Saturday, November 15, 2008

ခါတရံ မိုးရွာစေသတည်း

အပြင်းစားနတ်ဖုရားတပါးရဲ့ 
ဂီတသံလိုမျိုး
သည်းမခံနိုင်တဲ့အဆုံး
မျိုသိပ်ထားသမျှ
အကုန်အန်ချပစ်လိုက်တယ် ။


ပေါ့ပါးသွားမလား
လျော့ပါးသွားမလား
ခါးခါးသီးသီး နာကျည်းမှုများက
အငွေ့ ပျံ ကောင်းကင်ယံတက်
မျက်ဝန်းမှာ မိုးတိမ်တွေဖွဲ့ ခဲ့ယုံကလွဲလို့ ၊

ဒီမှာ
ရောက်နေတဲ့ဘ၀ ဖြစ်လာသမျှကို
မကျေမနပ်ဖြစ်နေမယ်ဆိုရင်
ဘ၀မှာ မနေတတ် မသေတတ်နဲ့ 
ကျေနပ်စရာ ဘာတခုမှမရှိတော့တဲ့အဆုံး
နေထိုင်မှုစနစ်တခုလုံး လုံးပါးပါးပြီ ၊

တကယ်ဆို
ဦးနှောက်တခုရဲ့  အသိဥာဏ်
နှလုံးသားတခုရဲ့  ခွန်အား
ကြံ့ခိုင်သွားမလား
ယိုင်နဲ့ သွားမလား
ဖြစ်ခြင်း ပျက်ခြင်းတရားများ
ဝေ့၀ါးသွားပြီ ၊

အမှန်တရားရဲ့ ရှေ့ မှာ
တထွာတည်းသောသမုဒ္ဒရာကာဆီး
ဘ၀ရဲ့  မကင်းရာ မကင်းကြောင်း
သံယောဇဉ် နှောင်ကြိုးတွေကလည်း
တဆူဆူ တပူပူ ငြူစူနေတဲ့အခိုက်မှာ
ဝေဒနာတွေက ရေစီးကမ်းပြိုလိုက်လို့ 
ကိုယ် ကိုယ်တိုင်က ခါချဉ်ကောင်မာန်ကြီးနေဆဲ ၊

ယုံကြည်ရာ သစ္စာတရား
သမုဒ္ဒရာအထပ်ထပ်ကိုကျော်လွှား
ငါ ဆိုတဲ့အတ္တများကိုဖယ်ရှား
ဖယ် ရှား လိုက် တဲ့ အခါ
အဲဒီကစ
ဘ၀မှာ မိုးခေါင်တော့တာပါပဲ ၊

နှလုံးသားရဲ့  အနက်ရှိုင်းဆုံးတနေရာမှ
‘ဖေါ်ဝေး’ ရဲ့ ကဗျာတစ
နာကျင်စွာ ရင်ကိုထိရှ နိုးထလာခဲ့

·မွတ်သိပ်ခြင်း၏ ဒုတိယအမည်
အက်ကွဲရယ်သံဖြင့်သာ အသက်ရှင်သူ
ငါ့ ပုံတူတခု၏ ဦးခေါင်းကိုဖွင့်
ပင့်သက်များ အငွေ့ ပျံ
ခါတရံ မိုးရွာစေသတည်း ။



(· ၃ ။ ၇ ။ ၁၉၇၈ တွင်ကွယ်လွန်ခဲ့သော
ကဗျာဆရာဖေါ်ဝေး.
ကဗျာစုများမှ )


No comments: