Wednesday, November 30, 2011

သည်းသည်းမည်းမည်း ပိန်းပိတ်လွန်းတယ်

သည်းသည်းမည်းမည်း ပိန်းပိတ်လွန်းတယ်



နွေနှောင်းရွက်ကြွေတွေရဲ့ 

ညှိုးငယ်ခြောက်သွေ့ မှုအပေါ်

သံယောဇဉ်ဟာ အတုံးအခဲအတိုင်းသာ

နွေရဲ့  နောက်ဆုံးကာလများမှာ

အရောင်တွေ ပေါက်ကွဲနေပုံများ

ငါ့ …မှာ

တ၇ားနဲ့ ဖြေလိုသောလည်း ………...



ခန္ဒာကိုယ်က မရွေ့ မလျား

ခါးပတ်နဲ့  တုတ်နှောင်ထားတယ်

အရှိန်အဟုန် ပြင်းပြင်း ပြေးနေတဲ့ ကားထဲမှာ

လွတ်မြောက်နေတာ စိတ်တခု

အခု အတိတ် အခုပစ္စုပ္ပန် အခု အနာဂတ်

လမ်းဘေးမှာ ရိပ်ကနဲ ကျန်ရစ်ခဲ့တဲ့ ရှုခင်းတွေလို

ငါ့မှာ ချာချာလည် ……



ဝင်ရိုးတန်းအစွန်းနားက

အဝေးပြေးလမ်းမများအပေါ်

အမှောင်က တွားတွားတက်လာပုံ

ကတ္တရာလမ်းမအပေါ် ကပ္ပလီမှောက်လျက်လဲကျနေသလိုမျိုး

ညဟာ သည်းသည်းမည်းမည်း ပိန်းပိတ်လွန်တယ်

အဲဒီလို ညနက်နက်ထဲမှာ

ငါတွေးမိတဲ ငါ့ရဲ့ အနာဂတ် ပိန်းပိတ်လွန်းတယ်

အဲဒီလို ညနက်နက်ထဲမှာ

ငါတို့ ခေတ်ရဲ့ လက်မရွံ့ ကြယ်တပွင့်ကြွေလွင့်ရတဲ့သတင်း

ငါဟာ ဆွံ့ အ ငါဟာကြေမွ ငါဟာ …ငါဟာ

သည်းသည်းမည်းမည်း ပိန်းပိတ်သွားတယ် ….။



ငါ့ကိုယ်ငါ သရဏဂုံတင်ပြီးပြီ

ကိုဖော်ဝေးကို သစ္စာခံဖို့

ခေတ်ပေါ်ကဗျာစေတီမှာ ထီးတော်သစ်တင်လှူပူဇော်ဖို့

မြန်မာကဗျာတွေကို ပထမဆုံးအကြိမ် သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။

လှသန်း

(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၂) မှ)

ဒီကဗျာတပိုဒ်နဲ့  မှောင်မိုက်တဲ့ညဟာ လင်းလက်ဝင်းပ

နေထိုင်သွားတဲ့  သက်တမ်းကာလ တိုတောင်းလှသော်လည်း

ရှည်လျားတဲ့ သမိုင်းကြောင်းကို ချန်ထားခဲ့ပြီ ………..။



ငါ့ရဲ့  ကြေကွဲမှုဟာ အဆုံးအစမဲ့

အဲဒီညထဲ

သည်းသည်းမည်းမည်း ပိန်းပိတ်လွန်းတယ် …..။



(ဆရာ ကို လှသန်း သို့  )



ရဲရင့်သက်ဇွဲ


ကျနော်တို့ ခေတ်ရဲ့  ကဗျာ အကို လှ သန်း

ကျနော်တို့ ခေတ်ရဲ့  ကဗျာ အကို လှ သန်း



ကမ္ဘာကြီး ကျနော့် ဦးခေါင်းပေါ်ကို ပြုတ်ကျလာတယ်

လူတွေ အသွားအလာမပျက်တဲ့ ညနေခင်းများမှာ

အကိုလှသန်းရေ .....

တသက်တာအလွမ်းတွေနဲ့  စွန့် ပြစ်သွားခဲံပြီလား

ကျနော် သက်ပြင်း မရှိုက်နိုင်ဘူး

အားလုံးရဲ့  ပျော်ရွှင်မှုတွေ ရုတ်ချည်းပျက်စီး

တနေ့ လူတိုင်းသွားရမယ့် ခရီး

အကိုရေ သိပ်စောလွန်းနေသလား

ခင်ဗျား မတရားဘူးဗျာ ....

သေသင့်တဲ့ သူတွေ မသေသင့်တဲ့သူတွေ

ခင်ဗျားဗျာ .....

ငါ့လက်သီးများ မရပ်မနားတရစပ်

သေမင်းဟာ ဟားတိုက်ရီမော

ဘယ်သူတွေ ပျော်နေသလည်း

ဘယ်သူတွေ မော်နေလည်း

ကျနော် မသိတော့ဘူး မသိတော့ဘူး မသိတော့ဘူး

ကျနော် ချစ်တဲ့ ကဗျာ ဆရာကြီးရေ

ရောက်လေရာ ဘ၀မှာ ကဗျာသာအမိ ကဗျာသာအဖ

ကဗျာနဲ့ ထုံမွှမ်းတဲ့  ဘုံဘဝ

အကိုလှသန်းရေ

ကဗျာအမျှ ကဗျာအမျှ ကဗျာအမျှ ......



ရဲရင့်သက်ဇွဲ

၂၂၁၀၂၀၁၁

ဒုက္ခိတ ပျားတုတ်သလိုမျိုး

(ကောင်းကင်ကြီးကိုငေးမော လွင့်မျောနေသော တိမ်တိုက်များကိုယ်ဖြစ်သွားတဲ့အခိုက်မှာ ရေးဖြစ်သောကဗျာ)

ဒုက္ခိတ ပျားတုတ်သလိုမျိုး

ဘယ်သူပြစ်တင်လိုက်တာလဲဟေ့
ကုန်းပေါ်က ငါးဟာ … ငါ ……။

အဖြစ်အပျက်က
ဟစ်ဟစ်ပြီးတော့သာ
ငိုချင်းချချင်မိ တော့တယ် …
ယတရာ သဘောအရ
ပင်လယ်ရေ အကုန်ခတ် အကုန်သောက်
အင်း … ငါးပါးတော့မှောက်ဦးမယ် …

ကိုယ်တိုင်မရွေ့ ချင်တဲ့စိတ်ကို
ဘာတွေနဲ့ များ ရွေ့ အောင်ပြု ပြု
ဖားဟာ ရေထဲရောက်ရင် ရေကူး
ကုန်းပေါ်ရောက်တော့လည်း ခုန်စွ ခုန်စွ
ဒါဟာ … သဘာဝပဲလေ (စိတ်လျော့ စိတ်လျော့)
ပုတ်သင်ညိုရဲ့  အရောင်ပြောင်းတတ်တဲ့တရား
သွားဟားလို့ မဖြစ် (စိတ်လျော့ စိတ်လျော့) ….။

လူဖြစ်လာရတဲ့ ဒုက္ခကို
ဘယ်တုန်းကမှ ငါ မမုန်းခဲ့ဘူး
လူ့ ဘ၀ရဲ့ တိုက်ပွဲတွေ မပြီးဆုံးသေးသ၍
ငြိမ်းချမ်းရေးကို ကြိုဆို ချစ်မြတ်နိုးသော်လည်း
ဘယ် လူ နတ် ဗြဟမ္မာ တို့ နဲ့ မှ ငြိမ်းချမ်းရေးစကားမဆို
လူ့ ဘ၀ရဲ့  ဖြစ်တည်မှုကို သစ္စာမဖောက်လို
ဖြစ်လာသမျှ ရင်စည်းခံမယ်
လောကဓံတရား ရှစ်ပါးသာရှိလို့  တော်သေးရဲ့ ….။

ဘယ်တော့များလဲ ….
ထွက်ခွါခွင့်အတွက် ထိုးလိုက်တဲ့
ခေါင်းလောင်းသံ ဆိုက်ရောက်လာတဲ့အခါ
အားလုံးကိုနှုတ်ဆက်ခဲ့တယ် ….. ဂွတ်ဘိုင် ..။

ရဲရင့်သက်ဇွဲ
၀၆၁၀၂၀၁၁
၁း၅၆ ပီအမ်
(ကောင်းကင်ကြီးကိုငေးမော လွင့်မျောနေသော တိမ်တိုက်များကိုယ်ဖြစ်သွားတဲ့အခိုက်မှာ ရေးဖြစ်သောကဗျာ)

သူစိမ်း

သူစိမ်း

တိုးတိုးသဲ့သဲ့ လွင့်ပျံ့လာတဲ့သီချင်းသံမှာ
စိတ်ဟာ ဇောချွေးပြန်လွန်းတယ်
မေ့ပျောက်ထားတဲ့ အရာများ
ရုတ်ချည်းမိုးပေါ်က ကျလာ သလိုမျိုး
မလုံမလဲ ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်မိတယ် ။

ဆွေးဆွေးမြေ့မြေ့ သက်ပြင်းချသံ
ညာဥ့်ယံကိုဖောက်ထွက်လာတဲ့
တိုင်ကပ်နာရီရဲ့  မြည်တွန်တောက်တီးသံလိုမျိုး
ညနက်နက်ကြီးထဲမှာ ပဲ့တင်ထပ်လို့ 
ဘ၀ဟာ အထီးကျန်နေလိုက်ပုံများ
ဟိုးအဝေးက တောင်ယာခင်း မြူနှင်းတွေ ဝေနေတယ် ။

မျှော်လင့်ချက် အားလုံး ပျောက်ဆုံးပျက်သုဉ်းသွားခဲ့ပြီးနောက်
ကိုယ်ဖောက်တဲ့လမ်း ကိုယ်ရောက်တဲ့စခမ်းမှာ
အလွမ်းတွေကို စမ်းရေနဲ့ မျှော
ငယ်နုစဉ်ကသောကတောရဲ့  အသီးအပွင့်များ
ငါ့ အသက်နဲ့ ထပ်တူကြီးထွား
ငါ့ တမ်းတခြင်းတောင်ကုန်များ တလုံးပြီးတလုံး
မင်းခြေရင်းမှာ ကျရှုံးခဲ့ရတာပဲ မဟုတ်လား ။

နှစ်တွေကြာခဲ့ပါပြီ
သူ့ ဘ၀ ကိုယ့် ဘ၀ စည်းခြားခဲ့ပြီပဲ
သူ့  ဘ၀ ကိုယ့် ဘ၀ နေသားကျခဲ့ပြီပဲ
သူ့ သားသမီးတွေနဲ့  သူ့ ဘဝ
ကိုယ့်သားသမီးတွေနဲ့ ကိုယ့် ဘ၀ အနည်ကျခဲ့ပြီပဲ
ငါ မညာပါဘူး ငါ တကယ်မညာပါဘူး
လေသင့်ရာမွှေး သူ့ သတင်းလေးတွေ တော့ နားစွင့်မိ ….။

အထိတ်တလန့် 
တိုက်ခတ်လာတဲ့ လေထဲက
လွင့်ပျံ့ လာတဲ့ သီချင်းသံကို ဖမ်းဆုပ်ကိုင်လိုက်တယ်
အို …. ငါ့ရဲ့  ငါ မေ့ထားချင်ခဲ့တဲ့ အတိတ်ဘ၀ဟာ
ငါ့ ပစ္စုပ္ပန်မှာ ဝေဒနာပန်းတွေ အဆုပ်လိုက်အခိုင်လိုက်ပွင့်လို့ 
ထာဝရပဲလား … အမြဲတမ်းတွေးနေတယ် …။

(ခင်ဝမ်း၏ သူစိမ်းသီချင်းကို နားဆင်ပီးခံစားရေးဖွဲ့ ဖြစ်တယ်။
ကဗျာ ခေါင်းစဉ်ကိုလည်း ခင်းဝမ်းသီချင်းအမည် သူစိမ်းဟုပင်တပ်လိုက်တယ်)

ရဲရင့်သက်ဇွဲ
၀၄၁၀၂၀၁၁
၇း၅၀အေအမ်










………………………………………………………………………………………………

















ဒဒဒ````````````












































































































































































































































Tuesday, November 29, 2011

မကြာခင်ပြန်ဆုံကြမယ်

မကြာခင်ပြန်ဆုံကြမယ်


မေမေ

အိပ်မရတဲ့ညတွေက

ကျနော့်ရဲ့ ဘ၀ကို တစစီ ဖဲံ့ယူနေကြပြီ။



မေမေ

ကျနော်ရဲ့  ပုံပျက်ပန်းပျက်

အနာဂတ် နေ့ ရက်များအတွက်

သောကနဲ့ မျက်ရည်

ပင်လယ်ဟာ အမေ ဖြစ်နေရော့လား။



သားတယောက်က နရသိန်ထဲမှာ

သားတယောက်က အဝေးမြေမှာ

အမေ့မှာ

နောက်လှည့်ကြည့်လို့  ခိုစရာအရိပ်

ဘယ်မှာလဲ … ဘယ်မှာလဲလေ

ကြေကွဲစိတ်က ရှင်သန်ခြင်းမှာ အိပ်စက်တယ်

သေခြင်းတရား

သားတွေကိုချစ်တဲ့စိတ်နဲ့  ကျားကန်ထားတယ် …

တနေ့  သားတွေကို ပြန်ဆုံရမယ်

အမေ ဒီလိုပဲ ယုံကြည်ထားတယ် …



အမေ့ဆီကလာတဲ့ စာကလေးတစောင်ပါ

ဥရောပ အဝေးတနေရာက ရောဂါနဲ့ ကောင်

ရင်ဘတ်တခုလုံး ဗြောင်းဆန်သွားတယ်



ဖွင့်ဖတ်ရပါများလွန်းလို့  စာရွက်ခေါက်ရိုးတွေတောင်မှ

ရိလာကြပေါ့

ဖွင့်ဖတ်ရပါများလွန်းလို့  စာသားတွေတောင်မှ

အလွတ်ရပေါ့

မေမေရယ် …မေမေရယ်လို့  တိုးတိုးဖွဖွ

ကောင်းကင်ကြီး ကျနော့်အပေါ် ပြိုကျလာတယ်။



ရှင်တာနဲ့ သေတာ ကွဲပြားရုံလေး

ညီအကိုနှစ်ယောက် အမေ့ရှေ့ မှောက်

လရောင်အောက်မှာ …..။



ရဲရင့်သက်ဇွဲ

၀၂၁၀၂၀၁၁

၆း၃၃အေအမ်



































































































































































အိပ်မရတဲ့ည

အိပ်မရတဲ့ည

ဝင်ရိုးစွန်းနားမှာ နွေရာသီဟာ
စနစ်တကျဆုတ်ခွါ
ဆောင်းဦးရာသီက ဂမူးရှုးထိုး ထိုးစစ်ဆင်လာပြီ
ဒီည လသာလိုက်တာ လက်ကုန်ပဲ ။

လရောင်မှာ
ဆေးသမား ယင်းထသလိုမျိုး
ခင်ဝမ်းရဲ့ သူစိမ်းသီချင်းသံက
ဘ၀ရဲ့ အနယ်ကို ထစေတယ်

မြတ်နိုးခဲ့ရတဲ့ သူ့ ကို ကိုယ်မမေ့ဘူး
ကိုယ်မပျော်ပါဘူး

လရောင်ဟာ နှလုံးသားကို
အဆုံးထိ ထိုးခွဲလိုက်တယ် ။

ငါပြေးတယ်
ဒီဝေဒနာကလွတ်မြောက်အောင်
သွေးရူးသွေးတမ်း ပြေးတယ်

ဆန္ဒနဲ့ခံယူချက်တွေကို မဝေခွဲမိခင်
အချစ်ဆုံးကို ဆုံးရှုံးခဲ့ရတဲ့ သူဖြစ်ခဲ့ရတယ်

လရောင်က ငါ့ကို အမြင့်ဆုံးဆွဲယူ
ပြီးတော့ ၀ုန်းဆိုပြုတ်ကျ
တည်ဆောက်ခဲ့ရတဲ့ ခံနိုင်ရည်
တစစီပြန့့်ကြဲ လရောင်ထဲကြဲချလိုက်သလိုမျိုး
အကိုးအကားနှင့်တကွ
သိလိုလျင်လဲ
သိရဖို့
လရောင်ကသာ
ဒါကို ဆွဲငင်ထားတယ် ။

ဒဏ္ဍာရီဆန်လွန်းနေမလား
နှလုံးသားဟောက်ပက်နဲ့  လူတယောက်
လရောင်ကို အငမ်းမရသောက်လို့  …..။

ရဲရင့်သက်ဇွဲ
၁၉၀၉၂၀၁၁
၃း၃၁အေအမ်


ကမ္ဘာ လူသား လောက်တဖွားဖွား နှင့် ငြိမ်းချမ်းရေးတရား

ကမ္ဘာ လူသား လောက်တဖွားဖွား နှင့် ငြိမ်းချမ်းရေးတရား

ကမ္ဘာကြီးရေ
မငြိမ်းချမ်းတဲ့ နေရာတခုက
မငြိမ်းချမ်းတဲ့ လူအစုအဝေးကြီးရဲ့ 
ငြိမ်းချမ်းစေကြောင်းဆုတောင်းစကား
မိုးအောက်မြေပြင် အနှံ့  ခင်ဗျားကြားမှာပါ ။

ကမ္ဘာကြီးရေ
ရန်ပွဲတွေ စစ်ပွဲတွေ မလိုမုန်းတီးမှုတွေ
လူမျိုးတုန်း သတ်ဖြတ်မှုတွေ အနိဌာရုံ လွှမ်းခြုံနေပုံများ
ခင်ဗျားမှာ တရားရစရာတွေကလည်း အများသား မဟုတ်လား ၊

ကမ္ဘာကြီးရေ
တောင်မင်းကို မြောက်မင်းကမကယ်နိုင်တဲ့အဖြစ်
ခင်ဗျားနဲ့  လူသားတွေကြားမှာ
စေ့စေ့တွေးလေ ကြေကွဲစရာတွေကများလေပဲမဟုတ်လား
တကယ်တော့ ခင်ဗျားအဖြစ်က
အောက်ဆီဂျင်ပြတ်လပ် အသက်ရှုကျပ်နေသလိုမျိုး ။

ကမ္ဘာကြီးရေ ခင်ဗျားရဲ့ တဖက်ခြမ်းမှာ
အမှောင်တိုက်ထဲက အမိုက်မှောင်ဖုံးတဲ့ဇာတ်
ဆင်းရဲမွဲတေမှုအတွင်းက
မျှော်လင့်ချက်မဲ့ အသံလှိုင်းများ အပြိုင်းအရိုင်း
ခင်ဗျားလဲအသိသားနဲ့ 
ပေါင်မုန့်မရှိရင် ကိတ်မုန့် စားကြ ဆိုစကား …
ဘယ်ကလောက်များလောင်မီးကျလိုက်တဲ့ တရား ….။

ကမ္ဘာကြီးရေ ခင်ဗျားရဲ့  ကျန်တဖက်မှာ
ဘ၀တွေရဲ့ တန်ဖိုး အကျင့်စာရိတ္တတွေဆိုးရွား
ကိုယ်ကျင့်တရား ရှားပါးကွယ်ပျောက်
ဆာလောင်မွတ်သိပ်သူတွေရဲ့  စရိုက်ဟာ
ရရာစားစား ၀ါဒများကြီးထွားရာနေရာ
ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာတာက
ခင်ဗျားရဲ့  လည်မျိုကို တက်နင်းထားကြပြီမဟုတ်လား…။

ကမ္ဘာကြီးရေ
ခင်ဗျားရဲ့  ခန္ဒာကိုယ်မှာ တွယ်ကပ်ပေါက်ရောက်
လောက်လိုအကောင်တွေရဲ့  လှိုက်စားမှုမှာ
ခင်ဗျားမသိချင်ယောင်ဆောင်လို့ တော့မရ
ငြိမ်းချမ်းမှုကိုဖျက်စီး ကမ္ဘာကြီးရဲ့ ဖြစ်တည်မှုကို ဖျက်စီး
ခင်ဗျားကို မှီတင်းနေထိုင်သူတွေရဲ့ အနာဂတ်တွေလဲပျက်စီး
ဘယ်မှာလည်း ငြိမ်းချမ်းရေး အသီး
ဘယ်မှာလည်း ငြိမ်းချမ်းရေး အပွင့် ……။

ကမ္ဘာကြီးရေ ခင်ဗျား ကျန်းမာရေးမကောင်းတဲ့အခါ
ခင်ဗျား မငြိမ်းချမ်းတဲ့အခါ နဂိုက မကောင်းတဲ့အခြေအနေမှာ
ခင်ဗျားရဲ့ ရိုက်ခတ်မှုဟာ ကျနော်တို့ အားလုံးကို
အောက်ခြေကနေရိုက်လှဲ ငြိမ်းချမ်းရေးနဲ့ လွဲစေခဲ့ပြီ
လောက်ကောင်တွေ တဖွားဖွား တဟားဟားရယ်နေကြပြီ ၊

ကမ္ဘာကြီးရေ လူသားတို့ ရဲ့  ခင်ဗျားအပေါ်ထားတဲ့သဘောထား
ကျီးအာသီးတော့မဟုတ်
လူသားရဲ့  အတွင်း သဏ္ဍန်သရုပ်ရဲ့  နက်ရှိုင်းမှုထဲမှာ
ခင်ဗျားအတွက် ငြိမ်းချမ်းရေးတရားရှိတယ် ….

ကမ္ဘာကြီးရေ
မငြိမ်းချမ်းတဲ့ နေရာတခုက
မငြိမ်းချမ်းတဲ့ လူအစုအဝေးကြီးက
ငြိမ်းချမ်းစေကြောင်း မေတ္တာရည်လောင်းလိုက်တယ် …။

(ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ မှာ ကမ္ဘာကြီးလည်း ငြိမ်းချမ်းပါစေ။
လောက်တဖွားဖွား အာဏာရှင်များ စနစ်ဆိုးများချုပ်ငြိမ်းကျဆုံးပါစေ၊ ကမ္ဘာတလွှား ငြိမ်းချမ်းရေးတရားကြီးထွားပါစေ။)

ရဲရင့်သက်ဇွဲ
၀၃၀၉၂၀၁၁
၂း၅၈ အေအမ်









Sunday, September 18, 2011

ဘ၀ကို ဘယ်လိုဆက်သွားမလဲ

ဘ၀ကို ဘယ်လိုဆက်သွားမလဲ

အရေ(ရည်)မရ အဖတ်မရတဲ့အရာတွေတဲ့လား
မအံ့သြပေမယ့် အံ့သြတယ်။

အရေ(ရည်)မရ အဖတ်မရတဲ့အရာတွေကို
နိုင်နင်းစွာ ဆက်စပ်ခင်းကျင်းပြသနိုင်ခဲ့တယ်။
ဒါဟာ … ကဗျာဆရာရဲ့  ပိုင်ဆိုင်သမှု
ကြေကွဲမှုတွေနဲ့  ပြုစုထားတဲ့ အထ္တုပ္ပတ္တိတခုပါပဲ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ပလက်ဖောင်းတခုအပေါ်ခြေအချမှာ
ဖြတ်သွားကြသောခြေထောက်များ
ငါ ကန့် ကွက်စရာအကြောင်းမရှိသော်လည်း
ငါဟာ ပလက်ဖောင်းတခုမဟုတ်ကြောင်းကြေငြာခဲ့တာ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာ အယူအဆတွေနဲ့ 
စကားလုံးတွေကြားမှာ ဘ၀ဟာ ကြေမွနေခဲ့ဘူးတယ်။
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာ ယုံကြည်ချက်အလံထူ
ငတ်မွတ်မှုကို အံတု့ ခဲ့ဘူးတယ်
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာ မိတ်ဆွေတွေရဲ့ 
သစ္စာတရားကို စောင့်သိခဲ့ဘူးတယ်
ဒီပလက်ဖောင်းပေါ်မှာပဲ မိတ်ဆွေတွေရဲ့ 
နောက်ကျောကဓါးကို ကျောကုန်းကြီးနဲ့ ပွေ့ ဖက်ခဲ့ဘူးတယ်
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာပဲ ဒုက္ခရဲ့ သစ္စာတရားကို
တရှိုက်မက်မက် ရှာဖွေခဲ့ဘူးတယ်
ဒီိပလက်ဖောင်းပေါ်မှာပဲ အနာဂတ်ကို ပြောင်းဘို့ 
ခေတ်ရဲ့ တောင်းဆိုမှုထဲ ခုန်ဆင်းခဲ့ဘူးတယ်
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာမောင်ချောနွယ်ရဲ့  ကိုက်လမ်းကို
အသက်နဲ့ ရင်းပြီးခံစားခဲ့ရဘူးတယ်။
ဒီပလက်ဖောင်းပေါ်ကနေ တောင်ကုန်းလေးတခုပေါ်ကို
ရေတွင်းလေးတခုထဲကို … ကောင်မလေးရေ နှစ်တွေကြာခဲ့ပြီပဲ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

အဲဒီပလက်ဖောင်းပေါ်မှာပါပဲ မျက်ရည်နဲ့ ချစ်ချင်းတရား
ရင်းနှီးပေးဆပ် ဘယ်သူက ဘယ်သူ့ ကို အသေသတ်ခဲ့တာလဲ
ဘယ်သူက ဘယ်သူ့ ကို အသေသတ်ခဲ့တာလဲ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့
ဒီလိုမျိုးရူးသွပ်တပ်မက်မှုကို ကျိန်စာလို့ ဖွဲ့ ဆိုမယ်။


ရဲရင့်သက်ဇွဲ
၁၅၀၉၂၀၁၁၁၂း၀၆အေအမ်








သတိတရနဲ့  မက်တဲ့ အိပ်မက်

သတိတရနဲ့  မက်တဲ့ အိပ်မက်

ပုဂံခေတ်သူရဲကောင်း လေးယောက်နဲ့ လဘက်ရည်ဆိုင်အတူထိုင်ဖြစ်တဲ့ညက

ကျန်စစ်သားရဲ့  တောက်ခေါက်သံ ဧရာဝတီ မြစ်တရိုးမှာညံသွားတယ်။

ကျန်သုံးယောက်ရဲ့  အသံ ဇာတိမာန်ဖြစ်တယ်။

... အဲဒီညက ဖွင့်တဲ့သီချင်းသံ
ဧရာဝတီ ဧရာဝတီ မဟာသဘာဝအရှင် အသက်ငင်နေပီ။

ထရီပိုလီကို သူပုန်တွေက ၀င်သိမ်းတယ်။
ကဒါဖီဟာ တရုတ်လိုဝတ်ပီး ဧရာဝတီမြစ်အတိုင်းစုန်ဆင်းအလာမှာ
ပုဂံရဲ့ တရုပ်ပြေးမင်းက ပြူံးပြုံးကြီးပါလာတယ်။

ဗျတ်ဝိဗျတ္တရဲ့ အရိုးတွေကို
ဘင်လာဒင်ရဲ့ အရိုးတွေနဲ့ လဲလှယ်လိုက်ပီးတဲ့နောက်မှာ
ကောသလမင်းကြိးဟာ နေပြည်တော်ရဲ့  လွှတ်တော်ရှေ့မှာ ချူံးပွဲချငိုရှာတယ်။

နောက်ကို အိပ်မက်အကြောင်း မရေးတာ့ပါဘူးလို
့အလှည့်ကျ အာဆီယံဥက္ကဌသစ်ထံမှာ ၀န်ခံလက်မှတ်ေ၇းထိုးလိုက်တယ်။

မှတ်မှတ်ရရ အဲဒီနေ့ က ဟယ်ဆင်ကီးမှာ မိုးတွေရွာလို့ 

ငါဟာ ဟယ်လီနာကိုတကယ်မသိခဲ့ပါဘူး။

ဘု၇ားစူးရပါစေရဲ့  ဥမ္မာဒဏ္ဏီရေ ဘုရားစူးရပါစေရဲ့ ...။

မင်းရေးတဲ့ ငါ့ ကို စွန့် လွှတ်ကြောင်းရသကောင်းကောင်းနဲ့ စာတကြောင်းကို

မင်းရဲ့ ကိုယ်အလင်းရောင်နဲ့  ဖတ်ခဲ့ရတဲ့
ဘ၀ရဲ့  နေ၀င်ဆည်းဆာ
ညကောင်းကင်ရဲ့ တေးသမားဟာ
ရန်ပယ်ချောင်းကရေအဟုန်ရဲ့  တိုက်စားမှုမှာ
လောင်မီးကျနေတဲ့ သူ့ နှလုံးသားကိုခွဲထုတ်
ရေလှိုင်းတွေအောက်ထဲပျောက်သွားတယ်။
ဒါပါပဲ.....သတိတယရှိရင်း မက်တဲ့အိပ်မက်မှာ
ကောသလမင်းနဲ့ ကျနော် ကဗျာတွေ အော်ရွတ်လို့ .....



ရဲရင့်သက်ဇွဲ
၁၄၉၂၀၁၁၁၂း၂၀အေအမ်

နှစ်ဆယ့်သုံးနှစ် စစ်တမ်း

နှစ်ဆယ့်သုံးနှစ် စစ်တမ်း

ဟိုတစ သည်တစ
ဟိုဘ၀ သည်ဘဝ
တဖျောင်းဖျောင်းကျိုးကြေမွသံ
တတိုင်းပြည်လုံး ဘ၀ဂ်ထိညံခဲ့ပြီးနောက်
ဒီကနေ့ စာမျက်နှာပေါ်က ပြန်ပြောင်းသတိရမှုမီးလျှံများ
မကျေခဲ့သော တာဝန်များအတွက်
ဘ၀အဆက်ဆက် (ငါတို့ ကို )
တောက်လောင်မယ့်မီးပဲဖြစ်တယ် ..။

နှစ်ဆယ့်သုံးနှစ်လုံးလုံး
အရိုးတွန်သံတွေကြားမှာ
ရှက်ဖွယ်လိလိ ရှင်သန်နေခဲ့ရပုံများ
ကိုယ့်မျက်နှာ ကိုယ်မကြည့်ရဲလောက်အောင်ပဲ …။

အတိတ်အကြောင်း ပြန်ပြောင်းတွေးတိုင်း
ခံပြင်း နာကျည်း ကြေကွဲ
ပြန်ပြောပြတဲ့ပွဲလား
တစတစ နှစ်ကာလကြာလာတဲ့အခါ
ပြဇာတ်ဆံသလို ငါ့ မှာခံစားလာရ
ပေးဆပ် စွန့် လွှတ်သူများရဲ့  လိုအင်ဆန္ဒ
ရေစုံမျောရတော့မှာလား
ရွှေဘုန်းလူရဲ့  ကဗျာတစ
ဒီနေရာနဲ့  အံဝင်ခွင်ကျဖြစ်ရဲ့ …….

ဒါပါ ပဲ …..
နှစ်ဆယ့်သုံးနှစ်ရဲ့  စစ်တမ်း
ညစ်ညမ်းသော အတွေးအခေါ်များ
ကွမ်းတရာ ရေတမှုတ်နဲ့ 
မအိုဇာဇာတ် ခင်းချင်သူများ
ယာတောအလယ် ငါပြောမယ် ရှင်ရွှေဘုရင်ရဲ့ 
ငိုချင်းချလိုသူများ
ယောင်တောင်တောင် ကြောင်တောင်တောင်နှင့်
ယုံထင်ကြောင်ထင်ခံရ ပူးသတ်မည့်သူများ
ခွါသတ်မည့်သူများ သတိတရရှိကြ

သေသူရဲ့ အရိုးတွေက
၇ှင်သူကို ဘာလုပ်၇မယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့  ဆိုရမယ် (ရွှေဘုန်းလူ)
အဲဒီသမိုင်းက မွေးဖွား
တပ်ဦးဟာ နှစ်ဆယ့်သုံးနှစ်သား
ပြည်သူနဲ့ တသားထဲ
ပြည်သူနဲ့ တသားထဲ
ပြည်သူနဲ့ တသားထဲပါပဲ ……..။

(ရှစ်လေးလုံး ၂၃ နှစ်ပြည့်နှင့် ကျောင်းသားတပ်မတော်မွေးဖွားခြင်း၂၃နှစ်ပြည့်သို့ 
နှင့် ဒီမိုကရေစီအရေးတော်ပုံကြီး ၂၃ နှစ်ပြည့်)

ရဲရင့်သက်ဇွဲ
၀၄၀၈၂၀၁၁


တွန်းနှိုးရသော ဇာတိမာန် နဲ့  သွေးပေါင်ချိန်ကျသော ရွှေဝါရောင်နေ့ ရက်များ

တွန်းနှိုးရသော ဇာတိမာန် နဲ့  သွေးပေါင်ချိန်ကျသော
ရွှေဝါရောင်နေ့ ရက်များ

အုတ်သော်သောင်းနင်းပါပဲ
ဘုရားစင်ပေါ် စစ်ဖိနပ်တက်တယ်
စက်တင်ဘာလဲ ငရဲပွက်တယ်
ငါတို့  ရင်ခွဲ ဆားနဲ့ ပက်တယ်…
ဒါနဲ့ များတောင်မှ ငါတို့ တတွေဟာ
မနိုင်၍သည်းခံရခြင်းသည်လည်းကောင်းများနဲ့ 
ရသေ့ စိတ်ဖြေ ကမ္ဘာမကြေ … ကမ္ဘာမကြေ
အော်သာ အော်နေ အော်သာ အော်နေကြရင်း
သောက်ရှက်မရှိတဲ့ မျက်ခွက်ကြီးတွေကို
မနက်တိုင်းဆေးကြော အသက်ရှင်နေသေးတာ အော့နှလုံးနာစရာပ …..။

လူတွေ ရုန်းရင်းဆန်ခတ်
ခြေထောက်တွေ သစ္စာဖောက်မဖြစ်ဘို့ အရေး
လမ်းမများ တအုန်းအုန်းညာသံပေးလာ
အမှန်တရားရေ နင်လည်းပြေးပေးဦးတော့
ဟိုတဖက် သည်တဖက် မျှော်လင့်ချက်မဲ့ ငေးမော
အစိမ်းပုတ်ရောင် တိမ်တောက်တောထဲမှာ
ရိုက်သံ နှက်သံ အော်သံ ဟစ်သံ ဆဲသံ ဆိုသံ တွေကြား
ရွှေဝါရောင်တွေ လက်လက်ထနေတုန်း
အေးမြတဲ့မေတ္တာလရောင် ဟာ သွေးပေါင်ချိန်ကျနေတယ် ……။

ငါ … ငိုတယ် …
ဘာသာတရားအသီးသီးတို့ ရဲ့  ဘုရားသခင်တွေကို တိုင်တယ်ပြီးတော့
သမ္မာကျမ်းစာပါ ကမ္ဘာပျက်မယ့်နေ့ ဟာ
မှားယွင်းရောက်လာသလား ထာဝရဘုရားကို ငါ မေးရဦးမယ် ၊
မိတ်ဆွေကြီး နာကာအိခန်းဂျီး ရေ
ခင်ဗျားအသေအချာ တွေ့ လိုက်ရတဲ့ မြင်ကွင်းကို
ခင်ဗျားအသေအချာ ရိုက်လိုက်ရတဲ့ရက်စက်မှုကို
ခင်ဗျားပြောနေကြစကား … ကမ္ဘာကြီးရဲ့ တနေရာရာမှာ
တခုခုဖြစ်နေပီဆိုရင် တယောက်ယောက်တော့ ရောက်အောင်သွားရမယ် ဆိုတာကို
ခင်ဗျားအသက်နဲ့  သက်သေပြခဲ့တာလား
သွေးစက်စက်နဲ့  ဦးခေါင်းတော်များ မားမားမတ်မတ်
ဘာမထီ ဒါဟာ ဗမာပြည်တဲ့ဟေ့
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ
ဘုရားစင်ပေါ်က စစ်ဖိနပ်
ငါ့ မျက်နှာကို လှမ်းဟတ်တယ် ။

ဒါပါပဲ …. ရွှေဝါရောင်အရေးတော်ပုံကြီး
လေးနှစ်ပြည့်တဲ့အခါ
သံတိုင်နောက်က မှတ်တမ်းများကိုဖတ်ရတဲ့အခါ
အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် ဖတ်ရတဲ့အခါ
“ဦးဝင်းတင်နဲ့ မေးခွန်းများ” အီးဘွတ် ဖတ်ရတဲ့အခါ
ဘိက္ခူမာတာ ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို
ထောင်ဝင်စာ ပေးပို့နေသူအကြောင်း ကြားသိ ဖတ်မှတ်ရတဲ့အခါ
ဇာတိမာန်တွေ ဟုန်းဟုန်းထ
နာကျည်းမှုတွေ ဟုန်းဟုန်းထ
အများပြည်သူတို့ ရဲ့  အက်ကွဲသံများ
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းဝေးကြပါစေ ဟုန်းဟုန်းထ …..။

ကြောက်ခမန်းလိလိ ဟုန်းဟုန်းထပုံများ
ဘုန်းဘုန်းတို့ ရေ …..
တရားချပါဦး တရားပြပါဦး
တိုတောင်းတဲ့လူ့ ဘ၀မှာ
ကောက်ရိုးမီးလို ဟုန်းဟုန်းမထမိစေဘို့ 
ရွှေဝါရောင်လို ဟုန်းဟုန်းတောက်စေဘို့  …….။

(ရွှေဝါရောင်တော်လှန်ရေးကြီး လေးနှစ်ပြည့်သို့ )

ရဲရင့်သက်ဇွဲ
၀၅၀၉၂၀၁၁
၂း၄၁အေအမ်



ရှာပုံတော်

ရှာပုံတော်

လိုချင်တာတွေ အရနည်းပြီး မလိုချင်တာတွေ

ဗုံးပေါလအော

ဘူးသီးနုနုမခူးရ အကင်းတောင် မတွေ့ လိုက်ရတဲ့ခဏ

ဘ၀ဆိုတာကြီးကို ထိပ်တုံးခတ်ထားလိုက်ချင်တယ် ….။

အရင်ဆုံး အစိုးမရတဲ့ စိတ်တွေကိုပဲ ထိပ်တုံးခတ်ထားလိုက်ပါ

ညညဆို ထထအော်တယ်

ဘုန်းကြီးတစ္ဆေတွေ ဘုန်းကြီးတစ္ဆေတွေ



ပြီးတော့လည်း

ထရံမှာထိုးထားတဲ့ ၀ါးရင်းတုတ်ကြီးနဲ့ 

မှတ်ပလားကွ မင်းတို့ အလှည့်ကျမှ မင်းတို့ အလှည့်ကျမှ

စိတ်လိုလက်ရ ရှိလာတဲ့အခါ

တယောပြားလေုး ချစ်သူကိုထွေးပွေ့ သလိုမျိုး

တမိုးအောက်မှာ တယောက်ထဲရှိနေသလို

ကိုခင်ဝမ်းကြီးရဲ့  သီချင်းတွေကို တခုတ်တရ ဖွဲ့ နွဲ့ 

နာရီခေါက်သံဟာ ချောက်ကပ်ကပ်နဲ့  ညဥ့်ယံကိုခြောက်လှန့် နေ

အို …ဒီညဟာ တမျိုးပဲလေ …..

ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကြွေး

နင်နဲ့ ငါ သူငယ်ချင်းပဲနော် သူစိမ်း

သူ့ အနုပညာကို နဲနဲလေးမှ မတိမ်းမယိမ်းစေခဲ့သူ

သူ့ အနုပညာအယူအဆ ငါ့သွေးသားကတောင်းတတယ်..

ကြောက်စရာကောင်းလောက်တဲ့ မှော်

အဖေ့သွား ရေထဲမှာ အိပ်နေသည် ….။



ဘာရယ်လို့  မဟုတ်ပါဘူး

အိပ်မပျော်တာနဲ့  ညကောင်းကင်ရဲ့ တေးသမားကို

နားထောင်ပီး

အချစ်ကို ရင်း၍ နားထောင်ပီး

ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်မိတဲ့ အကြောင်း …။



ရဲရင့်သက်ဇွဲ

၀၉၀၉၂၀၁၁

၆း၁၀အေအမ

Saturday, September 17, 2011

ဒီနေ့  ဘီယာအမြူပ်ဟာ မနက်ဖြန်အတွက် အရင်းအနှီးဖြစ်တယ်

ဒီနေ့  ဘီယာအမြူပ်ဟာ မနက်ဖြန်အတွက်
အရင်းအနှီးဖြစ်တယ်

ငါ …. ပုံဖေါ်ကြည့်မိတယ်
မီးကိုစတင်တွေ့ ရှိသူများရဲ့  ပျော်ရွှင်မှု
ကမ္ဘာဦး ကထဲက အစပြု မှားခဲ့ကြတာ
အတုလား အစစ်လား ငါမသိ
ငါသိတာက တဆင့်ပြီး တဆင့် မှားခဲကြမှုများ
အရိုးခံ အရိုင်းစံ ဖြစ်တည်မှု မှားခဲ့ကြတယ်။

ကျောက်ခေတ်၊ ကြေးးခေတ်သံခေတ်
ကျေးကျွန်စံနစ် အဆင့်ဆင့်ဖြတ်သန်း
သမိုင်းကြောင့်း ဒီလိုမတိမ်းစောင်းသမျှ့
ငါတို့ မှာ အကျိုးအကြောင်းခိုင်လုံစွာ
စံနစ်တကျ မှားယွင်းခဲ့မှုမျာုး
သံဝေဂ ငါတို့ဂုတ်ကို ခွထားတယ် ။

သမိုင်းကြောင်းနဲ့  ချီလို့ 
ပလေတိုရဲ့  နိုင်ငံတော်မှသည်
ငါတို့ ခေတ် အဓမ္မနိုင်ငံတော်အထိ
လွှဲမှားသော စီမံခန့်ခွဲမှုများ မှားယွင်း
မနက်ဖြန်အတွက် ဒီနေ့ များကို
ဥပက္ခာပြုထားခဲ့ပြီးတဲ့နောက်မှာတော့
ဆာလောင်ငတ်မွတ်မှု တွင်းနက်ထဲက လူထူထူတွေမှာ ….။

ရဲရင့်သက်ဇွဲ
၂၉၀၈၂၀၁၁