Wednesday, October 03, 2018

အစိမ်းခြွေ


အစိမ်းခြွေ

မိုးရွာပြီးစ မနက်ခင်း
ဒါမှမဟုတ်
မိုးရွာပြီးစ ညနေခင်းရဲ့ 
စိမ်းစိုလန်းဆန်းမှုမျိုးနဲ့ နေ့ များဟာ
ကျိုးပဲ့ကြေမွနေတဲ့ ဘ၀တွေရဲ့
ယုံကြည်ချက်တွေကို
(အနှစ်သုံးဆယ်လုံးလုံး)
သွေးဆောင်ဖျားယောင်းလို့ မရခဲ့ပေဘူး….။

ကွေးသောလက် မဆန့် မှီ
ဆန့် သောလက် မကွေးမှီ
မိုးလုံးပြည့် မုသားဝါဒ
အပင်းသွင်းခံထားရတဲ့
ဖောက်ပြန်သူများနဲ့ စစ်အုပ်စုအတွက်
ပြည်သူများရဲ့  ဒဏ်ခတ်ခြင်းနေ့ ရက်များ
အားကောင်းမောင်းသန်
ရောက်ရှိလာတော့မယ်..။

အခုများတော့
ကြွေလွင့်သွားရတဲ့ 
ကြယ်ပွင့်များရဲ့ 
ရာဇ၀င်ကြွေးတွေနဲ့ အရိုးတွန်သံဟာ
ဖောက်ပြန်သူများနဲ့  စစ်အုပ်စုအတွက်
သေမင်းခေါ်သံဖြစ်တယ်…။

ငါတို့ ရဲ့ 
အမှန်တရားကို လိုလားတဲ့
ဟောဒီ ရင်ဘတ်တွေထဲက
နာနာကျည်းကျည်း အော်ဟစ်မြည်ကြွေးသံတွေဟာ
စစ်အာဏာရှင်စနစ်ကို
အဆုံးသတ်စေမယ့်
တိုက်ပွဲခေါ်သံပဲဖြစ်တယ်…။
မနိုင်လို့ သီးခံရခြင်းဟာလည်း
အတိုင်းအတာတခုထိပဲ မဟုတ်လား…။

မိုးရွာပြီးစ မနက်ခင်း
ဒါမှမဟုတ်
မိုးရွာပြီးစ ညနေခင်းရဲ့ 
စိမ်းစိုလန်းဆန်းမှုမျိုးနဲ့ နေ့ များဟာ
ကျိုးပဲ့ကြေမွနေတဲ့ ဘ၀တွေရဲ့
ယုံကြည်ချက်တွေကို
(အနှစ်သုံးဆယ်လုံးလုံး)
သွေးဆောင်ဖျားယောင်းလို့ မရခဲ့ပေဘူး….။

ရဲရင့်သက်ဇွဲ

No comments: