ငါ … မမှီလိုက်တဲ့ မနက်ခင်းအကြောင်း
အဲဒီနေ့ မနက်ခင်းကို ငါ မမှီ လိုက်ပါဘူး
အမေ့ရဲ့  ဆွေးမြေ့ကြေကွဲ အသံထဲမှာ
လူကိုးဦးရဲ့  ဘ၀ကံကြမ္မာ တိုင်းပြည်ရဲ့  အနာဂတ် ကံကြမ္မာ
အတွင်းဝန်ရုံးထဲက ကမ္ဘာပျက်တဲ့ မြင်ကွင်း
လူကို ခွေးသတ်ခြင်းတဲ့လေ .....။
ကြာခဲ့ပါပြီ .....
ဗမာပြည်က လူတယောက်ရဲ့
ပျှမ်းမျှသက်တမ်း တခုနီးပါး
မူးမူး မေ့မေ့ မေ့ချင်သူတွေ မေ့ကြပါ
မမေ့နိုင်သူတွေ အတွက် မှာတော့
သွေးနဲ့ စိုက်းခဲ့တဲ့ နှင်းဆီတခင်း
ချစ်ချင်းများစွာ ရင်တွင်းမှာ .......။
အာဇာနည်နေ့ တဲ့
သစ္စာတော် စူးရပါစေရဲ့ ကတိက၀တ်များ
ရွာဘုရားပွဲ နှစ်စဉ်နွှဲ သလိုမျိုး
ပြိးတော့လည်း ပြီးသွားခဲ့ကြ
နောက်ဆုံးတနေ့  ရှုံးမယ်ထင်သည်ဖြစ်စေ
နိုင်မယ်ထင်သည်ဖြစ်စေ မလျော့တမ်းဇွဲနဲ့ သွားရမယ်
ငါ ... ကြားတယ် ဗိုလ်ချုပ်ရဲ့  မိန့် ခွန်း ...။
လေးဆယ့်ခုနှစ် နှစ်က ကြေကွဲခြင်းတေးတစ
ဇူလိုင်လကို ယှက်သီ ဖွဲ့ ကုံး
အာဇာနည်ထုံး နှလုံးမူလျက်
ပြည်သူ့ အတွက် ဆက်ချီတက်မယ်
အာဇာနည်မျိုး သေရိုးမရှိ အာဇာနည်မျိုး သေရိုးမရှိ
တိုင်းသူပြည်သား မျိုးချစ်စိတ်ထားတတ်ဘို့ သာလိုတယ် ….။
အာဇာနည်ခေါင်းဆောင်ကြီးများ အားအစဉ် ဦးညွတ်လျက်။
ရဲရင့်သက်ဇွဲ
၁၉၀၇၂၀၁၁
Friday, July 22, 2011
Saturday, July 09, 2011
အနာဂတ်ရဲ့ တွန်သံကြားတယ်
အနာဂတ်ရဲ့ တွန်သံကြားတယ်
နေ့ တွေ ညတွေ
အချိန်ရထားကြီးအပေါ်မှာ
မိုင်တိုင်များ တရိပ်ရိပ်
တိတ်ဆိတ်ခြင်းများစွာဖြင့် ရက်စက်ကြေကွဲ
အသံတွေမစဲဘူး
ဒီလိုနဲ့  … သွေးစွန်း အထုပ္ပတ္တိ တေးတပုဒ်ဖွဲ့ သီ
မြစ်တခုလို စီးဆင်းခဲ့ပြီ …….။
ကြိုးစားအားထုတ်မှု နဲနဲလေးမျှမလို
ပွဲတော်တခုကို မျှော်သလိုမျိုး
စိတ်ဓာတ်တွေ ခြစား ပြိုလဲ
ယုတ်မာကောက်ကျစ်သူတို့ ရဲ့  ခွင်ထဲ
မယိုင်လဲစေနဲ့ 
သမိုင်းကြောင်း မတိမ်းစောင်းစေနဲ့ 
သူရဲကောင်းစိတ်ဓာတ်
ဇူလိုင် ၇ ရက်နဲ့  အသက်ရှင် ကြကွဲ့  …။
လေးဆယ့်ကိုးနှစ်အလွန်က အရိုးတွန်သံတွေ
ဇူလိုင် ခုနှစ်ရက်ကို သယ်ဆောင်လာခဲ့ကြပြီ
အရိုးတွန်သံတွေ ကြားကြရဲ့ လား
လူတွန်သံတွေ ကြားကြရဲ့ လား
သမိုင်းတွန်သံကတော့ မဆုံးနိုင်သော
ကမ္ဘာမကြေ တေးသွားနဲ့ 
နံရံထက်က သွေးမှာတမ်းမှာ
အနာဂတ်ရဲ့  တွန်သံကြားတယ်
၇ ရက် ၇ လ မမေ့ကြနဲ့  ………။
ရဲရင့်သက်ဇွဲ
၀၃၀၇၂၀၁၁

Monday, June 27, 2011
အိပ်မက်တယ်
အိပ်မက်တယ်
နွေရာသီတဲ့
နေ့ မရှိတဲ့ ည မရှိတဲ့
ဝင်ရိုးစွန်းနားကပ်နေတဲ့ အရပ်
ငါ့အတွက်တော့ ပြဇာတ်ဆန်တယ် ….။
မိုးလင်းနေတာလား မိုးချုပ်နေတာလား
နေ၀င်နေတာလား နေထွက်နေတာလား
မငြိမ်းသောအလင်းရောင်
ငါ့ကို … လှောင်ပြောင်နေကြတယ် …
တ၀မ်းတခါး ကျောချစရာ တနေရာ
ရေကြည်ရာ မြက်နုရာ ရှာ ရှာ ရှာ
ရေသာများပြီး ငါးမတွေ့  …..။
ခြေသလုံးအိမ်တိုင်ပဲဆိုဆို
ရေမျောကမ်းတင်ပဲပြောပြော
ကမ္ဘာတလွှား ဘယ်နေရာပဲ သွားသွား
ဘယ်နေရာပဲ နားနား
နေ့  နေ့  ည ည ဧရာဝတီကို အိပ်မက်တယ်
လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းကို အိပ်မက်တယ်
မျှော်လင့်ချင်းများစွာနဲ့ စောင့်မျှော်နေတဲ့ အမေ့ကို အိပ်မက်တယ်
တနေ့  …..
တဦးနဲ့ တဦး ဟစ်အော် နှုတ်ဆက်
ပွေ့ ဖက်ကြည်နူး မျက်ရည်လူးတဲ့မြင်ကွင်း
ငါတို့ အားလုံးရဲ့  အိမ်ပြန်ချင်တဲ့ ချဉ်ချင်း တနေ့ 
အဲဒီတနေ့ ကို အိပ်မက်တယ် …. .။
ရဲရင့်သက်ဇွဲ
၂၆၀၆၂၀၁၁

သေတနေ့  မွေးတနေ့ ကြားက အမေ့ရဲ့ မေတ္တာ
(ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မွေးနေ့ အမှတ်တရ)
သေတနေ့  မွေးတနေ့ ကြားက အမေ့ရဲ့ မေတ္တာ
သေတနေ့ 
မွေးတနေ့ 
အဲဒီနေ့ နှစ်နေ့ ကြားမှာ
ကမ္ဘာသစ်တေး ဗမာပြည်သစ်ရေး
ငြိမ်းချမ်းရေးကို
အမေ … စိုက်လိုက်မတ်တပ် ဆုပ်ကိုင်ထားခဲ့တယ် …။
အဲဒီနေ့ နှစ်နေ့ ကြားမှာ
ဘဲအုပ်က တရာ နှစ်ရာ
ဗေဒါက တပွင့် အယက်အကန်ခံလျက်
အမနာပအခင်းအကျင်းများနဲ့  ထိုးနှက်
အမေကတော့ အပြုံးမပျက်
ယုံကြည်ချက်နဲ့  ခရီးဆက်ခဲ့တယ် …။
အဲဒီနေ့  နှစ်နေ့ ကြားမှာ
ဘ၀ဟာ ခပ်ပါးပါး
အရိုင်းဆန် အရိုးခံ ဖြစ်တည်မှု အသစ်
လူတိုင်းအတွက် ထုဆစ်တဲ့ ခေတ်
အမေ့ရဲ့ အနစ်နာခံမှုနဲ့ 
ကျနော်တို့ ရဲ့  အနာဂတ်ကို ဖူးပွင့်စေခဲ့တယ် ….။
အဲဒီနေ့ နှစ်နေ့  အကြားမှာ
ပကတိ အရှိတရား အမှန်တရား
သက်ရှိ သတ္တ၀ါများ မရှိမဖြစ်လိုအပ်
အောက်စီဂျင်ဓာတ် မဟုတ်လား အမေ ….
တကယ်တော့ .. အမေဟာ ကျနော်တို့ အတွက်
မရှိမဖြစ်လိုအပ် အောက်စီဂျင်ဓာတ်ဖြစ်သလို
ပြည်သူလူထုကြီးဟာလည်း အမေ့အတွက်
မရှိမဖြစ်လိုအပ် အောက်ဆီဂျင်ဓာတ်ဖြစ်တယ် …။
အဲဒီနေ့ နှစ်နေ့ အကြားက
အမေ့ရဲ့ မွေးနေ့ များနဲ့ အတူ
အနာဂတ်နိုင်ငံတော်အသစ်အတွက်
အမေ့ရဲ့  အတွေးသစ် အမြင်သစ်
စေတနာအသစ်များ လမ်းညွှန်ပြသ
ဝေဆာ လှပနေဦးမယ်ဆိုတာ
သားတို့  ယုံတယ် …။
(အမေ့ရဲ့ မွေးနေ့ မှာ အမေ့ရဲ့ မေတ္တာဓာတ်နဲ့ 
ဒီမိုကရေစီခေတ် သစ်စေရမည်…. သားတို့ ယုံသည် ။)
ရဲရင့်သက်ဇွဲ
၂၁၀၅၂၀၁၁

Saturday, June 11, 2011
ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ
ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ
သေခြင်းတရားဆိုတာ
မသိချင်ယောင်ဆောင်လို့  မရတဲ့အရာ
လောကကြီးထဲမှာ အစိပ္ပါယ်ရှိသော
သေချင်းတရားများ
လူသာမန်တို့  လက်ခံရင်ဆိုင်နိုင်ရန်
ကိုယ်ခံအားကောင်းဘို့ တော့လိုတယ် ။
ခေတ်ကတောင်းဆိုလို့ သမိုင်းကတင်ပေးလိုက်တဲ့
တာဝန်များကို သယ်ပိုး
အစိပ္ပါယ်ရှိသော သေချင်းမျိုးနဲ့ 
ဘ၀ကို အနိုင်ပိုင်းရိုက်ချိုးသွားချင်တယ် …။
ငါ ယုံတယ်
ကြိုးစင်ပေါ်ကကြိုး လေအဝှေ့ မှာ
ယိမ်းနွဲ့ ခါရမ်းနေကောင်းနေမယ်
သူ့ရင်ထဲမှာတော့ နဲနဲလေးမှ မတုန်လှုပ်
သေချင်းတရားကို ရှုမြင်သွားပုံက
ပန်းတပွင့်  ပွင့် ကြွေ
အုပ်စိုးသူလူတန်းစားကို မုန်းတီးမှုက
ရင့်လေ ခိုင်မြဲလေ …။
အဲဒီနေ့ က ကမ္ဘာမြေဟာ နာကျည်းကြေကွဲဘွယ်ရာ
တေးသွားတပုဒ်ကို ထပ်ခါတလဲလဲ လွှင့်ထုတ်နေတယ်
အဲဒီနေ့ အတွက် ငါ…
မောင်လေးအောင်ရဲ့ ဖူးချစ်ကသင်တို့ ကို ချစ်ခဲ့သည်
ကဗျာတေးသွားအကြိမ်ကြိမ် ပြန်ကြားနေမိတယ်
ကြိုးစင်ပေါ်ကမှတ်တမ်းများ ကြောက်ခမန်းလိလိ
ငါ့ကို ရိုက်ပုတ်နေတော့တယ် …။
ရိုင်ဖယ်သေနတ်မောင်းတင်လာသူများ
မသာလောင်းတွေပေါ်မှာ
အာဏာထူထောင်ချင်တဲ့ကောင်တွေ နဲ့
လက်ဆွဲနှုတ်ဆက်မေ့လျော့ပစ်ဖို့ အလိုမရှိ။ အလိုမရှိ--- အလိုမရှိ -
--ဒီနေရာ ဒီဋ္ဌာန မှာ တရားမျှတမှုကိုသာတောင်းဆိုတယ်
နားထောင်စမ်းရဲဘော် တို့---
မကြာခင် ပြည်သူ့အလံတော် ဝဲပျံလာလိမ့်မယ်။
လှိုင်းတံပိုးလို ခုန်ထ
တို့ တိုင်းပြည်ရဲ့ အလံတော်ကို ကြေကွဲခြင်းအဝတ်စနဲ့ ချုပ်သီခဲ့ကြပြီ --- တဲ့
ချီလီ ကဗျာဆရာ ဗတ်ပလိုနီရူးဒါးရဲ့“ပြည်သူ့အလံတော်” ကဗျာထဲမှာ
ငါတို့ ရဲ့  နောင်တော် ဆလိုင်းတင်မောင်ဦးရဲ့  ရုပ်ပုံပေါ်လာတယ် ..။
အားလုံးအတွက် တိုက်ပွဲခေါ်သံ
ကြိုးစင်ပေါ်က လာတဲ့အသံ
ခေတ်တွေကိုပိုင်းဖြတ် ပဲ့တင်ရိုက်ခတ်နေဆဲ
သူဟာ တိုင်းပြည်အတွက်
သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ
သူဟာ ဗကသရဲ့ 
သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ
သူဟာ မျိုးဆက်တိုင်းအတွက်
သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ
အဲဒိ သူရဲကောင်းရဲ့ စိတ်ဓာတ်နဲ့ 
အောင်ပွဲရသည့်အထိ တိုက်ပွဲဆက်ရမယ်။
ငါ ယုံတယ် ..
သူဟာ … ဆလိုင်းတင်မောင်ဦးဆိုတဲ့ သူရဲကောင်းကြီးဟာ
ကြိုးစင်ပေါ်မှာလည်း အပြုံးမပျက် တဲ့
သံမဏိစိတ်ဓာတ်နဲ့ 
ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ …။
ရဲရင့်သက်ဇွဲ
၂၆၀၅၂၀၁၁

Friday, June 10, 2011
အနှစ်နှစ်ဆယ်ရဲ့  မီးခြစ်တဆံ
အနှစ်နှစ်ဆယ်ရဲ့  မီးခြစ်တဆံ
အချိန်နာရီတွေ တဖြုတ်ဖြုတ်ကြွေ
ရာသီတွေ တဖြုတ်ဖြုတ်ကြွေ
ကျနော်တို့ ဘက်က အင်အားစုများ
တဖြုတ်ဖြုတ်ကြွေ
ဆရာသာရှိနေသေးရင်လေ
ကလောင်ဖျားမှာ အာဏာရှင်တို့ 
ကို့ ရို့ ကားယား ကြောက်အားပိုနေကြမှာ
မြင်ယောင်မိသေး ..။
အနှစ်နှစ်ဆယ်တင်းတင်းပြည့်တဲ့အချိန်မှာ
အနှစ်နှစ်ဆယ်ဆိုပါးလားဟေ့  ….ဆိုတဲ့
ဆရာ့ရဲ့  မီးချစ်တဆံ ယမ်းအားကို
မီဂါတန်ဗုံများ ရှုံးအားပိုနေဆဲပါ ဆရာ …။
ကလောင်လက်နက် ထိုးနှက်တဲ့ သရော်ချက်
လျှပ်တပြက် ပြက်လုံးများ
ဒီဆရာကြီးက ဘာမဆို ယုံတာပါ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုလည်း
သူယုံတာပဲ မဟုတ်လား
နာမည်ကျော်ပြက်လုံး
တသက်လုံး ရင်ထဲစွဲသွားတယ် ။
မသေသေးပါ မကျေသေးပါ
မတရားသက်သက်
ရက်စက်လေတော့သည်
ဇာတ်ဆရာ အဆုံး
ဆရာ့ရဲ့  ကဗျာများအားလုံး
ရင်ကိုထိရှ စူးနစ်ဝင်ခဲ့ လွမ်းနေဆဲပါ ..။
လူသေပေမယ့် ဆရာ့သမိုင်းက မသေ
အာဏာရှင်ကို ဦးမညွှတ်တဲ့ ဆရာ့သတ္တိ
ကျနော်တို့ သွေးထဲမှာဝေ
အနှစ်နှစ်ဆယ်ရဲ့  မီးခြစ်တဆံ
ကျနော်တို့ရင်မှာ ထာဝရရှင်သန်နေမှာပါ ။
(ဆရာယုံကြည်ရာ အစ္စလာမ်ဘာသာတရားရဲ့  မြင့်မြတ်ရာဘုံဌာနမှာ ဆရာမောင်သော်က ပျော်ရွှင်နိုင်ပါစေ)
ရဲရင့်သက်ဇွဲ
၀၅၀၆၂၀၁၁
၀၆း၅၀ အေအမ်
၂၀၁၁ ဇွန်လ ၁၁ရက်နေ့  မှာ ကျရောက်မယ့် ဆရာမောင်သော်က ကျဆုံးခြင်း နှစ် ၂၀ ပြည့်အတွက်။

Monday, June 06, 2011
ကော်ပီသီချင်း
ကော်ပီသီချင်း
တေးမြုံငှက်လည်း
အသက်တိုလှတယ်။
လူမသေဘူးတဲ့အိမ်က
မုန်ညှင်းဆီလို ရှာရမှာလား။
အများပြောတာတွေမယုံနဲ့ 
အမေမသေခင် ပြောသွားခဲ့
ငါ့ကို မသနားနဲ့ ၊ နင်ကိုယ်နင် သနားဆိုတဲ့ စကား
ပိတောက်ဖူးတွေကြား၊ နှလုံးသားနဲ့  နားဆင်ခဲ့ရတာ။
ဝိမုတ္တိလမ်းဆိုတာ
အသက် နဲ့ ၊ လူနဲ့မဆိုင်။ ကံနဲ့ ဆိုင်မလား
ကံကိုပဲ ယိုးမယ်ဖွဲ့ ရလေမလား။
ကံဇာတ်ဆရာအလိုကျ
ရင်ဘတ်စည်တီးပြရ
အော်ပရာနဲ့ ပြဇာတ်မှာ
ငါ့အတွက်နေရာမရှိ
နောက်ပိုင်းဇာတ်ထုတ်ကြ
ငါ့အလှည့်မှ ဇာတ်ကနာလွန်းလှတယ့်။
အိပ်မက်ထဲ
ဝိမုတ္တိလမ်းက်ု တွေ့ တယ်။
တို့ အားလုံးလည်း ကန့် လန့် ကာ ကြိုးဆွဲပါ
ပတ်စာခွာ ဖျာသိမ်းချိန်မှာတောင်
နောင်တရခွင့် မရသူတွေပေါ့။
လေလွင့်ပစ္စည်းတွေ ဖုံးလွှမ်းတဲ့လမ်းမှာ
လျှောက်လှမ်းရင်း
နောင်တရခွင့် မရသူတွေပါ
ဆည်းဆာတိမ်တောက်ကို
အိပ်ပေါက်နဲ့  ပိုးထုပ်
ရုပ်နဲ နမ်ကိုလည်း၊ သယ်ပိုးခဲ့တာလေ။
ရိုးရိုးလေးရှထိ
လွမ်းဆွေးမိတဲ့အကြောင်းပါ။
(ဆရာမောင်သစ်မင်း ကွယ်လွန်ခြင်းအပေါ် နှမျောတသမှုဖြင့် နောင်တော်လွမ်း နှင့် စကားပြောခြင်း)
ရဲရင့်သက်ဇွဲ
၅ - ၆ - ၂၀၁၁

Saturday, June 04, 2011
အထိတ်တလန့်  ရွတ် …. ဖတ် ….. ကြ
အထိတ်တလန့်  ရွတ် …. ဖတ် ….. ကြ
လွှင့်ပြစ်လိုက်
အသုံးမကျ ညံ့ ဖျင်း အမျှော်အမြင်မရှိခြင်းတွေ
လွှင့်ပြစ်လိုက်
အသစ်ကပြန်စ ဘ၀တဆစ်ချိုး
ပိုးမွေးသလိုမျိုး ကိုယ်ကျိုးတော့ နည်းဦးမယ် ။
နည်းနည်းပြော များများနားထောင် အဘိဓမ္မာ
ယောင်ဘို့  လှောင်ဘို့  ပြောင်ဘို့ မဟုတ်
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဒဿန ဟာ
အသနားခံစာမဟုတ်
ဟေရာကလိုက်တပ်စ် ရဲ့ 
လူတယောက် မြစ်တမြစ်ထဲ နှစ်ခါမဆင်းနိုင် ဖလော်
အကြိမ်ကြိမ်အော် အော်သံတွေဟာ မြစ်ရေဖြစ်သွား ။
ဖုတ် တစ္ဆေ တဘက် နာနာဘာဝတွေနေတဲ့ မြို့ ကြီး
လျှပ်စစ်မီးတွေ ထိန်ထိန်ငြီးလို့  လမ်းမတွေအပေါ်
လူသူလေးပါး ကင်းရှင်နေတယ်
ရုပ်ထုကြီး သုံးခု
အနိစ္စ ဒုက္ခ အနတ္တ တရားမှတ်နေတယ်
ကိုယ့်ကိုယ်ကို တော်ကြောင်း
မသူတော်တွေနဲ့  ပေါင်းပြနေတယ် ။
တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားသူများ
တောက်ပခန့် ညားသော အဆောက်အဦထဲမှာ
ကိုယ့်ဇျာပန ကိုယ်တိုင်ချရမယ့်ကိန်းနဲ့ 
အငိုလွယ်ပြီး အရှိုက်ခက်နေကြတယ်
အမေအိုကတော့ပြောတယ်
ဒီစစ်အုပ်စုလက်ထက်လောက်
ပြည်သူလူထု ဘုရားတရား ကြည်ညိုလာတာ
ဘုရားစာ တရားစာ ပိုရွတ်ဖတ်လာကြတာ
တွေ့ တောင်မတွေ့ ဘူးပါဘူး တော် တဲ့။
ဖိနှိပ်ရက်စက်မှု ကြမ်းကြမ်းအောက်မှာ
အရာရာဟာ သဗ္ဗေသတ္တာ ကမ္မသကာ
ပြည်သူတို့ ဘ၀မှာ ဒုက္ခမတွေ့ ရလေအောင်
ဘုရားစာ တရားစာများ ရွတ်ဖတ် နေခဲ့ရ
ဘုရားစာ တရားစာများ ရွတ်ဖတ် နေခဲ့ကြ
အထိတ်တလန့်  ရွတ်ဖတ် နေခဲ့ရ
အထိတ်တလန့်  ရွတ်ဖတ် နေခဲ့ကြ
အောင်ပွဲ မရမခြင်း ….. ရွတ် …… ဖတ် …….. ကြ …..။
ရဲရင့်သက်ဇွဲ
၀၁၀၆၂၀၁၁

Thursday, June 02, 2011
အညတရ ဆိုတာ အပယ်ခံ …၀ဠ်ကြွေးရှိလို့  ခံရတယ်ဆိုပဲ ….
အညတရ ဆိုတာ အပယ်ခံ …၀ဠ်ကြွေးရှိလို့  ခံရတယ်ဆိုပဲ ….
ပေထက်အက္ခရာတင်
ကျောက်မှာထုထွင်း
ဂူတွင်းနံရံ ရေးဆွဲရုပ်ပုံ
ရှေးခေတ်လူသား
သူတို့ ရဲ့  ဟီးရိုးတွေအကြောင်း
အသိရှိသလောက် မှတ်တမ်းထားခဲ့ကြတယ်
အညတရ ဆိုတာအပယ်ခံ …
ဝဠ်ကြွေးရှိလို့  ခံရတယ်ဆိုပဲ …။
သမိုင်းရဲ့  လူနေမှု ဖြစ်ပေါ်တိုးတက်မှုအပေါ်
ယဉ်ကျေးမှု တဆင့်ပြီးတဆင့်တိုးတက်လာကြသည့်တိုင်
ဂူဘုရား ပုထိုးဓေတီ ကျောင်းပြသဒ်အဆောက်အဦများထဲ
ရေးဆွဲအရောင်စုံ ဇာတ် နိပတ်တော် ဗုဒ္ဒ၀င် စုံလင်စွာပင်
လူစွမ်းကောင်းများ ရှင်ဘုရင်များ
ထင်ပေါ်ကျော်ကြား သူရဲကောင်းများသာ
အညတရ ဆိုတာ အပယ်ခံ …
ဝဠ်ကြွေးရှိလို့  ခံရတယ်ဆိုပဲ …..။
ကိုယ့်မင်း ကိုယ့်ချင်းနဲ့  နေလာခဲ့သမျှ
တိုင်းတပါး လက်အောက် ကျွန်သဘောက်ဘဝ
ပက်ပက်စက်စက်နဲ့ ရက်ရက်စက်စက် အုံကြွ
ဖိလျင်ကြွ ထိလျင်ချ ဇာတိမာန်တက်ခဲ့ကြပုံများ
ပုံပြင်မဟုတ် အညတရပြည်သူများအလုပ်နဲ့ သက်သေပြခဲ့ကြ ၊
နယ်ချဲ့လက်အောက်လွတ်မြောက်တော့
ပြည်တွင်းစစ်မီးကတဟုန်းဟုန်း
အတိုက်အခံတွေနဲ့  အာဏာရတွေ
သန့် ရှင်း တည်မြဲ ဖဆပလအကွဲအပြဲ
ဖဆပလ ကွန်မြူနစ်တွေနဲ့ ဆိုရှယ်လစ်တွေ အားပြိုင်
စစ်တပ်ကကြားဝင်အပိုင်ကိုင်လိုက်တော့
အညတရပြည်သူတွေမှာ
အောက်ခြေကနေရိုက်ချိုးလိုက်သလိုမျိုး
ဘုံးဘုံးလဲပြို နှစ်ထောင့်တဆယ့်တစ်အထိပဲ ဆိုပါစို့  …..
တရားဟောဆရာရဲ့ လေနဲ့ ပြောရရင်
ကဲ ကဲ ဇာတ်ပေါင်းဘို့ အချိန်တန်ပြီ
အိမ်အပြန်လမ်းမှာ ဇာတိမာန်တို့  ဖလမ်းဖလမ်းထ
ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ကနေမြေလှန်ပြစ်မကွလို့ ကြုံးဝါး
အညတရပြည်သူများရဲ့ ညီညာမှုအားဟာ
အညတရ သူရဲကောင်းများကိုမွေးဖွားပေးလိုက်တာပဲမဟုတ်လား…
ကဲ…ဘယ်သူပြောဦးမလဲ
အညတရ ဆိုတာ အပယ်ခံ …
ဝဠ်ကြွေးရှိလို့  ခံရတယ်ဆိုစကား ……။
ရဲရင့်သက်ဇွဲ
၁၉၀၅၂၀၁၁

အနာဂတ် အလွမ်း စီးဆင်းသွားသောမြစ်ရေများ
အနာဂတ် အလွမ်း စီးဆင်းသွားသောမြစ်ရေများ
တိမ်ညိုတိမ်မဲတွေ ပြိုကျမလာခင်
ကောင်းကင်ရင်ဘတ်ထဲ
လာ … တို့ အတူခုန်ချကြစို့ 
ဘ၀ဟာ တိုတောင်းလှပေမယ့်
ရှည်လျားမပျောက်ကွယ်တဲ့
သမိုင်းကြောင်းကိုတော့
လောကအတွက် ချန်ထားရစ်ခဲ့
မြစ်ရေတွေကတော့ တသွင်သွင်စီးဆင်းသွားခဲ့ပေါ့ ။
တကယ်ပါ … အိပ်မက်တွေ
အလုံးအထည် ၀င့်ဝင့်ကြွားကြွား
ကလူ၏သို့  မြူ၏သို့ နှယ်
ရန်သူကို အပြုတ်တိုက်မဟဲ့
စေစားရာ စိတ်ကဆောင် သက်တန့် လိုအရောင်တွေ
လှည့်ဖြားမှုပယောဂတွေ ကောက်ရိုးမီးတွေဖိုလို့ 
အလိုလေး …ကံကြမ္မာပေါ် ပြစ်မချလိုက်ပါနဲ့ 
မြစ်ရေတွေကတော့ တသွင်သွင်စီးဆင်းသွားခဲ့ပေါ့ ။
အခြေအနေက
ညီအကို မသိ တသိအချိန်ပါ
မြင်နေရတယ် (၀ိုးတ၀ါး)
ခေါ်မရဘူး(အကွာအဝေးကခြား)
အသံလေးတော့ပြုပါ
ငါတို့ ရဲ့  မျိုးဆက်များ နလံမထူနိုင်အောင်
စံနစ်တကျ ဖျက်ဆီးခံနေရ
မြစ်ရေတွေကတော့ တသွင်သွင်စီးဆင်းသွားခဲ့ပေါ့ ။
ဒီမှာကြည့်ကြဟေ့ …..
မြင့်မြင့်ပျံ ဝေးဝေးမြင်တဲ့ သူတွေပါ
စံနစ်သစ်နဲ့ နိုင်ငံတော်သစ်အတွက်
မုန်တိုင်းကို ရိတ်သိမ်းလိုသူတွေပါ
မြို့ မရဲ့ ပြည်တော်ဝင်သီချင်းလေးဆိုငြီး
အိမ်လွမ်းစိတ်တွေကို ထုတ်ပိုးသိမ်းဆည်းပြီး
ပွဲသိမ်းတိုက်ပွဲ ခရာသံနဲ့ အတူ
ရန်သူကို ချေမှုန်းသုတ်သင်ဘို့  ချီတက်ကြစို့ 

Sunday, May 08, 2011
အမေများနေ့ မှာ ရင်ဘတ်ချင်း ဂျက်ပင်ထိုးကြ
အမေများနေ့ မှာ ရင်ဘတ်ချင်း ဂျက်ပင်ထိုးကြ
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သားတွေက အမေ့အတွက် မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သမီးတွေက အမေ့အတွက် မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေပျောက်နေတဲ့ သားသမီးတွေက အမေ့အတွက် မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ လူသားအားလုံးက အမေ့အတွက် အမေ့ကို မေတ္တာပို့ တယ် ….။
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သားတွေအတွက် အမေက မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သမီးတွေအတွက် အမေက မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေပျောက်နေတဲ့ သားသမီးတွေအတွက် အမေက မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ လူသားအားလုံးအတွက် အမေက မေတ္တာပို့ တယ် ….။
အမေများနေ့ မှာ
အမေ့ကို ချစ်လို့ ပို့ တဲ့ မေတ္တာတွေနဲ့ 
အမေက ချစ်လို့  ပို့ တဲ့ မေတ္တာတွေ မွှေးပျံ့ ထုံသင်း
ဟောဒီ ဒွန္နယာကြီးထဲမှာ အမေ့ကိုချစ်တဲ့သူချင်း
ဝတ်မှုံကူးကြ
ဆရာမောင်ချောနွယ်ရဲ့  စကားနဲ့ ပြောရရင်
ရင်ဘတ်ချင်းတော့ ခု ဂျက်ပင်ထိုးလိုက်ကြ ရုံပ။
(အမေများနေ့ အမှတ်တရ)
ရဲရင့်သက်ဇွဲ
၀၆၀၅၂၀၁၁

Thursday, May 05, 2011
မိုးတွေမဟုတ်ဘူး ... မျှော်လင့်ချက်တွေ
မိုးတွေမဟုတ်ဘူး ... မျှော်လင့်ချက်တွေ
အမေ့ သားကြီး အင်းစိန်ထောင်မှာရှိတုန်းက
ဒီလိုသတင်းကြားရတိုင်း မျှော်လင့်ချက် အလံထူ
အင်းစိန်ထောင်ဗူးဝမှာ မြေးလေးတွေနဲ့ အတူ
ထမင်းမေ့ ဟင်းမေ့ 
မျှော်ရှာသူလေ.....။
အခုလဲ ... ဒီသတင်း
အမေ့ ရင်တွင်း မျှော်လင့်ချင်းများစွာ
တဆယ့်လေးနှစ်တာကို ဖြတ်သန်းခဲ့ပီး
ကျန် တဆယ်နှစ်နှစ်တာကိုလည်း
မျှော်လင့်ချင်းများစွာနဲ့  ဖြတ်သန်းရဦးမှာပါပဲ .....။
မိုးတွေသည်းသည်းမဲမဲရွာနေတဲ့ကြားက
မော်လမြိုင်ထောင် မသွားနိုင်တဲ့အမေ
အထူ အတွဲ ရှိမှ ထနိုင် ထိုင်နိုင် သွားနိုင်တဲ့အမေ
အကျဉ်းသားလွတ်မြောက်ရေးသတင်း အကြားမှာ
အမေတယောက် သူ့ သားကြီးစိတ်နဲ့  ယောက်ယက်ခတ်နေပုံများ
အထူအတွဲမလို
အိမ်ပေါ် အိမ်အောက် ဆင်းလိုက် တက်လိုက် တက်လိုက် ဆင်းလိုက်
သားပြန်အလာကို မျှော်ရှာပုံများ .......။
သည်းသည်းမဲမဲရွာနေတဲ့မိုး
မဟုတ်ဘူး ...မဟုတ်ဘူး အဲဒါမိုးတွေ မဟုတ်ဘူး.....
သည်းသည်းမဲမဲရွာနေတာ
အမေ့ ရဲ့  မျှော်လင့်ချက်တွေ ........။
(အမေသို့ )
ရဲရင့်သက်ဇွဲ
၀၅၀၅၂၀၁၁

တောချောက်သံတွေကြားလား … အချစ်ရေ ပြေး …..
တောချောက်သံတွေကြားလား … အချစ်ရေ ပြေး …..
လင်္ကာဒီပချစ်သူ ဇာတ်သိမ်းခန်းထဲကလို
အားလုံး ... အားလုံး ဟာ
ပြီးဆုံးသွားပါပီ ရာဝဏ ရယ်လို့ ပဲပြောရမလား....။
ဗိုလ်အောင်ဒင် ထဲကလို
ဒီမယ်ရာမ ..လွယ်သလား ခက်သလား ..ပြောစမ်း...
ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ
ပစ်ရင် ဒီလိုမှန်အောင်ပစ်ရတယ်ကွလို့  ပဲပြောရမလား...
ဆရာဒဂုန်တာရာရဲ့  မေ ၀တ္ထုဇာတ်သိမ်းလို
အကောင်းကို ရှာ၏၊ အကောင်းကားမရှိတော့ပြီ … လို့ ဆိုရမလား …
ဆရာဗန်းမော်တင်အောင်ရဲ့  စာသားလို
ကျနော်ကရော ဘာများတတ်နိုင် ဦးမည်နည်း … လို့ ဆိုရမလား …
အသင်လောက …ငါ မှ ငါ ဆိုတဲ့ဇောတွေ
သံသရာမှာနွံနစ် ဘ၀တဏှာမှာ တွယ်ရစ်နေတဲ့စိတ်တွေနဲ့ 
အိပ်လာခဲ့တာ တဘ၀စာ ကြာခဲ့ပီးမှ
အိပ်လို့ ကောင်းနေတုန်း အတင်းလှုပ်နှိုးသလိုမျိုး
ဘာခုမှကြောက်ပါပီလဲ…
တောချောက်သံတွေကြားလား
အချစ်ရေ ပြေး ပြေး လွတ်အောင်ပြေး …..
ရုန်းထွက်ဘို့  ကြိုးစားတာတွေလည်း
ငါ … မင်းကို ပြောပြချင်တယ် …။
ရဲရင့်သက်ဇွဲ
၀၃၀၅၂၀၁၁
၀၄း၀၅ အေအမ်
(ဖတ်ခဲ့ဘူးသောစာအုပ်များ နားထောင်ဘူးခဲ့သောသီချင်းစာသားများအား
ခံစားမှုနှင့် ရောယှက်သီကုံးပါသည်)

Subscribe to:
Posts (Atom)