Showing posts with label အကြိုက်ဆုံးကဗျာများ. Show all posts
Showing posts with label အကြိုက်ဆုံးကဗျာများ. Show all posts

Thursday, September 16, 2010

အေဒီ ၁၂ ၏ နောက်ဆုံးစစ်ပွဲ

(http://www.tyalife.com/ မှ ကူးယူပါသည်)

အေဒီ ၁၂ ၏ နောက်ဆုံးစစ်ပွဲ

ဘောင်းဘီဝတ် မြို့ပြဟာ
ကနေတယ်
တောင်စဉ် ရေမရ စကားလုံးတွေနဲ့
အစီအစဉ်ကျကျ ဖွဲ့သလိုမျိုး။

ဟောဒီမှာ. . .
မီနီစကတ်နဲ့ ဂျင်းရှပ်ဟာ
လမ်းထွက်နေတယ်။

ဟောဒီမှာ . . .
နာရီစင်ဟာ
စိတ်ပျက်နေတယ်။

ဆံပင်အတို ဖြတ်ထားတဲ့
မန္တလေး အပျိုမဟာ
ခြေသလုံး မလှတော့ပါဘူးကွယ်။

ခြေကျင်းသံ တချွင်ချွင်နဲ့
ငါတို့ “အောင်ပင်လယ်”မှာ
စပါးမစိုက်တော့ပါဘူးကွယ်။

ငါတောင်းပန်ပါတယ်။

ကတ္တီပါ ဖိနပ်ကလေးရယ်
ငါ ရေငတ်ပါရစေ။

ဧရာဝတီမြစ်ထဲခုန်ဆင်းဖို့တော့
မစဉ်းစားပါနဲ့။

ငါတို့ မန္တလေးမှာ
ဧရာဝတီသွေးလဲ ဖြူဖွေးနေပြီမို့
လာ . . .“နာရသီဟပတေ့”
သင်နဲ့ငါ
ပြေးကြစို့။ ။

မိုရ်
၁၉၉၄

ငါ့ကိုယ်ငါ သတ်သေဖို့ကြိုးစားတဲ့နေ့က

ငါ့ကိုယ်ငါ သတ်သေဖို့ကြိုးစားတဲ့နေ့က


ကမ္ဘာကြီးထဲက အသံတွေ ကိုယ့်ဆီပြန်ရောက်လာတယ်

ငိုသံတွေ၊ ရယ်သံတွေ၊ သားရေ၊ အမေရေ

အဖေတစ်ယောက်က သားရေ ပုပ္ပါးတောင်ကြီးကြည့်မလားဆိုပြီး

ခေါင်းကိုလက်နဲ့ညှပ် လေထဲမြှောက်ခဲ့တာတွေ

ကိုယ်ငိုပြီး ပြေးထွက်လာမိတဲ့ ပျော်ရွှင်မှုတွေ။



ကိုယ့်ကိုကိုယ် ရွံမုန်းလာတယ်

ဆရာရယ် ချမ်းပြီးတော့ကို ဖျားနေလို့ပါ

သွားကိုက်လို့ ဆေးသောက်လိုက်မှ ဗိုက်ကမနားတမ်း အောင့်လာတယ်

အဆုပ်မှာ အလုံးတွေ့တယ်တဲ့ တက်တက်နေတဲ့ အမေ့ကို သံလိုက်ဓာတ်မှန်ရိုက်ဖို့ထိ လိုလားဟင်

ကိုယ် ရယ်မောပြီး မျက်ရည်ဝဲရတဲ့ အဖြစ်တွေ။



ပုဂံညောင်ဦးမှာ တိုးရာသီဆို ဒေါ်လာသီးလို့

ပြီးတော့ ပါးရိုက်ခံထားရတဲ့ မျောက်လို ဆရာရေ

ရောင်းစားရတဲ့လူတွေနဲ့ တောင်းစားရတဲ့လူတွေ

တိုက်ပွဲ

လောကမှာ နောက်ဆုံး နာကျဉ်ကြေကွဲရတာ

အောက်ဆုံးက ပြည်သူတွေ။



ခွင့်လွှတ်နိုင်သူများ ကိုယ့်ကို ခွင့်လွှတ်ပါစေ

ခွင့်မလွှတ်တတ်သူများ ကိုယ့်ပေါ်နာကျည်းပါစေ

ဆရာရယ် သားလေးကို ထမင်းကျွေးနေစရာပေးထားရင်

ကျေနပ်ပါပြီ ထီပေါက်တာထက် ပျော်ရွှင်ပါပြီ

ဟုတ်တယ် ကိုယ်ဟာမျက်ရည်ကျရင်း ဟားတိုက်လို့

အဆုံးစီရင်ဖို့ ကြံစည်မိတဲ့နေ့က

ချောက်မြို့ က ထထခြောက်တတ်တဲ့ ရေနံလုပ်သားတွေဆီ

ရွေ့ လျားလို့။ ။


ငိုနေသူတွေကို မုန်းမုန်းလာတယ်။

ပျော်နေသူတွေကို မုန်းမုန်းလာတယ်။



ကြိုးတစ်ချောင်း၊ ဆိုက်ယာနိုက်အဆိပ်၊ ငှက်ကြီးတောင်ဓား

ငွေစက္ကူတစ်ချို့ နဲ့ ထိုးစိုက်ထားသော ဆေးထိုးအပ်များနဲ့

လက်ကောက်ဝတ်ပေါ်က

ဆရာဝန်သုံးဓားတစ်မျိုး

ကိုယ့်အသံလေး တိုးတိုးဝင်သွားတယ်။ ။

မြတ်ဝေ
၉၊၂၀၁၀
https://sites.google.com/site/poetmyatwai/home/

Sunday, August 22, 2010

အဲဒီတံခါး တစ်ချပ်နောက်မှာ

အမှားတွေက
ပဲ့ပဲ့ကျလာပြီး
ကမ္ဘာကြီးဖြစ်လာသလား. . .
လူ့ရွာဟာ လေလွင့်လွန်းပါတယ်။
သတ်မှတ်လိုက်ကြ၊ ချိုးဖောက်လိုက်ကြ
ကျင့်ဝတ်တွေ များပြီ
ချက်ချင်းနေ့ ချက်ချင်းညတွေ များပြီ
အစီအစဉ်ကျမှုတွေနဲ့ ဝေးဖို့
တော်လည်းနိမိတ်တွေ မမြည်ခဲ့ဖူး
မသိဘူး

နောက်. . .
အစီအစဉ်မကျဖူး
တစ်ခန်းရပ်ပြန်ရော။
နွေရာသီတစ်ခုကို သတိရတယ်။
ယာသစ်မြေသစ်နံတွေက သင်းသင်း
တောမီးကို တောမီးနဲ့ တားကြရင်း
ချစ်ခြင်းတွေ ကြီးပြင်းကြပုံ။
ဒီအစီအစဉ်ပဲ ရှိခဲ့တာပါ
နောက်ထပ် တံခါးတစ်ချပ်နောက်မှာ
ဘယ်သူနေထိုင်မှန်း မသိဘူး။
ဘယ်အချိန်ဟာ အချိန်မတော်မှန်း မသိဘူး။
အချိန်ဆိုတာ ရှိသလား သေချာမသိဘူး။
အစီအစဉ်တွေ အရည်ပျော်တဲ့အထိ. . .
ပျော်စရာကောင်းခဲ့တယ်။
လိုချင် ငတ်မွတ်တာတွေကို
သူ့ဟာသူ သဘာဝမှာ ရွေးချယ်။
“အမှားမကင်းတဲ့” ဆိုကတည်းက
လူသားချင်း မရွေးချယ်ခဲ့ဘူး။
ဒါပဲ၊ ပြီး
ပျောက်ဆုံးသွားရှာတယ်။ ။

ဇော်ထွဋ်နိုင်

(ပျံ့ လွင့် နေ သော တေး နှင့် က ဗျာ ၀ိ ညာ ဉ် ဘလောဂ်မှ ကူးယူပါသည်။)

မျိုသိပ်ထားရတဲ့ကိစ္စ(၂)

မျိုသိပ်ထားရတဲ့ကိစ္စ(၂)

ဒါ ကျွန်တော် သေဆုံးခဲ့တဲ့ လေထုပဲ။
အခါခါ သေဆုံးခဲ့တဲ့ လေထုပဲ။
အဏုမြူဆောင်း အေးအေးကြီးထဲမှာ
ကျွန်တော့် တစ်နံတလျားကို ၀ါးမျိုမတဲ့
မဟာအမိုက်တိုက် တိမ်လိပ်ကြီးတွေနဲ့
“နေ၀င်ရီတရော”လို့ အိပ်မက်တယ်။
ရှိစုမဲ့စု ကြယ်တစ်ပွင့်ကို ခတ်နှိပ်ပြီး
မိုက်မဲရဲရင့်တဲ့ စိတ်ကူးကောင် ကျွန်တော်ဟာ
တစ်ခါက ဗာရာဏသီမှာ ငိုက်မျည်းနေခဲ့ဖူးတာ
ဟယ်လင်မင်သမီးရဲ့
နိမိတ်ဖတ် ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးတာ
ပုဂံပြည်ရဲ့ အုတ်ဖုတ်သမား တစ်ယောက်
ဖြစ်ခဲ့ဖူးတာ. . .

ရှေ့ခေတ် ရောမအင်ပါယာက
ရထားမောင်းသမား ဖြစ်ခဲ့ဖူးတာ. . .
မန်ချက်စတာ ယူနိုက်တက်
ဘောသမားတစ်ယောက် ဖြစ်ခဲ့ဖူးတာ
ဖာရိုဘုရင်ရဲ့ သမားတော်ကြီး ဖြစ်ခဲ့ဖူးတာ
ဘာဆိုဘာမျှ
ကျွန်တော့် လက်ဖ၀ါးပေါ်မှာ ပါမလာခဲ့ဘူး။
မျက်နှာသစ်ထားတဲ့ မနက်ခင်းတစ်ချပ် ရှိတယ်။
ဘာမဆို လိုတရတဲ့ လေနုအေးတွေ ရယ်မောလို့
လေးနာရီခြားတစ်ခါ
ကျွန်တော် မွတ်သိပ်တယ်။
အိပ်မက်ကပဲ ကျွန်တော့်ကို
အိပ်မက်က နှိုးပြီး
အိပ်မက် ပြန်ဖြစ်သွားစေခဲ့ပေါင်းများပြီ။
အနှစ်လေးဆယ်ကျော်ပြီ။
(၃၁) ဘုံမှာ အခံစားတတ်ဆုံးကောင်အဖြစ်
သူမနဲ့ တွေ့ဆုံခဲ့ပုံကိုတော့
မျိုသိပ်ထားရဦးမယ်။ ။

ဇော်ထွဋ်နိုင်

( ပျံ့ လွင့် နေ သော တေး နှင့် က ဗျာ ၀ိ ညာ ဉ် , ဘလောဂ်မှ ကူးယူဖေါ်ပြသည်)





မိတ်ဆွေမုန်တိုင်း

မိတ်ဆွေမုန်တိုင်း

မုန်တိုင်းကတော့
ဆွေမျိုးသားချင်းရယ် မရှိဘူး။
ခက်တာက
ကျွန်တော် စိန်ပန်းနီတွေချည်း
အိပ်မက်တယ်။

ရှင်းပြီးသား
သူ
စိတ်ကူးယဉ် သိပ္ပံဝတ္ထုမရှိ
နွေနေ့ခင်း ပျင်းရိငြီးငွေ့မှု မရှိ
ဟန်လုပ်နားဆင်မယ့် မိတ်ဆွေတစ်ယောက် မရှိ
ကြိုးမဲ့ တယ်လီဖုန်းမရှိ
နောက်. . .
အကြောက်အလန့် မရှိ
ခန်းဆီးစကွယ်လို့ မသူတော်ကိစ္စဖြစ်မှာ
မကြိုက်ဘူး
လောကပါလထက်
တောသားအထာ မကျသူတွေကို ယုံကြည်
နည်းနည်းဟန်ဆောင်ပြီး
များများအားမနာပနဲ့ တုန်ရီလွန်းလို့
စိတ်အကျင့်နဲ့ လိုက်အောင်
အိုကြီး အိုမ ဆံရှည်ထားတတ်သူ
ကျွန်တော်. . .
တစ်နေ့က. . .
စာနှစ်စောင်လာတယ်
၁။ ဗာဂျီးနီးယားက မိတ်ဆွေ ယာဉ်တိုက်မှုနဲ့ သေဆုံးတဲ့နာရေး
၂။ တစ်ပင်ထူတဲ့ ညီလေး သားဦးမွေးတဲ့ သာရေး
မုန်တိုင်းကတော့
ဆွေမျိုးသားချင်းရယ် မရှိပါဘူး။ ။

၁၂ ဇွန် ၂၀၀၂
ဇော်ထွဋ်နိုင်

( ပျံ့ လွင့် နေ သော တေး နှင့် က ဗျာ ၀ိ ညာ ဉ် , ဘလောဂ်မှ ကူးယူဖေါ်ပြပါသည်.)


Friday, August 20, 2010

ကျွန်ုပ်တို့၏ မညာသောနှလုံးသားဖြင့် တွေ့ရှိချက်

ကျွန်ုပ်တို့၏ မညာသောနှလုံးသားဖြင့် တွေ့ရှိချက်

(၁)
ခုလိုကာလ
ခဏတော့နေပါစေ
နေအလာအလင်းဖြန်းရင်
နန်းဇာတိရုပ်ပေါ်လိမ့်မယ်။
ကျင်လုံ လို
အလိုတော်ရိဇာတ်ကောင်ကမှ
ကြည့်ရကောင်းပါသေးတယ် ။
(၂)
အခုတလော
ခေတ်အစားဆုံး
ဧရာမလှုပ်ရှားမှုဟာ
အစည်းအဝေးပါပဲ ။
ဒါလဲ
ရောဂါပဲ လို့
ငါ့ရဲဘော်ကပြောဖူးတယ်။

(၃)
ဒီကောင်က
ကြောင်တယ်
ဖောက်ပြန်တယ်...တဲ့။
ကျွန်တော်ဟာ
တော်လှန်တယ်
မှန်ကန်တယ်တဲ့
သတင်းပေး..နဲ့
မိတ်ဖွဲ့ခဲ့သူက
သူရသတ္တိကြီးမားစွာ
အခန်းမှာမရှိသူအား
စွဲချက်များ တင်ရဲ့။
စာစဖတ်ခါစ
အစည်းအဝေးတက်လေ့ကျင့်သူ
စကားပြောလေ့ကျင့်သူ
လူမမယ်တစ်စုဟာလည်း
ဟုတ်ပါတယ်... တဲ့။
ထောက်ခံပါတယ်တဲ့ ..
ဟန်နဲ့ပန်နဲ့ ထအော်တယ်။
(၄)
သြော်
ဇလုပ်ပြသံ
အပုတ်ချသံ
ပုတ်ခတ်သံ ခုတ်ဖြတ်သံများ
ရန်ကုန်မှာ
သံစုံမြည်ဟည်း
တော်လှန်ရေးကြီးတစ်ခုပေါလေ။
(၅)



(၆)
ပါလီမန်ခေတ်
အသံချဲ့ဓါတ်ခွက်နဲ့
ဆက်သွယ်တဲ့အလုပ်
လုပ်နေသူတွေလဲ
လုပ်နေတာပါပဲ။
သူရဲကောင်းများ
စကားနှုတ်ဆိတ်
အလုပ်ကြိတ်လုပ်သွားခဲ့တယ်။
ငါဦးခိုက်ရှိခိုးမယ်။
(၇)
အို ..သူရဲကောင်းတို့
ခြေအစုံမှ
မြေတစ်မှုန်ကျန်ရစ်
အောင်ချိမ့် ဖြစ်တယ်။
တစ်လောကလုံး
အကျည်းတန်ဆုံးအရာဟာ
သစ္စာဖောက်မျက်ခွက်ဖြစ်တယ်။ ။
အောင်ချိမ့်
(ပန်းနုရောင်အိပ်မက် ကဗျာစုမှ)

(ဆရာမ မနော်ဟရီ ဘလောဂ်မှ ကူးယူပါသည်။)

Friday, January 01, 2010

ဒီဇင်ဘာ (၂၀) ရက်တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ

ဒီဇင်ဘာ (၂၀) ရက်တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ
မောင်လေးအောင်

တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းကနဲ ကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်
ငါ အံကြိတ်ပြီး
လက်သီးကို တင်းတင်းဆုပ်မိတယ်
ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။


ကတ္တရာလမ်းကိုခွာ
ရာဇ၀င်ရုပ်ရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့
နီမြန်းတဲ့ ဂုဏ်ပုဒ်ကို တွေ့ရမယ်။

ဘယ်သူတွေ ငြင်းနိုင်မလဲ
စီးဝင်ခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း။

သင်းတို့တတွေက
ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။

ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေပေါ့
သင်းတို့အမုန်းကို
ရဲဘော်က စိမ်းကားတဲ့ အပြုံးနဲ့
ပြုံးမှာပဲ ယုံတယ်။

စပါတာကပ်(စ်)ရဲ့ဂုဏ်ရောင်
ကုန်းဘောင်သူပုန်
ဂဠန်ဆရာစံ
ငုယင်ဗန်ထရွိုင်း
အတိုင်းမသိသော
ချေဂွေဗားရား ... စသော
အာဇာနည်ထောင်သောင်းတို့နှင့်အတူ
ရဲဘော်ဟာ နီရဲဝင်းလက်ခဲ့တယ်။

ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။

ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ တို့ဟာ
စာရွက်တွေ အတူတူဝေခဲ့ဖူးတယ်။

ဗိုလ်အောင်ကျော် ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုခဲ့ဖူးတယ်။

ရဲဘော်ရဲ့အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့ တိုက်ပွဲတွေအကြောင်း
ဒီနေရာကိုလာပြီး
ရဲဘော်ရဲ့ စီးခဲ့တဲ့
နီရဲတဲ့ သွေးစက်တွေပေါ်မှာ
ငါ့ရဲ့  ဖြူရော်နေတဲ့ မျက်ရည်နဲ့
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ဂုဏ်အခန်းခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။

ကဗျာတပုဒ်
ဟုတ်တယ် ငါ့ရဲ့ကဗျာတပုဒ်
ရဲဘော်ရဲ့ဂုဏ်ပုဒ်ကို ဖော်ထုတ်ဖို့
ကြိုးစားတဲ့ ကဗျာတပုဒ်။

လက်ခံပါ ရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ်။

ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာမဟုတ်ဘူး။

ဖတ်ကြည့်စမ်းလေ
စီးဆင်းခဲ့တဲ့ သွေးစက်တွေရယ်
ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့ သွေး
မခန်းခြောက်သေးတဲ့ သွေးတွေ
အို ... ... ရဲဘော်ရဲ့သွေးအစက်စက်နဲ့
ရဲရဲလက်လက်
သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။ ။

မောင်လေးအောင်

ဖူးချစ်က သင်တို့ကို ချစ်ခဲ့တယ်

ဖူးချစ်က သင်တို့ကို ချစ်ခဲ့တယ်
မောင်လေးအောင်

တိုက်ရဲဝံ့ခြင်း၊ သေရဲခြင်းပဲ
သေရဲဝံ့ခြင်း၊ မြင့်မြတ်ခြင်းပဲ
တိုက်ရဲသေရဲ၊ ရဲရင့်စွဲသည်
ရဲဘော်၏နှလုံးသား အနီရောင်။

နီသောနှလုံးသား၊ မေတ္တာပွား၍
သင်လူသားတို့ကို ချစ်ခဲ့သည်။

နီမောင်းဆွတ်ဆွတ်၊ ရင်သည်းပွတ်မှ
သင်လွတ်လပ်ခြင်းကို ချစ်ခဲ့သည်။

လွတ်လပ်ရေးအတွက်
သွေးကိုပူဇော်၊ တိုက်သေပျော်သည်
ရဲဘော်အသက် စွန့်ခဲ့သတည်း။

ဖူးချစ် …
ပြည်သစ်ရည်စူး၊ နှလုံးဦးမှာ
သွေးလူးလိမ်းကျံ၊ စတေးခံသည်
တော်လှန်ခဲ့သော ပန်းတပွင့်။

ပန်းနီတပွင့်၊ မြေမှာသင့်လည်း
မွှေးရင့်ထုံဆဲ ကြိုင်ဆဲ လှိုင်ဆဲပါတကား။

အမိမြေကို
ခြေကျူးမခံ၊ အုံကြွလှန်သည်
ချက်ပြည်သစ်၏ ကြယ်နီ။

ဘီယာတမြုံ့
ပေါင်မုန့်တဖဲ့၊ မလှယ်ခဲ့ဘူး
သွေးနဲ့လဲတဲ့သူရဲကောင်း။

ချက်ပြည်သူတို့
တွေးယူစေ့စစ်၊ အားအင်သစ်လော့
ဖူးချစ်က သင်တို့ကို ချစ်ခဲ့တယ်။

သူ့ကိုချစ်ရင်
ပြည်သစ်ပန်းဖူး၊ နီနီဦးကို
ဖူးချစ်ဂူမှာ၊ ရဲရဲပွင့်လိုက်စမ်းသာ …။

မောင်လေးအောင် (မိုးဝေ မဂ္ဂဇင်း - ၁၉၆၈)