Sunday, August 22, 2010

အဲဒီတံခါး တစ်ချပ်နောက်မှာ

အမှားတွေက
ပဲ့ပဲ့ကျလာပြီး
ကမ္ဘာကြီးဖြစ်လာသလား. . .
လူ့ရွာဟာ လေလွင့်လွန်းပါတယ်။
သတ်မှတ်လိုက်ကြ၊ ချိုးဖောက်လိုက်ကြ
ကျင့်ဝတ်တွေ များပြီ
ချက်ချင်းနေ့ ချက်ချင်းညတွေ များပြီ
အစီအစဉ်ကျမှုတွေနဲ့ ဝေးဖို့
တော်လည်းနိမိတ်တွေ မမြည်ခဲ့ဖူး
မသိဘူး

နောက်. . .
အစီအစဉ်မကျဖူး
တစ်ခန်းရပ်ပြန်ရော။
နွေရာသီတစ်ခုကို သတိရတယ်။
ယာသစ်မြေသစ်နံတွေက သင်းသင်း
တောမီးကို တောမီးနဲ့ တားကြရင်း
ချစ်ခြင်းတွေ ကြီးပြင်းကြပုံ။
ဒီအစီအစဉ်ပဲ ရှိခဲ့တာပါ
နောက်ထပ် တံခါးတစ်ချပ်နောက်မှာ
ဘယ်သူနေထိုင်မှန်း မသိဘူး။
ဘယ်အချိန်ဟာ အချိန်မတော်မှန်း မသိဘူး။
အချိန်ဆိုတာ ရှိသလား သေချာမသိဘူး။
အစီအစဉ်တွေ အရည်ပျော်တဲ့အထိ. . .
ပျော်စရာကောင်းခဲ့တယ်။
လိုချင် ငတ်မွတ်တာတွေကို
သူ့ဟာသူ သဘာဝမှာ ရွေးချယ်။
“အမှားမကင်းတဲ့” ဆိုကတည်းက
လူသားချင်း မရွေးချယ်ခဲ့ဘူး။
ဒါပဲ၊ ပြီး
ပျောက်ဆုံးသွားရှာတယ်။ ။

ဇော်ထွဋ်နိုင်

(ပျံ့ လွင့် နေ သော တေး နှင့် က ဗျာ ၀ိ ညာ ဉ် ဘလောဂ်မှ ကူးယူပါသည်။)

No comments: