Wednesday, June 24, 2009

ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ် လာသောလေညှင်းနဲ့ အတူ

ကန်ရေပြင်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေတဝှေ့  မိုးတပြိုက်မှာ
စပယ်တွေ နှစ်နှစ်ခြိုက်ခြိုက်ပွင့်ကြပြီ အမေ ။

ကန်ရေပြင်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေတဝှေ့  မိုးတပြိုက်မှာ
ဇီဇ၀ါ တွေ နှစ်နှစ်ခြိုက်ခြိုက်ပွင့်ကြပြီ အမေ ။

ကန်ရေပြင်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေတဝှေ့  မိုးတပြိုက်မှာ
ဇွန်ပန်းတွေ နှစ်နှစ်ခြိုက်ခြိုက်ပွင့်ကြပြီ အမေ ။

ဒါပေမယ့် အမေရေ
အဲဒီ လေတဝှေ့  မိုးတပြိုက်မှာ
ထိုင်သူမဲ့ ကုလားထိုင် တလုံး
ဖတ်လက်စ စာအုပ်တချို့ နဲ့ 
တီးသူမဲ့ စန္ဒရားတခု
ဖွင့်သူမဲ့ ပြူတင်းတံခါးပေါက်ရယ်
သားတို့ မှာ
လွမ်း ဆွတ် ဆွေး မြေ့ ကြေကွဲ ။
သားတို့ မှာ
နာကျည်း ခံပြင်း ထိရှ အက်ကွဲ ။

အမှန်တရားတွေ ထယ်ထယ်ဝါ၀ါ
အရာသွင်းမခံရတဲ့အခါ
ကတိစကားများ ခန့် ခန့် ညားညား
အရာသွင်းမခံရတဲ့အခါ
ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒ
လိမ်ညာလှည့်ဖျားမှု ကားစင်အတင်ခံရတဲ့အခါ
သပိတ်စုံ သူပုန်ထ အုံကြွတဲ့  လူထုတိုက်ပွဲ
သမိုင်းတကွေ့ မှာ တွေ့ ကြရဦးမယ် ဆိုတာ
သားတို့ ယုံတယ် ။

အမေရေ
လေတဝှေ့  မိုးတပြိုက်မှာ
ပန်းပေါင်းဆုံပွင့်ဖူးရာ
ကမ္ဘာကျော်လိပ်စာ တက္ကသိုလ်ရိပ်သာလမ်းက
အမေ့အိမ်မှာ အမေ့ကို ပြန်ဆုံချင်တယ်၊
အမေ့ ယုံကြည်ချက် အနာဂတ်အိပ်မက်တွေကို
သားတို့ ပြည်သူလူထုကြီးရဲ့  ဆန္ဒတွေနဲ့  ပုံအပ်ချင်တယ်။

အမေရေ
ယုံကြည်ချက်က အစ
ခံယူချက်က အဆုံး
ကမ္ဘာကြီးတခုလုံးမှာ
အမေ့ရဲ့ ဂုဏ်သတင်းမွှေးပျံ့  ထုံသင်းလို့ 
နိုင်ငံတကာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ 
ဒီမိုကရေစီရေး သင်္ကေတ ပြယုဂ်ဟာ
သားတို့ ချစ်တဲ့ အမေ
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ပဲလေ ။

(ဒေါ်အောင်ဆန်းစုကြည် (၆၄) နှစ်ဂုဏ်ပြုတမ်းချင်း)

No comments: