Showing posts with label ၈၈၈၈ ကဗျာ. Show all posts
Showing posts with label ၈၈၈၈ ကဗျာ. Show all posts

Sunday, August 07, 2011

ကောင်းကင်တခွင်လုံး နီနေတုန်းပဲ

ကောင်းကင်တခွင်လုံး နီနေတုန်းပဲ

ဒီရာသီဟာ ဝေဒနာတွေ တနင့်တပိုး
မနိုင်ဝန် ထမ်းရသလိုမျိုး ရာသီ
အိပ်မက်ဆိုးတွေကို အလိုမတူပဲ လက်ခံထားရတဲ့ ရာသီ
မှောင်မိုက်လွန်းတဲ့ ကျိန်စာတေးသွား ဖေါ်ကျူးနေတဲ့ရာသီ
သူပိုင်တဲ့ မြေပေါ်မှာ သူစိမ်းတယောက်လို နေထိုင်သွားးရမယ့် ရာသီ …..

ဒီရာသီဟာ အမှန်တရားရဲ့ ပြယုဂ်ကို စာချုပ်စာတမ်းနဲ့ လုပ်ပြစရာမလို
သူ့ အလိုလို မျိုးဆက်ထဲကို စီးဝင်သွားမယ့် ရာသီ ။

ဒီရာသီမှာ အမေ ငီုနေဦးမှာလား
သားပျောက် သမီးပျောက် သောကရောက်နေတဲ့ ရင်မှာ
သြဂုတ်လရဲ့  တိုက်ပွဲခေါ်သံ ပဲ့တင်ထပ်မျှ
လမ်းမပေါ်ကျ သွေးစများရဲ့ တွန်သံ
နှစ်ဆယ့်သုံးနှစ်ကျော်လည်း နှလုံးသားမှာလျှံနေဆဲလေ ….

ဘယ်တော့မှ အရှုံးမပေးဘူး
ဘယ်တော့မှ ဒူးမထောက်လက်မမြောက်ဘူး
ဘယ်တော့မှ အညံ့မခံဘူး ဟေ့
သွေးစွန်းဝိညာဉ် အာဇာနည်ထောင်သောင်း
မဟောင်းသောသမိုင်းကြောင်းရဲ့  တိုက်ပွဲခေါ်သံ
ညီမလေး ၀င်းမော်ဦးရေ …..
ကျဆုံးခဲ့သူအပေါင်းအတွက်
မျက်ရည်နဲ့  ရင်ကွဲပက်လက် ဆိုပေမယ့်
ယုံကြည်ချက်နဲ့  တိုက်ပွဲဆက်နေတုန်းပါကွဲ့  …..။

နှစ်ဆယ့်သုံးနှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံသို့ 

ရဲရင့်သက်ဇွဲ
၀၁၀၈၂၀၁၁့


Thursday, August 05, 2010

မငြိမ်းသောမီး

နှစ်ဆယ့်နှစ်နှစ်တဲ့လား

ချစ်ခြင်းများစွာနဲ့ 

ဖြစ်ခြင်း ပျက်ခြင်း တရားများ

တရွေ့ ရွေ့  … ခရီးရှည် …။



ပေးဆပ်ခြင်းများ

ဘ၀ အမျိုးမျိုး အဖုံဖုံ

ဟောဒီ … လူ့ ဘုံကြီးမှာ

တချို့  … ကောက်ရိုးမီး

တချို့  … မငြိမ်းသောမီး

တချို့  … မီးခဲပြာဖုံး

တချို့  … တောက်မယ့်မီးခဲ တရဲရဲ

စသည်ဖြင့် …

ကိုယ့်ရွေးချယ်မှုနဲ့  ကိုယ်

ခေတ်တွေကို ဖြတ်သန်းသွားခဲ့ကြ …..။



နာရီတွေ ရာသီတွေ

တဖြုတ်ဖြုတ်ကြွေ

အသက်တွေ လွတ်လပ်ခွင့်တွေ

တဖြုတ်ဖြုတ်ကြွေ

လူ့ ဘောင်ကြီးတခုလုံး

တဖြုတ်ဖြုတ်ကြွေ

ကမ္ဘာမကြေတေးသံ ဝေတဲ့မြေပေါ်မှာ …။



သတိတယ ရှိကြဟေ့

အမှောင်ခေတ်ကြီးရဲ့ အကြောင်းကို

ပြန်ပြောင်းပြောပြ

အရိုးပုံထဲက တွန်သံများ

ကုန်းရုန်းထကြ

အနာဂတ်ဟာ အမှန်တရားနဲ့  ၀င်းလက်တောက်ပလို့  …။


(ရှစ်လေးလုံးအရေးတော်ပုံကြီး ၂၂ နှစ်ပြည့်သို့ )
၂၄ ဂျူလိုင် ၂၀၁၀