Friday, March 23, 2012

နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း

နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း


အိပ်မက်တွေကို ခြေရာခံကြည့်တော့
နှစ်တွေကိုအထုပ်ဖြည်ချ
ခေတ်တွေကို ပီပီသသမြင်ရတယ်
ကြယ်တွေကြွေတုန်းလား ။

အတွင်းစည်း အပြင်စည်း
လူ့ စည်း ဘီလူးစည်း
စည်းတွေရဲ့ ခရီးအကွာအဝေးတွေကြား
လသာသာမှာ ကစားမလား နားမလား
ရိုးစင်းတဲ့ မာယာမများတဲ့  တရား
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
ဟောဒီ ဒွန္နယာမှာ ရိုးသားခဲ့ဘူးတယ်။

မိုင်တိုင်များ တွားတွားတက်လာကြ
အရိပ်များ ပိုရှည်လျားလာ
အတ္တများ ပိုသိပ်သည်းလာ
ဘ၀က ပိုပြီးပါးလျလာခဲ့
ကုသိုလ် အကုသိုလ် လမ်းဆုံမှာ
ငါ့ရှိတာအကုန်ပုံရှိုးခဲ့ပြီး
မှောက်ထားတဲ့ နောက်ဆုံးဖဲချပ်
ပွတ်ဆွဲနေဘို့ အချိန်
ငါ့ဘ၀ လက်ကျန်နဲခဲ့ပုံများ
သံဝေဂရစရာ
အရင်းအတိုင်းချပြလိုက်တယ်။

ဟာ ကနဲ ဟင် ကနဲ အသံတွေကြဲသွားတဲ့အခါ
လဲသွားတဲ့ငါ
လွဲသွားတဲ့ငါ
မိသားစုရဲ့  ရှိုက်သံသဲ့သဲ့ နဲ့ 
သေမင်းရဲ့ ဟားတိုက်ရီမောသံ
ငါ့အတွက် မွေးနေ့ လက်ဆောင် ခေါင်းလောင်းသံပဲဖြစ်မယ် ။

(၂၃ - မတ်လ - ၂၀၁၂ မှာရောက်ရှိမယ့်မွေးနေ့ အတွက်)

ရဲရင့်သက်ဇွဲ
၂၀၀၃၂၀၁၂

1 comment:

mstint said...

ဒီကနေ့ကျရောက်တဲ့မွေးနေ့ရက်မြတ်ကအစပြုလို့
ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့်ဘဝခရီးလမ်းကို
လျှောက်လှမ်းနိုင်ပါစေ မောင်ရဲရင့်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်