(လွန်ခဲ့တဲ့ ၁၀နှစ်က ရေးခဲ့တာလေးပါ)
·· အမိဝမ်းကထွက်စ
အူဝဲလို့ အော်ရကထဲက
လိုချင်တောင့်တမှုတွေနဲ့ 
စခဲ့ရတဲ့လူ့ ဘ၀ ၊
·· အရွယ်ငယ်သေး ခလေးဘဝ
ဖြတ်သန်းစမှာ
‘ဖိုးလမင်းကြီးရေ
ထမင်းဆီဆမ်း ရွေလင်ဗန်းနဲ့ 
ပေးပါ ပေးပါ ပေးလှည့်ပါ’
အမေ့ဆိုတေး အရိပ်အေးမှာ
မျက်တောင်ဖွင့်ပိတ်
တောင့်တစိတ်နဲ့ 
အိပ်မက်များလဲ မက်ဖူးခဲ့ ၊
·· အရွယ်ရဲ့ ပြောင်းလဲခြင်းဖြစ်စဉ်
ကြီးပြင်းခြင်းဝင်ရောက်တဲ့အခါ
တောင့်တအိပ်မက်များ
အလုံးအထည်နဲ့ ဖွံ့ ဖြိုးလာခဲ့ကြ
လေပြင်းမုန်တိုင်း လှိုင်းထန်ပင်လယ်
လောကအလယ်မှာ
တောင့်တလိုချင်စိတ်တွေ
ကြိတ်မှိတ်မြိုသိပ်ထားတဲ့ကြား
ဘ၀ရဲ့ လိုအပ်ချက်များ
ဖြည့်ဆီးလို့ မကုန်နိုင်ပါလား ၊
·· တောင့်တစီတ်ရဲ့ နောက်ကလိုက်ပါ
လောဘ ဒေါသ မောဟ မီးများ
ဖိဆီးလောင်မြိုက်တဲ့အခါ
ဘ၀ဟာ သောကနဲ့ 
အမှောင်တိုက်ပါပဲ ၊
·· အသိဥာဏ် အလင်းတန်းများ
ထိုးဖေါက်ဝင်ရောက်
အမှောင်တိုက်ထဲက လွတ်မြောက်တဲ့အခါ
လောဘ ဒေါသ မောဟများကိုခါချ
လောကကြီးလဲသာယာလှပ
လူသားအားလုံးချစ်ခင်ကြင်နာကြ
အဲဒီအခါ
ငါ့စိတ်ကလိုချင်တောင့်တ
မေတ္တာရေကြည်တပေါက်သာပ ။
No comments:
Post a Comment