Friday, October 24, 2008

သွားရမယ့်လမ်း

၁၊
အဲဒီ
လောကဓံရှစ်ပါး
ချိုသလား ။ ခါးသလား
ငါတို့  အတူအကွ
အကုန်မော့သောက်ပစ်ခဲ့ကြ ၊

၂၊
ဟိုး အဝေးကြီးက အသံ
သဲ့သဲ့ကြားတယ် ။
“သဘောထားကြီးကြ” တဲ့လေ။
ရာစုဟောင်းထဲက
ကြီးခဲ့ရတဲ့ သဘောထား
ရာစုသစ်ထဲ ရောက်တာတောင်မှ
သဘောထားကကြီးနေရတုန်းမို့ 
ငါတို့ တတွေရဲ့  ကျောမှာလည်း
ဒဏ်ရာတွေ အတုန်းအရုန်းနဲ့ ပါဘဲ ၊

သဘောထား ကြီးရတာပဲဖြစ်ဖြစ်
သည်းခံ ခွင့်လွှတ်ရတာပဲဖြစ်ဖြစ်
ဘယ်အရာမဆို
အတိုင်းအတာ တခုတော့ ရှိလေရဲ့  ။
ငါတို့ တတွေဟာလည်း
ဘုရားဆုပန် မဟုတ်လေတော့
ပုထုဇဉ်လူသား
အမှားများလည်း မကင်းပေဘူးပေါ့ ၊
၃၊
ငါ တားဆီးခဲ့တယ် ။
အရာရာအချိန်မလွန်မှီ
နောက်ဆုံးချိန်ထိတိုင်အောင်
တူတာတွေ တွဲလုပ်ပြီး
မတူတာတွေ ခွဲလုပ်ဘို့ အထိ ။
နောက်ဆုံးရလဒ်
ငါ ကြေကွဲစိတ်နဲ့  အဆုံးသတ်ခဲ့ရပေါ့ ၊

ဘာပဲဖြစ်ဖြစ်
သဘောထားကြီးဘို့ အတွက်
လေးသင်္ချေနဲ့  ကမ္ဘာတသိန်း
ပါရမီဖြည့်စရာ မလိုဘူး ။
ဘာပဲဖြစ်ဖြစ်
သည်းခံ ခွင့်လွှတ်နိုင်ဘို့ အတွက်
တောထွက် တရားရှာမှီးဘို့ မလိုဘူး ။
သဘောထားကြီးဘို့ အတွက်
နှလုံးသားကြီးကြီး ထားတတ်ဘို့ နဲ့ 
သည်းခံခွင့်လွတ်နိုင်ဘို့ အတွက်
မုဒိတာများများ ပွားနိုင်ဘို့ ပဲလိုတယ် ၊
၎၊
အယူအဆ တူတူ မတူတူ
(လွတ်လပ်စွာ ကွဲလွဲခွင့်နဲအတူ)
ရည်ရွယ်ရာ ပန်းတိုင်တူရင်
တဦးကိုတဦး
ဖေးမကူရင်း တိုက်ပွဲဆင်မယ်ဆို
အဲဒီ အာဏာရှင်ကို
အောင်ပွဲဆင်ရမယ်ဆိုတာ
နဲနဲလေးတောင်မှ သံသယမရှိသင့်ပေဘူး ၊

(ခံစားမှုတို့  ပွင့်အန်ကျခြင်း)


No comments: