Thursday, December 30, 2010

ဝိဥာဉ်နီတို့  ပေးတဲ့လက်ဆောင်

ဝိဥာဉ်နီတို့  ပေးတဲ့လက်ဆောင်

ယုံကြည်ပါ ရဲဘော်တို့ 
နှစ်တနှစ် ကုန်ဆုံးသွားတိုင်း
ဟောဒီ နှလုံးသားတွေ
နာကျင်ကြေကွဲ တမ်းတ
အသက်စွန့် သွားတဲ့ ရဲဘော်တွေကို
သတိတရ ရှိနေမိတယ် …..။

ယုံကြည်ပါ ရဲဘော်တို့ 
တကမ္ဘာ မခြားသေးပါဘူး
အနှစ်နှစ်ဆယ်ကျော် ကာလမှာ
အပြောင်းအလဲတွေ များတဲ့ကြား
ငါတို့ ခေတ်ရဲ့  သွေးစွန်းနှစ်များ
ဟောင်းမသွားဘူး ပြောင်းမသွားဘူး …..။

ယုံကြည်ပါ ရဲဘော်တို့ 
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမဖေါက်ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမမဲ့ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ အမြတ်မထုတ်ဘူး
မပြီးဆုံးသေးသော တိုက်ပွဲ
ငါတို့  ဆက်လက်ဆင်နွှဲမယ် …..။

ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ရဲ့ 
ယုံကြည်ချက် မျှော်လင့်ချက်
အန္တိမ ပန်းတိုင်
မယိုင်မလဲ ခိုင်မြဲသော
သံမဏိစိတ်ဓာတ်များ
ငါတို့  အားလုံး ထပ်တူထပ်မျှ
နှစ်သစ်ကို သယ်ဆောင်သွားမှာပ …..။

ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ပေးတဲ့ နှစ်သစ်လက်ဆောင်
အဆိုးအကောင်း အကျိုးအကြောင်း
ညီညွတ်ရေးသာ အရေးကြီးကြောင်း
ညီညွတ်ရေးတရား နားမခါးစေကြောင်း
မညီညွတ်တဲ့အခါ
ဟင်္သာကိုးသောင်း ပျက်စီးကြောင်းတရား
ငါတို့  အသက်နဲ့ ထပ်တူ မှတ်သားနာယူပါ့မယ် .....၊

အသင်တို့ ၏ သွေးစွန်းစကား
ရင်ဝယ်ထားလျက်
ဒီမိုကရေစီရလျင် အမျှဝေမည်
စစ်အာဏာရှင်စနစ် မုချ ကျဆုံးစေရမည် …..။

(အသက်စွန့် သွားသောရဲဘော်အပေါင်း၏ ယုံကြည်ချက်အလံကို ခိုင်ခိုင်မြဲမြဲလွှင့်ထူတိုက်ပွဲဝင်လျက်)

ရဲရင့်သက်ဇွဲ ၂၈ ၁၂ ၂၀၁၀

No comments: