Tuesday, December 23, 2008

ချယ်ရီမြေလမ်းခွဲ

ဝေးရမယ့်အခါ
နှလုံးသားမှာ နာကျင်ခံစား
ကမ္ဘာပျက်သည့် အလားပါပဲကွယ်၊

ချယ်ရီပွင့်ရာမြေမှာ
တို့ နှစ်ယောက်ဆုံစည်းခဲ့ကြ
ချယ်ရီပွင့်ရာမြေမှာ
တို့ နှစ်ယောက်ခွဲကြရဦးမယ်၊

ဆယ်နှစ်ဆယ်မိုး
ချစ်မိုးဆွေရွာ ချစ်ခဲ့ကြလည်း
ညှိမရတဲ့ပြဿနာ
ယုံကြည်ချက်က စခဲ့တာပါလေ၊

ခွန်အားအရှိဆုံးအရာ
ယုံကြည်ရာဘဝ
အဲဒီဘ၀မှာ အချစ်ဟာ
အစိတ်ပိုင်းတခုမျှသာ
ကိုယ့်ခံယူထား နှလုံးသားမှာ
မင်းနဲ့ ကိုယ်ကြား
အပေးအယူသဘော မထားခဲ့ပါ၊

ပေးခဲ့ရတာနဲ့  ရခဲ့ရတာ
ဆတူတူပါပဲကွာ
ချစ်သူသိထား နားလည်ပေးပါ
“ယုံလို့ ပုံအပ်ခဲ့တာလည်း
ရိုးသားမှုတခုပါပဲ”
ရိုးသားမှုတခုကိုတပ်မက်
ကိုယ့်ယုံကြည်ချက်-ဖေါက်ဖျက်ခဲ့ရင်
ကိုယ့်ရေးတဲ့ ကိုယ့်သမိုင်း
ရာဇ၀င်ရိုင်းသွားလိမ့်မယ်၊

နေရစ်ခဲ့လို့  ကျန်ခဲ့ရတာလား
ကျန်ရစ်ခဲ့လို့  နေခဲ့ရတာလား
အဖြေရှုပ်မယ့်ပုစ္ဆာ
ကိုယ်မထုတ်ချင်တော့ပါ ၊

ချစ်သူသိလေ
စွန့် လွှတ်ရတာပဲဖြစ်ဖြစ်
စွန့် လွှတ်ခံရတာပဲဖြစ်ဖြစ်
ရင်မှာခံစားရတဲ့ဝေဒနာ
အတိုင်းအဆမဲ့စွာနာကျင်
ကြေမွတဲ့ရင်အစုံမှာ
ကံဇတ်ဆရာအလိုကျ
ကခဲ့ရတဲ့ဒီဘဝ
ဒီမျှသာတခန်းရပ်လို့  ။

No comments: