Tuesday, June 30, 2009

“အမေစုသို့  ၀န်ခံခြင်း”

“အမေစုသို့  ၀န်ခံခြင်း”

အမေရေ
သူစိမ်းကောင်းတယ်ဆိုတာ
ဆွေမျိုးမုန်းသလောက်ရှိသတဲ့၊
ရှေးမြန်မာစကား
ကြားဖူးထားပါရဲ့  ။

အခုများတော့
ဆွေမျိုးက နှိပ်စက်
သူစိမ်းလက်မှာခိုလှုံ
အဖြစ်တွေက အမျိုးစုံလှပေါ့ ။


အသနား ခံလိုခံ
အကြံအဖန်လုပ်လိုလုပ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
ဒုက္ခ္ခသည်တွေလုပ် ။

အိမ်ရှင်က ငြို ငြင်
ပြန်ပါပြန်ပါ နှင်တဲ့ကြားက
နေမယ်နေမယ်ဆိုတဲ့ စကားနဲ့
အကြောင်းတွေအမျိုးမျိုးပြ
နေခွင့်ရဖို့ ကြိုးစား
ရှေ့ မျက်နှာ နောက်ထားလို့ 
အမေ့ သားသမီးတွေအဖြစ် ။

အရင်းစစ်တော့
အမြစ်မြေက ဆိုသလိုပ
ရာသီဉတု အစ
ဘာသာစကားအဆုံး
လုံးလုံးမှ မတူတဲ့အရပ်
ဘယ်သူက နေတတ်မှာတုန်း ။

ရေအကြည် မြက်အနုတွေ့တဲ့
ပဝေသဏီ ရွှေခေတ်တိုင်းပြည်မှာ
အလဇ္ဇီတွေက အုပ်ချုပ်
ထမင်းတလုပ်တောင် အနိုင်နိုင်မို့ 
တော်ရာကို အဖေါ်ရှာ သွားကြရပေမယ့်
အမေ့ မြေကိုတော့ မေ့မနေခဲ့ကြပါဘူး ။

အမေရေ
ဒီမိုကရေစီဆိုတာကြီး
အမြန်ရပြီး
အမေကအုပ်ချုပ်
သားသမီးတွေက အလုပ်လုပ်လို့ 
ပျော်ပျော်ကြီး ပြန်ဆုံရအောင်
တော်တော်ခရီးလှမ်းသေးပေမယ့်
ကျနော်တို့ မညည်းတမ်းပါပဲ
ပန်းတိုင်ရောက်တဲ့အထိ
လမ်းခိုင်ခိုင်လျှောက်မယ် အမေ ၊၊

မသီတာအောင်(တိုကျို)


(ကမ္ဘာ့နိုင်ငံ အနှံ့ အပြားသို့  ဒုက္ခသည်များအဖြစ်ရောက်ရှိ
နေသော မြန်မာနိုင်ငံသားများကိုယ်စား ခံစားရေးဖွဲ့ ပါသည်။)

Thursday, June 25, 2009

ဆဒ္ဒန်အလွမ်းပြေ

ဆဒ္ဒန်အလွမ်းပြေ



အချစ်က စီးမျောရင်
အင်ကြင်းခိုင် မကျိုးဘူး။

ဘ၀က ခဏဖြစ်ရင်
စစ်က ဘ၀တခု ။

ဂီတကို ခံစားဖြစ်ရင်
ယုံကြည်ချက်က ရင်ခုန်သံ။

ဒဏ်ရာက အမာရွတ်
ကြံရာပါက ကဗျာ
မြေကမ္ဘာက သောနုတ္ထိုရ်
ငါ မင်းလို အစွယ်မလိုခဲ့လေ။ ။

မောင်လွမ်းဏီ
၂၂၆၀၉

Wednesday, June 24, 2009

ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ် လာသောလေညှင်းနဲ့ အတူ

ကန်ရေပြင်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေတဝှေ့  မိုးတပြိုက်မှာ
စပယ်တွေ နှစ်နှစ်ခြိုက်ခြိုက်ပွင့်ကြပြီ အမေ ။

ကန်ရေပြင်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေတဝှေ့  မိုးတပြိုက်မှာ
ဇီဇ၀ါ တွေ နှစ်နှစ်ခြိုက်ခြိုက်ပွင့်ကြပြီ အမေ ။

ကန်ရေပြင်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေတဝှေ့  မိုးတပြိုက်မှာ
ဇွန်ပန်းတွေ နှစ်နှစ်ခြိုက်ခြိုက်ပွင့်ကြပြီ အမေ ။

ဒါပေမယ့် အမေရေ
အဲဒီ လေတဝှေ့  မိုးတပြိုက်မှာ
ထိုင်သူမဲ့ ကုလားထိုင် တလုံး
ဖတ်လက်စ စာအုပ်တချို့ နဲ့ 
တီးသူမဲ့ စန္ဒရားတခု
ဖွင့်သူမဲ့ ပြူတင်းတံခါးပေါက်ရယ်
သားတို့ မှာ
လွမ်း ဆွတ် ဆွေး မြေ့ ကြေကွဲ ။
သားတို့ မှာ
နာကျည်း ခံပြင်း ထိရှ အက်ကွဲ ။

အမှန်တရားတွေ ထယ်ထယ်ဝါ၀ါ
အရာသွင်းမခံရတဲ့အခါ
ကတိစကားများ ခန့် ခန့် ညားညား
အရာသွင်းမခံရတဲ့အခါ
ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒ
လိမ်ညာလှည့်ဖျားမှု ကားစင်အတင်ခံရတဲ့အခါ
သပိတ်စုံ သူပုန်ထ အုံကြွတဲ့  လူထုတိုက်ပွဲ
သမိုင်းတကွေ့ မှာ တွေ့ ကြရဦးမယ် ဆိုတာ
သားတို့ ယုံတယ် ။

အမေရေ
လေတဝှေ့  မိုးတပြိုက်မှာ
ပန်းပေါင်းဆုံပွင့်ဖူးရာ
ကမ္ဘာကျော်လိပ်စာ တက္ကသိုလ်ရိပ်သာလမ်းက
အမေ့အိမ်မှာ အမေ့ကို ပြန်ဆုံချင်တယ်၊
အမေ့ ယုံကြည်ချက် အနာဂတ်အိပ်မက်တွေကို
သားတို့ ပြည်သူလူထုကြီးရဲ့  ဆန္ဒတွေနဲ့  ပုံအပ်ချင်တယ်။

အမေရေ
ယုံကြည်ချက်က အစ
ခံယူချက်က အဆုံး
ကမ္ဘာကြီးတခုလုံးမှာ
အမေ့ရဲ့ ဂုဏ်သတင်းမွှေးပျံ့  ထုံသင်းလို့ 
နိုင်ငံတကာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ 
ဒီမိုကရေစီရေး သင်္ကေတ ပြယုဂ်ဟာ
သားတို့ ချစ်တဲ့ အမေ
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ပဲလေ ။

(ဒေါ်အောင်ဆန်းစုကြည် (၆၄) နှစ်ဂုဏ်ပြုတမ်းချင်း)

Thursday, June 18, 2009

ဒေါ်အောင်ဆန်းစုကြည်ကဗျာ

ဒေါ်အောင်ဆန်းစုကြည်ကဗျာ
ထိန်လင်း

ဆယ့်ကိုးရက်နေ့ ဇွန်လ ဟာ
ဒေါ်စုမွေးနေ့ပါ။
တစ်ထောင့်ကိုးရာ လေးဆယ့်ငါး
ရန်ကုန်မြို့မှာ ဖွား။

ဦးအောင်ဆန်းနဲ့ ဒေါ်ခင်ကြည်
မွေးဖွားသန့်စင်သည်။
စိတ်ဓာတ်တည်ကြည် နှလုံးသား
ငြိမ်းချမ်းရေး လိုလား။

မြန်မာပြည်ကြီး လွတ်လပ်အောင်
ဒေါ်စု တို့ခေါင်းဆောင်။
ဦးဆောင်လို့သာ သူစွန့်စား
ပြည်သူတွေရဲ့ အား။

ညီညွတ်ရေးကို ဖော်ဆောင်သည်
ဒေါ်အောင်ဆန်းစုကြည်။
အနာဂတ်မှာ ပြည်ထောင်သစ်
ကြံဆောင် သူဖွင့်လှစ်။
သမီးလည်းချစ် သားလည်းချစ်
လူထုအားလုံးချစ်။ ။

၁၆၊ ၆၊ ၂၀၀၉

Monday, June 15, 2009

အမေရေ

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ တွေမှာရေးခဲ့သမျှ ကဗျာတွေ
မျှဝေခံစားနိုင်ဘို့  ပြန်လည်ဖော်ပြလိုက်ပါတယ်)


အမေရေ
ကြီးကျယ်မြင့်မြတ်သူများရဲ့ 
သတ္တိနဲ့ အမှန်တရားကို
ဘယ်လို ယုတ်မာနိမ့်ကျတဲ့ အဖြစ်မျိုးတွေကမှ
ပြိုကွဲပျက်စီးအောင် မပြုလုပ်နိုင်ကြဘူး ။

ပြုခဲ့သမျှ အပြစ်ဒဏ်တွေဟာ
ကြမ္မာရဟတ် တပတ်လည်စရာမလို
ကံဇာတ်ဆရာရဲ့ အလို
ငို ဆို ငို က ဆို က
ပုထုစဉ်တို့ ရဲ့  သဘာဝကို
အာဏာရူးတို့ က လွန်ဆန်လို့ ရမတဲ့လား ။

အမေရေ
ခြောက်ဆယ့်လေးနှစ် ပြည့်မြောက်
အမေ့ရဲ့ မွေးနေ့ ကိုရောက်တော့မယ် ။
အမေ့ရဲ့  မွေးနေ့  နီးလာလေ
အာဏာရူးတို့ ခမျာမှာ
ဒေ၀ဒတ်ရဲ့ နောက်ဆုံးနေ့များအဆုံးသတ်ပုံမျိုးနဲ့ 
ဂယောင်ချောက်ခြားဖြစ် နေကြလေရဲ့ ။

အမေရေ
အမေ့ကို အကျယ်ပဲချုပ်ချုပ်
အကျဉ်းပဲချုပ်ချုပ်
ဒါဟာ မတရားလုပ်တာမို့ 
အမေ့လွတ်မြောက်ရေးအတွက်
နိုင်ငံနဲ့ တ၀ှမ်း ကမ္ဘာနဲ့ တ၀ှမ်း
အမေ့ကိုချစ်တဲ့ တမ်းချင်းတွေနဲ့ 
တိုက်ပွဲကို ခေါ်ကြပြီ
တိုက်ပွဲကို ဖေါ်ဆောင်ကြပြီ ။

အမေရေ
ဘ၀က ဇာတိ ကို ဖြစ်စေတယ်
ပြီးတော့ ဇရာ
နောက် ဗျာဓိ
အဆုံးကျတော့ မရဏ
ဒါဟာ
တရားသဘောပဲမဟုတ်လား ။

“အနိစ္စ ဒုက္ခ အနတ္တ
ဘယ်အရာမှမမြဲတဲ့တရားအရ
အာဏာရှင်စနစ်ဆိုတာလဲ
အနှေးနဲ့ အမြန်
ကျဆုံးရမှာဧကန်
ဒီပဲယင်း အဖြစ်မှန်
ပက်စက်ယုတ်မာစွာကြံသူ
တရားခံဆိုသူတွေလဲ
အနှေးနဲ့ အမြန်
ပြည်သူတွေရဲ့  ဒဏ်ခတ်ခြင်းကို ခံရမှာဧကန်
ဒီမိုကရေစီအရေးအတွက်
တရားသောတိုက်ပွဲဟာ
အောင်ပွဲဆင်ရမှာအမှန် ” ပဲလို့ 
ငြိမ်းချမ်းရေးအတွေးအမြင်နဲ့ 
ယုံကြည်ချက်အလံကို
အမြင့်မားဆုံးလွှင့်ထူထားတဲ့
အမေရဲ့ 
၆၄ နှစ်မြောက်မွေးနေ့ ဟာ
အာဏာရူးတို့ ရဲ့ လိမ်လည်တရားစွဲဆိုမှုဖြစ်စဉ်ထဲမှာ
အမှန်တရားနဲ့  ဟုန်းဟုန်းတောက်ခဲ့ပေါ့ ။

(အန်အယ်လ်ဒီ အယ်လ်အေ ဂျပန်ဌာနခွဲမှ ကြီးမှူးကျင်းပသော ဒေါ်အောင်ဆန်းစုကြည် ၆၄နှစ်ပြည့်
မွေးနေ့ အခမ်းအနားတွင် ကိုယ်တိုင်ရွတ်ဆိုသောကဗျာ)



လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့

မြန်မာ့သမိုင်းတလျှောက်
အုပ်စိုးသူအဆက်ဆက်မှာ
သူ့ထက်ဆိုးသူတောင်မ
သူ့လောက်မဆိုးခဲ့ကြဘူး
အဲဒီလူပေါ့
တိုင်းသူပြည်သားတွေရဲ့
တံတွေးခွက်ထဲပက်လက်မျောသူ
တိရစ္ဆာန်လိုလူတယောက်
အာဏာမက်စိတ်က တောင်လိုမောက်နေပုံများ …၊

ဘဝရဲ့ ဆည်းဆာချိန်
တိမ်တောက်တောက်ထဲမှာ
ထွေးပြီးသား တံတွေးတွေ ပလုတ်ပလောင်းနဲ့
သွေးရူးသွေးတမ်း အမိန့်ပြန်တမ်းတွေထုတ်
အမေ့ကို နောက်တနှစ် အကျယ်ချုပ်တဲ့
တံတွေးခွက်ထဲကအကောင်ပေးတဲ့
အမေ့အတွက် မွေးနေ့လက်ဆောင် …။



တကမ္ဘာလုံး ဝက်ဝက်ကွဲပါပဲ
အမေ့အတွက် ဝမ်းနည်းကြောင်း
စိတ်မကောင်းကြောင်း
သတင်းစကားတွေ
သဝဏ်လွှာတွေ
ထုတ်ပြန်ကြေညာချက်တွေ ပလူပျံလို့
တနှစ်တခါ တောခြောက်သံလား
တောလဲသံလား
ပြီးတော့လည်း ပြီးသွားတာပါပဲ
အမေ့လွတ်မြောက်ရေးဟာ
လေနဲ့အတူလွင့်မျောသွားခဲ့
အမေ့စိတ်တခုသာ
သံမဏိကျောက်ဆောင်တခုအလား
ပိုမိုမာကျောကျစ်လာခဲ့တယ် …။

အမေ့ရဲ့ဒုက္ခဟာ ပြည်သူလူထုရဲ့ ဒုက္ခမဟုတ်ဘူး
ပြည်သူလူထုရဲ့ဒုက္ခသာလျှင် အမေ့ရဲ့ ဒုက္ခဖြစ်တယ်
ပြည်သူလူထုအတွက် အမေ့ရဲ့အသက်ကို ပေးထားပြီးသားမို့
အမေ့ရဲ့ ခိုင်မာတဲ့စိတ်ဓါတ်အင်းအားအောက်မှာ
တံတွေးခွက်ထဲကကောင်တွေတနေ့ …
ဒူးထောက်ကြရမယ်ဆိုတာ သားတို့ ယုံတယ် …၊

ကံကြမ္မာရေ …
ရက်စက်မှုအပေါင်း သရဖူမဆောင်းလိုက်ပါနဲ့
အမေဟာ
ခေတ်သစ်ဗမာပြည်သမိုင်းရဲ့ ကောင်းကင်မှာ
ထွန်းလင်းတောက်ပတဲ့ လမ်းပြကြယ်ဖြစ်တယ်
အမေဟာ
ပြည်သူလူထုကြီးဖြစ်တယ်
ပြည်သူလူထုကြီးရဲ့သွေးက
အမေ့ကိုယ်ထဲ လှည့်လည်စီးဆင်းတယ် …၊

ကမ္ဘာကြီးရေ …
ဗမာပြည်ကြီးရေ …
အမေ့ကို ချစ်သူ မုန်းသူများအားလုံးအား
အမေ့ကိုယ်စား
ငါတို့က ကျေးဇူးစကားဆိုပါရစေ …၊

အမေလွတ်မြောက်ဖို့အတွက်
ပြည်သူလူထုလွတ်မြောက်ဖို့အတွက်
တိုင်းပြည်လွတ်မြောက်ဖို့အတွက်
လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့ …။

(ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်ပြည့် မွေးနေ့အမှတ်တရ)

ကမ္ဘာကြီးက သိပါတယ်

အမေ

လွတ်လပ်ခြင်း ကောင်းကင်မှာ

ငြိမ်းချမ်းရေး ချိုးငှက်တို့

အထောင်အသောင်း ပျံသန်းလာကြပြီ ။



အမေရဲ့

ခြောက်ဆယ့်နှစ်နှစ်မြောက်မွေးနေ့ကို

နောက်ထပ် တနှစ်

အကျယ်ချုပ် သက်တမ်းတိုးခြင်းနဲ့

ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒတွေကို

ခြေမွ ဖျက်ဆီး ပြလိုက်ပြီလေ ။



အမေနဲ့ပြည်သူလူထုကြီးအပေါ်

သူတို့

ရက်စက်နိုင်တာထက်

ပိုပြီး ရက်စက်ခဲ့ကြတယ် ။



နှိပ်စက်နိုင်တာထက်

ပိုပြီး နှိပ်စက် ခဲ့ကြတယ် ။



မိုက်တွင်းနက်နိုင်တာထက်

ပိုပြီး မိုက်တွင်းနက်ခဲ့ကြတယ် ။



အမေရဲ့ 

ခံနိုင်ရည်စွမ်းအား

သားတို့

ဟောဒီ ရင်ဘတ်ကြီးတွေနဲ့

မြင်တွေ့ခံစား ခွန်အား ဖြစ်စေခဲ့တယ် ။



အမေရေ

ဗမာတပြည်လုံးနဲ့

ကမ္ဘာကြီးတခုလုံးရဲ့

ချစ်ခြင်းမေတ္တာတရား

အမေ့အပေါ်မှာ လွှမ်းခြုံလို့ထားကြတယ် ။



ကမ္ဘာ့ရွာကြီး တခုလုံး

ခြိမ့်ခြိမ့်သဲသဲ

အမေ့ရဲ့ မွေးနေ့ပွဲတွေ ကျင်းပနေချိန်မှာ

အမေ့ရဲ့ လွတ်မြောက်ရေးအတွက် တောင်းဆိုနေချိန်မှာ

အမေကတော့

သည်းခံ ခွင့်လွှတ်ခြင်းနဲ့

မေတ္တာတရားကသာလျင်

အရာရာကို အောင်နိုင်လိမ့်မယ
် ဆိုတဲ့

ဘုရားရှင်ရဲ့ တရားတော်ကို

နှလုံးသွင်း ဆင်ခြင် အာဏာရှင်တွေကို

တိုက်ပွဲဝင်နေမယ်ဆိုတာ

သားတို့ သိသလို

ကမ္ဘာကြီးကလဲ သိကြပါတယ် အမေ ။



အမေ့ရဲ့ မွေးနေ့မှာ

အမေ သက်တော် ရာကျော် ရှည်စေကြောင်း

ဆုမွန်တောင်းရင်း

အမေ့ရဲ့ ဉီးဆောင်မှုအောက်မှာ

သားတို့

ပြည်သူလူထုကြီးတရပ်လုံး

ညီညီညွတ်ညွတ် နဲ့

ခေတ်တခေတ်ကို ထုဆစ်သွားမယ် ။



(ဒေါ်အောင်ဆန်းစုကြည် ၏ ၆၂နှစ်မြောက် မွေးနေ့သို့)



တရားတဖက် ဓါးတလက်

-ကြေကွဲဝမ်းနည်းမှုတွေအားလုံး
ထားရစ်ခဲ့တဲ့အမေ
ငါတို့ချစ်တဲ့ အမေပေါ့
ခင်ပွန်းသည်ကသေဆုံး
သားနှစ်ယောက်နဲ့ တွေ့ဆုံခွင့်ဆုံးရှုံး
မိသားစုဘ၀တခုလုံး
ပြိုကွဲပျက်စီးခံပြီး
တိုင်းပြည်ကိုချစ်ခဲ့တဲ့ အမေ
မိသားစုသံယောဇဉ်ကြိုး
အပိုင်းပိုင်းရိုက်ချိုးခံခဲ့ရပေမယ့်
မဗေဒါအံကိုခဲ
ပန်းပန်လျက်ပါပဲ --- ငါတို့ အမေ ။


-အမေ့အသက် ခြောက်ဆယ် ပြည့်ပြီတဲ့ ----
ဖြတ်သန်းခဲ့ရတဲ့ကာလ
အရင်းအနှီးတွေများလှ
ဗမာပြည်သူတွေ လူလုံးလှဖို့
မတရားတဲ့အမိန့်အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ခဲ့တဲ့
အမေ
ကံကြမ္မာရဲ့ရိုက်ပုတ်မှုတွေ
အမေ့အသဲနှလုံးတွေ မွမွကြေခဲ့
အမေကတော့ အပြုံးမပျက်
ပြည်သူ့ရှေ့က မားမားရပ်လျက်ပါဘဲ ။

-လူသားတွေ အကျိုးအတွက်
တားမြစ်ထားတဲ့ ဉပဒေတွေကြားက
ကမ္ဘာသူကမ္ဘာသားတွေဆီ
မီးကိုယူဆောင်လာတဲ့
ပရိုမီးသီးယတ်စ် နတ်ဘုရားနဲ့
ထပ်တူ တူညီစိတ်ထား
အမေထားတဲ့အခါ
စစ်အာဏာရှင်တွေဟာ
ကြောက်ရွံ့တုန်လှုပ်
အမေ့ကို ဖမ်းချုပ်ခဲ့ကြတယ် ။

-ဖမ်းဆီး ချုပ်နှောင် ထောင်ချ
စစ်အာဏာရှင်တွေ ယုတ်မာသမျှ
အရာတွေအားလုံးဟာ
အမေ့ရဲ့စိတ်ဓာတ်ကို
ပိုမိုပြတ်သားမာကျောစေတော့တယ် ။

-အမေ့ရဲ့အကျယ်ချုပ်ဘ၀ထဲမှာ
တရားတဖက်နဲ့
ငြိမ်းချမ်းရေးလက်နက်ကိုင်ဆွဲ
စစ်အာဏာရှင်တွေကို
တိုက်ပွဲဆင်နွှဲနေရင်း
အမေ့ရဲ့ နှုတ်ထွက်စကား
ဓါးသွားတလက်လို
စူးရှထက်မြက်
စစ်အာဏာရှင်တွေကို ပိုးစိုးပက်စက်
ဂယောက်ဂယက် ဖြစ်စေခဲ့တယ် ။

-အမေရယ် -----
ခေတ်အဆက်ဆက်
ဒီမိုကရေစီသူရဲကောင်းတို့ရဲ့
ဝိညာဉ်အပေါင်းနဲ့
ဒီပဲယင်းသူရဲကောင်းတို့
ဝိညာဉ်အပေါင်းက
(ကျနော်တို့အပါအ၀င်)
အမေ့ရဲ့ အနှစ်ခြောက်ဆယ်ပြည့်မွေးနေ့မှာ
တရားတဖက် ဓါးတလက်နဲ့ အမေ
အသက်ရာကျော် ရှည်စေကြောင်း
မေတ္တာနဲ့ ဆုတောင်းနေကြလေရဲ့ ။

(ဒေါ်အောင်ဆန်းစုကြည်
အသက်(၆၀)ပြည့်မွေးနေ့သို့)


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊လွတ်မြောက်ရေး လှုပ်ရှားမှု (၂၀၀၉ ၊ ၀၆ ၊ ၁၁-၁၂ ၊တိုကျို အခွန်ရုံး)