Friday, August 03, 2018

ပြည်သူအပေါင်း ခွပ်ဒေါင်းတို့ အမေ့အစိုးရဆီမှာ ဒီမိုကရေစီတောင်း ကြ.

 

ပြည်သူအပေါင်း ခွပ်ဒေါင်းတို့ အမေ့အစိုးရဆီမှာ ဒီမိုကရေစီတောင်း ကြ. 

အနှစ်၃၀ ကြာပြီးတဲ့အခါ
အမေ့အစိုးရထံမှာ
ခွပ်ဒေါင်းတို့ …. ဒီမိုကရေစီတောင်းကြ
အမေရယ်.....
အနှစ်၃၀ ကာလ
သမင်လည်ပြန် အကြည့်တချက်သာ
အမေ မက်မက်စက်စက် ရှိခဲ့ရင်
ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအတွက်
ဟောဒီမြေပေါ်မှာ
အမေ ချစ်လှပါတယ်ဆိုတဲ့
ဟောဒီ တိုင်းပြည်ကြီးကို
အမေချစ်တဲ့ အချစ်ထက် မလျော့ သော
ချစ်ခြင်းများနဲ့  ချစ်ခဲ့သူတွေ ရှိခဲ့ကြတာ အမေတွှေ့ မှာပါ။    
ဒီမိုကရေစီရမှ အမျှဝေပါ
လမ်းမများထက် ကျတဲ့ သွေးတွေရဲ့ 
ကမ္ဘာမကြေတေးသံဟာ
သမိုင်းရဲ့  တွန်သံ လူထုရဲ အောင်လံ
လွတ်မြောက်ရေးကြွေးကျော်သံဖြစ်တယ်ဆိုတာ အမေအသိပါ။
အမေရယ်
တကယ်တော့ သားတို့ ဟာ
အမေ့ရဲ့ သားတွေပါ။
တိုင်းပြည်လွတ်မြောက်ရေးအတွက်
ဖြတ်သန်းခဲ့တဲ့လမ်းမှာ
အမေ့ရဲ့ ပေးဆပ်မှုတွေဟာ
အံ့မခန်း ရှိလှတယ်။
ဘယ်သူကများ အမေ့လောက်
စွန့် လွှတ် အနစ်နာခံခဲ့သလဲ
သားတို့ အားလုံးအသိအမှတ်ပြုခဲ့ကြတယ်။
ဒါဟာ ဖျောက်ဖျက်မရတဲ့
သမိုင်းရဲ့မှတ်တမ်းတခုပဲမဟုတ်လား...အမေ။

ဒါပေမယ့်ပေါ့အမေရယ်
တကယ်တမ်းကျတော့လည်း
ဒီအဖြစ်အပျက်တွေဆိုတာ
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲမဟုတ်လားအမေ။

သားတို့ တွေလည်း အမေ့ကိုဝန်းရံ
နိုင်သမျှဝန်ကို ထမ်းခဲ့ကြ
ဖယောင်တိုင်လည်း သူ့ အစွယ်နဲ့ အရွယ်နဲ့ ပဲလေ
အမေ့ကိုချစ်တဲ့ ပြည်သူတွေဘက်က
မားမားမတ်မတ်ရပ်တည်
မတရားတဲ့ အမိန့် အာ ဏာဟူသမျှ
တာဝန်အရ ဖီဆန်ခဲ့ကြတာပဲမဟုတ်လား။
အမေ နဲ့  ပြည်သူ
တသားတည်း ရှိခဲ့ ကြတုန်းက
အမေဟာ တရားမျှတမှုရဲ့  မှတ်တိုင်
မြန်မာသမိုင်းသာမက
ကမ္ဘာ့ သမိုင်းမှာပါ
ဒီမိုကရေစီရဲ့  မီးရှုးတန်ဆောင်
ကမ္ဘာတလွှားမှာ မြန်မာများပါဟေ့လို့ 
ဂုဏ်ရောင်ထွန်းပြောင်ခဲ့တယ် မဟုတ်လားအမေ။။
ဒါဟာ ရဲရဲတောက် အတိုက်အခံခေါင်းဆောင်
အမေ့ရဲ့ သံမဏိ တောင်လိုမာကျောတဲ့
စိတ်စာတ်အစုံနဲ့  တိုက်ပွဲကိုဖော်ဆောင်
သားတို့လေ အမေ့ကို ယုံကြည်ကိုးစား
ဘ၀တွေကို ပုံအပ်ခဲ့ကြတယ်မဟုတ်လားအမေ။
၉၀ရွေးကောက်ပွဲရလဒ်
ဂန္ဒီခန်းမ ကြေငြာစာတမ်း
ရွှေဂုံတိုင်ကြေငြာစာတမ်း
မတရားတဲ့ဥပဒေတွေနဲ့  လူ့ အသက်ပေါင်းများစွာကိုလစ်လျူရှု
နာဂစ်ထဲ ၂၀၀၈ ခြေဥကို အတင်းအဓမ္မသွပ်သွင်း
ဒင်းတို့ ရဲ့ ရက်စက်ယုတ်မာခြင်းကို တွန်းလှန်
ပြည်သူလူထုကြီးတရပ်လုံးဟာ
သောင်ပြီု ကမ်းပြို တာဝန်ကြေခဲ့ကြတယ်။
ပြည်သူလူထုကြီးတခဲနက်အမေတို့ ကိုထမ်းတင်ပေးခဲ့တယ်။
အမေတို့ ပါတီဟာ လည်းသောင်ပြို ကမ်းပြိုနိုင်ခဲ့ကြတယ်။
အမေတို့ ပါတီ အစိုးရဖြစ်ပီးတဲ့အခါ
အမေကလည်း နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်ဖြစ်လာခဲ့
ပြည်သူလူထုကြီးရဲ့  မျှော်လင့်ချက် ဒီရေ မြင့်တက်လာခဲ့။
အမေ့အပေါ် ပုံထားခဲ့တဲ့ ပြည်သူလူထုကြီးဟာ
အမေ့အစိုးရ အန်အယ်လ်ဒီပါတီဦးဆောင်သောအစိုးရ
သက်တမ်း ၂နှစ် အလွန်မှာ

တိုင်းပြည်ဟာ စီးပွားပျက်ထဲ စုံးစုံးမြုပ်လို့ 
ပညာရေးစနစ်ဟာ ပျက်စီးခြင်းမျိုးစုံနဲ့ ပျက်စီးလို့ 
တိုင်းပြည်မှာ လူနဲစု ကိုးကွယ်ရာဘာသာတရားကို
ပိတ်ပင်စော်ကား ဖိနှိပ်ရက်စက်မှုများကို
မဟန့် တား မတားဆီးပါပဲ ရေငုံနှုတ်ပိတ်နေခဲ့သူဟာ
အမေနဲ့ အန်အယ်လ်ဒီအစိုးရပဲ မဟုတ်လားအမေ

တိုင်းပြည်ရဲ့ တရားစီရင်ရေး
တိုင်းသူပြည်သားတွေရဲ့ 
လူနေမှုဘ၀အဆင့်အတန်းမြင့်မားရေး
စိးပွားရေးဖွံ့ ဖြိုးတိုးတက်ရေး စတဲ့
အရာများစွာဟာ ဘယ်သူ့ အပေါ်မှာ တာဝန်ရှိသလဲ
ဦးဏှောက်ပျက် ရူးသွပ်သူတောင်မှသိတယ်။

တခါလာလဲ နောက်ကွယ်က လက်မဲကြီး
ဒါချည်းပဲ ပြောပြောနေတယ်
နောက်ကွယ်ကလက်မဲကြီးဘယ်သူဆိုတာ
အမေတို့ သိသလို သားတို့ လည်းသိပါတယ်
ဖမ်းဘို့ဆီးဘို့ ကို အမေတို့ မလုပ်ခဲ့ဘူး
ပြည်သူတွေခံစားနေရတာတွေကို မျက်နှာလွှဲ ခဲပြစ်လုပ်ခဲ့တယ်။
အမေ သားတို့ မှာခွင့်လွှတ်စိတ် သည်းခံစိတ်ရှိပါတယ်
အမေတို့ ရွေးကောက်ပွဲ ၀င်မယ်ဆိုတော့
သားတို့ ရဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ 
အမေနဲ့ လာတွေ့ ဆုံတုန်းက အမေ လက်တွဲမခေါ်ခဲ့ဘူးနော်
ဘာပဲဖြစ်ဖြစ် ကျောင်းသားတွေဟာ အမေနဲ့ ပါတီပေါ်ကို
တရားမပျက်ခဲ့ပါဘူး။
အခုတော့ ဒီကျောင်းသားလူငယ်တွေရဲ့  ဦးဆောင်မှုနဲ့ 
ပြည်သူတရပ်လုံးရဲ့ တော်လှန်မှုကြီးကြောင့် ဖြစ်ပေါ်လာရတဲ့
အမေနဲ့ အန်အယ်လ်ဒီအစိုးရဟာ
ဒါတွေကို မေ့လျောထားလိုက်ကြပြီ
အမေရေ....ပြည်သူလူထုကြီးရဲ့ မျော်လင့်ချက်ဟာ
သဲထဲရေသွန် ဖြစ်ခဲ့ရပီ။
ပထမဦးဆုံးအမှားက နိုင်ငံတော်အတိုင်ပင်ခံရုံ့းတွင်
မှူးဇော်ကို ပြန်လည်ခန့် အပ်ခဲ့ခြင်းဖြစ်တယ်။
ရခိုင်ပြည်နယ်မီးဟုန်းဟုန်း တောက်ရခြင်းမှာ
မှူးဇော် တင်လိုက်သောစါတ်ပုံနှင့်မုဒိမ်းမှုသတင်းတို့ မှ
အစပြုခဲ့ကြောင်းအထောက်အထားအပြည့်အစုံရှိပါတယ်။
အတိုက်အခံဘ၀တွင် ရဲရဲတောက်ခဲ့သလောက်
အာဏာရအစိုးရအဖွဲ့ အစည်းအတွင်း အကျင့်ပျက်ချစား
အာဏာလွန်ဆွဲပွဲများအတွင်းတွင် ၂၅ကျပ်သားများအား
အလွန်အမင်းအလျော့ ပေးခြင်း
ရွေးကောက်ပွဲတွင် ကတိက၀တ်ပြုထားတဲ့
၂၀၀၈ အခြေခံ ဥပဒေကို ဖျက်သိမ်း
အသစ်ရေးဆွဲလုပ်ငန်းစဉ်များအား
အကာင်အထည်မဖော်နိုင်ခြင်း
တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့်အပြစ်ရပ်
ပင်လုံညီလာခံ ကျင်းပနေခြင်းများမှာလည်း
အပေါ်ယံ ဟန်ပြသာဖြစ်ပြီး
တိုင်းရင်းသားနယ်မြေများအား
စစ်တပ်မှ ထိုးစစ်ဆင်နေခြင်း
လည်းကောင်းနယ်မြေများမှ
စစ်ရှောင် စစ်ပြေးများ ဒုက္ခသည်များအရေးကိုလည်းကောင်း
တရားဥပဒေ စိုးမိုးမှုမရှိပဲ အရပ်သားအစိုးရဟာ
တချိန်က ရဲရဲတောက်တော်လှန်တိုက်ပွဲဝင်ခဲ့သော သူများ
အများစု လွတ်တော်ကိုယ်စားလှယ်အမတ်များနှင့်
အမေရွှေးချယ် ခန့် အပ်ထားသော လက်ရွှေးစင်ပုဂ္ဂိုလ်များ
စွမ်းဆောင်ရည်ညံ့ဖျင်းမှု စသော တိုင်းပြည်အပေါ်ထားရှိသော
မခိုင်မာသည့် မကောင်းသည့်စိတ်စာတ်များအား
ဝေဖန်မိသည့်အခါ အသရေဖျက်မှုနဲ့ဖမ်းဆီးခြင်းတွေပြု့ ခဲ့ကြတယ်။
အမေ့ကိုချစ်ပါတယ် လို့ မျက်စေ့စုံမှိတ်ပြီး
ကုန်းအော်နေတဲ့ သူတွေ
အမေ့ကိုထိရင် ဆတ်ဆတ်ခါနာကြ သူတွေကို
သားအံ့သြမိတယ်။

သူတို့ တွေဟာသူတို့ မျက်စေ့ရှေ့ မှာဖြစ်ပွားနေတဲ့မတရားမှုတွေကို
ဘာဖြစ်လို့ အမေ့ကိုအသိမပေးခြင်ကြတာလဲ.....
တိုင်းပြည်အတွင်းမှာဖြစ်ပေါ်နေတဲ့ မတရားမှုများ
တရားဥပဒေမဲ့မှုများ တရားဦးပဒေစိုးမိုးမှုမရှိခြင်း
မင်းမဲ့စရိုက်ဆန်မှုများကိုလစ်လျူရှု့ထားခဲ့ကြတာ ဘာကြောင့်လဲ
ဖြေပေးပါအမေ.။။
တရားစီရင်ရေးကို စောင့်ရှောက်တဲ့ နတ်သမီးဟာ
နှစ်ကြိမ်နှစ်ခါ အဓမ္မကျင့်ခံရတဲ့အကြောင်း
ကျူးဘားတော်လှန်ရေးက ဖီဒယ်ကက်စထရိုရဲ့ 
ကမ္ဘာကျော်တရားခွင်လျှောက်လဲချက်ထဲမှာ ဖတ်ခဲ့ရဘူးတယ်
အခုတော့ ၈၈၈၈လေးလုံးအရေးတော်ပုံကြီးတုန်းက
ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့တဲ့ အသက်၂၃နှစ်အရွယ်
လူငယ်တယောက်ဟာ သူချစ်တဲ့ သူ့ တိုင်းပြည်ကြီးရဲ့ 
တရားစီရင်ရေးကို စောင့်ရှောက်တဲ့ နတ်သမီးကို
သူဖြတ်သန်းခဲ့တဲ့ခေတ်ထဲမှာ အကြိမ်ကြိမ်အခါခါ
အဓမ္မကျင့်ခံနေရတာကို မျက်ဝါးထင်ထင်
တွေ့ မြင်ခဲ့ရပါပြီ အမေ။
အမေကိုယ်တိုင်လည်း မျက်စေ့ပိတ်မထားရင်တွေ့ မှာပါအမေ ...။

တိုင်းပြည်တွင်တကယ်ဖြစ်ပျက်နေသည့်
အဖြစ်အပျက်များအား ဘူးခံငြင်းဆန်နေသည့်
အမေ့ကို ချစ်လှပါသည်
အမေ့အတွက်ဆို အသက်ကိုပင်ပေးဆပ်ဝံ့ပါသည့်
ဆိုသောသူများ တိုင်းပြည်အကျိုးကိုမျှော်ကိုးပြီး
အမေ နှင့် အမေဦးဆောင်နေသောအစိုးရတို့ အား
တိုင်းပြည်၏ ပကတိအခြေ အနေကို
အမှန်အတိုင်း ပြော အမှန်အတိုင်း
မညှာမတာ ဝေဖန် ထောက်ပြ သင့်သောအချိန်သို့ 
ရောက်ရှိနေပါပြီအမေ....။။

အမေနဲ့ အမေ့အစိုးရကို ပြည်သူများက ဖြစ်စေချင်သည်မှာ
အတိုက်အခံ ဘ၀က ရဲရင့်ပြတ်သားသော အမေ
ယခု လူထုကထမ်းတင်ပေးလိုက်သော
အစိုးရ အုပ်ချုပ်သူဘ၀တွင်လည်း
အတိုက်အခံဘ၀က ရဲရဲတောက်သကဲံ့သို့ 
အုပ်စိုးသူဘ၀တွင်လည်း ရဲရဲတောက်စေကြောင်း
လူထုတော်လှန်ရေးလူပ်ရှားမှုကြီး အနှစ် ၃၀ ပြည့်မြောက်တဲ့ပွဲမှာ
အမေ့အစိုးရထံမှာ သားတို့ တောင်းဆို
စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် အမြန်ပေါ်ပေါက်စေရန်အတွက်

ပြည်သူအပေါင်း ခွပ်ဒေါင်းတို့  ဒီမိုကရေစီတောင်း ကြ.
ပြည်သူအပေါင်း ခွပ်ဒေါင်းတို့  ဒီမိုကရေစီတောင်း ကြ.
ပြည်သူအပေါင်း ခွပ်ဒေါင်းတို့  ဒီမိုကရေစီတောင်း ကြ.



ခွပ်ဒေါင်းတို့  ဒီမိုကရေစီတောင်း ကြ

ခွပ်ဒေါင်းတို့  ဒီမိုကရေစီတောင်း ကြ ။
ရဲရင့်သက်ဇွဲ
၂၅ ဂျုလိုင်လ၂၀၁၈

No comments: