ငါ...အော်သံတွေမရပ်
ဒုက္ခက ပျားရည်လိုချိုသလား
ဒုက္ခက အရောင်ဆိုးမထားတော့
ဖြူစင်တယ်လို့ နင်ထင်မှတ်ခဲ့လေသလား
နင်မက်ခဲ့ဘူးတဲ့ အိပ်မက်ဖူး
ကြည်နှုးဘွယ် မိသားစုကမ္ဘာဟာ
အခုတော့ ကြေကွဲစရာ စစ်ပွဲတွေထဲ
တကွဲတပြားဖြစ်လို့ .....။
တို့ ကမ္ဘာကြီးရဲ့  နေရာတိုင်းမှာ
စစ်ပွဲတွေ ဆူနာမီလှိုင်းတွေလို ရိုက်ခတ်
စစ်ပွဲတွေဟာ မီးတောင်တွေထဲက
ပေါက်ကွဲထွက်လာတဲ့ ချော်ရည်ပူမီးတောက်တွေလို
ပြည်သူလူထုတွေကို လောင်ကျွမ်းခဲ့ပေါ့ ....။
စစ်ပွဲတွေက ပြည်သူတွေရဲ့ ဘ၀ကို
ရိုက်ချိုးချေမွနေကြတယ်
စစ်ပွဲတွေက လူငယ်တွေရဲ့  ဘ၀ကို
နင်းချေပြစ်နေကြတယ်
ကြေကွဲနေ ငါတို့ တွေ စစ်ကိုမုန်းတယ်
အစိုးရနဲ့ စစ်တပ်
တသားတည်း ဖြစ်နေသလား
ထင်ရလောက်အောင်
စစ်ပွဲတွေဟာ
ကျေးလက်တောရွာတွေ
တိုင်းရင်းသားသွေးချင်းတို့ နေရာတွေ
နေ့ တဓူဝ အမြှောက်ဆံ ဗုန်းသံ စက်သေနပ်သံ
လက်နက်ကြီးတို့ ကျရောက်ပေါက်ကွဲသံတွေကြားမှာ
လူသံ ခေါ်သံ ဆူညံခလေးငိုသံ တွေကြားက
ကမ္ဘာပျက်တာကို ငါမမြင်ဘူးပေမယ့်
ဒီအတိုင်းပဲဖြစ်လိမ့်မယ်လို့ ငါထင်တယ် ။
အစိုးရ ဘာလုပ်နေလည်းငါမမေးပါဘူး
အစိုးရ ဘာတွေကြံစည်နေလည်း ငါမသိချင်ပါဘူး
အစိုးရ ပြည်သူ့ အစိုးရဆိုတဲ့ အစိုးရကို
ငါတို့ တောင်းဆိုချင်တာကတော့
ရွေးကောက်ပွဲကာလက ကတိက၀တ်များ
ဒီမိုကရေစီရေးအတွက်
အသက်ပေးခဲ့ကြသောပြည်သူတို့ ရဲ့ 
မျှော်မှန်းချက်များအကောင်အထည်ေ ဖ်ါပေး
ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက်
စစ်ပွဲတွေရပ်ပေး စစ်ပွဲတွေရပ် စစ်ပွဲတွေရပ်.....။
ရဲရင့်သက်ဇွဲ
No comments:
Post a Comment