Showing posts with label သတိတရရေးတဲ့ကဗျာ. Show all posts
Showing posts with label သတိတရရေးတဲ့ကဗျာ. Show all posts

Thursday, March 08, 2012

ဇိုးချိုကို သတိရလို့ ရေးတဲ့ကဗျာ


ဇိုးချိုကို သတိရလို့ ရေးတဲ့ကဗျာ

အနှစ်လေးဆယ်အလွန်ကာလများ
အဖြူအစိမ်း ကျောင်းဆင်းချိန်များ
ရာပြည့်ကွင်းနံဘေး
ရတနာလက်ဘက်ရည်ဆိုင် ထောင့်ဆုံးစားပွဲမှာ
သတိပဌာန်ထိပ်က
Saila လက်ဘက်ရည်ဆိုင်ထောင့်ဆုံးစားပွဲမှာ
အတူဝိုင်းထိုင်ခဲ့ကြ ကာလများ
လတ်ဆတ်တယ်လို့ ထင်ရတဲ့  လေများ
ရှုရှိုက်လိုက်တိုင်း
ခြောက်ဆယ့်နှစ်ခုနှစ် နဲ့ ခုနှစ်ဆယ့်လေး၊ ခုနှစ်ဆယ့်ငါး
သွေးညှီနံ့ တွေအကြား
ကျနော်တို့ ရဲ့ ရင်ခုန်သံတွေမှာ
ကမ္ဘာမကြေမှုတွေ စုဝေးလို့  ….။

အနာဂတ်အတွက်
ငယ်နုစဉ်ကာလရဲ့  သံယောင်တိုင်တည်စကားများ
မက်ခဲ့သော အိပ်မက်ဖူး များ
ပြေးလွှားနေသောဘတ်စကားအိုကြီးများ
မှုတ်ထုတ်လိုက်သော သက်ပြင်းများ
ပူပြင်းတောက်လောင်သော သောကများ
မျက်ရည်နဲ့ ရင်းရသော ဘ၀များ
လူတယောက်ရဲ့ သက်တမ်း ဖြတ်သန်းမှုမှာ
ခံစားမှုအား ဘ၀တပါးပြောင်းသွားပြီလား
သိရက်နဲ့ ပဲ ရေငုံနှုတ်ပိတ် ကြိတ်ခံစားခဲ့ရ …….။

အထီးကျန်ဆံတဲ့အခါများ
သို့ တရံတခါဆီ(တပွေတည်း) ၊မိုးရဲရင်ဆောင်းရဲရမယ်
စစ်ကိုင်းလမ်း၊ မြတ်သောအကျင့် နားထောင်မိတဲ့အခါ
ခင်ဝမ်းရဲ့ … ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကြွေး
……………. နင်နဲ့ငါ သူငယ်ချင်းပဲနော်၊သူစိမ်း ၊မြိုင်၊နှင်း
အချစ်ကိုရင်း၍၊ညကောင်းကင်ရဲ့ တေးသမား၊ပြည်မှာဆောင်း
ပြန်နားထောင်မိတဲ့အခါ ……
ဖိုးချိုရေ …. မင်းတို့ ရဲ့ ပေးဆပ်စွန့် လွှတ်မှုအပေါ်
ငါ…တကိုယ်ကောင်းဆန်သလိုများဖြစ်နေရော့သလား
ငါ့ဘ၀ ငါ့ကမ္ဘာမှာ တော့ မရဏမင်းရဲ့ သိမ်ဖျင်းတဲ့အမိန့် သံ
နားမှာလျှံနေပြီ ….။

ကမ္ဘာ့အအေးဆုံး အရပ်မှာ
အပူလောင်ဆုံးဝေဒနာတွေနဲ့ 
နေ၀င်ချိန်တိမ်တောက်တဲ့အခါ
ချစ်ခင်သူများကိုတမ်းတ မိတ်ဆွေများကို အမှတ်ရ
ရင်ခုန်သံစည်းချက်ညီပြီလား
လူစုံပြီလား
ရထားဥသြသံကြားတယ်
စည်းချက်ညီညီ စည်းချက်ညီညီ စည်းချက်ညီညီ……။

(ရွှေတိဂုံဘုရားပွဲဈေး စည်းချက်ညီဆိုင်ရှေ့ ကဓာတ်ပုံထဲမှာ
ပုဆိုးအနီနဲ့ မင်းဟန်ကိုတွေ့ လို့ ရေးတဲ့ကဗျာ)

ရဲရင့်သက်ဇွဲ
၇၃၂၀၁၂