Saturday, May 15, 2010

ရေစောင်းထက်ချိန်

ရေစောင်းထက်ချိန်

ငရဲကလူတွေ
ပြာပူထဲမှာ ငယ်သံကွဲအက် နေရှာတယ်။

ခမ်းခြောက်တယ်
မေတ္တာတရားတွေ ခမ်းခြောက်တယ်
စေတနာတွေ ခမ်းခြောက်တယ်
စာနာစိတ်တွေ ခမ်းခြောက်တယ်
ကိုယ်ကျင့်တရားတွေ ခမ်းခြောက်တယ်
ရေတွင်း ရေကန် ခမ်းခြောက်တယ်
ရာသီမိုးလေ ခမ်းခြောက်တယ်
အမှန်တရားတွေ ခမ်းခြောက်တယ်။


လွမ်းလောက်တယ်
မိတ္ထီလာကန်ကို လွမ်းလောက်တယ်
အင်းလေးကန်ကို လွမ်းလောက်တယ်
အင်လျားကန်ကို လွမ်းလောက်တယ်
ဧရာ ချင်းတွင်း စစ်တောင်း သံလွင်
မြစ်ရေသင်ဖျာ လွမ်းလောက်တယ်။

ကူစမ်းပါတဲ့၊ လှူတန်းပါဟဲ့
ရေတစက်က အသက်ဖြစ်တယ်
ရေတခွက်က ဇီဝဖြစ်တယ်
ရေတပုံးဆို လူဖြစ်မရှုံးနိုင်တော့ဘူး။

ဘယ်သူသေသေ ငတေမာရင်
ဘယ်ဝါငတ်ငတ် ငတေမငတ်ရင်
ဘယ်ဒင်း ခမ်းခမ်း ငတေမလွမ်းရင်
စားဝင်အိပ်ပျော်ကြသူတွေ၊
ရေဒါနကို
သာဓု မခေါ်လင့်ကစား
အကျိုးဆယ်ပါး၊ လူထုဓားတို့ ဖြစ်စေအံ့။ ။

မောင်လွမ်းဏီ
၁၅ - ၅ - ၂၀၁၀

No comments: