Wednesday, December 31, 2008

“နှစ်သစ်”

ဒဏ်ရာတွေဗလပွ
အနာတရများစွာနဲ့ 
ဘ၀ကိုဒရွတ်ဆွဲ
နှစ်ဟောင်းကိုခွဲထားခဲ့ပြီ၊

အပူသောက မောသမျှတွေ
နှလုံးသွေးစ မျက်ရည်စတွေနဲ့ 
ကံမကောင်းအကြောင်းမလှခဲ့တဲ့
အတိတ်ဟောင်း
နှစ်ဟောင်းမှာနေရစ်ခဲ့
နှစ်သစ်မှာမျှော်လင့်ချက်နဲ့ 
အသက်ရှင်သန်ဘို့ 
ကြိုးစားရုန်းကန်ရဦးမယ်၊

ရှုံးနိမ့်ခြင်းရဲ့ သက်တမ်း
ပြန်လည်စမ်းစစ်ကြည့်တဲ့အခါ
ဆရာဇောဂျီရဲ့  ဗေဒါလမ်းကဗျာ
ငါအတွက် အားဆေးတလက်ဖြစ်ခဲ့၊

ဆုံးရှုံးမှုများစွာရဲ့ တဘက်ကမ်း
တောက်ပတဲ့အနာဂတ်လမ်းမှာ
ဗေဒါပျံရဲ့  ဇွဲသတ္တိအားမာန်
ခိုဝင်တွယ်ငြိ ယုံကြည်ချက်အတိနဲ့ 
နှစ်သစ်ကို ငါပွေ့ ဖက်မိတယ်၊

No comments: