Showing posts with label ၀မ်းနည်းကြေကွဲခြင်းကဗျာ. Show all posts
Showing posts with label ၀မ်းနည်းကြေကွဲခြင်းကဗျာ. Show all posts

Wednesday, November 30, 2011

သည်းသည်းမည်းမည်း ပိန်းပိတ်လွန်းတယ်

သည်းသည်းမည်းမည်း ပိန်းပိတ်လွန်းတယ်



နွေနှောင်းရွက်ကြွေတွေရဲ့ 

ညှိုးငယ်ခြောက်သွေ့ မှုအပေါ်

သံယောဇဉ်ဟာ အတုံးအခဲအတိုင်းသာ

နွေရဲ့  နောက်ဆုံးကာလများမှာ

အရောင်တွေ ပေါက်ကွဲနေပုံများ

ငါ့ …မှာ

တ၇ားနဲ့ ဖြေလိုသောလည်း ………...



ခန္ဒာကိုယ်က မရွေ့ မလျား

ခါးပတ်နဲ့  တုတ်နှောင်ထားတယ်

အရှိန်အဟုန် ပြင်းပြင်း ပြေးနေတဲ့ ကားထဲမှာ

လွတ်မြောက်နေတာ စိတ်တခု

အခု အတိတ် အခုပစ္စုပ္ပန် အခု အနာဂတ်

လမ်းဘေးမှာ ရိပ်ကနဲ ကျန်ရစ်ခဲ့တဲ့ ရှုခင်းတွေလို

ငါ့မှာ ချာချာလည် ……



ဝင်ရိုးတန်းအစွန်းနားက

အဝေးပြေးလမ်းမများအပေါ်

အမှောင်က တွားတွားတက်လာပုံ

ကတ္တရာလမ်းမအပေါ် ကပ္ပလီမှောက်လျက်လဲကျနေသလိုမျိုး

ညဟာ သည်းသည်းမည်းမည်း ပိန်းပိတ်လွန်တယ်

အဲဒီလို ညနက်နက်ထဲမှာ

ငါတွေးမိတဲ ငါ့ရဲ့ အနာဂတ် ပိန်းပိတ်လွန်းတယ်

အဲဒီလို ညနက်နက်ထဲမှာ

ငါတို့ ခေတ်ရဲ့ လက်မရွံ့ ကြယ်တပွင့်ကြွေလွင့်ရတဲ့သတင်း

ငါဟာ ဆွံ့ အ ငါဟာကြေမွ ငါဟာ …ငါဟာ

သည်းသည်းမည်းမည်း ပိန်းပိတ်သွားတယ် ….။



ငါ့ကိုယ်ငါ သရဏဂုံတင်ပြီးပြီ

ကိုဖော်ဝေးကို သစ္စာခံဖို့

ခေတ်ပေါ်ကဗျာစေတီမှာ ထီးတော်သစ်တင်လှူပူဇော်ဖို့

မြန်မာကဗျာတွေကို ပထမဆုံးအကြိမ် သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။

လှသန်း

(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၂) မှ)

ဒီကဗျာတပိုဒ်နဲ့  မှောင်မိုက်တဲ့ညဟာ လင်းလက်ဝင်းပ

နေထိုင်သွားတဲ့  သက်တမ်းကာလ တိုတောင်းလှသော်လည်း

ရှည်လျားတဲ့ သမိုင်းကြောင်းကို ချန်ထားခဲ့ပြီ ………..။



ငါ့ရဲ့  ကြေကွဲမှုဟာ အဆုံးအစမဲ့

အဲဒီညထဲ

သည်းသည်းမည်းမည်း ပိန်းပိတ်လွန်းတယ် …..။



(ဆရာ ကို လှသန်း သို့  )



ရဲရင့်သက်ဇွဲ


Wednesday, January 19, 2011

ကြယ်တွေကောက်နေသူ

ကြယ်တွေကောက်နေသူ


မောင်လွမ်းဏီ


ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့ 
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။


အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီးယမုံ။


ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်
ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်တွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ၀သုန်သော် ၊ တနေ့ သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။


အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော်ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။


အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော်သော်ဇင်၊ ကိုသန်းလွင်တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။




မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁
ယနေ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ကောင်းရာသုဂတိလားပါစေ


__._,_.___

Thursday, April 29, 2010

အစိမ်းခွဲ …ခွဲရက်တယ်

ဝမ်းနည်းကြေကွဲခြင်း

ရိုးမ(၃) သတင်းဌာန၏ အယ်ဒီတာချုပ်
ကဗျာဆရာ ကိုငြိမ်းလူ (၄၃ နှစ်)သည်
၂၉ ဧပြီ ၂၀၁၀ တွင် ကွယ်လွန်ကြောင်း
ကြားသိရပါသဖြင့် အာဟာရစာစောင် ၀ိုင်း
တော်သားများမှ ကျန်ရစ်သူမိသားစုနှင့် ထပ်
တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။

အာဟာရစာစောင်ဝိုင်းတော်သားများ
တိုကျို ၊ ဂျပန် ။




အစိမ်းခွဲ …ခွဲရက်တယ်

ရဲဘော်ကြီးရေ …..
ရက်ရက်စက်စက်ပါပဲ
ငါတို့ရင်ကို …. အစိမ်းခွဲ …. ခွဲရက်တယ် ။


အုံနဲ့ ကျင်းနဲ့ 
ပက်စက်လွန်းတဲ့ စနစ်ဆိုးကို
ကလောင်လက်နဲ့ 
ခင်ဗျား …. ရိုက်ချိုးခဲ့တယ် ။
အဲဒီကလောင်လက်နဲ့ ပဲ
ကမ္ဘာမြေအတွက် ပန်းတွေ ပွင့်စေခဲ့တယ် မဟုတ်လား ။

ရဲဘော်ကြီးရေ ….
မိုးအောက်မြေပြင် တခွင်လုံးမှာ
ကြေကွဲမှုတွေနဲ့ အုံ့ ဆိုင်း
ခင်ဗျား ချစ်တဲ့ ရိုးမတွေတောင်မှ
ခါတိုင်းထက်ပိုပြီး ညို့ ညို့ မှိုင်းမှိုင်း
မလန်းဆန်းနိုင်ကြတော့ဘူး ။

ရဲဘော်ကြီးရေ ….
တော်လှန်ရေးခရီးလမ်းတ၀က်မှာ
ခင်ဗျား .. ချန်ထားရစ်တဲ့
ယုံကြည်ချက်အလံ
မယိုင်မလဲ (ကျနော်တို့ )
ဆက်လက်ကိုင်ဆွဲ တိုက်ပွဲတွေနွှဲကြမယ်၊ ။

ရဲဘော်ကြီးရေ …
အခုတော့ … နှုတ်မဆက်ပဲ
ရုတ်တရက် ထွက်ခွါသွားတဲ့ ရဲဘော်ကြီးအတွက်
ချယ်ရီပင်အောက်က
ပိတောက်ချစ်သူ တယောက်မှာတော့
ကြေကွဲမှုတွေနဲ့  ကမ္ဘာပျက်လို့  …။

ရဲရင့်သက်ဇွဲ
၂၉ ဧပြီ ၂၀၁၀

Friday, November 21, 2008

ဂုရုရေ


ဂုရုရေ
လက်မပြ နှုတ်မဆက်ပဲ
ရုတ်တရက်ကြီးကို
ခင်ဗျား တိတ်တဆိတ်ထွက်ခွါသွားခဲ့ပေါ့ ။

ဂုရုရေ
မယုံနိုင်စရာ
ကြေကွဲစိတ်ဟာ
ကိုယ် စိတ် နှလုံး
သုံးပါးလုံးကို ဆွံ့ အ စေခဲ့ပြီ။

ခင်ဗျားနဲ့ ကျနော်
ခရီးတခုကို အတူသွားဘူးခဲ့
မယ်လအူး စခန်းမှာ
ရက်တချို့ အတူနေဘူးခဲ့
မဲဆောက်က ကိုလွမ်းဏီအိမ်မှာ
ညနေခင်းတချို့ ကို
အရေဖျော်သောက်ဘူးခဲ့။

ဂုရုရေ
အခုတော့ဗျာ
တော်လှန်စစ်ကို ချစ်တဲ့
ကဗျာတွေကို တပ်မက်တဲ့
ရန် ငါ စည်းပြတ်တဲ့ ခင်ဗျား
အိမ်အပြန် စောလွန်းလှချည်ရဲ့ ။

ကြေကွဲမှုရဲ့ ကောင်းကင်မှာ
ဒေါင်းသံနဲ့ ဒေါင်းအလံတွေ
လရောင်ကိုထိုးဖောက်
ခင်ဗျားကို စောင့်နေလေရဲ့ ။

(ကမ္ဘာမြေရေ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တယောက်ကို ဆီးကြိုပေတော့။
ရောက်ရာဘ၀မှာ အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်သူ ဖြစ်ပါစေ။)

နေလို လ လို ရဲဘော်နေလ

“နေလို လ လို ရဲဘော် နေလ”
လင်းနွေးအိမ်
နိုဝင်ဘာ ၂၁၊ ၂၀၀၈


ဂုရုရေ

အိပ်မက်တွေပိုက်ပြီး လျှောက်ခဲ့ကြတဲ့

တော်လှန်စစ်အနှစ်နှစ်ဆယ် ကာလမှာ

ဌာနတွေမတူခဲ့ကြပေမယ့်

ဝါဒတွေတူခဲ့ကြတယ်။


ဂုရုရေ

ဆေးလိပ်တိုလက်ကြားညှပ်ပြီး

အဆိပ်ငွေ့တွေရှူရှိုက်ရင်း

အသက်ပြင်းပြင်းရေးခဲ့ကြတဲ့ကဗျာတွေထဲမှာ

ပါဒတွေတူခဲ့ကြတယ်။



ဂုရုရေ

မဲဆောက်က ဆရာလွမ်းရဲ့ ကဗျာစခန်းမှာ

သူရာနဲ့ ဝရုဏကို ဂုဏ်ပြုကြတုန်းကလဲ

စရဏတွေ တူခဲ့ကြတယ်။



အခုတော့

ရဲဘော်ရေ လို့ အော်ခေါ်လိုက်တဲ့အခါမှာ

ချွန်မြနေတဲ့ကလောင်တချောင်းက

မြင့်ဇေဘလောက်ထဲကထွက်လာတယ်

အဲဒါ ဂုရု ဖြစ်တယ်

အဲဒါ ပွင့်သစ်(ကရိန်ကန်) ဖြစ်တယ်

အဲဒါ ရဲဘော်မြင့်အောင်ဖြစ်တယ်

အဲဒါ ကိုနေလ ဖြစ်တယ်

အဲဒါ ၈၈ ရဲ့ ရင်သွေးတယောက်ဖြစ်တယ်

အဲဒါ စစ်အုပ်စုနှလုံးသားမှာ စိုက်နင်ခဲ့တဲ့ ကျည်ဆန်တတောင့်ဖြစ်တယ်။



ရဲဘော်ဂုရုရေ

စိတ်ချလက်ချသွားပေတော့

ခင်ဗျားချစ်တဲ့ ရဲဘော်တွေရှိနေသမျှ

ခင်ဗျားပွင့်စေချင်တဲ့ပန်းတွေ ဝေဆာလာလိမ့်မယ်။ ။



(၂ဝဝ၈ နိုဝင်ဘာ ၂ဝ မှာဘဝကူးသွားတဲ့ သူငယ်ချင်းရဲဘော်သို့)

(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)