Friday, January 01, 2010

ဖူးချစ်က သင်တို့ကို ချစ်ခဲ့တယ်

ဖူးချစ်က သင်တို့ကို ချစ်ခဲ့တယ်
မောင်လေးအောင်

တိုက်ရဲဝံ့ခြင်း၊ သေရဲခြင်းပဲ
သေရဲဝံ့ခြင်း၊ မြင့်မြတ်ခြင်းပဲ
တိုက်ရဲသေရဲ၊ ရဲရင့်စွဲသည်
ရဲဘော်၏နှလုံးသား အနီရောင်။

နီသောနှလုံးသား၊ မေတ္တာပွား၍
သင်လူသားတို့ကို ချစ်ခဲ့သည်။

နီမောင်းဆွတ်ဆွတ်၊ ရင်သည်းပွတ်မှ
သင်လွတ်လပ်ခြင်းကို ချစ်ခဲ့သည်။

လွတ်လပ်ရေးအတွက်
သွေးကိုပူဇော်၊ တိုက်သေပျော်သည်
ရဲဘော်အသက် စွန့်ခဲ့သတည်း။

ဖူးချစ် …
ပြည်သစ်ရည်စူး၊ နှလုံးဦးမှာ
သွေးလူးလိမ်းကျံ၊ စတေးခံသည်
တော်လှန်ခဲ့သော ပန်းတပွင့်။

ပန်းနီတပွင့်၊ မြေမှာသင့်လည်း
မွှေးရင့်ထုံဆဲ ကြိုင်ဆဲ လှိုင်ဆဲပါတကား။

အမိမြေကို
ခြေကျူးမခံ၊ အုံကြွလှန်သည်
ချက်ပြည်သစ်၏ ကြယ်နီ။

ဘီယာတမြုံ့
ပေါင်မုန့်တဖဲ့၊ မလှယ်ခဲ့ဘူး
သွေးနဲ့လဲတဲ့သူရဲကောင်း။

ချက်ပြည်သူတို့
တွေးယူစေ့စစ်၊ အားအင်သစ်လော့
ဖူးချစ်က သင်တို့ကို ချစ်ခဲ့တယ်။

သူ့ကိုချစ်ရင်
ပြည်သစ်ပန်းဖူး၊ နီနီဦးကို
ဖူးချစ်ဂူမှာ၊ ရဲရဲပွင့်လိုက်စမ်းသာ …။

မောင်လေးအောင် (မိုးဝေ မဂ္ဂဇင်း - ၁၉၆၈)

No comments: