွေ့နိုင်သော နေရာဖြစ်သည်။ မဂ္ဂဇင်းတိုက်များ၊ ပုံနှိပ်တိုက် များကလည်း အရှေ့ပိုင်းမှာပင် ရှိတတ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကျောင်းမှမြို့ထဲသို့လာလျှင် ရေကျော်ဘက်ကို တော့ ရောက်အောင် သွားတတ်သည်။
စစ်မဖြစ်မီက ကျွန်တော်တို့ ငယ်ငယ်က စာရေးဆရာကြီးများက အစ ကျွန်တော်တို့နှင့် ခေတ်ပြိုင် စာရေးဆရာငယ်အထိ လူစုံတက်စုံတွေ့ ရတတ်သည်။ ထို့ကြောင့် ရေကျာ်သို့ရောက် နေကြခြင်းဖြစ်သည်။
မြန်မာဝတ္ထုခေတ်ဦးဟု ခေါ်နိုင်သော နှစ်ပဲတန်ဝတ္ထုခေတ်နှင့် လေးပဲတန်ဝတ္ထုခေတ် တုန်းက ဝတ္ထုတွေကို လှိုင်လှိုင်ရေးခဲ့ကြသော 'သင်္ခါ' သည် ရေကျော်ထဲမှာ နေသည်။ ပျော့ပျောင်းသည့် ဆံပင်ထူထူ, အသားဖြူဖြူ, နွဲ့နွဲ့နှောင်းနှောင်း, မျက်နှာထားက အစဉ်ချိုနေ တတ်သည်။ စကားပြောလျှင် တိုးတိုးပြောတတ်သည်။
ကျွန်တော်သည် 'သင်္ခါ'ကို မြင်ရသည့်အခါတွင် နှစ်ပဲတန်လား, လေးပဲတန်လားမသိ။ ဝတ္ထုခေတ်ဦးက ပေါ်ခဲ့သည့် 'ရှက်လွန်းလို့' ဝတ္ထုထဲက ဇာတ်လိုက်ကို ပြေး၍ သတိရနေသည်။
'သင်္ခါ' သည် စာရေးဆရာပြဇာတ်က,လျှင် ဘုရင်ခန်းက ပါတတ်သည်။ ညီလာခံတွင် သန်လျက်ကို ဝင့်၍ဝင့်၍ တိုင်းရေးပြည်ရာကို ဆွေးနွေးနေသော 'သင်္ခါ'၏ အသံသည် ဇာတ်ရုံထဲတွင် ဟိန်းနေတတ်သည်။
တခါတွင် 'သင်္ခါ'သည် ဘယ်သူ့ကို စိတ်ဆိုးနေသည်မသိ။ "ဟေ့....... သင်္ခါတဲ့ကွ...... ဘယ်သူ့ကိုမှ မကြောက်လို့ ပုလိပ်ကထွက်ပြီး စာရေးဆရာ လုပ်တာ....." ဟုကြိမ်းနေသည်။ သူ့လက်ထဲတွင် ဇာတ်စင်ပေါ်တွင် ကိုင်သည့် သန်လျက်သည် ပြောင်လက်နေသည်။
ဘုရင် အဝတ်အစားတွေဝတ်၍ မျက်နှာချေတွေ အဖွေးသားဖြင့် ကန့်လန့်ကာကြားတွင် သန်လျက်ကြိမ်းကြိမ်းနေသော 'သင်္ခါ' ကိုကြည့်၍ ဇာတ်စင်နောက်မှ လူများသည် ပြုံးနေ ကြသည်။
ရေကျော်တွင် 'သင်္ခါ' သာမဟုတ်။ ငယ်ငယ်က ဝတ္ထုတွေရေးခဲ့သည့် 'မြို့မအုန်း' လည်းရှိသည်။ ငယ်ငယ်တုန်းက 'မြို့မအုန်း' ၏ 'အုံ့ပုန်းချစ်' ကို ဖတ်ခဲ့ရဖူးသည်။ နှစ်ပဲတန်လား၊ လေးပဲတန်လား မမှတ်မိ။ သည်တုန်းက ကျွန်တော့်အသက် (၁ဝ) နှစ်လောက်သာ ရှိသေးသဖြင့် လူကြီးတွေမသိအောင် တိတ်တိတ်ပုန်း ဖတ်ခဲ့ရသည်။
ကျွန်တော်တို့ ခေတ်တုန်းက အပျိုပေါက်,လူပျိုပေါက်တွေမှ ဝတ္ထုဖတ်သင့်သည် ဟူသော အစွဲရှိသောကြောင့်ဖြစ်သည်။ ထို့မတိုင်ခင်တုန်းကမူ အပျိုပေါက်, လူပျိုပေါက် ပင်လျှင် ဝတ္ထုမဖတ်ရ။
မန္တလေး 'မောင်ခင်မောင်' ခါ် 'လယ်တီပဏ္ဍိတဦးမောင်ကြီး' ရေးသည့် 'သန်းသန်း' ဝတ္ထုတို့၊ 'ခင်မြင့်ကြီး' ဝတ္ထုတို့၊ 'ပီမိုးနင်း'၏ 'ပွဲစားကြီး ဂရာရွတ်ကို မြာချွတ်ခန်း' ဝတ္ထုတို့ဆိုလျှင် အပျိုပေါက်, လူပျိုပေါက်တွေပင် ဖတ်ခွင့်မရ။ အလဇ္ဇီစာပေဟု သတ်မှတ်ကြသည်။
ကျွန်တော်သည်......
ကျွန်တော်တို့နှင့် လက်ဖက်ရည်ဆိုင်လာ၍ ထိုင်တတ်သော 'မြို့မအုန်း' ကို ငေးကြည့် နေမိသည်။ သူကတော့ 'သင်္ခါ' လို ဖြူဖြူသွယ်သွယ် မဟုတ်။ အသားမည်းမည်း, ခပ်ဝဝ, အရပ်ပျပ်ပျပ်, ကော်ကိုင်းတပ် မျက်မှန်ထူထူထဲမှ သူ့မျက်လုံးများသည် ရယ်နေတတ်သည်။
တခါတရံတွင် လူငယ်တွေကြားထဲလာ၍ လက်ဖက်ရည်ဆိုင်လာ၍ ထိုင်တတ်သောသူ များမှာ ဆရာကြီး 'မွန်းဓာတု' နှင့် 'ရွှေစကြာ' တို့ ဖြစ်သည်။
ဆရာကြီး 'မွန်းဓာတု' မှာ ဝတ္ထုရေးဆရာမဟုတ်ပါ။ တခါတရံတွင်သာ မြန်မာစာပေနှင့် ပတ်သက်သည့် ဆောင်းပါးများ၊ လောကဓာတ် ပညာ(သိပ္ပံပညာ)နှင့် ပတ်သက်သည့် ဆောင်းပါးများကို ရေးတတ်သူ ဖြစ်သည်။ အရပ်ပျပ်ပျပ် ကျွန်တော်တို့နှင့်စ, တွေ့စဉ်ကတည်း ကပင်လျှင် 'မွန်းဓာတု'သည် အသက်တော်တော်ကြီးနေလေပြီ။
'ရွှေစကြာ' ကား အမြဲတမ်းလိုလို အပေါ်အင်္ကျီ, မောင့်ကျက်သရေ ခေါင်းပေါင်းနှင့် ဆက်စုံရှူးဖိနပ်ကို ဝတ်ဆင်ထားသည်။ သူသည် လက်ဖက်ရည်ဆိုင်သို့ လာသည့်အခါမှာပင် ခေါင်းပေါင်းနှင့် အပေါ်အင်္ကျီကို ဝတ်ဆင်ထားတတ်သည်။ ကျွန်တော်တို့ ငယ်ငယ်ကလေး ကတည်းက ရာဇဝင် အချစ်ဝတ္ထုများကို ရေးဖွဲ့ခဲ့သော ဆရာကြီးဖြစ်သည်။
လယ်တီပဏ္ဍိတဦးမောင်ကြီးနှင့် ရွှေစကြာသည် ရာဇဝင်အချစ်ဝတ္ထုများကို အများဆုံး ရေးခဲ့သူများဖြစ်သည်။ ကျွန်တော်ဖတ်ဖူးသော သူ့ရာဇဝင် အချစ်ဝတ္ထုများပင်လျှင် ဆယ်ဂဏန်း လောက် ရှိမည်ထင်သည်။ 'နာခံတော်'၊ 'အထောက်တော်'၊ 'ကုန်းဘောင်ပြင်သစ်'၊ 'စောဥမ္မာ'၊ 'ဝန်ကြီးယောက်ဖ' စသည်......။
'ရွှေစကြာ' သည် သူ့ရာဇဝင် အချစ်ဝတ္ထုများကို တောင်ငူခေတ်၊ ပင်းယခေတ် နှင့် ကုန်းဘောင်ခေတ်တို့ကို နောက်ခံထားရေးလေ့ရှိသည်။ အချစ်၊ နိုင်ငံရေး၊ လျှို့ဝှက်ကြံစည်မှု စသည်တို့ကို ယှက်လိမ်ရက်ဖောက်ထားသည့် ဇာတ်လမ်းဖြစ်သဖြင့် ဖတ်၍ကောင်းသည်။
ကျွန်တော်တို့ဝိုင်းသို့ လာတတ်သည့် နောက်စာရေးဆရာတယောက်မှာ 'ရဲသမိန်' ဖြစ်သည်။ စစ်မဖြစ်ခင်တုန်းက သူ့ဝတ္ထုလေးတပုဒ်ကို ကျွန်တော်ဖတ်ပြီး စွဲလမ်းခဲ့ဖူးသည်။ သူက စာများများမရေး။ စစ်မဖြစ်မီတွင် နာမည်ကြီးသည့် စာအုပ်တိုက်ကြီးတတိုက်ကို တည်ထောင်ခဲ့ပြီး အောင်မြင်သောဝတ္ထုများ၊ ကျမ်းစာအုပ်များကို ထုတ်ဝေခဲ့သည်။ သူ့စာအုပ် တိုက်အမည်မှာ 'ဘီကေ' စာအုပ်တိုက်ဖြစ်သည်။ သူ့အမည်အရင်းက 'ဦးဘကြိုင်' ဖြစ်၍ သူ့စာအုပ်တိုက်ကို 'ဘီကေ' စာအုပ်တိုက် ဟု အမည်ပေးခြင်းဖြစ်သည်။
ကျွန်တော် ငယ်ငယ်တုန်းက သူ့စာအုပ်တိုက်မှ ထုတ်ဝေသော စာအုပ်တအုပ်ကို စာတိုက်မှတဆင့် မှာ၍ဖတ်ဖူးခဲ့သည်။ စာအုပ်မှာ 'မဟာဆွေ' ၏ 'အချစ်ပြဿနာ' ဆိုသည့်စာအုပ်ဖြစ်သည်။
ထိုစာအုပ်မှာ နောင်တွင် ညစ်ညမ်းသည်ဟုဆိုကာ အစိုးရကတရားစွဲပြီး ရုံးတင် စစ်သည်။ စာရေးသူနှင့် ထုတ်ဝေသူကို တရားရုံးက ရုံးမင်းတထိုင် ထောင်ဒဏ်အပြစ်ပေး သည်ဟု ကျွန်တော် မှတ်မိနေသည်။ ရုံးမင်းတထိုင်ဆိုသည်မှာ တရားသူကြီး ဤအမှုစစ်ဆေး သည့် ရုံးတက်ချိန်တချိန်ကို ဆိုလိုခြင်းဖြစ်သည်။
စစ်ပြီးသည့်နောက်တွင် 'ရဲသမိန်' သည် စာသိပ်မရေးတော့။ ရေကျော်သမဝါယမတွင် မန်နေဂျာလုပ်နေသည်။ ကျွန်တော်တို့သည် လက်ဖက်ရည် သောက်ချင်လျှင် 'ရဲသမိန်' ဆီသွားပြီး လက်ဖက်ရည် အတိုက်ခိုင်းတတ်သည်။
ရေကျော်တွင် ကျွန်တော်တို့ အမြဲတမ်းလိုလို လက်ဖက်ရည် အတိုက်ခိုင်းသည့် စာရေးဆရာတယောက်မှာ 'ဒေဝ' (ခေါ်)ကိုစောခိုင် ဖြစ်သည်။ 'ကိုစောခိုင်' ကတော့ ဝတ္ထုခေတ်ဦးက ဝတ္ထုရေးဆရာမဟုတ်။ ကျွန်တော်တို့နှင့် ခေတ်ပြိုင် စာရေးဆရာဖြစ်သည်။ 'မစိမ်းပင်' ဆိုသည့် လုံးချင်းဝတ္ထုဖြင့် နာမည်ကြီးလာသူ ဖြစ်သည်။ သို့ရာတွင် သူသည် စာကို အပျော်တမ်းရေးခြင်းဖြစ်ပြီး သူ့အလုပ်မှာ ဆေးတိုက်ဖွင့်ထားသည်။ ကျွန်တော်တို့သည် နေထိုင်မကောင်းလျှင် သူ့ဆေးတိုက်ဝင်ပြီး ဆေးအလကားထိုးကြသည်။
'ကိုဒေဝ' သည် လာသမျှ စာရေးဆရာကို လက်ဖက်ရည်တိုက်ပြီး ဆေးအလကား ထိုးပေးတတ်သည်။ သူ၏ အမှန်ဆုံးဖောက်သည်မှာ ဗန်းမော်တင်အောင်ဖြစ်သည်။
'မဟာဆွေ' နှင့် 'ဇဝန' တို့မှာ ရှစ်ပဲတန်နှင့် ဆယ့်နှစ်ပဲတန်ဝတ္ထုခေတ်တွင် ထင်ရှားသော စာရေးဆရာကြီးများ ဖြစ်ကြသည်။ သူတို့နှစ် ဦးစလုံးမှာ ၅၁ လမ်းထဲတွင် နေသဖြင့် ကျွန်တော်တို့နှင့် နေ့တိုင်းလိုလို တွေ့တတ်သည်။
'မဟာဆွေ' မှာ ညနေ (၄)နာရီထိုးပြီးသည်နှင့် အောက်သို့ဆင်းလာကာ လမ်းထိပ်သို့ ထွက်သွားသည်ကို မြင်ရတတ်သည်။ 'မဟာဆွေ' သည် မနက်ပိုင်းတွင် ကျွန်တော်တို့နှင့်အတူ ကရိလမ်းနှင့် မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း) ထောင့်ရှိ မက်သဒစ်ကဖီးတွင် လာထိုင်တတ် ပြီး နေ့လည်ပိုင်းတွင် သိပ်မထွက်တော့ဘဲ အိမ်မှာတနေကုန် စာရေးသည်။
'မဟာဆွေ'သည် သူ့အချိန်နှင့်သူ စာရေးပြီး သူ့အချိန်နှင့်သူနားသည်။ ကိစ္စဝိစ္စ အရေးမကြီးလျှင် 'မဟာဆွေ' သည် သူ စာရေးနေချိန်တွင် ဘယ်ဧည့်သည်ကိုမျှ အတွေ့မခံ။ နေ့တိုင်း ညနေ (၄)နာရီထိုးသည်နှင့် 'မဟာဆွေ' သည် အလုပ်သိမ်းပြီး ကျွန်တော်တို့ စခန်းချသည့် ရန်ကျော်ဂျာနယ်တိုက်ကို ရှေ့ကဖြတ်ပြီး လမ်းထိပ်သို့ ထွက်သွားတတ်သည်။ အရပ်ထောင်ထောင်မောင်းမောင်း, ဝဝဖိုင့်ဖိုင့်, အသားကကြေးနီရောင်, ဆံပင်ကနောက်မြင့် ခပ်တိုတို၊ စွပ်ကျယ် လက်ပြတ်အင်္ကျီနှင့် နှစ်တရာချည် လုံချည် အကွက်တုံးကြီးကို ဝတ်ထား တတ်သည်။
ခဏနေလျှင် 'မဟာဆွေ' သည် လမ်းထဲသို့ပြန်ဝင်လာကာ ကျွန်တော်တို့စခန်းချရာ ရန်ကျော်ဂျာနယ်တိုက်သို့ လာရောက်ပြီး စကားပြောတတ်သည်။ သူ့မျက်နှာသည် ပို၍ ကြေးနီရောင်သန်းလာကာ သူ့အသံသည် ပို၍ကျယ်လာသည်။ စူးဝါးသည့် ချက်အရက်နံ့သည် မျက်နှာပေါ် မှ ဝေ့ဝိုက်ဖြတ်သန်း သွားတတ်သည်။
သူသည် စာရေးဆရာဘဝကို မကြာခဏ ဂုဏ်ယူ၍ ပြောလေ့ရှိသည်။ စာရေးဆရာ ဘဝတွင် တခါတရံ ချာပါတီကို စားခဲ့ရကြောင်း၊ သို့ရာတွင် သူကိုယ်တိုင် ရွေးချယ်ခဲ့သော အလုပ်ဖြစ်၍ စာရေးဆရာဘဝကို သူဂုဏ်ယူကြောင်း၊ စာရေးဆရာတယောက် အနေဖြင့် ဆင်းရဲမွဲတေရခြင်းသည် ဂုဏ်သိက္ခာရှိသော ဆင်းရဲမွဲတေခြင်းဖြစ်ကြောင်း၊ တချို့သော လူချမ်းသာတို့၏ သိက္ခာမဲ့သောဘဝမျိုးနှင့် မလဲနိုင်ကြောင်းဖြင့် မကြာခဏ ပြောတတ်သည်။
'မဟာဆွေ' သည် စကားတွေကို တသွင်သွင်ပြောပြီးနောက် ထပြန် သွားတတ်သည်။ ကျွန်တော်တို့က တားလျှင်
"ငါက အချိန်နဲ့ အလုပ်လုပ်တဲ့ကောင်ကွ၊ သောက်ပြီးရင် စောစောအိပ်ရမယ်။ (၇) နာရီဆိုရင် ငါအိပ်ရာထဲ ရောက်နေပြီ" ဟုပြောပြီး ပြန်သွားတတ်သည်။ လမ်းတွင် တွေ့သမျှလူကို အော်ဟစ်နှုတ်ဆက်သွားသံကို တလျှောက်လုံး ကြားနေရသည်။
'ဇဝန' မှာ ကျွန်တော်တို့ စတည်းချသည့် ရန်ကျော်ဂျာနယ် အပေါ် ထပ်တွင် နေသူဖြစ်၍ အမြဲလိုလို တွေ့နေရသည်။ သူသည် ပျင်းလျှင် အောက်ထပ်သို့လာပြီး ကျွန်တော်တို့နှင့် စကားပြောနေတတ်သည်။ တခါတလေ လက်ဖက်ရည်ဆိုင် လိုက်ထိုင်တတ်သည်။ သူကတော့ 'မဟာဆွေ' လိုမဟုတ် ဝိုင်းကောင်းလျှင် ကောင်းသလို အကြာကြီးနေသည်။
(သူဆုံးမည့်နှစ်က သူ့အိမ်တွင် မွေးနေ့ဖိတ်သဖြင့် ကျွန်တော်ရောက်သွားသည်။ ဝီစကီနှင့် ဧည့်ခံသည်။ နောက်တလ နှစ်လအကြာတွင် နောက်တခါ မွေးနေ့လုပ်ပြန်သည်။ ဝီစကီနှင့်ပင် ဧည့်ခံပြန်သည်။
ကျွန်တော်က "တလောကတွင် ဆရာမွေးနေ့လုပ်ပြီးပြီ၊ ခုတခါလည်း မွေးနေ့ပဲလား" ဟုမေးသည်။ သူက မျက်မှန်ထဲက ပြုံးရယ်ရင်း.... "ဟဲ..... ဟဲ....... အရင်တခါတုန်းက အင်္ဂလိပ်ရက်နဲ့တွက်ပြီး လုပ်တဲ့မွေးနေ့ဗျ၊ ခုမွေးနေ့က မြန်မာရက်နဲ့တွက်ပြီး လုပ်တာ" ဟုပြောသည်။
နောင် နှစ်လလောက်အကြာတွင် သူဆုံးပြီဟု ကြားလိုက်ရသည့်အခါ၌ ကျွန်တော် သည် အံ့အားသင့်နေသည်။)
ထိုစဉ်က 'ဇဝန' မှာ ပိန်ပိန်ကလေး။ ဆံပင်ကလည်း ကျီးကန်းသိုက်လို ဆံပင်အရှည်။ နောက်တွင် လည်ဂုတ်အထိရောက်သည်။ ရှေ့မှာလည်း နဖူးပေါ်ဝဲကျနေသည်။ လမ်းထွက်လျှင် အပေါ်အင်္ကျီ၊ ဗန်ကောက်လုံချည် ပေတင့်ရှူးဖိနပ်တို့ဖြင့် ကျကျနန ဝတ်တတ်သည်။ ညနေမိုးချုပ်လျှင် 'ဇဝန' သည် လန်ချားပေါ်မှ ယိုင်တီးယိုင်တိုင်ဖြင့် ဆင်းလာပြီး ကျွန်တော် တို့နှင့် စကားတွေ ဖောင်လောက်အောင် ပြောနေသည်။
သူသည် ထိုစဉ်က ဇဝနဂျာနယ်။ နောက်တော့ ဇဝနသတင်းစာ။ နောက် အိုးဝေသတင်းစာသို့ ရောက်သွားသည်။ အိုးဝေသတင်းစာသို့ ရောက်သည့်အခါတွင် ကျွန်တော်တို့နှင့် သိပ်မတွေ့ဖြစ်တော့။ 'ကောလိပ်ကျောင်းသား'၊ 'ကောလိပ်ဂျင်'၊ 'ကောလိပ်ကြမ်းပိုး' တို့ကိုဖတ်ပြီး သူ့ကို ဟာသဝတ္ထုရေးဆရာ သက်သက်ဟု သဘောထားခဲ့ သည်။
သို့ရာတွင် စစ်မဖြစ်မီ သူရိယာမဂ္ဂဇင်းထဲတွင်ပါသည့် သူ့အလွမ်း ဝတ္ထုလေးကို ဖတ်ခဲ့ရဖူးသည်။ အလွမ်းဝတ္ထုကျတော့လည်း အရေးကောင်းသည်ပင်။ ဝတ္ထုအမည်က 'လွမ်းငွေ့ဝေဝေ' လား၊ ဘာလားမသိ။
ကျွန်တော်တို့တတွေ စာရေးဆရာအသင်းမှာ အမှုဆောင်ဖြစ်ပြီး မြဝတီပြဇာတ်က, သည့်နှစ်က 'သုခ' နှင့် 'ဇဝန' တို့နှစ်ယောက် မပါ။ သူတို့နှစ်ယောက်မှာ စာရေးဆရာ ပြဇာတ်တွင် အခရာဖြစ်သည်။ ဇာတ်ခုံ၏သဘောကိုလည်း နားလည်ကြသည်။ ပရိသတ်အထာ ကိုလည်း သိကြသည်။ သူတို့နှစ်ယောက်မှာ အများအားဖြင့် ဇာတ်လိုက်၏ သူငယ်ချင်း များဖြစ်ကြသည်။
စာရေးဆရာပြဇာတ်များတွင် ဇာတ်လိုက်မှာ အမြဲတမ်းလိုလို 'ရွှေညာမောင်'ဖြစ်သည်။ 'နတ်သျှင်နောင်' ပြဇာတ်ကလျှင် 'ရွှေညာမောင်' က 'နတ်သျှင်နောင်'။ 'မြဝတီ' ပြဇာတ်ကလျှင် သူပင် 'မြဝတီမင်းကြီး'။ 'ဝန်းဇင်းမင်းရာဇာ' ကဇာတ်ကလျှင် သူပင် 'ဝန်ဇင်းမင်းရာဇာ'။ 'လှိုင် ထိပ်ခေါင်တင်' ပြဇာတ်ကလျှင် သူပင် 'ကနောင်မင်းသား'။ ထိုအခါတွင် 'သုခ' နှင့် 'ဇဝန' တို့က ဇာတ်လိုက်၏ သူငယ်ချင်းတွေ။ သူတို့သုံးယောက်မှာ အပေးအယူညီသည်။ 'ဇဝန' နှင့် 'သုခ' ထွက်လာလျှင် ပရိသတ်များ ပါးစပ်စေ့၍ မနေရတော့ တဝါးဝါး ပွဲကျနေတော့သည်။
ထိုနှစ်ကမူ 'ဇဝန' နှင့် 'သုခ' တို့ ကျွန်တော်တို့လူငယ်ထဲက တယောက် နှစ်ယောက်ကို စိတ်ခုသွားကာ ပွဲလာမကကြ။ ပထမဆုံးရက် နေ့ပွဲနှင့်ညပွဲကို ကကြသည့်အခါတွင် သူတို့နှစ်ယောက်အစား တခြားလူကို လူစားထိုးရသည်။ သို့ရာတွင် သူတို့နှစ်ယောက်ကို မမီနိုင်။ သူတို့ နှစ်ယောက်မှာ အရှိန်အဝါကြီးသည့် စာရေးဆရာကြီးတွေလည်း ဖြစ်နေသည်။ ထို့ပြင် ဇာတ်သဘောကိုလည်း ကောင်းကောင်းနားလည် ကျွမ်းကျင်သူများဖြစ်သည်။ သူတို့ မပါသော ကျွန်တော်တို့ပြဇာတ်သည် ခြောက်ကပ်ကပ် ဖြစ်နေသည်။ ပရိသတ်မပြောနှင့် ကျွန်တော်တို့ကိုယ်တိုင်ပင် မကြိုက်ဘဲ ဖြစ်နေသည်။
ကျွန်တော်နှင့် 'ဒေါ်မမလေး' လိုက်သွားပြီး သူတို့နှစ်ယောက်ကို ဝင်ကပေးဖို့ တောင်းပန်ရသည်။ 'ဇဝန' အိမ်သို့ ရောက်သည့်အခါတွင် သူက "ကျွန်တော်ကလည်း ဖိုးက,ချင် ဖြစ်နေတာ အတော်ပဲ" ဟုရယ်မော ပြောပြီး ထ,လိုက်လာသည်။
၅၁ လမ်းထဲမှာပင် 'မဟာဆွေ' နှင့် မနီးမဝေးတွင် 'မေမြို့မောင်' ရှိသည်။ 'မေမြို့မောင်' မှာ အချစ်ဝတ္ထုတွေကို ရေးတတ်သည်။ သို့ရာတွင် 'ရွှေအ' ဆိုသည့် သူ့ဟာသ ကလောင်က ပို၍စူးရှသည်။ စစ်မဖြစ်မီတုန်း က 'ရန်ကုန်ဆိုတာ' ဆိုသည့် ဟာသဝတ္ထုတပုဒ်ရေးသည်။ ဂျပန်ခေတ်မှာ လားမသိ။ 'ခေတ်သစ်ရန်ကုန်ဆိုတာ' ဆိုသည့် စာအုပ်တအုပ် ထွက် သေးသည်။ ကွမ်းယာဆိုင်ရှေ့က ဆေးလိပ်မီးညှိရန်ထားသည့် ကြိုးစကို မီးလောင်နေသည် ဆိုပြီး မီးသွားညှိမ်းသည့် ရန်ကုန်ရောက်တောသား ခပ်အအဖြစ်ပုံများမှာ သူ့ကလောင်ဖျား မှထွက်လာသည့် ပျက်လုံးများ ဖြစ်သည်။
နောက်ပိုင်းတွင်လည်း သူသည် 'ရွှေစာပြောင်' ဆိုသည့် ဟာသ စာစောင်လေး တခုကို ထုတ်ဝေခဲ့သေးသည်။ သူသည် ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းကို တခါတလေ လာတတ်သည်။
'သာဓု' မှာ ၄၈လမ်းမှနေ၍ သစ္စာမဂ္ဂဇင်း ထုတ်နေသည်။ စပယ်ယာ တွေလွယ်သည့် လွယ်အိတ်သေးသေးလေးကိုလွယ်ပြီး ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းသို့ ရောက်လာတတ် သည်။ သူလာလျှင် ကျွန်တော်တို့ကို လက်သီးနှင့် ထုတော့မလို ရွယ်ပြီးမှ ဆလံပေးတတ် သည်။
၅၁ လမ်းတွင်နေသော စာရေးဆရာတယောက် ကျန်သေးသည်။ 'လင်းယုန်နီ' ဖြစ်သည်။ 'လင်းယုန်နီ' သည် ကျွန်တော်တို့နှင့် ခေတ်ပြိုင် ဖြစ်ပြီး သူက နည်းနည်းစောသည်။ သူ၏ 'ချစ်မမ'၊ 'မမမြင့်'၊ 'ချစ်သောမမ'၊ 'ချစ်မမမြင့်' စသည်တို့မှာ ထိုစဉ်က လူငယ်တွေ အသည်းစွဲခဲ့ကြ သည့် အချစ်ဝတ္ထုများဖြစ်သည်။
သူ့ဇာတ်လိုက် 'မောင်စောလွင်' က ခပ်ပေပေ ခပ်တေတေ ကောင်း လေး။ 'မမမြင့်' နှင့် ခွဲ၍ပြန်ခါနီးတိုင်း ဓာတ်တိုင်ကို ခဲဖြင့်ပေါက်၍ ထွက်သွားတတ်သည်။ ဖိလစ်မောရစ် စီးကရက်ကို သောက်သည်။ 'မမမြင့်' က သူ့ကိုစွန့်ခွါသွားသည့်အခါ၌-
"မမမြင့်ရယ်....မမမြင့်အတွက် မောင်စောလွင်တယောက် ငရဲကို သွားတယ်ဆိုရင် ဘယ်အထပ်ကို သွားမှာလဲဆိုတာကိုလောက်တော့ မေးလိုက်ဖို့ ကောင်းပါတယ်" ဆိုသည့် စကားများဖြင့် သူ့ဝတ္ထုကို အဆုံးသတ် ထားသည်။
'လင်းယုန်နီ' သည်လည်း မက်သဒစ်ကဖေးက ကျွန်တော်တို့ စားပွဲသို့ လာ၍ထိုင်လေ့ ရှိသည်။

[၃]

၄၅ လမ်းမှာ ထိုစဉ်က တိုက်တာတွေ သိပ်မရှိ။ တဲတွေ၊ တိုက်ဟောင်းတွေ၊ တိုက်ပြိုတိုက်ပျက်တွေသာရှိသည်။ သွေးသောက်မဂ္ဂဇင်းတိုက်မှာ ၄၅ လမ်းထိပ်က လမ်းကြားလေးထဲက တဲကလေးတလုံးတွင်ဖြစ်သည်။
'ပြည့်စုံ' (ကိုကျော်ရိုး) သည် တကယ့် ပိန်လှပ်လှပ်ကလေး။ သူ၏ ဖြူဖွေးသော အသားပေါ်တွင် ဖြူဖွေးသည့် စွပ်ကျယ်အင်္ကျီလေးကို ဝတ်ထားပြီး ပလေကပ်လုံချည်လေးကို ဝတ်ထားတတ်သည်။ ရွှေကိုင်းတပ်ထားသော မျက်မှန်ထဲမှာ အမြဲလိုလိုပြုံးနေတတ်သည်။ သူက ကောင်းကောင်းကျန်းမာသည်ရယ်လို့မရှိ။ တခါတခါတွင် ဖျားနေတတ်သည်။ တခါ တခါတွင် မူးခနဲမိုက်ခနဲဖြစ်သွား၍ မကြာခဏ ဆေးရုံတက်ရသည်။
ကျွန်တော်တို့က သူ့မဂ္ဂဇင်းတိုက်ကို ကော်ပီသွားပေးရင်း နောက်တော့ခင်သွားကြ သည်။ သူ့မဂ္ဂဇင်းတိုက်မှာ လူများလျှင် ထိုင်စရာမရှိတော့။ ဧည့်သည်များ၍ ထိုင်စရာမရှိလျှင် ကျွန်တော်တို့သည် ဗိုလ်ချုပ်လမ်းပေါ်ရှိ နှစ်ထပ်သစ်သားတန်းလျားကြီး အောက်ထပ်ရှိ ကာကာလက်ဖက်ရည်ဆိုင်တွင် သွားထိုင်တတ်သည်။ အပေါ်ထပ်အခန်းတခန်းတွင် 'မင်းဆွေ' နေသည်။ 'မင်းဆွေ' ကိုကား ကျွန်တော်ကောင်းကောင်း အသိအကျွမ်း မဖြစ်လိုက်ရပါ။ တခါနှစ်ခါလောက်သာ ခပ်လှမ်းလှမ်းက တွေ့လိုက်ရသည်။
ကျွန်တော်တို့ ငယ်ငယ်က သူ့ဝတ္ထုတွေကို သဘောကျခဲ့သည်။ 'ဖြေလည်းမပြေ'၊ 'မယ့်တကိုယ်'၊ 'စနေမ'၊ 'မ,နိုင်ငံ'၊ 'လင်'၊ 'သွေး'၊ 'ဓား'၊ 'စစ်ပြေးမ'၊ စသည်.....။
သွေးသောက်တိုက်သို့ လာလေ့ရှိသူတယောက်မှာ 'ဗန်းမော်တင်အောင်' ဖြစ်သည်။ သည်တုန်းက 'ဗန်းမော်တင်အောင်' သည် ရန်ကုန်သို့ မရောက်သေး။ ပြည်တွင် သစ်ကုန်သည် လုပ်နေသည်။ သူကတကယ့် ဇာတ်လိုက်။ အရပ်ထောင်ထောင်မောင်းမောင်း, ရုပ်ဖြောင့် ဖြောင့်, စပို့ ရှပ်လက်တို, နက်ပြာရောင်သက္ကလပ်ဘောင်းဘီတို, စတော့ကင်းခြေအိပ်ရှည်, ဖော့ဦးထုပ်, ရိုးအင်ကိုရှူးဖိနပ်တို့ကို ဝတ်ဆင်ထားကာ ဒန်ဟီးလ် ဆေးတံကိုခဲလျက်။
သူက 'ဘုန်းမောင်တယောက်ထည်းရယ်' နှင့် 'လွမ်းရစ်တော့သက်လှယ်ရယ်' တို့ကို ရေးပြီးပြီ။ သူရောက်လာလျှင် လမ်းထိပ်က ကာကာဆိုင်သို့ခေါ်သွားကာ ကျွန်တော်တို့ကို လက်ဖက်ရည်တိုက်တတ်သည်။ အင်္ဂလိပ် ဒဿနဆရာ စီအီးအမ်ဂျပ်နှင့် ဘးနတ်ရှောတို့၏ စာများအကြောင်းကို ပြောတတ်သည်။ သူသည် ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ သူဖြစ်ပြီး အင်္ဂလိပ်စကားကို လှပသွက်လက်စွာ ပြောတတ်သူဖြစ်သည်။
အများအားဖြင့် ကျွန်တော်တို့ ထိုင်လေ့ရှိသည်မှာ ဗိုလ်ချုပ်လမ်းနှင့် ကရိလမ်းထောင့်ရှိ မက်သဒစ်ဘ၏ မက်သဒစ်ကဖီးဖြစ်သည်။ မက်သဒစ်ကဖီးက 'အဘဦးခင်'မှာ ကျွန်တော်တို့ကို အလိုလိုက်သည်။ အကြွေးလည်းရသည်။ အလကားတိုက်သည့်အခါလည်း တိုက်သည်။ လက်ဖက်ရည်ဆိုင်ဘေးတွင် ထမင်းကြော်ဆိုင်ရှိသည်။ ငါးသေတ္တာကြော်နှင့် ပဲပြုတ် ထမင်းကြော်တပွဲမှ တမူးလား၊ သုံးပဲလားမသိ။ ငါးမူး (ပြားငါးဆယ်) လောက်ရှိလျှင် ထမင်း ကြော်၊ လက်ဖက်ရည်၊ စီးကရက် ဝမ်းဆက်အပြည့်ရသည်။
တခါတရံ နှင်းပန်းလမ်းတွင်နေသည့် 'ဒဂုန်ဦးလှဘေ' ရောက်လာတတ်သည်။ ဒဂုန်ဦးလှဘေမှာ ကျွန်တော်တို့ထက် အသက်အများကြီး ကြီးသည်။ သို့ရာတွင် သူလည်း သည်လက်ဖက်ရည်ဆိုင် မထိုင်ဘဲ မနေနိုင်ပါ။ မက်သဒစ်ကဖီးတွင် စာရေးဆရာတွေအပြင် ပန်းချီဆရာတွေလည်း လာကြသည်။ ဇီဇဝါလမ်းတွင်နေသည့် 'ကိုစန်းလွင်' မှာကျွန်တော်တို့ မရောက်မီကတည်းက မက်သဒစ်ကဖီးမှာ ထိုင်လေ့ရှိသည်။ သူရှိလျှင် 'ဗဂျီအောင်စိုး'၊ 'ပန်းချီလှစိုး' တို့လည်း နေ့တိုင်းလိုလို ရောက်လာတတ်သည်။
ကရိလမ်းသည် နွေဆိုလျှင် တော်တော်လှသည်။ ပိတောက်ရွက်တွေ ကြွေပြီး ပိတောက်ပင်များတွင် ရွက်နုသစ်လေးတွေ ဝေလာစပြုပြီ။
ကျွန်တော်သည် ၄၅ လမ်းထဲက မဟေသီမဂ္ဂဇင်းတိုက်မှ ဆင်းလာရင်း လွန်ခဲ့သည့် ၄၅ နှစ်လောက်က ရှုခင်းကို မြင်ယောင်နေသည်။
နှစ်ပဲတန်၊ လေးပဲတန် ဝတ္ထုခေတ်ကို ရှေ့ဆောင်ခဲ့သူများ။ ရှစ်ပဲတန် ဆယ့်နှစ်ပဲတန် ဝတ္ထုခေတ်ကို ရှေ့ဆောင်ခဲ့သူများ။ နှစ်ကျပ်တန်မဂ္ဂဇင်း ခေတ်ကို ရှေ့ဆောင်ခဲ့သူများသည် သည်နေရာတဝိုက်မှာ လာ၍စုစည်း မိနေကြသည်။
ကျွန်တော်သည် ၄၅ လမ်းထိပ်မှထွက်ပြီး တခါက မင်းဆွေနေခဲ့သည့် နေရာကို ကြည့်သည်။ ထိုနှစ်ထပ်တန်းလျားကြီး မရှိတော့ပါ။ မြို့မအုန်းနေခဲ့သည့်နေရာကို ကြည့်သည်။ ဒေဝ ဆိုင်ဖွင့်ခဲ့သည့်နေရာကို ကြည့်သည်။ ကျွန်တော်တို့ ထိုင်ခဲ့သည့် မက်သဒစ်ကဖီး နေရာလေးကို ကြည့်သည်။
ဘာတခုကိုမျှ မတွေ့ရတော့။ ၄၅ နှစ်အတွင်းတွင် တံတားအောက်မှာ ရေတွေ ဘယ်လောက်များ စီးဆင်းသွားကြလေပြီ မသိ။
သို့ရာတွင်.......
ရေအလျဉ်သည် အစဉ်မပြတ် စီးဆင်းနေမည်သာ...............။

မြသန်းတင့်
မဟေသီမဂ္ဂဇင်း၊ အမှတ် ၁ဝဝ။
၁၉၉၃ ခု၊ ဖေဖော်ဝါရီလ။