လာ ... အတူတူသွားစို့  ၊သွေးသားထဲ လှည့်ဝင်စီးပတ် ကဗျာဓါတ်နဲ့  အသက်ရှင်ရအောင်။
ကလေးနှင့် စွန့်စားချင်စိတ်
ကလေးနှင့် စွန့်စားချင်စိတ်
ကျမ ငယ်ငယ်တုန်းက ကျမနှင့်အစ်ကို့ ကို ဖေဖေက ကလေးစီးသောဗိုလ်အုန်းသီး ဂျစ်ကားလေးဝယ်ပေးခဲ့သည်။ ဂျစ်ကားကတကယ့် လူကြီးစီးဂျစ်ကားအတိုင်းပါပဲ။ အစိမ်းရောင်၊ ရှေ့လေကာမှန်နေရာမှာ မှန်မပါသော သံပြားဘောင်ခတ်ပြတင်းလေး။ လီဗာမပါ၊ ဘရိတ် မပါ၊ ခြေနင်းကွင်းနှစ်ခုသာ၊ ကွင်းတခုစီပေါ် ခြေတဖက်စီနင်းလျက် ရှေ့သို့ကားရွေ့အောင် မောင်းရသည်။ တယောက်တည်းစီးလျှင် ကိုယ့်ဟာကိုယ်နင်းရပြီး မောင်နှမနှစ်ယောက်စီးလျှင် အစ်ကိုကရှေ့ကထိုင် စတီရာရင်ကိုကိုင် ကားခြေနင်းကိုနင်း၊ ကျမကနောက်ခန်း မှာထိုင်လိုက်သည်။
အိမ်ရှေ့လမ်းပေါ်မှာ စီးနင်းကစားရာကနေ တရက်တော့ ခြေရှည်ကာထိုကားလေးကို ရပ်ကွက်ကျော်ပြီး မောင်းကြသည်။ ကုန်းဆင်း တခုတွင် ကားလေးတိမ်းမှောက်သွားခဲ့ပြီး မောင်နှမနှစ်ယောက်လုံး လက်တွေခြေတွေ ပွန်းပဲ သွေးစို့သွားခဲ့သည်။ ကျမမှတ်မိ၏။ ကျမ ၏လက်ဖမိုးမှ လက်ဆစ်တွေသွေးစို့ပြီး ပွန်းပဲ့နေခဲ့သည်။ ရပ်ကွက်ကျော်ပြီး သွားရကောင်းလားဟု မေမေကဆူသေး၏။ ဖေဖေကတော့ ကားကဘရိတ်မပါသဖြင့် ကုန်းဆင်းတို့ဘာတို့တွင် တယောက်ကနောက် ကနေဆွဲပြီးထိန်းပေးရမည်ဟု မှာသည်။ လက်တွေနာကျဉ် သော်လည်း ကျမတို့မောင်နှမ စိတ်လှုပ်ရှားစွာရယ်မော နိုင်ခဲ့ကြသည်။ ကျမ ၏ ကလေးဘ၀သည် ဖေဖေနှင့်မေမေ၏ လွတ်လပ်ခွင့် ပေးမှုကြောင့် ရင်ခုန်စရာ စွန့်စားမှုအတိဖြင့် ကျေနပ်စရာဖြစ်ခဲ့ရသည်။
သူငယ်တန်းအောင်တော့ ပြောင်းရွေ့သွားရသည့် ကုန်းစောင်းရောက်တော့လည်း အလယ်တန်းကျောင်းတွင် တော်တော်ကျယ်ပြန့် သော ရေကန်ဟောင်းကြီးတခုရှိသည်။ မိုးတွင်းဆိုလျှင်ရေအတော်အတန် ပြည့်လျှံပြီး ကြာပင်တွေဗေဒါပင်တွေ ပေါက်ရောက်သည်။ ဆောင်းတွင်းကာလနှင့် နွေဦးကာလတို့တွင် ရေစပ်စပ်ကျန်ရစ်ခဲ့သော ထိုကန်ကြီး ပတ်လည်တွင် ငှက်ပျောပင်များ၊ ပုန်းညက်ပင်များ၊ စိန်ပန်ပင်များဖြင့် ဝေဆာမြိုင်ဆိုင်နေသည်။ ထိုကန်ကြီးသည် ကျမတို့ကလေးတသိုက်အတွက် စွန့်စားခန်းပြဇတ်များ ကပြရာနေရာ တခု ဖြစ်ပါသည်။
စစ်တိုက်တမ်းကစား ကြသည့်အခါ ကျမတို့အဖွဲ့နှစ်ဖွဲ့ ခွဲပြီးတိုက်ကြသည်။ ငှက်ပျောလက် ကျောရိုးများ၊ အုန်းလက်များ သစ်တို သစ်စ များကို သေနတ်လက်နက်အဖြစ် သုံးကြသည်။ မာလကာသီးစိမ်းသေးသေးများကို လက်ပစ်ဗုံးအဖြစ် သုံးကြသည်။ အများအားဖြင့် ကျမတို့ ကစားကြသော တိုက်ပွဲမှာ ဂျပန်နှင့် မြန်မာတပ်မတော်တိုက်ပွဲဖြစ်သည်။ တပ်မတော်သား လုပ်ချင်သူတွေကများပြီးဂျပန် လုပ်ချင်သူက နည်းသဖြင့် အမြဲတမ်းမဲနှိုက်ပြီး ခွဲရသည်။ ဂျပန်က ရှုံးသူဖြစ်သည့်အပြင် နာမည်ဆိုးသူမဟုတ်လား။ ကျမတို့က သူရဲ ကောင်းသာဖြစ်ချင်သူတွေကိုး။
ကျမတို့ကုန်းစောင်းတွင် ရုပ်ရှင်ရုံဟူ၍ တခုတည်းသာရှိပြီး ထိုရုံတွင်ကျမတို့ ကြည့်ရသမျှ ဇာတ်ကားတွေမှာ စွန့်စားခန်းတွေသာဖြစ်၏။ ဥပမာ ဇော်လွင်နှင့် တင်တင်လှ ပါဝင်သော ဥဒါန်းမကြေ ဟူသည့်ဇာတ်ကား။ ကျမတို့သည် အများအားဖြင့် နေ့လည်ပိုင်း ကစားချိန်မုန့် စားဆင်းချိန် တို့တွင် ယောက်ျားလေးတွေနှင့် တန်းတူသေနတ်ပစ်တမ်း၊ တိုက်ပွဲတိုက်တမ်း ကစားခဲ့ကြသည်။ ရန်သူဂျပန် တွေရော မြန်မာမျိုးချစ် ဘီအိုင်အေ စစ်သားတွေရော ရေကန်ကြီးကို ပတ်ပြီး ပြေးကြ လွှားကြ၊ ပုန်းကြရသည်မှာ ရင်ခုန်စရာကောင်းသည်။
ထိုအကြောင်းကို ကျမတို့သမိုင်းသင်ခန်းစာ ထဲမှာလည်း လေ့လာခဲ့ကြသည်။ တခါတုန်းက ကျမတို့ကျောင်းပတ်ဝန်းကျင်တွင် တကယ် ပဲ ဂျပန်စစ်သားတွေ စခန်းချခဲ့ကြသည်။ သည်နေရာမှာ မြန်မာမျိုးချစ်တပ်မတော်သားတွေက ဂျပန်တွေကို တိုက်ဖို့စည်းရုံးခဲ့ကြ ဆွေး နွေးခဲ့ကြသည်။ ရေကန်ကြီးသာမက ကျောင်းဘေးက ရေနံရည်ဝနေသော ညိုမှောင်သည့် ခြေတံရှည်သစ်သား အိမ်ကြီးကလည်း တော်လှန်ရေး ရာဇ၀င်နှင့်ဆက်စပ်နေသည်။ အဲသည်မှာက ဂျပန်စစ်ဗိုလ်များ စတည်းချခဲ့ကြသည်ဟု ဆိုပါသည်။ ကုန်းစောင်းမြို့သည် ကျမကို ပင်လယ်နှင့်တူသော မိန်မများ ၀တ္ထုရေးဖြစ်ဖို့ အဓိကတွန်းအားပေးသော စွန့်စားသည့်မိန်မများ ရှင်သန်ကြီးပြင်းရာ ၀န်းကျင် ဖြစ်သည်။ ဗိုလ်တဲကြီးအနား ရေမြောင်းကြီး၏ဘေးမှာ တန်းစီနေသော လူတဖက်မက ပင်စည်ကြီးမားသည့် ကုက္ကိုလ်ပင်အိုကြီးများ၊ မန်ကျည်းပင်အိုကြီးများသည် ကျမတို့အား တကယ့်အဖြစ်ပုံပြင်များကို ပြောပြနေသည့် ကြွင်းကျန်ရစ်သော သမိုင်းဝင်အရာများဖြစ် သည်။
သို့သော် ကလေးဘ၀၏ အရိုင်းဆန်သောစွန့်စားမှုမှာ သဘာဝကပေးသည့် တောင်ကုန်းတွေ၊ သစ်တောတွေ ရေကန်တွေနှင့်သာ သက်ဆိုင်သည်ဟု မဆိုလိုပါ။ မြို့မှာလည်း စွန့်စားလိုသူ ကလေးငယ်များအတွက် ရှာတွေ့စရာနေရာတွေ အများကြီးရှိသည်။ ရေနံ ချောင်းမှာ ကလေးတွေကျောင်းတက်ကြသည့်အခါ ဘယ်မိဘကမှ ကျောင်းသွားကျောင်းပြန် လိုက်ပို့ပေးစရာမလို။ အဝေးပြေးကား တွေ မောင်းသောကားလမ်းမတလျှောက် လမ်းဘေးကပ်ပြီး ကလေးတွေကျောင်းသွားရတာဖြစ်ပေမဲ့ ဘာမှစိုးရိမ်တကြီး ပူပန်စရာ မလိုခဲ့။ မိုးသည်းထန်သည့် တနေ့ခင်းတုန်းကတော့ ကျောင်းအသွား ဖြတ်ရသည့်မြို့လယ်ချောင်းမှာ ရေတွေလျှံလို့ အနီးအနားက အိမ်တွေမျော၊ အိမ်တိုင်တွေကျွတ် ဖြစ်ကုန်လို့ ကလေးမိဘတွေ ကျောင်းသို့လိုက်ခေါ်ရသည်အထိ စိုးရိမ်စရာဖြစ်ခဲ့ဖူးသည်။ ထိုအ ဖြစ်မျိုးကတော် တော်ရှားပါသည်။ မိဘတို့သည် ကလေးတွေကို အတော်အတန်လွတ်လပ်စွာ သွားလာခွင့်၊ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ရှာဖွေစူးစမ်းခွင့် ပေးထားခဲ့သည်။
ထို့ကြောင့် ကျမတို့အိမ်နီးချင်းတွေကို ကျမတို့သိသည်။ အတန်းဖေါ်ကစားဖက် သူငယ်ချင်းမှာ မောင်နှမဘယ်နှယောက်ရှိမှန်း သိ သည်။ သူ့အမေက ဈေးထဲတွင် ငါးရောင်းသလား၊ စက်ချုပ်တာလား၊ နတ်ကတော်လုပ်တာလား၊ သူ့အဖေက ချမ်းသာသော ဆေး လိပ်ခုံပိုင်ရှင်လား အကုန်သိသည်။ ရေနံဆီမီးခွက်ထွန်းဖို့ ရေနံဆီသွားဝယ်တော့လည်း ညနေချမ်းမှောင်ရီပျိုးစအချိန်။ မြို့မတောင် ရပ်ကွက် စလင်းတန်းအထိ သွားဝယ်ဖို့ ကျမတယောက်တည်းကိုပဲ မေမေက ခိုင်းခဲ့တာပါပဲ။ ရေနံဆီရောင်းသော အိမ်ကနေ ပြန် လာရသည့်လမ်းသည် ကလေးတယောက်အတွက်တော့ လုံလောက်သည့်စွန့်စားမှု ဖြစ်သည်။ သည့်ထက်ပိုတာက စလင်းတန်းမှ ဈေး ဘက်သို့ပြန်အတက်မှာ ကြီးမားသောညောင်ပင်ကြီး၏ ပင်စည်တွင် ထိုးစိုက်ထားသော ထီးဖြူ ထီးနီလေးတွေ၊ တွဲလွဲချိတ်ထားသော မြင်းရုပ် ဆင်ရုပ် နတ်ရုပ်တွေ၊ ခေါစာပစ်သော ကြိမ်ခြင်း ၀ါးခြင်းအခွံတွေက နတ်ကိုးကွယ်ခြင်းနှင့် နတ်ကိုင်ခြင်း၊ ဖျားနာခြင်းဆိုသော ကြားဖူးနားဝဇာတ်လမ်းတွေကို လက်တွေ့ပြနေသလိုရှိသည်။ တခါမှ မမြင်ဖူးသော နတ်စိမ်းဆိုတာနှင့် ဆက်စပ်နေသော ထိုအရာများ သည် ကလေးတယောက် အတွက်ကြောက်စရာလည်း ကောင်းပြီး စိတ်ဝင်စားစရာလည်း ကောင်းသည်။
ကျမတို့၏ ကလေးဘ၀သည် တနည်းအားဖြင့် စိတ်လှုပ်ရှားစရာတွေနှင့် ကြွယ်ဝပြည်စုံခဲ့သည်။ ရေနံချောင်းမြို့၏ ရေနံငွေ့လွှမ်း နေသော ခြောက်သွေ့သည့် တောင်ကုန်းလမ်တွေမှာရေနံမြေသပိတ်၏ အငွေ့အသက်များကိုမြင်တွေ့ရှူရှိုက်ရသည်။ စတုတ္ထတန်းမှာ ရေနံမြေသပိတ်သမိုင်းကို ကျက်မှတ်စဉ်က သိခဲ့သည့်သခင် ဖိုးလှကြီးဆိုတာသည် တက္ကသိုလ်ဘုန်းနိုင်၏ ကမ္ဘာကုန်ကျယ်သရွေ့ ၀ယ်ဝတ္ထုကို ဖတ်ပြီးတော့တော်တော် ရုပ်လုံးကြွလာ၏။ ရေနံချောင်းမြို့မှာရှိသည့် သခင်ဖိုးလှကြီးလမ်းသည် ကျမတို့အိမ်နှင့် တော် တော်ဝေးသော် လည်းထိုလမ်းကို ကျမတို့ညီအမ စူးစမ်းရှာဖွေ လျှောက်လှမ်းကြသည်။ ဟောဒီလမ်းဟာ ရေနံမြေသပိတ်တပ်သားတွေ လျှောက်လှမ်းခဲ့ တဲ့လမ်းပေါ့။ ကျမတို့ခြေဖ၀ါးအောက်က ကျောက်စရစ်လွှမ်းသော ကတ္တရာလမ်းဟောင်းသည် သမိုင်းဖြစ်ရပ်မှန်တွေကို ကျမတို့အား ပုံပြင်အဖြစ် ပြောပြနေခဲ့သည်။
စွန့်စားခန်းပုံပြင် ၀တ္ထုတွေကို ကလေးတွေနှစ်သက်သည်။ ပတ်ဝန်ကျင်မှာ လူကြီးထိန်ကွပ်မှု စောင့်ကြည့်မှုမပါဘဲ ကိုယ်ချည်းပဲ လှုပ် ရှား ဆောင်ရွက်ရသည်ကို ကလေးတွေရင်ခုန်မက်မော၏။ နယ်က ကလေးတွေ၊ သဘာဝနှင့်ထိစပ်သော ကလေးတွေက သဘာ ၀တောအုပ်တွေဆီ မြစ်ကူးချောင်းခြား ကျွန်းတွေဆီ သွားချင်သည်။ လိပ်ပြာလေးတွေ ခူကောင်လေးတွေကို မြင်ချင်သည်။ ပုဇင်းတွေ ကို ဖမ်းချင်သည်။ ကျမ၏တူလေး တူမလေးတွေသည် မြို့ပြမှာနေတာမို့ သဘာဝတောအုပ်နှင့် ဝေးသည့်အခါ သူတို့အတွက် စွန့် စားခန်းက တမျိုးတဖုံရှိ၏။ သူတို့ကို မိဘက၀ယ်ပေးသည့် စက်ဘီးနှစ်မျိုးရှိသည်။ တခုကဖိုက်ဘာခုံတွေနှင့် သုံးဘီးစက်ဘီး လှလှ လေး။ နောက်တ ခုက ခပ်မြင့်မြင့် နှစ်ဘီး စက်ဘီးလေး။ အစ်မက ထိုနှစ်ဘီးလေးဖြင့် ရပ်ကွက်ထဲမှာ လျှောက်နင်းရတာပျော်ရွှင်သည်။ မောင်လေးက သုံးဘီးစက်ဘီးလေးဖြင့် အိမ်ရှေ့လမ်းတလျှာက် ခေါက်တုန့်ခေါက်ပြန်နင်းရသည်ကို ပျော်ရွင်သည်။ ရာသီဥတုသာယာ သည့် ညနေ တိုင်းသူတို့စက်ဘီးလေး တွေဖြင့် ရက်ကွက်ကို ပတ်ကြသည်။ ပြန်လာသည့်အခါ သူတို့လမ်းမှာကြုံတွေ့ခဲ့ရသည့် ခွေးတွေ၊ ဘဲငန်းတွေ၊ အခြားလူတွေ အကြောင်း ပြောပြကြသည်။
"သားသားရှေ့မှာ ခွေးအကြီးကြီးက သားသားကိုစိုက်ကြည့်နေတာ၊ သားသားစက်ဘီးကို မရပ်ဘဲတအားနင်းပြီး သူ့ရှေ့ကနေ ပြေးလာ ခဲ့ရတာပေါ့ မောလိုက်တာ" ရင်တဆတ်ဆတ်ခုန်နေဆဲ မျက်နှာထားနှင့် ရေအိုးမှရေကို အမောတကော သောက်နေသည့် ကလေးငယ် သည် တက်ကြွရွှင်လန်းမှုအပြည့်။ နောက်တနေ့တွင် ထိုလမ်းသို့ ထပ်သွားရန်အဆင်သင့်။
သူတို့ကို စွန့်စားမှုအတွက်လွတ်လပ်ခွင့် ပေးသည့်အခါ ကလေးတွေ၏ အသက်အန္တရယ်ကို ကျမတို့ထည့်မစဉ်းစားသင့်ဘူးလား။ စဉ်းစားပေးသင့်တာပေါ့။ ကျမတို့ ခဏခဏကြံဖူးနေသည့် ကြေကွဲစရာ၊ ထိန့်လန့်စရာ ဇာတ်လမ်းမှန်တွေရှိသည်။ ကလေးတွေကို ဖမ်းဆီးခေါ်သွားပြီး လျှာကိုဖြတ်ပစ်တာတို့ သူတောင်းစားလုပ်ခိုင်းတာတို့က ဆိုတုန်းကတည်းက ဖြစ်ရပ်တွေ။ ယခုအခါ ကလေးငယ် တွေသည် အမျိုးမျိုးအမြတ်ထုတ်ခံနေရသည်။ သူတို့၏ လုပ်အားသာမက လိင်ဆက်ဆံခြင်းဖြင့်ပါ အမြတ်ထုတ်ခံရသည်။ ကံဆိုးမိုး မှောင်ကျပြီး အသတ်ခံရသည့် ကလေးတွေလည်းရှိခဲ့ကြ၏။
ထိုအထိတ်တလန့် ကြေကွဲစရာ ဇာတ်လမ်းမှန်တို့သည် ဟိုတုန်းကထက် ယခုခေတ်မှာအရေအတွက် ပိုလာသလား။ အမေရိကန်ပြည် ထောင်စုမှာ ၁၉၉၉ ခုနှစ်တုန်းက ကလေးတွေကို ဖမ်းဆီးသွားသည့်အမှုပေါင်း ၁၁၅ ခုရှိခဲ့သည်၊ နောက်နှစ်တွေမှာလည်း ထိုအရေအ တွက်သည် သိသိသာသာတိုးလာသည်ဟု မဟုတ်ဘဲ ထိုအရေအတွက် ပတ်ဝန်ကျင်မှာတော့ ရှိနေတာပဲတဲ့။ ဆိုလိုတာက ကလေးတ ယောက်အတွက် ဖြစ်နိုင်ချေအန္တရာယ်သည် ပိုလာခြင်းလျော့လာခြင်းမရှိ။ လိုအပ်သည်ထက်ပိုပြီး ကာကွယ်ပေးထားသည့်တိုင်အောင် ကလေးတို့၏ အန္တရာယ်ဖြစ်နိုင်ချေက လျော့နည်းမသွားခဲ့။ ကလေးတို့မှာသာ ပိုပိုသာသာတင်းကျပ် ကာကွယ်ထားခံရသည့် အတွက် ကလေးဘ၀ စွန့်စားမှုတွေ ရင်ခုန်မှုတွေနှင့်ဝေးရသည်။
ယခုခေတ်မှ ကလေးတွေကိုအိမ်မှ ကျောင်းအထိလူကြီးက လိုက်ပို့ပေး၊ ထမင်းကို ကျောင်းအထိလိုက်ပြီးကျွေး၊ အပြန်တွင် လူကြီးက ကျောင်းအပြင်ကနေ စောင့်ကြို၊ အိမ်ပြန်။ ဒါက ကလေးကိုအန္တရာယ် အပေါင်းမှကြိုတင်ကာကွယ်ပေးခြင်းဖြစ်သည်။ ကလေးကို ရွှေ ပေး မဆင်ရဟူသော ကာကွယ်တားမြစ်မှုသည် ထိုကြေကွဲစရာဇာတ်လမ်းတွေမှ ကာကွယ်ဖို့ဖြစ်သည်။ ရွှေသည် လူတို့အတွက် မက် မောစ ရာမို့ ရွှေကိုလိုချင်ပြီး ကလေးကို တခုခုအန္တရာယ်ပြုမှာ စိုးရိမ်လို့ဖြစ်သည်။ သို့သော်ရွှေမပါဘဲလည်း ကလေးတို့သည် အန္တ ရာယ်တော့ရှိ နေတာတော့အမှန်ပါ။ အန္တရာယ်ရှိလို့ထိန်ချုပ် ကာကွယ်ပေးတာက လမ်းမှန်းပါတယ်။ သို့သော် တဖက်မှာက ကလေး တို့အတွက်ကိုယ်တိုင် စူးစမ်းရှာဖွေထုတ်ဖော်မည့် မြေပုံတွေ၊ ရတနာသိုက်တွေ၊ ခရီးစဉ်သေးသေးလေးတွေ၊ လမ်းခရီးမှာတွေ့ရမည့် သူငယ်ချင်းသစ်တွေ ပျောက်ကွယ်ကုန်ရသည်။
ကလေးတို့သည် ပထ၀ီကို စိတ်ဝင်စားဖို့လိုအပ်၏။ ကိုယ့်ဒေသပတ်ဝန်ကျင်ကို ပြောပြသော ဒေသန္တရ ပထ၀ီထိုမှစပြီး ပထ၀ီကိုစိတ်ပါ ၀င်စားကြသည်။ ကိုယ့်ဘေးမှာ တောင်ကုန်းရှိသလား၊ ကိုယ့်ဘေးမှာမြစ်ကြီးတစင်းရှိသလား၊ သဲသောင်တွေရှိသလား၊ မြစ်ထဲမှာ ငါးတွေ ရှိသလား၊ တံငါသည်တွေ ငါးဖမ်းကြသလား၊ ထိုမြစ်က ဘယ်မြို့ကနေလာပြီး ဘယ်မြို့ဆီသို့ ဆက်သွားသလဲ။ ကလေးတွေ သည်တိရစ္ဆာန်လေး တွေကိုစိတ်ဝင်စား၏။ ရန်ကုန်လိုမြို့ကြီးမှာ တိုက်ခန်းအလုံပိတ်၊ ခြံတံတိုင်းအလုံပိတ်ထဲတွင် နေထိုင်ကြရသော ကလေးတို့သည် တိရစ္ဆာန်ဥယျာဉ်သို့ သွားလျင် ပျော်ရွှင်ကြသည်။ အသေးဆုံးပူးလေးတွေ၊ ကြက်တူရွေးလေးတွေ၊ ယုန်လေးတွေကအ စ ဆင်ကြီးတွေအထိ သူတို့ရင်ခုန်လို့မပြီးတော့ပေ။ တနေ့တနေ့ ကျောင်းသွားကျောင်းပြန် ကားပေါ်ကမဆင်းရသော သူတို့လေးတွေ သည် တိရစ္ဆာန်ဥယျာဉ်ထဲတွင် တောင်ကုန်းတွေလည်း တက်ကြွစွာ ပြေးတက်ပြေးဆင်း၏။ သူတို့အတွက်စွန့်စားခန်းသည် လူကြီးတွေ တော့ပါနေသေးတာမို့ ပုံပြင်တွေထဲကလို အပြည့်အ၀တော့မဟုတ်။ သို့သော် ကလေးတွေချည်း အုပ်စုဖွဲ့ကစားရ၊ စွန့်စားရသည့် အရသာကို မသိနိုင်သည့် ကလေးများအတွက် အဲသည်လောက်ကကိုပဲ တော်တော်ဟုတ်နေပါသည်။
စာဖတ်တတ်သည့် အရွယ်ရောက်လာတော့စာထဲကနေ စူးစမ်းရှာဖွေမှုနှင့် စွန့်စားမှုကိုဖတ်ပြီး နှစ်သိမ့်ကြရသည်။ ကဗျာတွေပုံပြင်တွေ မင်းသုဝဏ်၏ ကဗျာတွေက အသံလည်းချိုပြီး သဘာဝ ၀န်းကျင်ကိုလည်း ကလေးတို့ရင်းနှီးကျွမ်းဝင်အောင် မိတ်ဆက်ပေးသည်။ တခါ တုန်က ပြင်သစ်ယဉ်ကျေးမှုဌာန အကြီးအကဲအရာရှိတယောက်၏ ညစာစားပွဲတွင် မိမိအတွက် ပထမဆုံးစွဲမက်ရသည့် ကလေးဘ၀ ကဗျာတွေအကြောင်း နိုင်ငံစုံ ပြောဖြစ်ကြသည့် အခါကျမရွတ်ပြခဲ့သည့် ကဗျာကလယ်စောင့်တဲ ကဗျာဖြစ်သည်။
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။
မိုးထဲလေတဲတွင် ရေလွှမ်းနေသည့် ခြေတံရှည်ရှည် ချစ်စရာလယ်စောင့်တဲ လေးတခု၊ သူ့ဘေးက ရေထဲမှာကြာပွင့်တွေက အနီနှင့် အဖြူ။
ကလေးတယောက်ကို သဘာဝပတ်ဝန်းကျင်နှင့် မိတ်ဆက်ပေးလိုက်သည့်ကဗျာ။ ထိုကဗျာကိုဖတ်ပြီး ကလေး၏အတွေးထဲတွင် ပုံဖော် ကြည့်လိမ့်မည်။ ဘာများကွာခြားမလဲ။ ကျမတို့ငပုတော မြို့နယ်ကြာကွင်းကျေးရွာရှိ ကန်သုံးဆယ် ကြာကွင်းမူလတန်းကျောင်းတွင် ကလေးများအတွက် ပြပွဲ၊ ပြိုင်ပွဲနှင့် စာဖတ်ပွဲများလုပ်ပေးစဉ်က မင်းသုဝဏ်၏ကဗျာနှစ်ပုဒ်ကို သရုပ်ဖော်ပန်းချီ ရေးဆွဲသည့်ပြိုင်ပွဲ ထည့် သွင်းခဲ့သည်။ ပထမရက်မှာ လယ်စောင့်တဲ၊ နောက်တရက်မှာ ၀င်္ကပါဖြစ်သည်။ အံ့သြစရာပင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလေးတို့သည် ထိုကဗျာနှစ်ပုဒ်ကို တထိုင်တည်းနှင့်ပန်းချီရေးဆွဲ သရုပ်ဖော်ကြသည်။ ဒုတိယတပုဒ်က ပိုခက်သည်။
အေးရပ်သာတဲ့ ပညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း၊
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုံစီ
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း။
သူတို့ကို ရှင်းပြပေးရတာက ဒိုးယိုစီးတဲ့ ဆိုသည့်စကားပဲ ဖြစ်သည်။ နဒီဆိုတာမြစ်ဟု တော်တော်များများသိနေခဲ့ကြသည်။ ကံကော်ပင် ကိုမမြင်ဖူးဘူးဆိုသည့် ထိုမြစ်ဝကျွန်းပေါ်ကလေးတချို့အတွက် ကံကောင်းတာက သူတို့ကျောင်းမှာ သူတို့ပန်းချီရေးဆွဲ ဖို့ချထားသည့် ထိုင်ခုံတွေကို အရိပ်ပေးနေသည့် အပင်ကြီးသည် ကံကော်ပင်ဖြစ်နေခဲ့သည်။ ဟောဒါ ကံကော်ပင်ပေါ့ဟု သူတို့ဆရာမက ပြောပြလို့ သူတို့သိရတော့ ရယ်မောကြပါသည်။ ကံကော်ပွင့်တွေကိုတော့ အ၀ါရောင်ဝတ်မှုံလေးတွေ နှင့် ရေးဆွဲတတ်ကြ၏။ သူတို့ကို ပန်းချီဆု ပေးဖို့ ကျမတို့အုပ်စုတွင် ပန်ချီဆရာတယေက်မှ မပါ။ ဆုရွေးချယ်ဖို့ အတွက် အခွင့်မရှိ။ အတန်းလိုက်သူတို့ယှဉ်ပြိုင် စဉ်က ဆုရွေးချယ် ပေးခဲ့သည့် ပန်းချီဆရာ ကာတွန်းဆရာ ကိုဇော်မောင်၏ ဆုရွေးချယ်ခြင်းဆိုင်ရာ လမ်းညွှန်မှုကို လိုက်နာပြီး ဆုပေးခဲ့ရပါသည်။
အဲလစ်စ်နှင့် အံဖွယ်ကမ္ဘာ စသည့်နိုင်ငံခြားမူရင်း စာအုပ်တွေကို လက်လှမ်းမမီနိုင်သေးသည့် ကလေးတို့အတွက် ကာတွန့်အောင်ရှိန်၏ ကလေးဇာတ်လိုက်တွေပါဝင်သည့် ကာတွန့်တွေရှိသည်။ အဲသည်မှာ တဆင့်တက်တော့ ဂရင်းညီနောင်၏ ပုံပြင်တွေရှိသည်။ ၀တ္ထုဖတ် နိုင်သည့်အရွယ်ရောက်တော့ ရွှေဥဒေါင်း၏ ၀တ္ထုတွေရှိသည်။ ဆယ်ကျော်သက်သို့ပြောင်းကာစ ကလေးတို့ မိန်းခလေးရော၊ ယောက်ျား လေးပါအလွန်နှစ်သက်သည်။ ယောက်ျားလေးတွေအဖို့တော့ အတိုင်းထက်အလွန်ပေါ့။ ဒဂုန်ရွှေမျှား၏ ဘာသာပြန်စွန့်စားခန်းဝတ္ထု တွေကိုလည်း ကလေးတွေနှစ်သက်ကြ၏။ ကျမဆယ်ကျော်သက် ကလေးတွေကိုတွေ့သည့်အခါ ဘာစာအုပ်တွေကြိုက်လဲဟု မေးတိုင်း ရွှေဥဒေါင်းနှင့် ဒဂုန်ရွှေမျှား ပါဝင်တတ်သည်ကို သတိထားမိသည်။ ကျမကိုယ်တိုင် ရွှေဥဒေါင်း၏ ရှုပနန္ဒီ ကိုစွဲစွဲမက်မက် ဖတ်ခဲ့ရ သည်ကို သတိရမိပါသည်။ ကလေးတို့၏ စူးစမ်းရှာဖွေစွန့်စားချင်သည့် သဘာဝစိတ်ဆန္ဒကို ထိုစာအုပ်များ၏ ရသက ဖြည့်စွမ်းပေး သည်။ စာအုပ်တို့သည် သူတို့အတွက်စိတ်ဖြင့် ခရီးနှင်စရာယာဉ်တွေဖြစ်သည်။
ကျမဘ၀တွင် ပထမဆုံးဖတ်ခဲ့ရသည့် ဓူဝံ၏မာလာဝတ္ထုတိုကို ကျမအခုချိန်အထိ မမေ့တော့ပါ။ အဲသည်အထဲကဖိုခနောက်ဆိုင် တိုင်း ပြည်သုံးခု ကြားကတောအုပ်ကြီးသည် တော်လှန်ရေးသမား သူရဲကောင်း ဗိုလ်နန္ဒ အခြေစိုက်ရာနယ်မြေဖြစ်သည်။ မတရားတာကို လက်ပိုက်ကြည့်မနေဘဲ အသက်နှင့်ရင်းပြီး ကူညီဖြေရှင်းပေးသော သူရဲကောင်းသည် ကျမအတွက် လေးစားအထင်ကြီးစရာပေါ့။ ည သန်းခေါင်တွင် ဘီလူးစားခံရတတ်လို့ မသွားရဲကြသည့် တောင်ခြေတခုဆီက လျှို့ဝှက်ချက်ကို ထုတ်ဖော်သည့် ထိုသူရဲကောင်း၏ ဆောင်ရွက်ချက်များ၊ သူဖမ်းဆီးရမည့် ဘုရင်မကို မဖမ်းဆီးရုံတွင်မကနိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စစ်အင်အားကြီးမားအောင်ပင် သူက ကူညီလိုက်သေးသည်။ ထိုဘုရင်မနှင့် သူရဲကောင်းကြားက ဖွင့်မပြောလဲ သိနေသည့်ချစ်ခြင်းမေတ္တာ၊ နောက်ဆုံးသူ့ကတိကို ထိန်းချုပ် ပြီး သူ့အသက်ကို ဓားစာခံသူ့တပည့် နောက်လိုက် လူကိုးယောက်အသက်နှင့် လဲယူဖို့သာယာရွှေပြည် ဘုရင်ကြီးဆီသို့ တဦးတည်း တိတ်တဆိတ်ပြန်အသွား၊ ဘုရင်မကလဲ သူရဲကောင်းမရှိသည်ကို သိသည့်အခါထိုနိုင်ငံသို့ လိုက်သွားပြီး၊ သူ့ကိုယ်သူအပ်နှင်းလျက် ဗိုလ်နန္ဒအတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းသည့်အချိန်၊ ထိုဇာတ်သိမ်းခန်းသည် ဇာတ်၏အထွဋ်အထိပ် ဖြစ်သည်။
သူတို့ဆီက ဟယ်ရီပေါ်တာ ၀တ္ထုတွေအရှိန်အဟုန်ဖြင့် လူကြိုက်များသည်မှာ ကလေးတို့ကိုယ်တိုင်ပါဝင် လှုပ်ရှားသည့် လျှို့ဝှက်ဆန်း ကြယ်စွန့်စားမှု အခြေခံ ဇာတ်လမ်းများဖြစ်လို့ နေမှာပါ။ ကလေးတွေချည်းလူကြီး အကူအညီသိပ်မပါဘဲ အန္တရယ်ဆိုးတွေနှင့်ကြုံ၊ ကလေးတို့၏ ကြံရည်ဖန်ရည် စွမ်းရည်တွေနှင့်ပဲ အဲသည်ကနေလွတ်မြောက်၊ ဘယ်လောက်ကျေနပ်အားရစရာ ကောင်းလိုက်ပါသလဲ။
အခုခေတ်မှာ အများအားဖြင့်တွေ့ရသည့် ကလေးတို့၏စွန့်စားမှုက ဂိမ်းတွေပဲ ဖြစ်သည်။ ဂိမ်းထဲမှာ သေနတ်ပစ်သည်။ ဂိမ်းထဲမှာဗုံး ဖောက်ခွဲသည်။ ဂိမ်းထဲမှာမြေလျှိုးမိုးပျံသည်။ ကျမတူအငယ်လေးတယောက် ဆော့သည့် ဂိမ်းမှာတော့ ဇာတ်လိုက်က သူ့လိုအရွယ် ကောင်လေး။ နွားခြံထဲမှာ နွားနို့ညှစ်တာလည်းပါ၏။ ကျမသဘောကျစွာ ပြုံးရယ်မိသည်။ သူ့ဘ၀မှာနွားကို သေသေချာချာကိုင်မ ကြည့်ဖူးတာကျမသိသည်။ နွားနို့ညှစ်ဖို့တော့ ဝေးလေစွ။ ဒါပေမယ့် ဂိမ်းထဲမှာနွားနို့ညှစ်သည်ဆိုတော့ ဒါလည်းတမျိုးတော့ စိတ်ဖြေရာ ရတာပေါ့လေ။ သို့သော် သူတို့တကယ်ကြုံတွေ့ရသည်က အလင်းရောင်တွေ ပုံရိပ်တွေပါ။ ဘယ်မှာလဲ နွား၊ ဘယ်မှာလဲ နွား၏ အမွှေးနု နုလေးတွေ၊ ဘယ်မှာလဲ နွားစာခွက်၏ ကောက်ရိုးရနံ၊ ဘယ်မှာလဲ နွားချေးနံ။
ကလေးတွေ သွားရင်းလာရင်း သစ်ပင်တွေကိုကြည့်ရမြင်ရသည် ဆိုလျှင်လည်းဒါက ကားမှန်ပြတင်းမှ တဆင့်မြင်ရသည့် မြင်ကွင်း တွေ၊ သစ်ရွက်စိမ်းစိမ်း ပန်းမွှေးမွှေးကို လက်ဖြင့်ထိတို့ကြည့်ရတာမဟုတ်။ လိပ်ပြာလေးတွေ ပုဇဉ်းလေးတွေ တီကောင်တွေကို လက် ဖြင့်ထိ ကိုင်ကြည့်ရတာမဟုတ်။ သူတို့လမ်းလျှောက်ရသည့် မြေက သူတို့အိမ်ရှေ့တိုက်ခန်းရှေ့က မြေသာလျှင်ဖြစ်သည်။ စက်ဘီးလေး သော်မှ စီးခွင့်မရှိ။ ကံကောင်းလို့ ခြံဝင်းကျယ်ကျယ် ရှိသူကတော့ စက်ဘီးစီးခွင့် ရှိတာပေါ့။ သာမန်ကျမတို့လို ကန်ထရိုက်တိုက်တွေမှာ နေရသည့်ကလေးတွေ ဘယ်နေရာသွားပြီး စက်ဘီးစီးမလဲ။ ဘောလုံးကန်သည့် ကွင်းမရှိ၊ ကြက်တောင်ရိုက်သည့် ကွင်းမရှိ၊ ပန်းခြံ တောင် ကျမတို့နားမှာမရှိတော့ပါဘူး။ စိမ်းလန်းသည့်နေရာ လိုအပ်သည်။ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှု လိုအပ်သည်။ စွန့်စားရင် ခုန်မှုကို ကလေးတွေသိဖိုလိုသည်။ ပျော်ရွှင်မှုသာမက နာကျင်မှုကိုလည်း ကလေးတွေသိသင့် သည်ဟုဆိုလျှင် လက်ခံနိုင်ကြပါ့မလား။
လိုအပ်သည်ထက်ပိုပြီး အတင်းကာရောအကာအကွယ်တွေ ပေးခံနေရသည့် ကလေးတို့သည် ဘ၀အတွက် လိုအပ်သည့်သတ္တိတွေ ဘယ်ကရမလဲ၊ ဖြောင့်မှန်ပြီး အားနည်းသူကို ဖိနှိပ်ခံလူကို ကူညီကယ်တင်ပေးဖို့ အမှန်တရားအတွက် စွန့်စားလိုစိတ်တွေ၊ တွန်းအား တွေကိုဘယ်က ရနိုင်ပါ့မလဲ။ အနည်းဆုံးသူတို့၏ မျိုးဆက်အနာဂတ်ကလေးတွေ စွန့်စားမှု၏ အရသာကိုသိအောင် ပြောပြဖို့ ပုံပြင်တွေ ဖန်တီးပေးဖို့ အနုပညာကိုရော သူတို့ဘယ်က ရနိုင်လေမလဲ။
ဂျူး
ကလျာ မဂ္ဂဇင်း အောက်တိုဘာ ၂၀၀၉
Share:
မဟူရာကောင်းကင်အတွက် ရွှေရောင်ချည်တမ်းချင်း
မဟူရာကောင်းကင်အတွက်
ရွှေရောင်ချည်တမ်းချင်း
သန်းကောင်ထက်တော့
ညဉ့်မနက်ပါဘူးတဲ့
ဆိုရိုးစကားထားခဲ့ငြားလည်း
ဒို့ တိုင်းရွှေပြည်တော်မှာတော့
သန်းခေါင်ထက်နက်တဲ့ ညဉ့်ရောင်က
ပိန်းပိတ်အောင်မှောင်လို့
ကြယ်ရောင်လဲမရှိ
လရောင်နတ္တိနဲ့ပေါ့ ၊။
တခါ တခါ
လင်းကနဲ လက်ကနဲ
အလင်းမွဲမွဲလေးမြင်မိလို့
မျှော်လင့်တကြီး
အနားတိုးကြည့်မိတော့
တွေ့ ဆုံဆွေးနွေုးရေးအတွက်
တွေ့ဆုံ ဆွေးနွေးပေးမယ့်
ပိုးစုန်းကြူးလေးတွေပဲ ။
အဲဒါကလည်း
မှိတ်တခါ ပျောက်တလှည့်
ဖမ်းရခက် ဆုပ်ရခက်ပါဘိနဲ့
ဝမ်းနည်းရမလို ၀မ်းသာရမလို
အမျိုးမျိုး အမူပိုလို့  ။
တိုင်းဝေးပြည်ခြားက
ဒုက္ခသည် ဒို့ပြည်သားတွေမှာတော့
ဆူးကြားထဲက ဘူးခါးများလို
ရှေ့တိုးလို့လဲ နေရဘို့မမျှော်ရဲ
နောက်ဆုတ်လို့လဲ ပြန်ရမှာ မ၀ံ့မရဲနဲ့မို့
သန်းကောင်ထက်နက်တဲ့ ညဉ့်ယံတွေမှာ
အာရုဏ်ဉီးရဲ့ရှေ့ပြေး
ရောင်ချည်မျှင် ခပ်ရေးရေးပဲဖြစ်ဖြစ်
တောင့်တောင့်တတ
မြင်ခွင့်ရချင်ပါရဲ့
ချစ်စွာသော အို ... ကောင်းကင် ။
သီတာအောင်
၉ - ၁၂ - ၂၀၀၉
Share:
ကျန်စစ်သား … ငါ့ကို ခိုးပြီ
၁။
နေ့ တွေ ညတွေ
နေတွေ လတွေ
တရွေ့ ရွေ့ တိုက်စား
လှိုက်စားလာတဲ့ ဝေဒနာမှာ
ဘာကို ယုံလို့ 
ဘာတွေ ပုံအပ်ရမှာတဲ့လဲ ။
၂။
ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်
ဟောဒီ အမှောင်ထုထဲမှာပဲ
အကြောက်တရားနဲ့ ချောက်ချားနေကြတော့မှာလား
အကြောက်တရားနဲ့  ဖောက်ပြားသွားတော့မှာလား ။
ဇာတ်တူသားစားတဲ့  လူတန်းစားတရပ်
အမြစ်ဖြတ်ဖို့ လိုပြီ ။
မာယာများတဲ့ ကစားပွဲထဲ
ကံစမ်းမဲများ ပါလေမလား
အရောင်ပြောင်းလွယ်တဲ့
ဦးဆွေးဆံမြေ့  အမှုထမ်းလိုသူများရဲ့ 
အလိုရမ္မက်ဟာ
ပြိုကွဲပျက်စီးခြင်းနဲ့  အဆုံးသတ်ရလိမ့်မယ် ။
၃။
ကံကိုယုံပြီး ဆူးပုံမနင်းနဲ့ 
ဆူးစူးတာပဲ ခံရမယ် ။
အသက်ကို ဉာဏ်စောင့်တယ်
အောင်ပွဲနဲ့ အနာဂတ်ကို အမှန်တရားစောင့်တယ်
အဲဒီကြားက မင်းစောလူးရဲ့ 
ကျန်စစ်သား ငါ့ ကို ခိုးပြီ ဆိုစကား
မင်းတို့ နှုတ်ဖျားက ထွက်ကျလာရင်
မင်းတို့ ထိုက်နဲ့  မင်းတို့ ကံ
ခွေးသေ ၀က်သေ ကျန်ခဲ့ပေတော့
အဖန်ဖန်အခါခါ ကျွန်ပြု ခံကြပေတော့ ။
၎။
အယုတ် အလတ် အမြတ် မရွေး
သမိုင်းပေးတာဝန်အရေးကို
ကိုယ့်အရေးလိုတွေး
နှစ်ထောင့်ရှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်းပေး
နှစ်ထောင့်တဆယ် ရွေးကောက်ပွဲကို
ဖျက်သိမ်းပေး
ဇျက်သိမ်းပေး ဖျက်သိမ်းပေး အရာများစွာ
ရွှေဂုံတိုင် ကြေညာစာတမ်းသာ
တတိုင်းပြည်လုံးရဲ့  အသက်ဖြစ်တယ်။
ရဲရင့်သက်ဇွဲ
၂၀၀၉ ဒီဇင်ဘာ ၁၄
Share:
၎ ကျောင်းထွက်
၎ ကျောင်းထွက်
ရဲရင့်အောင် (နယူးဒေလီ)
'ဂျိန်း' ဆိုတဲ့ တံခါးပိတ်သံကြီးဟာ ဘဝကို ထက်ပိုင်းချိုးချလိုက်သလား ထင်ရတယ်။ တကယ့်ကို သူစိမ်းဆံတယ်။ လူမှာ သိမ်ငယ်လိုက်တဲ့ဖြစ်ခြင်း။ ထောင်ဘူးဝကနေ ပုံစံခန်းထဲ မဝံ့မရဲ လျှောက်လာရတယ်။ ရှိနှင့်နေပြီးသူတွေရဲ့ စူးရဲလှတဲ့ အကြည့်တွေကို ရင်ဆိုင်နိုင်စွမ်းမရှိ။ အနားကို သွေးအေးအေးနဲ့ ဝိုင်းအုံလာတဲ့အခါ အားငယ်စိတ်နဲ့ နှလုံးခုန်နှုန်းဟာ အမြင့်ဆုံးဆီ ခုန်တက်သွားတာ။ ရင်ထဲမှာ ကတုန်ကရင်ဖြစ်လာလို့ တကိုယ်လုံး နတ်ပူးသလိုလို တုန်ရင်လှိုက်မောလာတယ်။ လှောင်ချိုင့်ထဲက ငရဲသားတွေက စားတော့ဝါးတော့မတတ်။ ဒီလိုအဖြစ် မကြုံဖူးခဲ့။
'ဟဲ့ကောင် … လေးဖက်ကုန်းလျှောက်' ။ ကြမ်းပြင်ထက် လက်နှစ်ဖက်နဲ့ ဒူးထောက်ရတယ်။ အလျား ပေ ၃ဝ လောက်ရှိတဲ့ အခန်းနံရံနှစ်ဖက်ကို ဦးခေါင်းနဲ့ ခေါက်တုံ့ခေါက်ပြန်တိုက်ပြီးတဲ့အခါ အခန်းထဲမှာ ပါဝါအာဏာ အရှိဆုံး တန်းစီးနဲ့ စည်းကမ်းထိန်းဆီ ပြားပြားဝပ် အခစားဝင်ရတယ်။ ကျေးတော်မျိုး ကျွန်တော်မျိုး ဖြစ်ကရော့ပဲ။ 'ပုံစံထိုင်' ဆိုတဲ့ အသံကြီး ထွက်လာတယ်။ အနေအထိုင် မတတ်တော့ ထွားကျိုင်းတုတ်ခိုင်တဲ့ မိုက်ခဲတွေရဲ့ ခြေဖနောင့်နဲ့ လက်သီးလက်ဝါးတွေက ပြင်းအားကောင်း မိုးသီးတွေပမာ ဆင်းချလာတယ်။ နားအုံထဲ မိုးကြိုးတွေ ပစ်၊ ရင်ဝမှာ မိုးကြိုးသွားတွေ စူးနစ်နဲ့ ခန္ဓာကိုယ်တခုလုံး ထောင်းထောင်းညက်ခြေ ခံရလေပြီ။
တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို ဦးချိုး၊ ချိုချိုးလုပ်ပြီးမှ ပုံစံပြတန်းစီးက ပုံစံတွေ ပြပေးတာပါ။ အထိုင်အထ ပုံစံကျရမယ်၊ ဆက်ဆံပုံ ဆက်ဆံနည်း မှန်ကန်ရမယ်။ ဒီ့နောက် ပါဝါရှင်နှစ်ယောက်ဆီ မော်ပင်မကြည့်ရဲတဲ့ သိုးသူငယ်လို ခယရတယ်။ မေးသမျှ ဖြေပေတော့ … ပြောသမျှ နာခံပေတော့။
'အပြင်မှာ မင်းဟာ ဝန်ကြီးသားပဲဖြစ်ဖြစ်၊ မြို့တော်ဝင်ပဲဖြစ်ဖြစ်၊ ဘာကောင်ပဲဖြစ်ဖြစ် ဒီထဲကို ဝင်လာကတည်းက ဘူးဝဆိုတဲ့ အဝင်ပေါက်မှာ အားလုံးထားခဲ့ရမယ်' တဲ့။ (ဒီစကားက အာပလာဆိုတာ နောက်ပိုင်းမှ သိရတာပါ။ လူတိုင်းအတွက် မဟုတ်ပါဘူး။ ပုံစံကြည့်ပြီး ဟိန်းဟောက်ခြိမ်းခြောက်တာပါ။) ကိုယ်ကလည်း အကောင်ကြီးကြီး အမြီးရှည်ရှည် မဟုတ်။ သာမန်လူလို့ ဆိုလိုက်ရင်ကို လုံလောက်ပါရဲ့။ အထူးအခြား မရှိ။ စားဝတ်နေရေး မလောက်င၊ ကြံရာ မရရာမှ မူးယစ်ဆေးဝါး အရောင်းအဝယ်နဲ့ ငြိပြီး ဝင်ရတာ။ ထောင်အဝင်မှာ ငုတ်တုတ်ထိုင် စစ်ဆေးခံရ၊ အမည် နေရပ်လိပ်စာ အမှု ရေးမှတ်၊ ထောင်ဝင်နံပါတ်ပေးပြီး အကျဉ်းဆောင်ထဲ မဝင်ရခင် ပုံစံခန်းမှာ ပုံစံပေးလိုက်တာပါပဲ။ ပွဲဦးထွက် ကြိုဆိုဧည့်ခံပုံက အတော်ယဉ်လှသကိုး။
စီရင်ချက်ချပြီး အကျဉ်းသားတွေနဲ့ တရားဆိုင် အချုပ်သားတွေ အဆောင်ထဲမှာ ရှိတယ်။ အဆောင်တွေထဲ ဝင်ဖို့အရေး ဝင်ကြေးက စလာတယ်။ နေရာတွေက ခွဲခြားထားလို့ စိတ်ကြိုက်နေရာရဖို့ ငွေထိုးနိုင်တယ်။ ညကင်းမစောင့်ချင်ရင်၊ ကြမ်းမတိုက်ချင်ရင်၊ မိလ္လာမထမ်းချင်ရင်၊ စိုက်ခင်းမှာ လုပ်ချင်ရင်၊ စားဖိုမှာ ကျချင်ရင် … ချင်ရင်၊ မချင်ရင်တွေ အများသား။ ဘာအတွက် ဘယ်လောက်ဆိုတာ ဈေးနှုန်းရှိပြီးသား။ ဈေးဆစ်ဖို့ မစဉ်းစားနဲ့၊ မရရေးချ မရ။ အပြတ် ဈေးကိုင်တာ။ အဲလိုဆက်ကြေးတွေကို အချုပ်ကင်းကျ ကင်းမှူးတွေကို ခွဲတမ်းပေးရတယ်။ မပေးလို့ကတော့ နောက်ထပ်အချုပ်သားတွေကို တခြားအခန်းထဲ ထည့်ပေးလိုက်မယ်။ သူ့နေရာမှာ သူ့သြဇာနဲ့သူ ရှိနေတာ။ သူ့ခွဲတမ်းနဲ့ သူ။ တန်းစီးတွေနဲ့ ကင်းမှူးတွေရဲ့ကြားက အပေးအယူ။
ဝန်ဆောင်ခကို ပေးမယ့်အကြောင်း ကတိပေးရုံနဲ့ သူတို့ဂွင်ထဲမှာ အသားမကျသေးဘူး။ အခန်းထဲရှိတဲ့ မိတ်ဆွေ နှစ်ယောက်ကို နှုတ်ဆက်ခွင့် မပေးသေးဘူး။ တံမြက်စည်း၊ ရေအိုး၊ ရေခွက်၊ စာအုပ်မှတ်တမ်းကြေးတွေနဲ့ ထောင်ဝင်စာလာရင် ကော်ဖီမစ်၊ စားသောက်စရာ၊ သကြားနဲ့ ဆေးလိပ်တွေပါ အချိုးကျ ပေးရမှာကို သဘောတူရတယ်။ ရှေ့ရေးအထိပါ ကြိုးကိုင်လိုက်တာ။ ဒီလိုမဟုတ်ရင် အခန်းထောင့်မှာ ဆီးရွက်လောက်မျက်နှာနဲ့ ထိုင်နေပေရော့။ ဒါကြောင့် ရေလာမှ ဆီလာမှာမို့ နှုတ်ကတိပေးခဲ့ရတာ။ သဒ္ဓါတရားထက် ကြီးမားတဲ့ ခန္ဓာ၊ ရက်စက်တဲ့ စိတ်ဓာတ်၊ လက်ရဲဇက်ရဲ အပြုအမူ၊ သုန်မှုန် မျက်နှာထား၊ အုပ်စုကြီးကြားမှာ အကြောက်တရား ကြီးစိုးနေလို့ပါ။ ကိုယ့်မှာ လွန်ဆန်နိုင်စွမ်းမှ မရှိတာ။ ထောင်ထဲကို ရာဇဝတ်မှုနဲ့ ပထမဆုံး စကျတုန်းကပေါ့။
ထောင်သက်တမ်း ရင့်လာတာနဲ့အမျှ ထောင်ကြောနပ်လာပြီ။ သက်သာရာ သက်သာကြောင်း ရှာဖွေလာဘ်ထိုး ရာထူးတိုးဖို့ အကြောင်းဖန်တတ်ပြီ။
''မိန်းဂျေး'' ။ မိန်းဂျေးဆိုတာက အထူးတာဝန်ယူရတဲ့၊ ထောင်ဝန်ထမ်းတွေရဲ့ ခိုင်းစေခံရတဲ့ ကျေးကျွန်တွေလို့ပဲ အဓိပ္ပာယ်ပေါက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကျွန်က အနေချောင် အစားချောင်။ ထောင်ပါးဝလာလို့ ထောင်ပိုင်၊ ထောင်မှူးကို ချဉ်းကပ်လာဘ်ထိုးပြီး မိန်းဂျေးနေရာကို အရယူတယ်။ အဆောင်တိုင်းနဲ့ ထောင်တွင်း နေရာတကာ သွားလာနိုင်တဲ့ အခွင့်အရေး ရတယ်။ အကျဉ်းအကျပ်ထဲမှာမို့ အတော်ပဲ လွတ်လပ်လှပါ့။ ဒါတင် ဘယ်ကမလဲ၊ မျိုးမျိုးမျက်မျက်လေးတွေလည်း ရှိမှ ရှိ။
အကျဉ်းသားတွေကို ထောင်ဝင်စာ လာတွေ့ရင် အဝင်အထွက်စစ်၊ တွေ့ဆုံချိန် တင်းကျပ်ထားတာ လျှော့ပေါ့ပေး၊ ပစ္စည်းသွင်းတာတွေ ကြီးကြပ်၊ အဆောင်တွင်း ဖောက်ခွဲမှု မရှိစေဖို့ လှည့်ပတ်စုံစမ်း၊ ပြင်ပက ဝယ်ချင်တာရှိရင် အကျိုးဆောင်နဲ့၊ အလုပ်ကို ဖြစ်လို့။ သိတယ်မလား၊ ရေမလာရင်တော့ ဆီဘယ်ပေးမလဲ။
ထောင်ရဲက ခေါ်ရင် 'ရှိ' ခနဲ ချက်ချင်းဖြေဖို့၊ အသံကျယ်ဖို့၊ လေသံမှန်ဖို့၊ မျက်နှာပေးကောင်းဖို့၊ အပြေးလေးသွားဖို့၊ အကြိုက်ဆောင်ဖို့ အသားကျလာတယ်။ အမည်၊ အဆောင်၊ အခန်း၊ ထောင်ဝင်နံပါတ်ပါ ထောင်ဝင်စာ ပြေစာ ဖြတ်ပိုင်းတွေယူပြီး အကျဉ်းသားတွေကို သတင်းပို့၊ ထောင်ဝတ်စုံ ဝတ်ခိုင်း၊ ပုံစံ ထိုင်ခိုင်း၊ စစ်ဆေး၊ ထောင်ဝင်စာ တွေ့ဆုံခန်း ခေါ်သွား၊ နေရာယူခိုင်း။ တွေ့ရတာ အချိန်နည်းလို့ အားမရသေးရင် ရဲနဲ့ ညှိပေး၊ သဘောတူရင် ငွေယူပြီး အချိန်တိုးပေးပေါ့။
ထောင်ဆေးခန်းက ပေးလေ့ရှိတဲ့ Peracetamol နဲ့ မလုံလောက်ဘူးလား။ ယားနာပျောက်ဆေး လိုချင်သလား၊ ကောင်းရာမွန်ရာ ဆေးမျိုးတွေ လိုချင်သလား၊ စာပါ ဖတ်ချင်သလား။ ရစေရမယ်။ အပြင်က မိသားစုဝင်တွေဆီ သတင်းရောက်စေရမယ်။ လာပို့ရင် အလွယ်တကူ ပေးသွင်းနိုင်တယ်။ ရဲနဲ့ စစ်ဆေးခန်းက ဝန်ထမ်းတွေအတွက် ဘာမှ မပူနဲ့။ သူ့ဟာနဲ့သူ အချိုးကျလေး ကသွားလိမ့်မယ်။ သိတဲ့အတိုင်း ရေစီးဖို့ပဲ။
ဒါတင်ဘယ်ကမလဲ။ အစားအသောက်ဆိုတာ အရေးကြီးမှကြီး။ အမဲသားကြော်၊ ငပိကြော်၊ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီ၊ ဘာဖြစ်ဖြစ် ပေးသာပေးလှည့်။ တခန်းဝင် တခန်းထွက်နဲ့ စစ်ရင်းဆေးရင်း အကျဉ်းသားဆီ ရောက်သွားလိမ့်မယ်။ ဒါပေမဲ့ ဖြတ်စားလာဘ်စားကို ကြည်ဖြူဖို့ လိုတယ်။ မကျေမချမ်းပုံစံ မျက်နှာရိပ် မျက်နှာကဲ မပြလေနဲ့။ နောက်တခါ အခွင့်အရေး ဝေလာဝေး။
မိန်းဂျေးတာဝန်ယူချိန် ထောင်ထဲကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ICRC ဝင်တာနဲ့ ကြုံရပါသေးရဲ့။ သူတို့လာမယ်ဆိုလို့ အခန်းတိုင်း သန့်ရှင်းရေးလုပ်၊ ဟောင်းနွမ်းအဝတ်အစားတွေကို အသစ်နဲ့ အစားထိုး၊ ပြီးတော့ ပုံစံထိုင်ပေါ့လေ။ ICRC က ထောင်အာဏာပိုင်တွေနဲ့အတူ သန့်ရှင်းရေး၊ ကျန်းမာရေး၊ အစားအသောက် စစ်သပေါ့။ မေးချင်တဲ့ အကျဉ်းသားကို ကောက်သာမေး။ အားလုံး အော်ဟစ်ပြောရလေ့ရှိတဲ့ 'အားလုံး … ကောင်းပါသည် ခင်ဗျား' ချည်းပဲ။ တချို့က မှန်တာပြောရင် ထောင်ဆရာဝန်က စိတ်ဖောက်ပြန်သူအဖြစ် ဆင်ခြေပေးပြီး လျှော်ပစ်မလား၊ နောက်ပိုင်းမှာ အခွင့်အရေးတွေ ဆုံးရှုံးမလား၊ တခုခုတော့ တခုခုပဲ။ ဒီ့ထက် ဆိုးမယ်ဆိုရင် အလုပ်ကြမ်းတမ်း ရဲဘက်စခန်းနဲ့ ဒုက္ခဆိုးရှာ စစ်ပေါ်တာ ဖြစ်ကရော့။ ဒါကြောင့် ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေရတယ်။ ၁၉၉၉ ခုနှစ်လောက်ကစပြီး ၆-၇ နှစ်လောက်ပဲ ICRC က နှစ်စဉ် လာဖူးတာ။ အခု မလာတော့ဘူး။
အစားအသောက်ရော ဘာထူးလဲ။ စိုက်ခင်းက ဟင်းသီးဟင်းရွက် သန်ပေ့ကောင်းပေ့ဆို ထောင်ပိုင်ထောင်မှူး အမှူးပြုပြီး၊ အဆင့်အလိုက် ခွဲတမ်းပေးဖို့ လက်မနှေးစေနဲ့။ ကျန်တာတွေကိုမှ ဧရာမ ဒန်အိုးကြီးထဲထည့်ပြီး တာလဘောဟင်း ချက်ပေတော့။ ဆီမပါပြားမပါ မည်ကာမတ္တ အသားဟင်းက တပတ် ၂ ခါ စားရတယ်။ ဓားခုတ် မညီတဲ့ အသားတောင် တယောက်ကို ၅ ကျပ်သားထက် မပိုစေဘူး။ (အခု ဘူးသီးတောင်ထောင်မှာ ၂ ကျပ်သားပဲ ရတော့မယ်လို့ ကြားရလို့ စိတ်မကောင်းဘူး။) ဆိုတော့ တပိဿာ၊ လူ ၂ဝ ခွဲတမ်း။ ထမင်း တပန်းကန်မှာ စပါးလုံးက လက်တဆုပ်စာ။ အဝင်ဆိုးသလား မမေးနဲ့။ ရွေးချင်သူ ရွေးစား၊ ဒါက အလုပ်ကြီးတလုပ် ဖြစ်လိမ့်မယ်။ ကောင်းပေ့ညွန့်ပေ့တွေ ချက်ပြီး တာဝန်ကျ ထောင်မှူးဆီ အစစ်ခံရတယ်။ အစားအသောက် ကောင်းကြောင်း မှတ်တမ်းတင်ရတယ်။ လာတာက အဲသလို။
ကျန်းမာရေး မကောင်းလို့ ဝန်ထမ်းရဲဘော်နဲ့ ထောင်မှူးကို အာပေါက်မတတ် တိုးလျှိုးတောင်းပန်ပြီးမှ ထောင်ဆေးခန်းဆီ လှမ်းတော်မူရတယ်။ အဆုံးမှာတော့ Peracetamol ပဲ။ ဒါတွေကြောင့် ထောင်ဝင်စာ၊ ထောင်ပြင်ပက ဆေးဝါး၊ အစားအသောက်နဲ့ ငွေကြေးက အတော်တန်ဖိုးရှိတယ်။ ခိုးဆိုးလုယက် သောင်းကျန်းရက်စက်သူလည်း လူပါပဲ။ ဒီအလုပ်လောက်ပဲ အားကိုးခဲ့သူမျိုးဆိုရင်တော့ ငွေကို ရရာရကြောင်း ချောင်းမြောင်းတော့တာပဲ။ ဆိုးသွမ်းပါပေ့၊ နည်းစုံလမ်းစုံ ကမ်းကုန်ပါပဲ။ လှုပ်သာလှည့်သာဖို့ ရတဲ့နည်းနဲ့ လာဘ်ထိုးလား ထိုးရရဲ့၊ ဖော်လံဖားလား ဖားရရဲ့။ အပိဆုံး အပြားဆုံး အကျဉ်းသားတွေအတွက် ထောင်ဟာ ငရဲတကာ့ ငရဲအကြီးစား။
အခွင့်ထူးခံတွေလည်း ရှိတာပါပဲ။ သူတို့ကို ထောင်ထဲမှာ သက်တောင့်သက်သာ ထားရတယ်။ ထောင်ထဲမှာပါ အပြစ်မရှိ အပြစ်ရှာခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဒါမျိုးမနေရဘူး။ ရာဇဝတ်သားလိုပဲ နေရတာ။ အခုတော့ ငါးဖယ်က ပြောင်းပြန်။ ကိုယ်လိုသူလို ရာဇဝတ်သားကို အထက်အာဏာပိုင်တွေက ပစားပေးထားတာ။ တကယ့်ကို 'ဘုရားက အောက်၊ မျောက်က အထက်'။ စစ်အာဏာပိုင်တွေနဲ့ ပေါက်ရောက်ဝင်ဆံ့ရင်၊ ချမ်းသာရင်၊ ပေးကမ်းနိုင်ရင် အဆင်ကို ပြေလို့။ အကျဉ်းသားချင်း မတူရေးချ မတူ။ ရဲတို့၊ တန်းစီးတို့တောင် မတို့ရဲ မထိရဲဘူး။ ထောင်စည်းဝိုင်းရဲ့ အတွင်းနဲ့ အပြင်ကို ဖန်ခုန်တမ်းကစားသလို တံခါးမရှိ၊ ဓားမရှိ ဝင်လိုက် ထွက်လိုက်။
'အရေးပါ အရာရောက်ပြီဟေ့' ဆိုရင် လက်ထဲက ငွေပဒေသာပင်ဟာ လှိမ့်သီးလာတာ။ ဒါကြောင့် ပြန်လွတ်မှာ စိုးရိမ်သူ၊ ထောင်မှာ ငွေရှာပြီး အိမ်ပြန်ပို့သူ၊ ရာဇဝတ်မှုလေးတွေ ထပ်လုပ်ပြီး ထောင်ထဲ ထပ်တလဲလဲ ပြန်ဝင်သူ၊ အဲသလို ထောင်ပျော်တွေ မျိုးစုံရှိတယ်။ ဝင်ငွေကောင်းမယ့် နေရာရဖို့ ကြံရဖန်ရ၊ ညစ်ပတ်ရ၊ ရက်စက်ရနဲ့မို့ ထောင်ဆိုတာ လူဆိုးကို လူကောင်းဖြစ်ဖို့ သဘောတရားနဲ့ လက်တွေ့ မပါတဲ့ နေရာ။ မလွတ်မလပ်နဲ့၊ ကျပ်တည်းကျဉ်းမြောင်းတာ မနှစ်သက်လို့ အများက နောက်တခါ ထောင်မလာချင်တာ။ ဒါပေမဲ့ လက်တွေ့မှာ ဆိုးသွမ်းဖို့အရေး ဝန်မလေးဘူး။ လူနည်းစုကို ပြောပါတယ်။ အများစုက ထောင်အတတ်တွေကို အပြင်မှာ မကျင့်သုံးဘူးလို့ ယုံပါရဲ့။
အခွင့်အရေးနဲ့ ငွေကြေး ရတက်မအေးတဲ့ ထောင်ပြင်ပ ဘဝဥခွံလေးမှာပါ အသာစီး ရရေး၊ အထက်စီး ရောက်ရေး အတွေးတွေ ပေါက်လာတယ်။ အဲဒီအတွက် ဆန္ဒအားကြီးလာတယ်။ ရိုးရိုးဖြောင့်ဖြောင့်သွားဖို့က လက်လှမ်းမမီ။ မကောင်းလိုက်တဲ့ မကောင်း။ ထောင်ထဲက သင်လာတဲ့ ပညာတွေကို မကျင့်သုံးမိဖို့ သတိသာ ထားပေတော့။ လူ့ပတ်ဝန်းကျင်ကို ကောင်းမွန်သန့်စင်ဖို့အရေး ဖာထေးရှင်းလင်းပေးလိုတဲ့ စေတနာ ပရပွသာ ထောင်ထဲမှာ စနစ်တကျ ရှိနေမယ်ဆိုရင် လူသာဓုခေါ်၊ နတ်သာဓုခေါ်ပေါ့။ တကယ့်ကို ခေါ်ချင်စမ်းပါရဲ့ သာဓု သုံးခွန်း …။
(တွေ့ဆုံမေးမြန်းခွင့်နှင့် စာမူရေးသားခွင့် ပေးသဖြင့် ကာယကံရှင် ကိုယောဟန်ကို ကျေးဇူးတင်ပါသည်။ မြန်မာပြည်တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်နှစ်ခါ ထပ်ကျခဲ့သလို၊ စင်္ကာပူတွင် ရက်လွန်နေထိုင်သဖြင့် အကျဉ်းကျခဲ့ဖူးသူ ဖြစ်သောကြောင့် သူ့ကို တင်စားခေါ်ဝေါ်သည့်အနေဖြင့် ဆောင်းပါးခေါင်းစဉ်ကို '၄ ကျောင်းထွက်' ဟု အမည်ပေးပါသည်။ အကျဉ်းမျှ တင်ပြခြင်းသာ ဖြစ်ပါသည်။)
(အင်းစိန်ထောင်၌ အကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များက ခွဲခြားဖိနှိပ်မှုများ ရှိနေသဖြင့် အကျဉ်းသား အခွင့်အရေးနှင့် တရားမျှတရေးအတွက် နိုင်ငံရေးအကျဉ်းသား ကိုညီညီအောင် လက်တလော အစာငတ်ခံ ဆန္ဒပြနေချိန်နှင့် ယနေ့ ကျရောက်သည့် ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ယခု ဆောင်းပါးကို ရေးသားရပါသည်။ - ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် -)
Share:
ဗိုလ်အောင်ကျော် (သို့မဟုတ်) ဗ.က.သ ၏ အာဇာနည် (Bo Aung Kyaw of Burma)
(http://bazanlin.wordpress.com မှကူးယူဖေါ်ပြပါသည်။)
ဗိုလ်အောင်ကျော် (သို့မဟုတ်) ဗ.က.သ ၏ အာဇာနည် (Bo Aung Kyaw of Burma)
ကိုအောင်ကျော်ကို ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ မှာ အဖ ဦးကျော်ထင် နှင့် အမိ ဒေါ်ရွှေကျော့ တို့မှ အင်္ဂပူ မြို့နယ်၊ ရုံးဇင်ရွာတွင် ဖွားမြင်ခဲ့ပါတယ်။ အလယ်တန်း ပညာကို မယ်ဇလီကုန်း အမျိုးသားကျောင်းမှ အောင်မြင်ခဲ့ပြီး၊ အထက်တန်းကို ဟင်္သာတမြို့၌ သင်ကြားတတ်မြောက်ခဲ့ပါတယ်။ ထို့နောက် ဂျပ်ဆင်ကောလိပ် တွင် ဥပစာတန်း ဆက်လက် တက်ရောက် ခဲ့ပြန်ပါတယ်။
ကိုအောင်ကျော်ဟာ မြန်မာစာပေကို အလွန်တန်ဖိုးထားပြီး၊ မြန်မာစာ အရေးအသားလည်း အလွန်ကောင်းမွန်တယ် လို့်လူသိများခဲ့သူပါ။ စိတ်နေဓါတ်ခံ ပြင်းထန်ပြီး၊ အမျိုးသားရေးလည်း သူမတူအောင် နိုးကြားသူဖြစ်လို့ မိမိရဲ့ စာပေအစွမ်း နှင့် အမျိုးသားရေးလှုံ့ဆော်မှုတွေမှာ ရှေ့တန်းကပါဝင်ခဲ့လို့် တက္ကသိုလ် ကျောင်းသားသမ္မဂ္ဂတွင် သာမက၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမ္မဂ္ဂတွင်၌ပါ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ချင်း ခံခဲ့ရပါတယ်။ ဂျပ်ဆင်ကောလိပ်၁ကို ခြေချလိုက်တာနှင့် ခုံဖိနပ်စီးကာ ပင်နီတိုက်ပုံကိုဝတ်ပြီး ကတုံးဆံထောက်နှင့် ကိုအောင်ကျော်ရဲ့ “ဒို့ဗမာ” အဘိဓမ္မာကို ကြားရမှာပါ။
ကိုအောင်ကျော်၌ အခြားခေတ်ပြိုင် သခင်ကျောင်းသားများ ဖြစ်သည့် သခင်အောင်ဆန်း၂၊ သခင်နု၃၊ သခင်လှဖေ၄၊ ကိုထွန်းရှိန်၅ အစရှိသူတို့နှင့် မတူ ကွဲပြား ချက်လေးတွေလည်း ရှိပါသေးတယ်။ ထိုအခါက တက္ကသိုလ်မှ ကျောင်းသား အများစုဟာ လက်ဝဲယိမ်း ကြသော်လည်း ကိုအောင်ကျော်ကတော့ ပါတော်မူ မင်းနှစ်ပါး ကို သတိရနေပါသေးတယ်။ မြန်မာသက္ကရာဇ် ၁၃၀၀ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက် ပါတော်မူနေ့ မှာ၊ ဗ.က.သ နှင့် တ.က.သ တို့မှ မည်သည့်အထိန်းအမှတ်ပွဲများ မလုပ်သော်လည်း၊ ကိုအောင်ကျော်တဦးတည်း မိမိရဲ့ အခန်းတွင်းမှနေ၍ အစာမစား၊ စကားမပြောပဲ ပါတော်မူနေ့ အထိမ်းအမှတ်ပွဲကျင်းပခဲ့ပါတယ်။ အခန်းဝ မှာလည်း “ဤနေ့ ဤရက်ကား ငါတို့ အရှင်နှစ်ပါး ပါတော်မူသော နေ့ဖြစ်သည်။ သတိရကြပါ။” ဟုလည်း ချိတ်ဆွဲ အသိပေးခဲ့ပါတယ်။ ကိုအောင်ကျော်၏ သရုပ်ပြမှုကြောင့် ၎င်းနှစ် အမျိုးသားအောင်ပွဲနေ့ကို ရန်ကုန်တက္ကသိုလ်သမ္မဂ္ဂက ချိမ့်ချမ့်သဲ ကျင်းပဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၃၀၀ပြည့် ကုလား-ဗမာ အဓိကရုဏ်းများအတွင်းကလည်း ကုလားများနှင့် တယောက်ချင်း ထွက်ချမည်လုပ်၍ ဗ.က.သ မှ လုပ်ဖေါ်ကိုင်ဖက်များကပင် ၀ိုင်းဆွဲထားရလောက်အောင် အမျိုးသားရေးစိတ်ဓါတ်ကြီးသော ကိုအောင်ကျော်ပါ။ မိမိကိုယ်တိုင်လည်း ဗမာမှုကို လေးစားသလို၊ အခြားသော ယောက်ျားလေး၊ မိန်းကလေးများ လက်ပွန်းတတည်း ဆက်ဆံခြင်း ကိုလည်းမကြိုက်ခဲ့။ ထို့ကြောင့် ယောက်ျားလေးများ နှင့် မိန်းကလေးများ အတူတွဲကသော ဧည့်ခံပွဲများ ကို သပိတ်မှောက်ရုံသာမက၊ ကောလိပ် ဆရာ၊ ဆရာမ များကျင်းပသော Ball Dance Parties များကိုပါ ခဲနှင့်ပေါက်ခဲ့တယ်လို့ ပြောစမှတ် ရှိပါတယ်။ လွတ်လပ်ရေးရယူရေး၌လည်း ၎င်းက ရန်သူတို့နှင့် တယောက်ချင်း အသက်အသေခံ တိုက်ပွဲဝင်ရမည်လို့လည်း အယူဆွဲခဲ့ပါတယ်။ နောင်မှ ကိုဘဟိန်း၆၊ ကိုလှရွှေ၇တို့က နားချ၍ လက်လျှော့သွားခဲ့ ရပါတယ်။ ဤကဲ့သို့ ရဲရဲတောက် ကောလိပ်ကျောင်းသား ကိုအောင်ကျော်ရဲ့ မော်ကွန်းဝင် နိဂုံးကိုတော့ ၁၃၀၀ပြည့် ရေနံမြေသပိတ်ကြီးက ဖန်တီးပေးလိုက်ပါတော့တယ်။
၁၉၃၈ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှ သပိတ်တပ်ကြီး ရန်ကုန်မြို့သို့ သခင်ဘိုးလှကြီး၏ဦးဆောင်မှုဖြင့် စတင် ချီတက်လာခဲ့ပါတယ်။ ဒီလိုချီတက်လာတာကို ဒေါက်တာဘမော်၈ရဲ့ ဘုရင်ခံအလုပ်အမှုဆောင်အဖွဲ့က ရှုံချလိုက်ပြီး ဗြိတိသျှ အာဏာပိုင် တွေက ဖြိုခွင်းမယ်ဆိုတဲ့ သတင်းရလို့ ဗ.က.သ က သပိတ်တပ်ကြီး နှင့် ပူးပေါင်းပါဝင်ရန် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဘဟိန်း နှင့် ကိုဗဆွေတို့ကို မကွေးမြို့သို့စေလွှတ် ခဲ့ပါတယ်။ ၁၉၃၈ခု၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကိုဘဟိန်း နှင့် ကိုဗဆွေတို့ မကွေးမှာ အဖမ်းခံရတယ် ဆိုသည့်သတင်း ဗ.က.သ ဌာနချုပ်ကိုရောက်လာခဲ့ပါတော့တယ်။ ဤသို့နှင့်၊ သမ္မဂ္ဂမှ အာဏာဖီဆန်ပွဲလုပ်ရန် ဆုံးဖြတ်လိုက်ပြီး ဒီဇင်ဘာ (၁၅) ရက်နေ့ မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘမော်အစိုးရက တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားများရဲ့တောင်းဆိုချက်များကို မလိုက်လျှောသည့်အတွက်၊ ကျောင်းသားများက အာဏာဖီဆန်ပွဲထက် ပြင်းထန်သည့် အစီအစည်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ကြပါတော့တယ်။
၁၉၃၈ခု၊ ဒီဇင်ဘာလ (၁၆) ရက် ည ၁၁ နာရီခန့်တွင် ဗ.က.သ စာကြည့်တိုက်၌ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် “ဗိုလ်” စာရင်းဝင် ကျောင်းသားတစု ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးပင်မ ဖြစ်သော အတွင်းဝန်ရုံးကို (၂၀) ရက်နေ့၌ ၀ိုင်းရံဆန္ဒပြရန် တိုင်ပင်ခဲ့ကြပါတယ်။ ကိုအောင်ကျော်နှင့် သံမဏိတပ်၉မှုး ကိုထွန်းရှိန်တို့ မှာ စိတ်လှုပ်ရှားလွန်း၍ စကားပင်းမပြောနိုင်ခဲ့ကြ။
၁၉၃၈ခု၊ ဒီဇင်ဘာလ (၂၀) ရက် မနက် ၈ နာရီတွင် သမ္မဂ္ဂအဆောက်အဦးထဲမှ ကိုလှရွှေ၏ “ဒီနေ့ဗမာ့ရာဇ၀င်မှာတွင်မည့်ခြေလှမ်းကိုစမယ်။ ချုပ်ချယ်တဲ့ ဥပဒေကိုဆန့်ကျင်မယ်။ ကျုပ်တို့ကို အစိုးရက ပစ်ရင်လည်းပစ်မယ်။ အဲဒါလိုက်မလား” ဟူသော အသံက ဟိန်း၍ထွက်လာပါတယ်။ ကိုလှရွှေက ဥက္ကဋ္ဌနေရာမှာ၊ ရှေ့တန်းမှာ ကိုထွန်းရှိန်၊ ကိုအောင်ကျော်၊ ကိုအေးကျော် နှင့် သံမဏိတပ်ဗိုလ်များ။ ကျောင်းသားများကလည်း “လိုက်မယ်။ လိုက်မယ်။” ဟုကြွေးကြော်ကာ စီတန်းထားသောကားများဆီ ဦးတည်နေကြပြီ။
စပတ်လမ်းမှာ ကျောင်းသားပေါင်း ၇၀၀၀ကျော်လောက် စုမိကြကာ အတွင်းဝန်ရုံး အ၀များအားလုံးကို စတင်ပိတ်ဆို့လိုက်ကျပါတော့တယ်။ ကိုအောင်ကျော် က စပတ်လမ်းနှင့် ဖရေဇာလမ်း ထောင့်မှနေကာ ကျောင်းသားများကိုစတင်နေရာချပေးပါတယ်။ ထို့နောက်၊ ကျောင်းသားအရေး၊ တောင်သူလယ်သမား၊ အလုပ်သမားအရေးတို့ကို စတင် ကြွေးကြော် ပါတော့တယ်။ ရဟန်းရှင်လူတို့ကလည်း ၀ိုင်းအားပေးကြပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ကိုလှရွှေ က “အောင်ပြီ” ကြွေးကြော်ကာ ဆန္ဒပြပွဲရုပ်သိမ်းပြီး ဖရေဇာလမ်း၁၀၊ ဂျုဒါအီဇကယ်လမ်း၁၁၊ ဒါလဟိုဇီလမ်း၁၂တို့မှ ကျောင်းသားများကိုစုဝေးကာ စပတ်လမ်း၁၃အတိုင်း ချီတက်လာခဲ့ပါတော့တယ်။ ထိုအချိန်မှာ ဂေါ်ရာမြင်းစီး စစ်ပုလိပ်များ၁၄ ချီတက်လာကာ ကျောင်းသားထုကို ၀င်ရောက်ရိုက်နှက်ပါတော့တယ်။ ကိုလှရွှေ နှင့် ကိုအောင်ကျော်တို့ နှစ်ယောက်မှာ အနီးကပ်ဆုံး ရှိနေခဲ့ကြပြီး အခြားကျောင်းသားများ ဖရိုဖရဲ မဖြစ်ရန် ကြိုးပန်းနေပါတယ်။ ရဲဘော်ကျောင်းသားများ ကလည်း “အရေးတော်ပုံ အောင်ပါစေ”၊ “သခင်မျိုးဟေ့ တို့ဗမာ” စသည့် တို့ကို ဆက်လက် ကြွေးကြော်လျှက် ရှေ့သို့ ဆက်လက်ချီတက်ခဲ့ကျပါတယ်။ ဒါပေမယ့် ဂေါ်ရာမြင်းစီး စစ်ပုလိပ်များက ပိုမိုပြင်းထန်စွာ ဖြိုခွဲခဲ့လို့ နောက်ဆုံး ကျောင်းသားတပ်ကြီး လဲပြိုခဲ့ပါတော့တယ်။ ဥက္ကဋ္ဌ ကိုလှရွှေလည်း အကန် ခံထားရလို့ လမ်းပေါ်မှာလဲနေပါတယ်။ ကိုလှရွှေ ရဲ့ ဘေးမှာ လဲနေတာကတော့ ကိုအောင်ကျော်ပါ။ ဦခေါင်းမှသွေးတွေ ဆက်တိုက်ယိုစီးနေရင်းမှပင်၊ ကုန်း ထကာ “ကိုလှရွှေ၊ ကိုလှရွှေ။ ကျုပ်တို့ခေါင်းဆောင်းကြီး ဘယ်လိုနေသေးလဲ။ အရေးတော်ပုံ အောင်ရမည်။” ဟု သွေးရူးသွေးတန်းနှင့်၊ အသံကွဲကြီးနင့် အော်ရင်း ပြန်လဲကျသွားပါတယ်။ ဘေးမှကျောင်းသားများ သူ့ကို ရန်ကုန်ဆေးရုံကြီးသို့ အားချင်း ပို့သော်လည်း နေရမရ၍ ဆင်နီတိုးရီးယမ်း၁၅ သို့ပြောင်းရွှေ့ခဲ့ရပါတယ်။
ထိုနေ့ညက၊ ရန်ကုန်မြို့ကြီးတခုလုံး တိတ်ဆိတ်နေခဲ့ပါတယ်။ ရဟန်းရှင်လူတို့လည်း မလှုံ့ဆော်ရပဲ အသံတိတ် သပိတ်မှောက်ကြပါတယ်။ ကိုအောင်ကျော်မှာတော့ တက္ကသိုလ် ဆင်နီတိုးရီးယမ်းက ခုတင်ပေါ်မှာ သတိလစ်လျှက်။ ကိုလှရွှေလည်း ပုန်းရှောင်နေရသည့်ကြားမှ သူ့ရဲဘော် ကိုအောင်ကျော်အတွက် ရင်တဖိုဖိုနှင့်။
၁၉၃၈ခု၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ ညနေတွင်မှာတော့ ကိုလှရွှေဆီသို့ သတင်းတပုဒ် ရောက်လာခဲ့ပါတယ်။ “ကိုအောင်ကျော် သေပြီတဲ့”။
ဤသတင်း ဗမာပြည်ရှိကျောင်းများအားလုံးသို့ ချက်ချင်းပြန့်သွားပြီး ရွာငယ်များမှ ကျောင်းများပါ မကျန် အားလုံးတညီတညာတည်း သပိတ်မှောက်ကြပါတယ်။ ကိုလှရွှေကိုယ်တိုင်လည်း ၀ရမ်း ထုတ်ခံထားရသည်ကိုပင် ဂရုမစိုက်၊ ကိုအောင်ကျော်ဈာပနပွဲ၌ ရှေ့ဆုံးမှ ဦးဆောင်ချီတက်ခဲ့ပါတယ်။ ဈာပနပွဲကြီးမှာ လည်း လူထောင်ပေါင်းများစွာတို့နှင့် ဆန္ဒပြပွဲကြီး ဖြစ်ခဲ့ပါတော့တယ်။ ကြံတောသုဿန် အရောက်မှာတော့ ကိုလှရွှေက “ဟယ်…ဘမော်အစိုးရ၊ နင့်တို့လုပ်ရပ်ကြောင့် ငါတို့ရဲဘော် ကိုအောင်ကျော် ကျဆုံးရတယ်။” အစချီသည့် ရဲရဲတောက် မိန့်ခွန်းကို ဟောပြောပါတော့တယ်။ ကိုထွန်းရှိန် တယောက်လည်း ခေါင်းမှာပတ်တီးစည်းဖြင့် ကိုအောင်ကျော်၏ အလောင်းဘေးမှ နေကာ အံကျိတ်ရင်း မျက်ရည်တွေ တတွေတွေနှင့်။
ကိုအောင်ကျော်အတွက်ဝမ်းနည်းချင်းအထိန်းအမှတ်ဖြင့် ဗမာတပြည်လုံး အစည်းအဝေးများ ကျင်းပကြပါတယ်။ လူအများ၏ ထောင်ခံမှုဖြင့် ကိုအောင်ကျော်ဈာပန ကော်မတီ မှ ကိုအောင်ကျော်အား “နေမျိုး သီဟသူရ ဗိုလ်အောင်ကျော်” ဟူသော်ဘွဲ့ဖြင့် ဂုဏ်ပြုခဲ့ကြပြန်ပါတယ်။ ဗိုလ်အောင်ကျော် သည်ကား ဗမာ့လွတ်လပ်ရေးအတွက် ပထမဦးဆုံး အသက်စတေးခဲ့သော ဗ.က.သ ၏ အာဇာနည်ပင်။ ဤသို့ ရဲရင့်စွာ အသက်ပေးခဲ့သော၊ ဗမာ့လွတ်လပ်ရေး၏ မော်ကွန်းတဆူ၊ ရဲဘော် ဗိုလ်အောင်ကျော် ကို ဤဆောင်းပါးဖြင့် ဒီဇင်ဘာလ (၂၀) ရက်နေ့၌ ကျရောက်ခဲ့သော “ဗိုလ်အောင်ကျော်နေ့” အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအပ်ပါတယ်။
ကိုအောင်ကျော်…ကောင်းရာသုဂတိ လားပါစေ။
ဘဇံလင်း (Dec 22, 2007.)
မှတ်စု။
၁) ဂျပ်ဆင်ကောလိပ် - ယုဒသန်ကောလိပ်။
၂) သခင်အောင်ဆန်း – ရဲဘော်သုံးကျိပ်ခေါင်းဆောင်။ ပြည်ထောင်စု ပိသုကာ နှင့် တပ်မတော်၏ ဖခင်။
၃) သခင်နု – လွတ်လပ်သော ပြည်ထောင်စု ဗမာနိုင်ငံတော်၏ ပထမဦးဆုံး ၀န်ကြီးချုပ်။
၎) သခင်လှဖေ - ရဲဘော်သုံးကျိပ်ဝင်၊ ဗိုလ်လက်ျာ။ ဗမာ့တပ်မတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ်။
၅) ကိုထွန်းရှိန် – ရဲဘော်သုံးကျိပ်ဝင်၊ ဗိုလ်ရန်နိုင်။ ဗ.က.သ သံမဏိလက်ရုံးတပ်မှူး။
၆) ကိုဘဟိန်း – ၁၃၀၀ပြည့် အရေးတော်ပုံအတွင်း၊ ဗ.က.သ ဥက္ကဋ္ဌ။ “မြင်းခွာတချက်ပေါက်လျှင်၊ မီးဟုန်ဟုန်းတောက်စေရမည်” ဟုဟောပြောခဲ့သော ကျောင်းသားခေါင်းဆောင်။
၇) ကိုလှရွှေ – ၁၃၀၀ပြည့် အရေးတော်ပုံအတွင်း၊ ဗ.က.သ ဒုဥက္ကဋ္ဌ (နောင်ယာယီ ဥက္ကဋ္ဌ)။ အာဏာရှင် ကိုလှရွှေဟု လူသိများလာသူ။
၈) ဒေါက်တာဘမော် – ဘုရင်ခံအမှုဆောင်ကောင်စီ နန်းရင်းဝန်။ ဂျပန်ခေတ် ဗမာနိုင်ငံ၏ အဓိပတိ။
၉) သံမဏိတပ် – ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂ္ဂ သံမဏိလက်ရုံးတပ်။ (ညီစေနော်၊ စစ်ရဲမော်…ချီတက်ကြဆို့တူပျော်ပျော်…)
၁၀) ဖရေဇာလမ်း – အနော်ရထာလမ်း။
၁၁) ဂျုဒါအီဇကယ်လမ်း – သိမ်ဖြူလမ်း။
၁၂) ဒါလဟိုဇီလမ်း – မဟာဗန္ဒုလလမ်း။
၁၃) စပတ်လမ်း – ဗိုလ်အောင်ကျော်လမ်း (ကိုအောင်ကျော်အား ဂုဏ်ပြုချင်းအားဖြင့်)။
၁၄) ဂေါ်ရာ မြင်းစီး စစ်ပုလိပ် – အိန္ဒိယ တော်ဝင် ပုလိပ်တပ်တော် (Indian Imperial Police)။
၁၅) ဆင်နီတိုးရီးယမ်း – ရန်ကုန်တက္ကသိုလ် ဆေးရုံ။
ကျမ်းကိုး။
မြဟန်။ ။ ဗိုလ်အောင်ကျော် (၁၉၁၅-၁၉၃၈)၊ ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်။ တက္ကသိုလ်များ သမိုင်းသုတေသနဋ္ဌာန။ ၂၀၀၀။
သိန်းဖေမြင့်။ ။ အရှေ့ကနေ၀န်းထွက်သည့်ပမာ (ပ+ဒု)။
သိန်းအောင်။ ။ ကျွန်တော်သိခဲ့တဲ့အောင်ကျော်၊ အိုးဝေမဂ္ဂဇင်း အတွဲ (၈)၊ အမှတ် (၁)။ ၁၉၄၀။
ဦးနု။ ။ တာတေစနေသား။
Share:
Popular Posts
Powered by Blogger.
Recent Posts
Instagram Photo Gallery
About Us
Ye Yint Thet Zwe is a Burmese poet currently based in Helsinki. Ye Yint studied Myanmar Literature at the Correspondent University of Yangon until 1988, when the student revolution began and Ye Yint became part of the student army. Wikipedia Born: 1965, Yangon, Myanmar (Burma)
Number of Posts
Slider
Slider Display
About us
Recent Pics
Video Bar
Loading...
Search This Blog
Blog Archive
Disqus Shortname
https://www.blogger.com/blogger.g?blogID=1209504177968557943#pageelements
Related Posts Display
Sports
Facebook
Business
Life & style
Games
Fashion
Technology
Random Posts
Text Widget
Labels
Labels
sponsor
sponsor
Labels
Translate
Comments
Author
Famous Posts
Unordered List
Lorem ipsum dolor sit amet, consectetur adipiscing elit. Vivamus leo ante, consectetur sit amet vulputate vel, dapibus sit amet lectus. Etiam varius dui eget lorem elementum eget mattis sapien interdum. In hac habitasse platea dictumst.
Popular Post
Labels
Blog Archive
Recent Posts
Unordered List
  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.
Pages
Theme Support
Need our help to upload or customize this blogger template? Contact me with details about the theme customization you need.