Wednesday, November 30, 2011

ဒုက္ခိတ ပျားတုတ်သလိုမျိုး

(ကောင်းကင်ကြီးကိုငေးမော လွင့်မျောနေသော တိမ်တိုက်များကိုယ်ဖြစ်သွားတဲ့အခိုက်မှာ ရေးဖြစ်သောကဗျာ)

ဒုက္ခိတ ပျားတုတ်သလိုမျိုး

ဘယ်သူပြစ်တင်လိုက်တာလဲဟေ့
ကုန်းပေါ်က ငါးဟာ … ငါ ……။

အဖြစ်အပျက်က
ဟစ်ဟစ်ပြီးတော့သာ
ငိုချင်းချချင်မိ တော့တယ် …
ယတရာ သဘောအရ
ပင်လယ်ရေ အကုန်ခတ် အကုန်သောက်
အင်း … ငါးပါးတော့မှောက်ဦးမယ် …

ကိုယ်တိုင်မရွေ့ ချင်တဲ့စိတ်ကို
ဘာတွေနဲ့ များ ရွေ့ အောင်ပြု ပြု
ဖားဟာ ရေထဲရောက်ရင် ရေကူး
ကုန်းပေါ်ရောက်တော့လည်း ခုန်စွ ခုန်စွ
ဒါဟာ … သဘာဝပဲလေ (စိတ်လျော့ စိတ်လျော့)
ပုတ်သင်ညိုရဲ့  အရောင်ပြောင်းတတ်တဲ့တရား
သွားဟားလို့ မဖြစ် (စိတ်လျော့ စိတ်လျော့) ….။

လူဖြစ်လာရတဲ့ ဒုက္ခကို
ဘယ်တုန်းကမှ ငါ မမုန်းခဲ့ဘူး
လူ့ ဘ၀ရဲ့ တိုက်ပွဲတွေ မပြီးဆုံးသေးသ၍
ငြိမ်းချမ်းရေးကို ကြိုဆို ချစ်မြတ်နိုးသော်လည်း
ဘယ် လူ နတ် ဗြဟမ္မာ တို့ နဲ့ မှ ငြိမ်းချမ်းရေးစကားမဆို
လူ့ ဘ၀ရဲ့  ဖြစ်တည်မှုကို သစ္စာမဖောက်လို
ဖြစ်လာသမျှ ရင်စည်းခံမယ်
လောကဓံတရား ရှစ်ပါးသာရှိလို့  တော်သေးရဲ့ ….။

ဘယ်တော့များလဲ ….
ထွက်ခွါခွင့်အတွက် ထိုးလိုက်တဲ့
ခေါင်းလောင်းသံ ဆိုက်ရောက်လာတဲ့အခါ
အားလုံးကိုနှုတ်ဆက်ခဲ့တယ် ….. ဂွတ်ဘိုင် ..။

ရဲရင့်သက်ဇွဲ
၀၆၁၀၂၀၁၁
၁း၅၆ ပီအမ်
(ကောင်းကင်ကြီးကိုငေးမော လွင့်မျောနေသော တိမ်တိုက်များကိုယ်ဖြစ်သွားတဲ့အခိုက်မှာ ရေးဖြစ်သောကဗျာ)

No comments: