Thursday, February 24, 2011

ရာစုသစ်ကျောက်စာ

ရာစုသစ်ကျောက်စာ


ဒုက္ခိတ ပျားတုပ်နေပုံများ

ပဒူအုံ ဒုတ်နဲ့ ဆွသလိုမျိုး

တလှုပ်လှုပ် တရွရွ

အရှေ့ အရပ်ဆီက လျှံကျလာတဲ့

ရောင်နီစများမတိုင်မှီ

တ၀မ်းတခါးများ အလုအယက်

အစာရှာထွက်လာကြပြီ

နီယွန်မီးရောင်များ မျက်တွင်းဟောက်ပက် ငေးမော ။



ကျောင်းများ အိမ်များ လမ်းများ

စမ်းချောင်းရစ်ခွေစီးဆင်း

ပန်းခြံ ခလေးကစားကွင်း

ကြေကွဲရိပ်ဆင်

သူတို့ မြေပေါ်မှာ သူတို့ 

သူစိမ်းတွေဖြစ်လို့ ….။



သေချာတယ်

မရေရာတဲ့ အမျှော်အမြင်မရှိတဲ့  လူတစုကြောင့်

ရောက်လာမယ့် အနာဂတ်နဲ့ 

နောက်ကျတဲ့ အမှန်တရားတို့ ရေ

ဒီရေ ဒီမြေရဲ့ 

ဌာနေတိုင်းရင်းသား

ဒေသခံတွေဖြစ်ကြောင်း

သူတို့ မြေပေါ်မှာ သူတို့ 

သူစိမ်းတွေအဖြစ် ဇာတ်သိမ်းသွားကြောင်း

နတ်သံမနှော ဇာတိမာန်ဇောနဲ့ 

ရေးထိုးခဲ့တဲ့ကျောက်စာ

နောက်ဆယ်စုနှစ်အနည်းငယ်အကြာမှာ

တူးဖော် တွေ့ ရှိကြပေလိမ့်မယ် ။



ရဲရင့်သက်ဇွဲ

၁၁ ၀၂ ၂၀၁၁

No comments: