Fashion Era

Tuesday, December 25, 2012

လူဖြစ်ရတဲ့ … ဒုက္ခ

လူဖြစ်ရတဲ့ … ဒုက္ခ

အမေပေးတဲ့အသက်
ဖက်နဲ့ ထုပ်
ရန်သူလက်က
လွတ်မြောက်အောင်လုပ်ခဲ့ဘူးတယ်….။

အချစ် မာယာကျော့ကွင်း
ဆင်းရဲခြင်းနက်နဲ
ဒုက္ခတွင်းထဲလဲ
မက်မက်မောမော ခုန်ဆင်းခဲ့ဘူးတယ် …..။

စွန်းထင်းပေညစ်
သောကစစ်စစ်များနဲ့ 
လူဖြစ်ခဲ့ရနေ့ ရက်များ
အကြိမ်ကြိမ်လျှော်ဖွတ်လည်း
နဂိုမူလ ပြန်မရတော့တဲ့ဘဝ
စိတ်ဟာမကောင်းမှုမှာမွေ့ လျော်တယ် ….။

အမေ့ဝမ်းကထွက်စ
ဖြူစင်တဲ့ဘ၀ကိုတမ်းတ
အပြစ်မရှိသေးတဲ့ ခလေးလေးဘ၀ကို
တခါလောက်ရောက်ချင်သေးတယ်…..။

အခုတော့…..
(ကို)ခင်ဝမ်းသီချင်းစာသားလို
အမှားသံသရာမှာ စိတ်နောက်ကိုယ်ပါမိတော့
--------- ---------- -----------
နောင်တတွေနဲ့  လူ ……….။

ရဲရင့်သက်ဇွဲ
၁၀၁၁၂၀၁၂

ဘာအတွက် ဘာကို လိုချင်တယ် … မသိတော့ဘူး

ဘာအတွက် ဘာကို လိုချင်တယ် … မသိတော့ဘူး

သံသရာဟာ …..
မချောမွေ့ တော့
ကာလသုံးပါးရဲ့  ဖြစ်တည်ခြင်းးများ
ယုံမှားသံသယ အမှောင်ထုကြား
ငါ့အား … အလင်းရောင်ပေးပါ ……

ငတ်မွတ်တောင့်တမှုဘေး
ပြည်ထဲရေးနှင့်ဝမ်းရေးတို့ ထက်
လွမ်းရေးခက်ပြီ
 အချစ်ရေ …
 ငါ့အား … လမ်းပြလှည့်ပါ …….

 ရော်ရွက်ကြွေများ
 လေအဝှေ့ မှာ
 အလူးလူးအလိမ့်လိမ့်
 လောကဓံတရား ရှစ်ပါး
 ရင်ဆိုင်ရန်ခွန်အား
 ငါ့အား … ပေးလှည့်ပါ ….

 ထစ်ခနဲ့ ဆို
 ခေတ်နဲ့  စံနစ်ဆိုးကိုသာ
 အပြစ်ဆိုနေခဲ့ရကာလများ
 ငါ့ကို … ညွှန်ပြဆုံးမ
 အမှန်တရား ကိုယ်ထင်ပြပါ ……

အဲဒီ ငါ့တကိုယ်စာ
 တောက်လောင်တဲ့မီး
 အလျှံတငြီးငြီးထဲမှာ       
 ဖီးနစ်ငှက်လို ရှင်ပြန်ထမြောက်လိုက်ရမလား
ပိုးဖလံလို မီးထဲတိုးဝင်မိုက်လိုက်ရမလား
 အသိတရား ငါ့အား ပြန်လည်ချဉ်းကပ်လှည့်ပါ ……

ဇာတိ ဇရာ ဗျာဓိ မရဏ
 ဘ၀တဏှာ တပ်မက်တွယ်တာပုံများ
 ဟောဒီ လောကီဘုံမှာ
 လူ့ အလို နတ်မလိုက်နိုင်တော့ဘူး ……..။         

 ရဲရင့်သက်ဇွဲ   ၂၄၁၁၂၀၁၂

ကိုယ့်အတွေးများလည်းချာချာလည်


ကိုယ့်အတွေးများလည်းချာချာလည်

တကယ်တော့ ……
မြစ်ကမ်းနဘေး သွားထိုင်မိတာကိုက
ငါ့ရဲ့  အပြစ်ပါ …။

တဘ၀စာ အကုသိုလ်များ
ငါ့အပေါ်ပြုတ်ကျလာပုံက
 ဂန္ဓာရီဆန်လွန်းလှတယ်….။

လွင်ပြင်ကျယ် ဟိုဘက်အဆုံးမှာ
ဘာတွေရှိမလဲ
မအိပ်ပဲ မက်သော အိပ်မက်များ
မြစ်ရေထဲမျော ပါသွား ကြ ……

ပိုင်ပိုင်နိုင်နိုင် ထွေးပွေ့ ခွင့်မရသော
အနာဂတ်အား
သပွတ်အူထဲဘယ်သူထည့်သွားခဲ့လဲ ….။

အခုတော့
ရှိသမျှ မျှော်လင့်ချက်အကုန်လုံး
ပုံရှိုးလိုက်တယ်
ရိုးသားခြင်းအရင်းအမြစ်တခုသာ
ငါ့မှာကျန်တော့တဲ့အထိ …..။

 ရဲရင့်သက်ဇွဲ
၁၆၁၂၂၀၁၂

Tuesday, October 02, 2012

မိုက်ယုံတွင်မက မဲလည်းမဲတဲ့အကောင်တွေ

မိုက်ယုံတွင်မက မဲလည်းမဲတဲ့အကောင်တွေ
 
ရာသီတွေက နရီစည်းဝါးမဲ့လာသလား
ဘ၀ကပဲ နရီစည်းဝါးမဲ့လေသလား
ကမ္ဘာမြေကြီးရော နရီစည်းဝါးမဲ့ပြီလား
မေးခွန်းများနဲ့  ကမ္ဘာ မှာ
ဝေဒနာတွေသာ ဒေသနာဖြစ်လို့ …
 
ခံနိုင်ရည်ဆိုတဲ့အရာ
စကားရည်လုပွဲ တခုလို
ခေါင်းစည်းတပ် ကာရန်တွေညှပ်ပီး
လက်ခုပ်လက်ဝါး တီးသံများကြားမှာ
ဘ၀ဟာ ကတ်ဝပ်ခ်(Cat walk) လျှောက်သလိုမျိုး
တကယ်တမ်းကျတော့ ….သောကမီးက
ဂလိုဘယ်လိုက်ဇေးရှင်းလို ကြီးမားကျယ်ပြန့် လာခဲ့ပြီ …..။
 
အတွေးအကြံများ တီထွင်ကြံဆတွေးခေါ်
မြင့်မြင့်ပျံ ဝေးဝေးမြင်
ဘ၀ရဲ့ အားမာန် ဘာညာ အစရှိသဖြင့်
လူသားအားလုံးနားလည်
လူသားအားလုံးကြားတယ်…. မြင်တယ် သိတယ်
သိရက်နဲ့ ပဲ သိရက်နဲ့ ပဲ မိုက်ခဲ့တယ် …။
 
အဲသလို မျိုး
ကြီးကြီးကျယ်ကျယ် စဉ်းစားတွေးခေါ်
နေထိုင်မှုအနုပညာထဲ
မင်းဘယ်လဲ ငါဘယ်လဲ သူတို့ရောဘယ်လဲ
ဆည်းဆာချိန်တိမ်တောက် ပြန်ရမယ့်အချိန်ရောက်ခါမှ
ဝုန်းကနဲ ဗုန်းတလုံးလို ပေါက်ကွဲ
ချောက်ကပ်ကပ် ရယ်သံထဲမှာ
အူမတောင့်မှ သီလစောင့်မယ်
ခါးမလှရင်နေပါစေ
ဝမ်းဝဘို့ အရေး သတိရပါစေ ….သတိရပါစေ…
အသံနက်ကြီးအဆုံးမှာ
ခိုတအုပ် သဲသဲလှုပ်လှုပ် ထပျံသွားကြတယ်….။
ရဲရင့်သက်ဇွဲ
၃၀ စက်တင်ဘာ၂၀၁၂
 
 

Saturday, May 19, 2012

ကျီတောက်စွပ် ခဏ မချစ်ကြနဲ့ 

ကျီတောက်စွပ် ခဏ မချစ်ကြနဲ့ 

ဖ၀ါးလက်နှစ်လုံး
ပုခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး
အမေ့ ကျေးဇူး ဘာညာ
တဇာဇာအော်ဟစ် ….

မရှိတာထက် မသိတာခက်
လှတာမက်၍ ညစာခက်
ခက်ခဲဘ၀ကြုံမှ အမေ့တ
သားမှားပြီ မှားပြီ အမေရဲ့ 
ငိုချင်းတွေချ အမေ့အိမ်ဝမှာ …..

အာကာကို လွှာပုံပြုပါလို့  အစချီ
အတောင်အလက်မစုံခင်ထဲက
ခြေစုံကန်ခဲ့ကြပုံများ
မိဘနေရာ ကိုယ်ကိုယ်တိုင် အစပြုတဲ့အခါ
အမေဘယ်လိုနေရှာမလဲလေ
မျက်ဝန်းထဲမှာ မိုးတွေရွာစွေ
ပြိုမယ့် မိုးမသဲနဲ့ လေ ……

အမေတယောက်က
သားတယောက်ကို ပြောခဲ့ဘူးတယ်
ငါ့ကို မသနားနဲ့  နင့်ကိုယ်နင်သနားတဲ့
(ပိတောက်ဖူးပေါ် ပျံသန်း …….. မောင်လွမ်းဏီ)
ပြန်လာခဲ့ပါ သားရယ်…
အမေ သေရင်လည်း ငါ့သားတွေ မျက်စေ့အောက်မှာ
ငါ့သားတွေ သေရင်လည်း အမေ့မျက်စေ့အောက်မှာ …
(မထုတ်ဖြစ်သေးသော အမေမျှော်ရှာနေရော့မယ် နှင့်…..ရဲရင့်သက်ဇွဲ)

အမေ အသက်အရွယ်ကြီးရင့်လာ
ရွှေ ငွေ တိုက်တာ မော်တော်ကား
ဒါတွေမလိုပါ မရချင်ပါဘူး
သားသမီးတွေရဲ့  ချစ်ချင်းမေတ္တာတရား
အမေ့ရင်မှာ လရောင်ပါပဲ
အမေ့ချစ်ချင်းမေတ္တာတရား
သားသမီးများအပေါ် ထာဝရစီးဆင်းနေမြဲ …

ရဲရင့်သက်ဇွဲ
၁၃၀၅၂၀၁၂



တကိုယ်တော် လေမှာလွင့်ချင်တယ်

တကိုယ်တော် လေမှာလွင့်ချင်တယ်

အခုတော့
ရေခဲတွေ အရည်ပျော်ကုန်ကြပြီ ။

တရွေ့ ရွေ့ ကုန်လွန်ခဲ့
ပရိဒေ၀ မီးနဲ့ ထွန်းညှိတဲ့အလင်းရောင်မှာ
ပိုးဖလံတို့ ရဲ့ တောင်ပံခပ်သံများ
တရားပြ
ငါ ကိုယ်တိုင် ငါဟာအပြစ်လဲမကင်းနိုင်
အတောင်တဖြတ်ဖြတ်ခတ်လို့ ..။

ဒီလမ်းအဆုံးအထိ
လျှောက်နိုင်ပါ့ဦးမလား
ဒီတောင်က
ကျော်နိုင်ပါ့ဦးမလား
မကျော်နိုင်ရင်လည်းကွေ့ သွား
ဘယ်လိုသွားသွား
တနေ့ တော့ရောက်မှာပါ …။

ဝင်္ကပါ
ဆူညံရှုပ်ထွေး ဤအရေးမှ
ပြေးထွက်ခွာလို ချည်နှောင်သည်ကြိုး
ရုန်းထွက်ဘို့ ကြိုးစားတာတွေလည်း
ငါ မင်းကို ပြောပြချင်တယ်….။

ရဲရင့်သက်ဇွဲ
၁၇၀၅၂၀၁၂


မီးတောက်ထဲကိုပိုးဖလံ တိုးဝင်မိုက်တယ်

မီးတောက်ထဲကိုပိုးဖလံ တိုးဝင်မိုက်တယ်

ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
မျှော်ကိုးနေမိတဲ့စိတ်ကို
အမြစ်ပြတ်အောင် မနှုတ်သိမ်းနိုင်ခဲ့ဘူး ။

လှေမျော လှေနဲ့ လိုက်ကြတယ်
ငွေမျောတော့လည်း ငွေနဲ့ လိုက်ကြပြန်တယ်
ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
အဲဒီထင်ကြေးထဲကို မျက်စေ့စုံမှိတ်
နောက်ပြသနာ နောက်ရှင်း
ခပ်တင်းတင်းခုန်ဆင်းသွားကြတယ် ။

ဘ၀သံသရာမှာ
သမုဒယ အနုအလှတွေနဲ့ 
ယုယုယယ နေချင်သော်လည်း
ဘ၀မျောတော့ ဘ၀တွေနဲ့ လိုက်ရ
အနာဂတ်တွေ မျောတော့
ဘာတွေနဲ့ လိုက်ရမှာလဲ
ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
အဲဒီမီးထဲကိုပဲ ထင်းတွေထပ်ထိုးနေခဲ့ကြ ။

ဟိုးတုန်းကလို
အိပ်ကပ်ထဲ အောင်ဘာလေထီလက်မှတ်တွေ့ ရုံနဲ့ 
စကားကို အပြတ်မပြောလိုက်ဘို့ 
အဲသလိုမျိုး ခေတ်ကို
ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
အိပ်မက်အသိုးတွေကို သာသာထိုးထိုးပေးနေပြန်ပြီ .။

မယူလိုက်က မိုက်လို့ ထင်
ယူလိုက်ပြန်က ကြိုက်လို့ ထင်
မပြတ်သားတဲ့ စိတ်ကို ခေတ်တိုင်းမှာ
အမြစ်ပြတ်အောင် ဆွဲမနှုတ်နိုင်ခဲ့ကြပုံများ
ထင်းတွေဖြစ်လို့  ……။။

ရဲရင့်သက်ဇွဲ
၁၂၀၅၂၀၁၂

Thursday, May 10, 2012

ဆောင်းခိုငှက်တွေ အိမ်ပြန်လာကြပြီ ဘ၀ခိုငှက်တွေမှာတော့

ဆောင်းခိုငှက်တွေ အိမ်ပြန်လာကြပြီ
ဘ၀ခိုငှက်တွေမှာတော့


နှင်းပွင့်လေးတွေကို ငါချစ်တယ်
နှင်းအတုန်းအခဲတွေကိုလည်း ငါချစ်တာပါပဲ။
နွေအခါမှာေ၇ပြင်ကျယ်
ဆောင်းအခါမှာ ကစားကွင်းဖြစ်သွားတဲ့
ပင်လယ်ရဲ့  ဘ၀ကို သနားလိုက်တာ။
ဝင်ရိုးစွန်းနိုင်ငံရဲ့ 
ဆောင်းနက်နက်ထဲတိုးဝင်သွားတဲ့အခါ
သနားစရာဟာ ငါဖြစ်လို့ သွားတယ်။

ဒါဟာ လွန်ခဲ့တဲ့တနှစ်က
ကြုံရတဲ့ ငါ့ အဖြစ်ကို
ပြန်ပြောပြတာပါ။

လူတွေ လူတွေ
အသားအရောင် လူမျိုး ကိုးကွယ်ရာ မတူသောလည်း
ဘ၀ရှင်သန်ဘို့  အနာဂတ်ရှင်သန်ဘို့ 
သူတို့  အသိုက်အမြုံတွေကို စွန့် ခွါခဲ့ရပုံက ထပ်တူ
ဆောင်းခိုငှက်များရဲ့  ပျံသန်းမှုမျိုး ထပ်တူ
အဲဒီလို ထပ်တူပြုမှုနဲ့ သူတွေကို
ဟောဒီမြေပေါ်မှာ ဘ၀ခိုငှက်တွေလို့  ငါဆိုလိုက်ချင်တယ်. ..။

ဖိနှိပ်ခံရတဲ့ဝေဒနာကို ဖိနှိပ်ခံရဘူးသူသာလျင် စာနာနားလည်နိုင်တယ်
လုံခြုံအေးချမ်းတဲ့  ဒီမြေပေါ်မှာ သူတို့ ရဲ့  အိပ်စက်မှုတွေဟာ
ချောက်ချားစရာ ကြောက်မက်ဘွယ်ရာ အိပ်မက်တွေနဲ့ ဖျက်ဆီးခံနေရဆဲ
တယောက်ချင်းရဲ့ အဖြစ်အပျက်တွေကို ကြားနာရတဲ့အခါ
မှတ်တမ်းရုပ်ရှင်တိုလေးတွေ ကြည့်ရသလိုမျိုး
ခံစားချက်အဖုံဖုံ ငါ့ရင်ကို တုန်စေတယ်
ငါ့နှလုံးသားကို ခုန်စေတယ်
ငါ့ မျက်ဝန်းကို မှုံရီဝေစေတယ်။

ရုတ်ရင့်ကြမ်းတမ်းတဲ့ လူမဆန်တဲ့ ဒီအဖြစ်အပျက်တွေဟာ
ဟောဒီကမ္ဘာကြီးရဲ့  နေရာအနှံ့ မှာဖြစ်ပျက်နေတယ် ဆိုတာ
အေးခဲလွန်းတဲ့ ၀င်ရိုးစွန်းနိုင်ငံတခုရဲ့  လူသားတွေအနေနဲ့ 
ယုံချင်မှ ယုံကြမယ်…..။
တကယ့်အဖြစ်အပျက်တွေဟာ အိပ်မက်ထက် ဆန်းကျယ်တယ်
ဝတ္ထုဇာတ်လမ်း ရုပ်ရှင်ဇာတ်ညွှန်းတို့  လိုက်မမှီတယ် ။

ခင်ဗျားပဲဖြစ်ဖြစ် ကျနော်ပဲဖြစ်ဖြစ်
တခြားတယောက်ပဲဖြစ်ဖြစ်
ကိုယ့်တိုင်းပြည်ကို စွန့် ခွာ
မိသားစုကိုစွန့် ခွါ ချန်ထားခဲ့ရတဲ့ ဝေဒနာ
အသွားထက်ထက် ဓါးတလက်နဲ့ 
နှလုံးသားတည့်တည့် ထိုးစိုက်လိုက်သလိုမျိုး ။

သူစိမ်းတွေရဲ့ မြေပေါ်မှာ
ဘာသာစကားမတူသူတွေရဲ့  ပတ်ဝန်းကျင်မှာ
ယဉ်ကျေးမှုမတူသူတွေရဲ့  အရိပ်အောက်မှာ
ရှင်သန်ခွင့်ရတာ ခါးသီးမှုတခုဆိုတာထက်
ငါ…. ကံကောင်းလေခြင်းလို့ များ
ခင်ဗျားတို့  တွေးမိဘူးရဲ့ လား

ငါတော့ မထင်ဘူး
ကျန်ရစ်ခဲ့သူများ ရဲဘော် ရဲဘက်များ
ဒုက္ခတွင်းထဲ ပြစ်ထားခဲ့သလို
ကိုယ့်ကိုယ်ကို အလွတ်ရုန်းခဲ့သလို
ခံစားရတဲ့စိတ်က သိပ်နှိပ်စက်လွန်းတယ် ။

လူခြေတိတ်ဆိတ်
ညကတော့ အိပ်စက်သွားပြီ
သောကလှုပ်နှိုး ဝေဒနာဆိုး အမျိုမျိုးနဲ့ 
တရေးနိုးတာလား တရေးမှမပျော်သေးတာလား
မိတ်ဆွေ စိတ်လျော့ စိတ်လျော့
ဖိဆီးမှုက ပေါ့ပေါ့လေးမှ မဟုတ်ပဲ ……..
ကဲ … ဒီလိုတွေးရအောင်
ခင်ဗျားလွတ်မြောက်လာတဲ့အတွက်
ကျန်ခဲ့တဲ့ မိသားစု ဆွေမျိုးသားခြင်း
မိတ်ဆွေ ရဲဘော်များ လိုအပ်ချက်
ခင်ဗျားကူညီဆောင်ရွက်ပေးနိုင်တယ်။
ခင်ဗျားရဲ့ လွတ်မြောက် ရှင်သန်မှုအတွက်
ကျန်ရစ်သူမိသားစုက ၀မ်းမြောက်နေပေလိမ့်မယ်။
ခင်ဗျားရဲ့ လွတ်မြောက် ရှင်သန်မှုအတွက်
မိတ်ဆွေ ရဲဘော် ရဲဘက်များက ၀မ်းသာနေကြလိမ့်မယ်။
ခင်ဗျားရဲ့ လွတ်မြောက် ရှင်သန်မှုနဲ့ 
ကမ္ဘာကြီးကို အလှဆင်နိုင်လိမ့်မယ်။
တကယ်တော့
တို့ တတွေဟာ အထီးကျန်သူတွေ မဟုတ်ဘူး
တို့ တတွေဟာ မျှော်လင့်ချက်မဲ့တွေ မဟုတ်ဘူး
တို့ တတွေဟာ အနာဂတ်မဲ့တွေ မဟုတ်ဘူး
တို့ တတွေဟာ အသားအရောင် ရုပ်လက္ခဏာ မတူညီကြပေမယ့်
အရေပြားအောက်က သွေးတွေ နီပုံခြင်းတူကြတယ်
တို့ တတွေဟာ ဖိနှိပ်ချုပ်ချယ်မှုအောက်က ရုန်းထွက်လိုတဲ့ ဆန္ဒတူညီကြတယ်

ဒီမိုး ဒီရေ ဒီလေ ဒီမြေ ဒီလူတွေရဲ့ 
မေတ္တာ ဂရုဏာ စွမ်းပကားနဲ့ ဖေးမကူညီမှုအောက်မှာ
ခင်ဗျားတို့ ရဲ့  ဝေဒနာတွေ ပျောက်ကင်းသက်သာသွားလိမ့်မယ်လို့ 
ငါယုံတယ်….

ဆောင်းခိုငှက်တွေ အိမ်ပြန်လာသလိုမျိုး
ဘ၀ခိုငှက်တွေလည်း
တနေ့ တော့ အိမ်ပြန်ကြရမှာ………..။


ရဲရင့်သက်ဇွဲ
၂၄၀၄၂၀၁၂
၃း၃၆ အေအမ် 








Saturday, May 05, 2012

ပြေးလမ်းရဲ့ အဆုံးမှာ

ပြေးလမ်းရဲ့ အဆုံးမှာ

တချို့ …..
ဒရီးဒယိုင် တုန်တုန်ချိချိနဲ့ 
ပြေးလမ်းပေါ်ကို တက်လာကြတယ်
ဟန်ပန်ကတော့ တာဝေးအပြေးသမား ဂိုက်အပြည့်နဲ့ 

တချို့  ….
မသမာမှုကို
မင်းသားခေါင်းစွပ်လို့ 
ပြေးလမ်းပေါ်တက်လာကြတယ်

တချို့  ….
လေသံကြား တရားနာ
လေဖမ်း ဒန်းစီး
တော်၏ မတော်၏ သူမသိ
ပြေးလမ်းပေါ်တက်လာကြတယ်

တချို့  ….
မမှန် မတရားမှုကို
အပြုတ်တိုက်မဟဲ့တဲ့
ကိုယ်ခံအားကောင်းကောင်း မကောင်းကောင်း
စိတ်ကောင်းတခုနဲ့ 
ပြေးလမ်းပေါ် တက်လာကြတယ်

အနိုင် အရှုံးဆိုတာ
ပွဲပြီးမှသိရမှာ
ပြေးလမ်းရဲ့ အဆုံးမှာ
တာဝေးအပြေးသမား
ဘာတွေများရသွားမလဲ

ပြေးလမ်းအဆုံးမှာ
ညောင်သီးလဲစား
လေးသံလည်း နားထောင်…..။

ရဲရင့်သက်ဇွဲ
၅ မေ ၂၀၁၂


Sunday, April 22, 2012

ဒီမှာကြည့်စမ်း အသဲနှလုံးတွေ မီးခဲလိုပဲ

ဒီမှာကြည့်စမ်း အသဲနှလုံးတွေ မီးခဲလိုပဲ

မင်းလမ်းလျှောက်တဲ့အခါ
ညှင်သာစွာ ခြေလှမ်း ဖြေးဖြေးလေးလှမ်းလှည့်ပါ ။
မင်းစကားပြောတဲ့အခါ
တိုးတိုးဖွဖွ ရယ်သံလွှလွှ
ဖူးငုံသစ်စ နှုတ်ခမ်းပါးလျ
လက်ဝါးလေးနဲ့ ကာပြောစမ်းပါ ။

ဟိုမှာတွေ့ လား ……
ကွန်ကရစ် အတုန်းအပုံတွေကြားမှာ
မြစ်ဆုံလေ
ဧရာဝတီအတွက် အသက်ပေးကာကွယ်ကြတဲ့။

မင်းမျက်ဝန်းတွေထဲက
ကြေက်ရွံ့ စိုးရိမ်စိတ်တွေကို
မြစ်ဆုံမရိပ်မိစေနဲ့ 
ဧရာဝတီပေါ်ကို မကျမိစေနဲ့ 
ကိုယ့်လက်ကို မြဲမြဲကိုင်တွယ်
တရားတဖက် ဓါးတလက်နဲ့ 
သမိုင်းပေးတာဝန်တွေပါကွဲ့ ။

အချစ်ရေ …..
အရွယ်တွေ အရုပ်တွေ အရောင်တွေ ယုံကြည်ရာတွေ
ခေတ္တခဏမေ့ထား
ဟော့ဒီ မြေပေါ်မှာ မွေးဖွားကြီးပြင်းသူ ဘယ်သူပဲဖြစ်ဖြစ်
ဟော့ဒီ မြေပေါ်မှာ နှစ်ကာလရှည်လျားလာရောက်အခြေချသူများ
ဟော့ဒီ ရေ မြေ လေ တို့ ရဲ့ သစ္စာတရားကို စောင့်သိသူများ
ဟော့ဒီ နိုင်ငံရဲ့  အနာဂတ်သစ်ကို ဒိုးတူဘောင်ဖက် တည်ထောင်လိုသူများ
မြစ်ဆုံအရေး ဧရာဝတီအရေးမှာ လက်နှေးမနေကြနဲ့ ….
အဖိုးမှိုင်းသာ သက်ရှိထင်ရှား ရှိနေသေးရင် …..
(………………………..ဓါးမသွေးလောက်ပီမို့ လို့ များစာချိုး)
တိုက်ပွဲထဲ ရဲရဲတိုးသွားမှာအသေအချာပဲ …။

အချစ်ရေ ….
ရင်ကိုဖွင့်ကြည့်စမ်း ဘာတွေတွေ့ နိုင်မလဲ……..။

ရဲရင့်သက်ဇွဲ
၂၀၀၄၂၀၁၂

Saturday, April 14, 2012

ပိတောက်တွေ ရွှေရည်လူး ဖူးကြပြီလေ

ပိတောက်တွေ ရွှေရည်လူး ဖူးကြပြီလေ

နှင်းပွင့်တွေက မြေပြင်ပေါ်ကို
အရှိန်ပြင်းပြင်း ပြေးဆင်းလာကြတယ်…။
လေအဝှေ့ မှာ အအေးဓာတ်က
အရိုးထိအောင် ထိုးထဲ့လိုက်သလိုမျိုး
ခြောက်သွေ့ နေတဲ့ မြေပြင်ကတော့
ငိုပွဲ ဆင်နေလေရဲ့  ….။

ငါရောက်နေတဲ့ အရပ်ကနေ
အလွမ်းတွေ ကိုင်းကူးဆက်
ဖူးပွင့်လာတဲ့ဝေဒနာ
ပိတောက်ဝါ
ပိတောက်ဝါ
တို့ ရေ တို့ မြေမှာ
အတာရေလောင်း ချမ်းမြေ့ စေကြောင်း ဆုတောင်းပြီ …။

နှစ်ကာလများ
သတိရတမ်းတမိပေါ့
ဒီမှာတော့
ဆောင်းအကုန် နွေအကြိုညမျှားမှာ
ငါ့ … ပြူတင်းမှမြင်ရတဲ့ လမင်း
ပိတောက်ဝါအရောင်နဲ့ 
ထိန်ထိန်တောက်လို့  ……

ငါ ဒိနေ့ တနေ့ လုံး
ငါ … အထီးကျန် အဖေါ်မဲ့ ရေခံဖုံးမြေအပေါ်မှာ
ပိတောက်တွေကို အလွမ်းတွေနဲ့ ဖုံး
အလွမ်းတွေကို ပိတောက်တွေနဲ့ ဖုံးနေတုန်း
တံခါးခေါက်သံကြားတယ်
နေအောင်ရယ် ခင်သန်းနုရယ် ဇင်ဝိုင်းနဲ့ 
မေသန်းနု သီတာသိမ့် ဖော်ဝမ်းတို့ 
ရေတွေရွှဲရွှဲစိုလို့ 
ငါ့ …အိမ်ရှေ့ မှာ ….. ။

ရဲရင့်သက်ဇွဲ
၁၃၀၄၂၀၁၂


Monday, April 02, 2012

တိတ်ဆိတ်ငြိမ်သက် အခန်းကျဉ်းလေးထဲ

တိတ်ဆိတ်ငြိမ်သက် အခန်းကျဉ်းလေးထဲ


ငါ သတင်းအဆုံးသတ်ကို

နားမထောင်တော့ပါဘူး

ဒီတိတ်ဆိတ်ငြိမ်သက်လွန်းတဲ့

ပတ်ဝန်းကျင်ကို

ငါတို့ မြေမှာ ကျဉ်းထဲကျပ်ထဲက

လူးသာလွန့် သာ အောင်ပွဲအကြောင်းကို

အသိပေးရတော့မယ်။



တိတ်ဆိတ်ငြိမ်သက် အခန်းကျဉ်းလေးထဲ

တယောက်ယောက်နဲ့ စကားပြောချင်တယ်

မျိုးကြီး သီချင်းတစ

ငါ့ ဝေဒနာကို လာဖွနေတယ်။



ဝမ်းသာမှုလွန်ကဲတဲ့ အသဲက

ဖွင့်ထားတဲ့ အင်တာနက်ရေဒီယိုရဲ့ 

အသံမြှင့်တဲ့ ခလုပ်ကို

ခပ်ရဲရဲ အဆုံးထိ ဆွဲမြှင့်လိုက်တယ်။



ငါ ထင်ထားတဲ့အတိုင်းပါပဲ

မိနစ်အနည်းငယ်ကြာတဲ့အခါ

လူသံ ခွေးသံတွေကြားရ

ရဲကားရဲ့ ဂီတသံကြားရ

တံခါးခေါက်သံများကြားရ

ငါ့ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်မှုကနေ နိုးထလာခဲ့ပြီ ။



ငါ အသက်ပြင်းပြင်းတချက် ရှုရှိုက်

တံခါးကို အသာလှည့်ဖွင့်အလိုက်မှာ

မျက်ရည်စတွေနဲ့  ပြုံးနေတဲ့ ငါ့မျက်နှာကိုအတွေ့ မှာ

ခွေးဟောင်သံကလွဲလို့  အားလုံးဟာတိတ်ဆိတ်ငြိမ်သက်သွားရဲ့  ။



အမေး အဖြေများ

ငါ့တိုင်းပြည်ရဲ့  အခြေအနေများ

ကြေလည်တဲ့အထိ ရှင်းပြ ငါ့ရင်ထဲက ဆန္ဒ

ငါ့ရင်ထဲကသောက သူတို့ သိသွားကြလေရဲ့ 

ရဲသားရဲ့  သတိပေးချက်အပြီးမှာ

အားလုံးကို အပြုံးနဲ့ နှုတ်ဆက်လိုက်တယ် ။



လွန်ခဲ့တဲ့ ၂၂နှစ်တုန်းကတော့ တလမ်းဝင်တလမ်းထွက်

အောင်ပွဲကိုပွေ့ ဖက်ခဲ့ရတာတွေ

ရန်သူရဲ့  ကောက်ကျစ်မှုတွေ

ဒဏ်ရာတွေကိုပွတ်သတ်

ခဲမှန်ဘူးတဲ့ စာသူငယ်ရဲ့  စိုးရိမ်ကြောင့်ကြမှုများ

အတွေးများ မိုးမဆုံး မြေမဆုံး

ငါနေတဲ့ အရပ်ကတော့ ၀န်ရိုးစွန်းဆိုတဲ့အတိုင်း

ပြန်လည်အေးခဲသွားပုံများ



တိတ်ဆိတ်ငြိမ်သက် အခန်းကျဉ်းလေးထဲ

တယောက်ယောက်နဲ့ စကားပြောချင်တယ် ……။



(လွန်ခဲ့သော နာရီပိုင်းအတွင်းက အဖြစ်အပျက်အားရေးဖွဲ့ခြင်း)



ရဲရင့်သက်ဇွဲ

၀၁ဧပြီ၂၀၁၂

၁၈း၄၅






Saturday, March 31, 2012

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်

ပန်းပေါင်းစုံ ဖူးပွင့်တယ်လို့  ပြောရမှာလား
သပွတ်အူ မျောလာတာတွေ့ ရတယ်လို့ ပြောရမှာလား
အမယ်ဘုတ်ရဲုသူ့ ချည်ခင်
မြန်မာပြည်ထဲကိုဝင်နေတာ
ငါ …ထင်တယ်
ကမ္ဘာဦးအစ
မြန်မာရယ်လို့ ဖြစ်လာတဲ့အချိန်ကထဲက
မွေးရာပါ ဗီဇစရိုက်
ကပ်ဆိုက်လာတာပဲဖြစ်မယ် …။

အခုတလော …
web ပေါ် net ပေါ် mail ပေါ်
ငါ့ ဖန်သားမျက်နှာပြင်ပေါ် ပေါ်လာသမျှအကုန်းလုံး
စိတ်ထောင်းကိုယ်ကျေ ဖြစ်ရပုံများ
ရှုရှိုက်နေရတဲ့ လေတွေတောင်မှ
ပုပ်အဲ့နံစော်သလိုခံစားလာရ …။

အတိတ် ပစ္စုပ္ပန် အနာဂတ်
အဲဒီသုံးရပ်စလုံးအတွက်
ရိုးစင်းသော အခြေခံတရား
မရှိမဖြစ် ငြိမ်းချမ်းရေးတရားပါပဲ
တခုတော့စဉ်းစားကြဗျာ
ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးရေး
အပြစ်အခတ်ရပ်စဲရေး လွတ်ငြိမ်းချမ်းသာခွင့်
ဒါတွေဟာ အသစ်တွေမဟုတ်ဘူး
ရန်သူရဲ့ နောက်ကျောကိုပို့ ထားတဲ့လက်ထဲက
စိတ်ပုတီးကုံးဟာ မီဂါတန်ဗုံးတွေပဲဖြစ်တယ်။

လှည့်စားမှု မာယာကပဲ အားကောင်းလေသလား
ကိုယ့်ညီအကိုများရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကပဲအားကောင်းသလား
မပြောတတ်တော့ဘူး
ဘာကိုယုံလို့  ဘာကို ပုံကြမှာတဲ့တုန်း
ကိုယ်ရေးခဲ့တဲ့သမိုင်း ရိုင်းသွားမှာ မကြောက်ဘူးလား
ကိုယ်ဖြတ်ခဲ့တဲ့သမိုင်း ကိုင်းသွားမှာ မကြောက်ဘူးလား
ကိုယ့်ရဲ့ ပေးဆပ်မှုတွေ ကွေးသွားမှာ မကြောက်ဘူးလား
တိုက်ဖော်တိုက်ဖက် အသက်စွန့် သွားသူများအပေါ်
သစ္စာဖောက်ရာရောက်သွားမှာကို မကြောက်ဘူးလား…..။

ယုံချင်သူတွေ ယုံကြပါ
ပုံချင်သူတွေ ပုံကြပါ
ကြိုးတန်းပေါ် လမ်းလျှောက်သလိုမျိုး
အသက်ကိုညာဏ်စောင့်တယ်
ဟန်ချက်ညီစေကွဲ့ 
အော် … ငြိမ်းချမ်းရေးအတွက်
သွေးစွန်းလက်များကို မချစ်သော်လည်း
အောင့်ကာနမ်းကြပုံများ ဒဏ္ဍာရီဆန်လွန်းနေမလား …။

ရဲရင့်သက်ဇွဲ
၁ မတ် ၂၀၁၂


Friday, March 23, 2012

နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း

နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း


အိပ်မက်တွေကို ခြေရာခံကြည့်တော့
နှစ်တွေကိုအထုပ်ဖြည်ချ
ခေတ်တွေကို ပီပီသသမြင်ရတယ်
ကြယ်တွေကြွေတုန်းလား ။

အတွင်းစည်း အပြင်စည်း
လူ့ စည်း ဘီလူးစည်း
စည်းတွေရဲ့ ခရီးအကွာအဝေးတွေကြား
လသာသာမှာ ကစားမလား နားမလား
ရိုးစင်းတဲ့ မာယာမများတဲ့  တရား
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
ဟောဒီ ဒွန္နယာမှာ ရိုးသားခဲ့ဘူးတယ်။

မိုင်တိုင်များ တွားတွားတက်လာကြ
အရိပ်များ ပိုရှည်လျားလာ
အတ္တများ ပိုသိပ်သည်းလာ
ဘ၀က ပိုပြီးပါးလျလာခဲ့
ကုသိုလ် အကုသိုလ် လမ်းဆုံမှာ
ငါ့ရှိတာအကုန်ပုံရှိုးခဲ့ပြီး
မှောက်ထားတဲ့ နောက်ဆုံးဖဲချပ်
ပွတ်ဆွဲနေဘို့ အချိန်
ငါ့ဘ၀ လက်ကျန်နဲခဲ့ပုံများ
သံဝေဂရစရာ
အရင်းအတိုင်းချပြလိုက်တယ်။

ဟာ ကနဲ ဟင် ကနဲ အသံတွေကြဲသွားတဲ့အခါ
လဲသွားတဲ့ငါ
လွဲသွားတဲ့ငါ
မိသားစုရဲ့  ရှိုက်သံသဲ့သဲ့ နဲ့ 
သေမင်းရဲ့ ဟားတိုက်ရီမောသံ
ငါ့အတွက် မွေးနေ့ လက်ဆောင် ခေါင်းလောင်းသံပဲဖြစ်မယ် ။

(၂၃ - မတ်လ - ၂၀၁၂ မှာရောက်ရှိမယ့်မွေးနေ့ အတွက်)

ရဲရင့်သက်ဇွဲ
၂၀၀၃၂၀၁၂

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မွေးနေ့ 

၃ မတ်လ ၂၀၁၂ တွင်ကျရောက်သောမွေးနေ့ အထိမ်းအမှတ်

အဖိုးသခင်ကိုယ်တော်မှီုင်း၏ဂုဏ်
ကျေးဇူးတော်များအား ဦးခီုက်လျက် ............



ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဂန္ဓာရီလေးချိုးကြီး

၁။

သြော် - စံဌာနီ စံဌာနီနှင့်၊ သံသရာလည်ခဲ့တဲ့၊ မြန်မာပြည် ဗရုတ်ဗရက်၊ ပြုတ်ပျက်နန်းဆီက၊ ဂန္ဓာရီ တရုတ် တရက် ကြငှန်းဆီသို့၊ နှုတ်ဆက်စမ်းမယ်လို့၊ ကမ္မဌာန်း ရတုအတိုင်းပေကိုး၊ (အိုကွယ်) ရုတ်တရက် လှမ်းခဲ့ပါတဲ့ ဘန်းတစု မှိုင်းရွှေကိုယ်။


၂။ သြ - ယဉ်စစ အနှူးတွေပေါ့၊ သခင်ဘဦး သခင်လွင်ရဲ့ပြင်၊ အယဉ်တွင် ယှဉ်မရနိုင်တဲ့၊ ခင်လှကလေး တပြောင်ပြောင် စွန်းသူနဲ့၊ မောင်ထွန်းမြင့် ဆိုသူ အမတ်တရှဉ်းရဲ့ပြင်၊ ဒြပ်လင်းသဟာ ဒဂုန်တာရာနှင့်၊ မဖြုံ ရန်တကာ မအောင်သမျှ တင်းမဟဲ့ဆိုတဲ့၊ မောင်လှဝင်း တက္ကသိုလ်ဇာနည်တို့နဲ့၊ တို့ဗမာပြည် ဝေဟင်ယံမှ၊ လေယဉ်ပျံ ကောင်းကင်စခန်းပေပ၊ ဒေါင်းယဉ်ပမာလို မြန်းခဲ့၊ စခန်းတမျိုး သာသာယာယာနှင်၊ တို့ဗမာ အလံအောက်ပေပ၊ ဗန်ကောက် တဆိတ်ဆင်းပြီး၊ အင်္ဂလိပ်ပိုင် ရွှေဟောင်ကောင်မှ၊ ထို့နောင်သော် တလောတဖုံ ခေတ်ဆိုတဲ့၊ အိုး ကောဠုမ္ပရာဇ် တခါဝင်တဲ့ပြင်၊ ရာဇာဘုရင် အလီလီသနင်းတွေရဲ့၊ ပီကင်းဗိုလ်ဝင်ခံကြပြီး၊ ဟို အရင်ယမန် လူ့တခွင် လွမ်းလောက်တဲ့၊ ဗဟိုပလ္လင်ပျံ မုခဒင်စခန်းရဲ့အပြင်၊ လူ့သဘင် တနန်း တည်ရန် ထင်လောက်သည့်၊ တီယန်ဆင် တထောက်မြန်းပြီး၊ ချောက်ကမ်း ကမ္ဘယံဝင်းတွေနှင့်၊ မြောက်နန်းအလံ ခင်းမည်ဟု၊ နန်ကင်းတဖန် ဆိုင်းခဲ့ပြီး၊ ရှံဟိုင်း သာနဂိုရဲ့အပြင်၊ ရာဇဂြိုဟ် ယမန် အဟောင်းကဲ့သို့သော၊ ဟန်ချောင်းမှာ တအားကိုးမဟဲ့လို့၊ ဘုရာပုထိုး ရှိရှဉ်ခိုးပြီး၊ ကျွန်မျိုးခေတ် တခါမကြုံဘို့လို့၊ ပတ္တနာအစုံ ညွတ်ကာပျောင်းတဲ့ပြီး၊ 'မော်စီတုန်း' ဆိုတာ ထိုရာဇာဟာ မဟော် အရည် တနှုန်းလိုသာ ကောင်းပါစေလို့၊ ဒေါင်းရတု မြန်ဗဟိုမှာနော်ကွယ်၊ အပေါင်းတစု အကြောင်းကြောင်းရှုပြီး တောင်းဆုပန်ဆို။

၃။ အနှီစံရာ ဘေးမကင်းတကင်း အရောက်နော် မြန်းခဲ့သော်လည်း၊ ပြည်ဂန္ဓာ သွေးရင်းပေါက်ဖော်တို့ လွမ်းရာက၊ နန်းဆက်၌ စနေခို၊ ရွှေဘိုနှင့် ရတနာပုံအဆင်း၊ (အိုကွယ်) နေညိုညိုမှာဖြင့်၊ ဆရာ အာရုံမကင်း။

၎။ သို့ရာတွင်၊ တို့ဗမာဇာတာတခွင်၌်၊ ဒသာ မမြင် ပြောင်းချိန်သင့်ပြီမို့၊ ဒေါင်းအရှိန် ကောင်းချိန် ဝင့်ပါလိမ့်၊ အခွင့်အခါဟုတ်ပြီမို့၊ အများအစီအရီ၊ တအားညီညီ ထုတ်ကြပေတော့၊ (အမယ်မင်း) အနုတ်စုတ် ဂုတ်စုတ် အပြည်လုခဲ့တဲ့၊ ထာဝရအသင်းတည်းဟူသော၊ ကမ္ဘာဒမြ ရှင်းပေမည့်၊ (သြော်) ကျွန်ပ် အကြည်တစု တို့နှင့်တကွ၊ တရုတ်ပြည်သူ့ မဟာသမတမင်း။

သခင်ကိုယ်တော်မှိုင်း။
[ဒဂုန်တာရာရဲ့ ဧရာဝတီ ယန်စီ ဗော်လဂါ စာအုပ်မှ ကူးယူဖော်ပြပါတယ်။]
(မာယာမဂ္ဂဇင်းမှ)



Sunday, March 18, 2012

poerty day



Poetry DayPoetry Day

ဆန်း နှင့် ကြည်

ဆန်း နှင့် ကြည် (ဒဂုန်တာရာ) ဂျပန် ၀င်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာပြီးနောက် ဂျပန်တို့ ၀င်ရောက် လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့် ကျောင်းသားသမဂ္ဂ လုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ကို ထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က သိမ်းတာ၊ အဲဒါ ခင်ဗျား ရန်ကုန်သွား၊ အလံပြ ဘုရားလမ်းကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့ လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော် ရန်ကုန်သွားသည်။ အရှေ့ အာရှ စစ်ဖြစ်သည်နှင့် ရန်ကုန်ကို ဂျပန်တို့က ဗုံးကြဲလိုက်သည်။ထိုအခါ အသွားအလာများ ပျက်ကုန်တော့သည်။ ခါတိုင်း သွားနေကျ ဧရာဝတီသင်္ဘောလည်း မရှိတော့။ သည်တော့ ဘိုကလေးမှ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ပန်းချီဆရာ ကို အုန်းလွင် တို့ ပါလာသော မော်တော်ဘုတ် ကျိုက်လတ်ဆိုက်သည်နှင့် ကျနော်လိုက်သွားသည်။ ညဘက် ရန်ကုန်ဆိပ် ကမ်းသို့ ကပ်ခွင့်မရ၍ ခနောင်တို့ဘက်တွင် တညအိပ်၍ နောက်နေ့ နံနက်စောစော ရန်ကုန် ရောက်သွားသည်။ ကြည့်မြင်တိုင် ဆိပ်ကမ်းမှနေ၍ အလံပြဘုရားလမ်းမှနေ၍ အလံပြဘုရားလမ်းရှိ ပတ်ခ်ဟိုတယ်သို့ တန်းသွားလိုက်သည်။ ကျနော်တို့ မိတ်ဆွေများနှင့်တွေ့ပါပြီ၊ ကျောင်းသားသမဂ္ဂ လုပ်ဖေါ်ကိုင်ဖက်များ၊ သူတို့သည် ဗမာ့လွတ်လပ်ရေးတပ်မ တော်သားများ ဖြစ်နေကြပေပြီ။ လန်ကတ်စတာလမ်းထောင့်ရှိ မက်သဒစ်ကျောင်း (ယခု အထက ၁ ဒဂုံ) သည် BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ စစ်ရုံးချုပ်ဖြစ်နေပေပြီ။ ယင်းဗမာ့တပ်မတော် စစ်ရုံးချုပ်ရှေ့ဘက်ရှိ ယခင် အင်္ဂလိပ် သံ အမတ်ကြီး အိမ်တွင် ဗိုလ်အောင်ဆန်းကို သွားတွေ့ရသည်။ ဗိုလ်လက်ျာကခေါ်၍ ပါသွားသည်။ ကိုအောင်ဆန်းကို ရေညှိစိမ်းရောင် သက္ကလပ်စစ်ဝတ်စုံနှင့် ခါးတွင်လည်း ဓားချိတ် လျက်။ ကျနော့် စိတ်ထဲတွင် တမျိုးဖြစ်သွားသည်။ အံ့လည်း အံ့ဩသွားသည်။ကျနော် မျှော်လင့်သော သခင်အောင်ဆန်း ၏ ရုပ်ပုံလွှာ။ ယခင် မြင်နေကျ သခင်အောင်ဆန်း၏ ရုပ်ကားချပ်ကတော့ ပင်နီအပေါ်ဖုံး၊ ရွှေတောင်လုံချည်နှင့်၊ သမိုင်းဆိုသည်က လည်း ပြောင်းလဲတတ်သည်မဟုတ်ပါလား။ ယခင်ကတော့ သခင်အောင်ဆန်း၊ သူက သခင်အောင်ဆန်း ခေါ်လျှင်ကြိုက် သူ၊ ယခု ဗိုလ်ချုပ်အောင်ဆန်းတဲ့။ ထိုအခါ ဗိုလ်တေဇ ဟုလည်း ခေါ်သည်။ နာမည်က မတွင်၊ ဗိုလ်အောင်ဆန်း နာမည် ကသာ သမိုင်းတွင်သွားသည်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းအနီးရှိ ပတ်ခ်ဟိုတယ်တွင် ကျနော်မတည်း၊ လူများနေသည်။ ကျနော်နှင့် ကျောင်းနေဖက် ကိုထွန်းလှ ခေါ်သွားသော လန်ကတ်စတာလမ်းရှိ ထရီနီတီဂေဟာဟုခေါ်သော အမျိုးသမီးဆောင်သို့ ရောက်သွားသည်။ အမျိုးသမီးဆောင်တွင် တနင်္သာရီဘက်တွင် ရောက်ရှိနေသော ဗမာ့လွတ်လပ်ရေးတပ်မတော် ချီတက်ရာလမ်းကြောင်းရှိ အုပ်ချုပ်ရေးဖွဲ့လျှင်သုံးရန် ခေါ်လာသော တက္ကသိုလ်ကျောင်းသားများ စုနေသည်။ ဘော်ဒါဆောင် သဘော။ ကျနော် အဲ သည်မှာ တည်းလိုက်သည်။ ကျနော့်အတွက် စန္ဒရားတလုံး ယူပေးထားသည်။ အတော်ပဲ။ (ခ) တညနေတွင် ကိုအောင်ဆန်း ဆေးရုံတက်နေသည်ဆို၍ သွားကြည့်ရန် ကျနော့်ကို လာခေါ်ကြသည်။ သူတို့ကတော့ သခင်သန်းထွန်း၊ ကိုဗဟိန်း၊ ဗိုလ်လက်ျာ၊ ကိုကျော်ငြိမ်းတို့ ဖြစ်ကြသည်။ အခန်းကျယ်ကြီးထဲတွင် ဗိုလ်အောင်ဆန်းကို ခုတင်တလုံးနှင့် တွေ့ရသည်။ သူတို့က ကျနော့်ကို ‘ခင်ဗျား လူကြီး ကြည့်လုပ်ဦးဗျ၊ ကြည်တိုက်မှ ဆေးသောက်မယ် ဖြစ် နေတယ်ဗျ’ ဟု သူ့ဇာတ်လမ်းကို ပြောပြကြသည်။ ကိုအောင်ဆန်းကတော့ မထုံတက်သေး။ ကျနော်ကတော့ ပြုံးလိုက်မိ သည်။ ‘ခင်ဗျားနဲ့ မိတ်ဖွဲ့ပေးရမယ်ဗျ၊ လာ၊ မခင်ကြည်နဲ့ မိတ်ဖွဲ့ပေးရမယ်၊ အပေါ်ဆုံးထပ်မှာနေတယ် လာ’ ဟု တယောက်က ပြော၍ ကျနော်တို့ လူစုသည် ဆေးရုံကြီးလုပ်ထားရာ အပေါ်ထပ်သို့ တက်သွားကြသည်။ (ဒိုင်အို မိန်းကလေးကျောင်းကို စစ်အတွင်းက ပြည်သူ့ဆေးရုံအဖြစ် ပြုလုပ်ထားသည်) သုံးထပ်တွင်ဖြစ်မည် ထင်သည်။ အထဲရောက်သောအခါ ဆရာမ မခင်ကြည်နှင့် မိတ်ဆက်ပေးသည်။ ဧည့်ခန်းတွင် စန္ဒရားကြီးတလုံးရှိသည်။ ‘တယောက် ကို သီချင်းဆိုခိုင်းရမယ်ဗျ၊ ခင်ဗျားတီး’ ကျနော့်ကို စန္ဒရားရှေ့သို့ပို့လိုက်သည်။ မခင်ကြည်က အခန်းထဲပြန်ဝင်သွားသည်။ စန္ဒရားခလုပ်များကို ကျနော် စမ်းကြည့်လိုက်သည်။ တီးလို့မရ၊ အသံများ ပျက်နေသည်။ ကြိုးညှိမထားသဖြင့် ဘယ်လိုမှ တီး၍မရ၊ ကျနော်ကလည်း ဇီဇာကြောင်သည်။ စန္ဒရား အသံကောင်းကောင်းမှ တီးချင်သည်။ ‘လုပ်လေဗျာ၊ သီချင်း တပုဒ်’ တယောက်က ပြောလိုက်သည်။ ‘တီးလို့ မရဘူးဗျ၊ ကြိုးကျနေတယ်၊ တီးရင် အသံကြောင်တယ်’ သူတို့က နားမလည်။ ထို့နောက် ကော်ဖီများရောက်လာ သည်။ ကိုအောင်ဆန်း၏ ချစ်သူ မခင်ကြည်က ပြန်ထွက်မလာ။ ကျနော် ကောင်းစွာမှတ်မိနေသည်။ ထို့နောက် ကျနော် တို့ ပြန်ခဲ့ကြသည်။ သူတို့ အသိုင်းအ၀ိုင်းတွင် ကျနော်တယောက်သာ စန္ဒရားတီးတတ်၍ ကျနော့်ကို မကြာခဏ တီးခိုင်း သည်။ မခင်ကြည် ပြန်ထွက်မလာသည်ကို သတိပြုမိသည်။ ရှက်နေဟန်တူသည်။ ကျနော်တို့ လူစုမှာ အသက်ပင် ၃၀ မ ကျော်သေး။ ကျနော်က သည်အသိုင်းအ၀ိုင်းထဲတွင် အသက်အငယ်ဆုံး။ ထိုအခါက အသက် ၂၂၊ ကိုအောင်ဆန်းက ၂၆ နှစ်၊ ကိုကျော်ငြိမ်း၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ကလည်း ကျနော့်ထက် ကြီးကြသူများ ဖြစ်သည်။ မခင်ကြည်ကို ကျနော်က ကြည့်ကောင်းသူဟု ခံစားမိသည်။ မျက်ခုံးမွှေး ထူထူ၊ မျက်နှာထားလည်း ချိုသည်။ ကြည်လင် ချိုမြ၊ လှေကားထစ်မှ ကျနော်တို့ ဆင်းလာသောအခါ ချောသားပဲဗျ၊ ကိုအောင်ဆန်း ရွေးတာမဆိုးဘူး’ ဟု ကျနော်က ပြောလိုက်သည်။ သူတို့ကလည်း တယောက်တပေါက် ပြောကြပြန်သည်။ ထိုအခါက ကျနော်တို့သည် ငယ်ရွယ်သူများ ဖြစ်သည်။ (ဂ) ကိုအောင်ဆန်း ပြည်သူ့ဆေးရုံကြီးမှ မခင်ကြည်ကို လက်ထပ်မည်ဟူသောသတင်းမှာ ကျနော်တို့ အသိုင်းအ၀ိုင်းတွင် ပျံ့ နှံ့သွားသည်။ ယင်းသို့ ဂျပန်ဝင်စက ကျနော်တို့ အသိုင်းအ၀ိုင်းမှာ တယောက်ပြီးတယောက် လက်ထပ်သွားကြသည်။ ပထမဦးဆုံး လက်ထပ်သူက ကိုလှအောင်၊ သူက ဖျာပုံသူ သန်းသန်းနှင့် လက်ထပ်သည်။ မင်္ဂလာလက်ထပ် ထမင်းစားပွဲ တွင် ကျနော် စန္ဒရားတီးသည်။ လူများများမဟုတ်၊ ကျနော်တို့ အသိုင်းအ၀ိုင်းသာ။ ဗိုလ်လက်ျာ ရွှေတောင်ကြားရှိ ဧည့် ခန်းဆောင်တွင် ကျနော်တို့ လူစု စုဝေးနေကြသည်။ ကျနော်ရောက်သည့်အချိန်တွင်တော့ ထိုအခါက နာမည်ကျော်ကြား နေသော စန္ဒရားဆရာ စိန်ဝေလျှံက တီးနေသည်။ ကိုအောင်ဆန်းက ကျနော် ရောက်ပြီးမကြာခင် စိန်ဝေလျှံရှိရာသို့ သွား ကာ ‘ခဏနေဦးဗျ၊ ဌေးမြိုင် စန္ဒရားတီးမလို့’ ဟု ပြောလိုက်သည်။ ကျနော် အံ့ဩသွားသည်။ ဘယ်နဲ့ဗျာ တယောက်တီး နေစဉ် သီချင်းမဆုံးခင် ရပ်ခိုင်းရသည်လို့။ ကျနော် မအံ့ဩတော့ ကိုအောင်ဆန်း က သည်လိုလူမျိုး။ လွန်ခဲ့သော တပတ်ခန့်ကပင် သခင်မြအိမ်ရှိ စန္ဒရားကို ကျနော်တီးနေစဉ် ကိုအောင်ဆန်း စစ်ဝတ်စစ်စားနှင့်ဝင်လာသည် ကျနော်ဘေးတွင် ကိုထွန်းလှက သီချင်းဆိုနေသည်။ ‘သည်လိုအခါမျိုးမှာ ချစ်ကြမယ် ကြင်နာကြမယ် သီချင်းကမဟန် ဘူးဗျ’ ဟု ကျနော့်ကို ကြည့်ကာ ပြောလိုက်သည်။ ကျနော်က ပထမတော့ သူ့ကိုလှမ်းကြည့်ရင်း ဘယ်လိုလူပါလိမ့်ဟု တွေးမိသည်။ ကျနော်ဆက်တီးသည်။ ကိုအောင်ဆန်း ကလည်း ဆက်ပြောသည်မဟုတ်။ ချက်ချင်း ဒေါက်ဒေါက်နှင့် အပြင်သို့ထွက်သွားသည်။ ဟောအခုကျတော့ ကျနော့်ကို အတင်းတီးခိုင်းပြန်သည်။ ကျနော်က မတီးချင်၊ မတီးချင်သည်မှာ အခြားမဟုတ် စိန်ဝေလျှံတီးနေသည်ကို ရပ်ခိုင်း၍ ကျ နော့်ကို တီးခိုင်းသည်ကို ကျနော်မကြိုက်။ သူကတော့ မရ။ ကျနော်က ထိုင်နေရာမှမထသည်ကို လက်နှင့်ခေါ်ပြီး အတင်း လုပ်ပါဦးဗျ။ ကဉ္စနသီိချင်းဟု ဆိုလိုက်သည်။ အားလုံးပျော်ပျော်ပါးပါး ကျနော် သီချင်းတီးလိုက်သည်။ ဖန်ခွက်ထဲတွင် ရွှေရောင်တဖျတ်ဖျတ် ဆာကေးနံ့ တသင်းသင်း။ အပေါင်းအသင်းများမှာ ကသူ က။ ဦးဘဂျမ်းက ဖိုးဝရုပ်ကြီးကဲ့သို့ တလှုပ်လှုပ်၊ တယောက်ပြီးတယောက် လက်ထပ်သွား ကြသည်ကို ကျနော် အံ့ဩနေသည်။ သခင်ချစ်၊ ကျောင်းဆရာသခင်ချစ်က သူ့တပည့်မလေး ခင်သန်းညွန့်နှင့် လက်ထပ် သည်။ သည်လူတွေ ဘယ်လို လူတွေလဲ။ ကျနော် တွေးမိသည်။ သူတို့ကို ကောင်းစွာနားမလည်။ ကျနော့်ကိုလည်း တ ယောက်ယောက်နှင့် စနေကြသည်။ အဆိုးဆုံးက ဗိုလ်စင်္ကြာ၊ သူက ကျနော့် စန္ဒရားလက်သံကို သဘောကျနေသည်။သူ့ အိမ်ရှိ ပြင်သစ်ပလေရယ် သုံးချောင်းထောက် စန္ဒရားကြီး၊ ဂရင်းပီယာနို ကျနော်ပဲ တီးရသည်။ သူနှင့်အတူနေသူ ဂျော်ဂျီ ကိုတင်အောင်က အင်္ဂလိပ်သီချင်းကြီးများကို ကောင်းစွာတီးတတ်သူ၊ ဗမာသီချင်းတော့ သူ မတီးတတ်၊ ကိုတင်အောင် မှာ ၁၉၃၆ က အိုးဝေမဂ္ဂဇင်း ကော်မတီတွင် ပါသူ၊ (နောက်ပိုင်းတွင် ကိုတင်အောင်သည် မခင်ကြည်၏ ညီမအမာနှင့် လက်ထပ်သွားသည်) ကျနော်ကတော့ ကိုအောင်ဆန်း လှော်တာဖြစ်မှာပဲဟု တွေးမိသည်။ ဟုတ်မဟုတ်တော့ မသိ။ ထိုအခါက ကျနော်သည် ရွှေတောင်ကြားရှိ ဗိုလ်လက်ျာအိမ်မှ စန္ဒရားကိုတီးဖြစ်သည်။ ရွှေတောင်ကြားရှိ ဗမာ့လွတ်လပ် ရေးတပ်မတော် အရာရှိကြီးများ နေထိုင်သော အိမ်တိုင်းလိုလို စန္ဒရားရှိသည်။ သို့သော် တီးသူက မရှိ။ ကျနော်ကို သူတို့ ကမျှော်တတ်ကြသည်။ ကျနော် ဗိုလ်လက်ျာအိမ်မှ စန္ဒရားကို သိပ်ကြိုက်သည်။ အသံက ချိုသည်။ ကျနော် တီးနေစဉ် ကို အောင်ဆန်းကားကြီးနှင့် ရောက်လာသည်။ ထိုအခါက ဗိုလ်လက်ျာ အိမ်တွင် ကိုဗဟိန်းနေသည်။ ‘ကိုဗဟိန်း ဘယ်မလဲဗျ’ ဟု ကျနော်ကို လှမ်းမေးမှ စန္ဒရားကိုရပ်ကာ ‘မရှိဘူး ကိုအောင်ဆန်း ကိုဗဟိန်းအပြင်ထွက်သွား တယ်’ ‘လာဗျာ ကျနော်နဲ့ လိုက်ခဲ့စမ်းပါ မဂိုလမ်းမှာ ပလာတာသွားစားရအောင်’ ဟု ရပ်ရင်းပြောသည်။ ‘နေပါဦးဗျ ဖြည်းဖြည်း ပေါ့’ ကျနော်က မဂိုလမ်းကို ပလာတာသွားစားမည်ကို သိပ်မကြိုက်၊ သူက ဗိုလ်ချုပ်ဖြစ်ပြီမဟုတ်လား၊ သည်နေရာမျိုးကို တယောက်တည်း မသွားသင့်ဟု ထင်သည်။ ကျနော်က သိပ်မလိုက်ချင်၊ သူထိုင်ပြီးနောက် ကျနော်တို့ နှစ်ယောက်စကား တပြောပြော၊ သူက လက်ထပ်မည်အကြောင်း ကျနော့်ကို ပြောသည်။ ‘ကျနော် သိနေတဲ့ ကိစ္စပဲ၊ အိမ်ထောင်မှုဆိုတာ လည်း အနုပညာရှိတယ်ဗျ’ ဟု သူက ကျနော်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောလိုက်သည်။ ကိုအောင်ဆန်းက အင်္ဂလိပ်လို တခါတရံပြောတတ်သည်။ ကျနော်က ပြုံးလိုက်သည်။ ကျနော်က အနုပညာသမားဆို၍ ကျနော်ကို သည်စကားပြောခြင်းဖြစ်မည်။ ကျနော်တို့ စကားပြောလိုက်သည်မှာ အတော်ကြာသွားပြီ။ သူလည်း ပလာတာ စားချင်စိတ် ပျောက်သွားပြီလား မသိ၊ ကျနော့်ကို မခေါ်တော့။ မကြာမီပင် ပြည်သူ့ဆေးရုံကြီး ဧည့်ခန်းအောက်ထပ်တွင် လက်ထပ်ပွဲကျင်းပသည်။ ထိုအခါကတော့ ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်သည့် သတင်းမှာ ဟိုးဟိုးကျော်သွားသည်။ ကိုအောင်ဆန်း လက်ထပ်သွားသည်။ လက်မထပ်ခင် ၂ လ လောက်ကလားမသိ၊ သူနှင့် ကျနော်တို့ အတူနေကြသေးသည်။ ပထမ ကျနော် ဗိုလ်ဇေယျအိမ်တွင်နေသည်။ ဗိုလ်ဇေယျအထက်ဗမာပြည် စစ်ထွက်သွားပြီး သခင်တင်ဦးနှင့် ကျနော်တို့ ကိုအောင်ဆန်းအိမ်သို့ ပြောင်းသွားကြသည်။ ကိုအောင်ဆန်းက သူနှင့်အတူလာနေရန်ခေါ်သဖြင့် ပြောင်းသွားကြခြင်းဖြစ် သည်။ လက်ထပ်အပြီးတွင် ရွှေတောင်ကြားရှိ အမြောက် ၂ လက်နှင့် အိမ်မှ အင်းလျားကန်ဘေးရှိ တထပ်အိမ်လေးသို့ ပြောင်းသွားသည်။ ထိုအခါက အရေးတော်ပုံ ရာဇ၀င်အမည်ရှိ စာအုပ်တအုပ် ရေးနေသည်။ ယင်းစာအုပ်ကို ကိုဗဟိန်းက တော့ ကျနော့်ကိုသာ ရေးစေသည်။ ရေးစေလိုသည်မှာ အခြားအကြောင်းမဟုတ်၊ ဂျပန်သို့ သွားသည့်အကြောင်း။ ကျနော်က ရဲဘော်သုံးကျိပ်ဝင်များကို လိုက်မေးရသည်။ ထိုအခါကတော့ ဗိုလ်ရန်အောင်နှင့်သာမေးရသည်။ယင်းစာအုပ် ရေးသည့်ကိစ္စနှင့်ပတ်သက်၍ ကျနော် ကိုအောင်ဆန်းထံသွားသည်။ သူက လက်ထပ်ခါစ အင်းလျားကန်ဘေးရှိ အိမ် တွင် နေသည်။ သခင်တင်ဦးနှင့် ကျနော်တို့သွားကြသည်။ မခင်ကြည်နှင့် အတူတွဲ၍ အိမ်ပေါ်မှ ဆင်းလာကြသည်။ ကျနော်တို့သည် ဆင်ဝင်မှနေ၍ အိမ်ထဲသို့ဝင်ပြီး စကားပြောကြသည်။ သူတို့နှစ်ယောက် ရွှင်ပျနေသည်ကို ကျနော်သတိ ထားမိသည်။ ကိုအောင်ဆန်းသည် ယခင်လို ရှုသိုးသိုး မျက်နှာမျိုး မဟုတ်တော့။ ယခုတော့ ပြုံးစစ၊ ချိုမြမြ၊ မခင်ကြည်ကို လည်း ကျနော်က ယခင်က ထင်ထားသည့်အတိုင်း ချောမောသူဟု နားလည်ထားသည်။ သခင်တင်ဦးနှင့် ကျနော်တို့ နှစ် ယောက်သည် ကိုအောင်ဆန်းတို့ လင်မယား အိမ်မှပြန်လာကြသည်။ သခင်တင်ဦးနှင့် ကျနော်က စာအုပ်အကြောင်းလည်းတွေး၊ ကိုအောင်ဆန်းတို့ အကြောင်းလည်းတွေး။ သူ့ဘ၀ ဆန်းသစ် လာပြီဟု ကျနော်က တွေးနေသည်။ ကျနော်တို့ အသိုင်းအ၀ိုင်းတွင် သူကတမျိုး၊ မျက်မှောက်ကြုတ်ကြုတ်၊ သူက လွတ် လပ်ရေးအကြောင်းကိုသာ တွေးနေသည်။ ယခု အိမ်ထောင်ကျပြီဆိုတော့ သူ၏ဘ၀သည် ရွှန်းပလာပြီဟု ကျနော်က တွေးနေမိသည်။ ထိုကာလက ကျနော်တို့၏ အသိုင်းအ၀ိုင်းများဖြစ်သော ဗိုလ်ဇေယျ စသူတို့လည်း လက်ထပ်သွားကြသည်။ သခင်သန်း ထွန်းက မခင်ကြည်အမနှင့် လက်ထပ်သွားသည်။ ဗိုလ်ဇေယျမှာ ၁၉၃၉ မန္တလေး အရေးတော်ပုံတွင် ပုလိပ်များ ပစ်ခတ်မှု ကြောင့် ဒဏ်ရာရ၍ ဆေးရုံတက်နေစဉ်က ပန်းသီးလာပေးသော ကျောင်းသူလေးနှင့် လက်ထပ်လိုက်သည်။ ဗိုလ်လက်ျာ ကလည်း ပဲခူးသူ မခင်လှနှင့် လက်ထပ်သွားသည်။ အလှက ကျနော်နှင့် သီချင်းဆိုဖက်။ သူတို့ တယောက်ပြီးတယောက် လက်ထပ်သွားကြသည်ကို ကျနော် ဤသို့တွေးသည်။ ကျနော်က ကိုဗဟိန်းလက်ထပ်ပြီး စ စစ်မဖြစ်မီ ကာလက အိမ်ထောင်ရေးအကြောင်း ဆွေးနွေးဖူးသည်။ ကျနော် ကိုဗဟိန်း၏အတွေး အခေါ်ကို မှတ်မိနေ သည်။ ကိုဗဟိန်းက လက်ထပ်တယ်ဆိုတာ ဒုက္ခ သုတ်ခတွေကို ဝေမျှဖို့ပဲဗျဟု ပြောသည်။ ယခုလည်း သူတို့သည် ဖက်ဆက် ဂျပန်များနှင့်ပေါင်းရန် ရည်ရွယ်ချက်ရှိသည် မဟုတ်၊ သို့သော် သမိုင်းဆိုသည်က တမျိုး၊ ကိုအောင်ဆန်းသွားသည်က တရုတ်ပြည်၊ ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် အမွိုင်သို့သွားခြင်းဖြစ်သည်။ သို့သော် ‘သမိုင်း ကံကြမ္မာ’ ကြောင့် ဂျပန် သို့ ရောက်သွားကြသည်။ သူတို့ ဖက်ဆစ်များနှင့် မပေါင်းချင်သည်ကို ကျနော်သိနေသည်။ ထို့ကြောင့် သူတို့ စိတ်ဓာတ် ကျနေသည်ဟု ကျနော်တွေးသည်။ စိတ်ဓာတ်ကျသည့်အခါ မိမိ၏ စိတ်ဆင်းရဲမှုကို ဝေမျှမည် ချစ်သူကို တမ်းတမိသည်။ ထို့ကြောင့် သူတို့သည် တယောက်ပြီး တယောက်လက်ထပ်သွားကြသည်ဟု ယူဆမိသည်။ ကိုကျော်ငြိမ်းလည်း ဂျပန် ခေတ်ကတည်းက လက်ထပ်သွားသည်။ သူ့ဇနီး မနွယ်က ကျနော်နှင့် ကျောင်းနေဖက်။ လက်ထပ်ခြင်း ဆိုသည်မှာ မိမိတို့ ဘ၀၏ အဆိုးအကောင်း အတွေ့အကြုံကို ဝေမျှခံစားခြင်းဟု ယနေ့တိုင် တွေးနေသည် တယောက်တည်း စိတ်ဆင်းရဲခြင်းထက် မိမိစိတ်ဆင်းရဲခြင်းကို ဝေမျှမည့် ချစ်သူနှင့် နေရခြင်းသည် စိတ်ချမ်းသာခြင်းဖြစ် မည်။ ထို့ကြောင့်လည်း ကျနော်တို့ အသိုင်းအ၀ိုင်းက သူတို့သည် လက်ထပ်ကြလေသလား၊ အသက်ထက်ဆုံးပင် သူတို့ ဇနီးများနှင့် ပေါင်းသင်းနေထိုင်ကြသည့် အထောက်အထားရှိကြသည်မှာ ထင်ရှားသည်။ သူတို့လက်ထပ်သွားကြသော် လည်း သူတို့၏ မူလ ယုံကြည်ချက်သည် ပြောင်းလဲမသွား၊ ယင်းသည် ချစ်မေတ္တာစစ် မဟုတ်ပါလား။ ဒဂုန်တာရာ ၂၃-၂-၉၉ (ထုတ်ဝေခြင်း မပြုရသေးသည့် ချစ်ခြင်းမေတ္တာ စာအုပ်အတွက် ရေးသားပေးသည့် စာမူ ဖြစ်ပါသည်) ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၁ မှ

Thursday, March 08, 2012

ဇိုးချိုကို သတိရလို့ ရေးတဲ့ကဗျာ


ဇိုးချိုကို သတိရလို့ ရေးတဲ့ကဗျာ

အနှစ်လေးဆယ်အလွန်ကာလများ
အဖြူအစိမ်း ကျောင်းဆင်းချိန်များ
ရာပြည့်ကွင်းနံဘေး
ရတနာလက်ဘက်ရည်ဆိုင် ထောင့်ဆုံးစားပွဲမှာ
သတိပဌာန်ထိပ်က
Saila လက်ဘက်ရည်ဆိုင်ထောင့်ဆုံးစားပွဲမှာ
အတူဝိုင်းထိုင်ခဲ့ကြ ကာလများ
လတ်ဆတ်တယ်လို့ ထင်ရတဲ့  လေများ
ရှုရှိုက်လိုက်တိုင်း
ခြောက်ဆယ့်နှစ်ခုနှစ် နဲ့ ခုနှစ်ဆယ့်လေး၊ ခုနှစ်ဆယ့်ငါး
သွေးညှီနံ့ တွေအကြား
ကျနော်တို့ ရဲ့ ရင်ခုန်သံတွေမှာ
ကမ္ဘာမကြေမှုတွေ စုဝေးလို့  ….။

အနာဂတ်အတွက်
ငယ်နုစဉ်ကာလရဲ့  သံယောင်တိုင်တည်စကားများ
မက်ခဲ့သော အိပ်မက်ဖူး များ
ပြေးလွှားနေသောဘတ်စကားအိုကြီးများ
မှုတ်ထုတ်လိုက်သော သက်ပြင်းများ
ပူပြင်းတောက်လောင်သော သောကများ
မျက်ရည်နဲ့ ရင်းရသော ဘ၀များ
လူတယောက်ရဲ့ သက်တမ်း ဖြတ်သန်းမှုမှာ
ခံစားမှုအား ဘ၀တပါးပြောင်းသွားပြီလား
သိရက်နဲ့ ပဲ ရေငုံနှုတ်ပိတ် ကြိတ်ခံစားခဲ့ရ …….။

အထီးကျန်ဆံတဲ့အခါများ
သို့ တရံတခါဆီ(တပွေတည်း) ၊မိုးရဲရင်ဆောင်းရဲရမယ်
စစ်ကိုင်းလမ်း၊ မြတ်သောအကျင့် နားထောင်မိတဲ့အခါ
ခင်ဝမ်းရဲ့ … ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကြွေး
……………. နင်နဲ့ငါ သူငယ်ချင်းပဲနော်၊သူစိမ်း ၊မြိုင်၊နှင်း
အချစ်ကိုရင်း၍၊ညကောင်းကင်ရဲ့ တေးသမား၊ပြည်မှာဆောင်း
ပြန်နားထောင်မိတဲ့အခါ ……
ဖိုးချိုရေ …. မင်းတို့ ရဲ့ ပေးဆပ်စွန့် လွှတ်မှုအပေါ်
ငါ…တကိုယ်ကောင်းဆန်သလိုများဖြစ်နေရော့သလား
ငါ့ဘ၀ ငါ့ကမ္ဘာမှာ တော့ မရဏမင်းရဲ့ သိမ်ဖျင်းတဲ့အမိန့် သံ
နားမှာလျှံနေပြီ ….။

ကမ္ဘာ့အအေးဆုံး အရပ်မှာ
အပူလောင်ဆုံးဝေဒနာတွေနဲ့ 
နေ၀င်ချိန်တိမ်တောက်တဲ့အခါ
ချစ်ခင်သူများကိုတမ်းတ မိတ်ဆွေများကို အမှတ်ရ
ရင်ခုန်သံစည်းချက်ညီပြီလား
လူစုံပြီလား
ရထားဥသြသံကြားတယ်
စည်းချက်ညီညီ စည်းချက်ညီညီ စည်းချက်ညီညီ……။

(ရွှေတိဂုံဘုရားပွဲဈေး စည်းချက်ညီဆိုင်ရှေ့ ကဓာတ်ပုံထဲမှာ
ပုဆိုးအနီနဲ့ မင်းဟန်ကိုတွေ့ လို့ ရေးတဲ့ကဗျာ)

ရဲရင့်သက်ဇွဲ
၇၃၂၀၁၂




Sunday, February 26, 2012

အရွေ့ က ခင်ဗျားတို့ ကိုယ်ထဲမှာ

အရွေ့ က ခင်ဗျားတို့ ကိုယ်ထဲမှာ

ကမ္ဘာဦးက အစပြုရှိခဲ့တာလား
ဘယ်ကာလက စခဲ့တာလည်း
ငါ့ ဦးခေါင်းများ ချာချာလည်
မျှော်လင့်ခြင်းများ ရွာလည်နေတယ် ။

အခုတော့
စိတ်ပျက် ငြီးငွေ့ ဘွယ် ဘ၀တွေထဲ
မျှော်လင့်ချင်းများ
တွားတွားတက်လာပုံ
ကမ္ဘာကုန်ကျယ်သရွေ့ ပါပဲ
ဟောဒီမှာ……
လဲကျ ရွှေဘ ပြန်ထပြီကွ ။

အားလုံးဗျာ ……..
သေရေး ရှင်ရေး
လူတိုင်းတွေ့ ရမဲ့ဘေး
လူတိုင်း တွေ့ ရတဲ့ဘေးပါ
အလွမ်းတွေ အဆွေးတွေ
အရေးတွေ ဘေးတွေ
အတ္တတွေ မာနတွေ ခ၀ါချ
အနာဂတ်လူ့ ဘောင်ခေါင်းထောင်ထဘို့ 
ပြိုင်တူတွန်းလိုက်ကြပါစို့  ….။

ရဲရင့်သက်ဇွဲ
၂၆၀၂၂၀၁၂
၅း၃၀အေအမ်


Saturday, February 18, 2012

ဘယ်တော့များလည်းနှင်းရယ်

ဘယ်တော့များလည်းနှင်းရယ်

ကမ္ဘာဝင်ရိုးစွန်းနားက နိုင်ငံတခုမှာ

ရေမျောကမ်းတင်နေတဲ့ငါ

လွန်ခဲ့တဲ့ တပတ်က အသိုက်ရွှေ့ တယ်။

နေရာသစ်ကိုချီတက်ဘို့ အတွက်

နေရာဟောင်းကို နှုတ်ဆက်

ခင်ဝမ်းရဲ့ သီချင်းငါ့ ရင်တွင်းမှာ............

နှုတ်ဆက်ခဲ့ပါတယ် ......တပြည်သူမရွှေထားရေ

ကံမကုန်ရင် ပြန်ဆုံကြဦးမယ် .....

နေရာသစ်မှာ နှင်းပွင့်တွေလေ

အလွမ်းရင့်တော့ ပန်းပွင့်လိုမကြွေ

နှင်းပွင့်လိုဝေ

ဘယ်တော့များလည်းနှင်းရယ်

ဘယ်တော့များလည်း နှင်းရယ်......

ငါနေတဲ့အရပ်မှာ

ရေတွင်းမတွေ့ ရသော်လည်း

ငါ .... သေတွင်းထဲမှာ

နှင်းရေ လို့ အော်ခဲ့ တယ် ။။



ရဲရင့်သက်ဇွဲ

၁၈၀၂၂၀၁၂

၀၃း၀၂ အေအမ်



Tuesday, February 14, 2012

ချစ်သူများနေ့  သမင်လည်ပြန်

ချစ်သူများနေ့  သမင်လည်ပြန်

အလင်းနှစ်သန်းပေါင်းများစွာ
မလိုပါဘူး အချစ်ရေ
တည်ဆောက်ခဲ့တဲ့ ဘ၀လေးထဲ
သမင်လည်ပြန် အကြည့်တချက်သာ
နှစ်ဆယ့် ငါးနှစ်ဟာ
မြင်းတကောင်လို ကဆုန်ပေါက်
ငါ့ရှေ့ ကိုရောက်ရှိလာတယ် ။

ရှစ်ဆယ့်ခွန်ရဲ့  ဖေဖေါ်ဝါရီမှာဝေတဲ့နှင်း
မန္တလေးရဲ့  တောင်သမာန်မှာ ဝေတဲ့ နှင်း
အော် …ချစ်သူများနေ့ မှာ ဝေတဲ့နှင်း
လွမ်းလွမ်းဆွေးဆွေး သတိရနေမလား
ကိုယ်က ကမ္ဘာ့ဝင်ရိုးစွန်းနားမှာ
ဝေးကွာခြင်းက တို့ အတွင်းထဲမှာ ။

ဘယ်သူတွေ ဘာပဲပြောပြော
မြစ်ရေတွေက တို့ နှစ်ဦးသားကိုတိုးဝှေ့ သွား
ခိုင်မာတဲ့ ကြိုးနှစ်ချောင်းက တုတ်နှောင်ထားတယ်မဟုတ်လား
မင်္ဂလာရှိသောနေ့ ပါ ညီမလေးရေ
အရာရာဖြည့်ဆည်းပေးခဲ့သမျှ
ကျေးဇူးတွေ အချစ်တွေ ပေပွနေတဲ့ဘ၀လေးထဲမှာ
လွန်ခဲ့တဲ့ နှစ်ဆယ့် ငါးနှစ်က
ချစ်သူများနေ့ ဟာလှပ လတ်ဆတ်နေဆဲ
ပစ္စုပ္ပန်ရဲ့ ရောက်လာတဲ့ ချစ်သူများနေ့ ဟာလည်း
လှပလတ်ဆတ်နေမြဲသာပ
အနာဂတ်ရဲ့  ချစ်သူများနေ့ ဟာလည်း
လှပလတ်ဆတ်နေဦးမယ်ဆိုတာ ကိုယ် ယုံတယ် ။

(နှစ်ဆယ့်ငါးနှစ်သက်တမ်း အမှတ်တရ)

ရဲရင့်သက်ဇွဲ
၁၄၀၂၂၀၁၂
၇း၃၈ အေအမ်



Monday, February 13, 2012

ရှာပုံတော်



ရှာပုံတော်

လိုချင်တာတွေ အရနည်းပြီး မလိုချင်တာတွေ

ဗုံးပေါလအော

ဘူးသီးနုနုမခူးရ အကင်းတောင် မတွေ့ လိုက်ရတဲ့ဘဝ

အဲဒီ ဘ၀ဆိုတာကြီးကို ထိပ်တုံးခတ်ထားလိုက်ချင်တယ် ….။

အရင်ဆုံး အစိုးမရတဲ့ စိတ်တွေကိုပဲ ထိပ်တုံးခတ်ထားလိုက်ပါ

ညညဆို ထထအော်တယ်

ဘုန်းကြီးတစ္ဆေတွေ ဘုန်းကြီးတစ္ဆေတွေ ပြီးတော့လည်း

ထရံမှာထိုးထားတဲ့ ၀ါးရင်းတုတ်ကြီးနဲ့ 

မှတ်ပလားကွ မင်းတို့ အလှည့်ကျမှ မင်းတို့ အလှည့်ကျမှ

စိတ်လိုလက်ရ ရှိလာတဲ့အခါ

တယောပြားလေုး ချစ်သူကိုထွေးပွေ့ သလိုမျိုး

တမိုးအောက်မှာ တယောက်ထဲရှိနေသလို

ကိုခင်ဝမ်းကြီးရဲ့  သီချင်းတွေကို တခုတ်တရ ဖွဲ့ နွဲ့ 

နာရီခေါက်သံဟာ ချောက်ကပ်ကပ်နဲ့  ညဥ့်ယံကိုခြောက်လှန့် နေ

အို …ဒီညဟာ တမျိုးပဲလေ …..

ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကြွေး

နင်နဲ့ ငါ သူငယ်ချင်းပဲနော် သူစိမ်း

သူ့ အနုပညာကို နဲနဲလေးမှ မတိမ်းမယိမ်းစေခဲ့သူ

သူ့ အနုပညာအယူအဆ ငါ့သွေးသားကတောင်းတတယ်..

ကြောက်စရာကောင်းလောက်တဲ့ မှော်

အဖေ့သွား ရေထဲမှာ အိပ်နေသည် ….။



ဘာရယ်လို့  မဟုတ်ပါဘူး

အိပ်မပျော်တာနဲ့  ညကောင်းကင်ရဲ့ တေးသမားကို

နားထောင်ပီး

အချစ်ကို ရင်း၍ နားထောင်ပီး

ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်မိတဲ့ အကြောင်း …။



ရဲရင့်သက်ဇွဲ

၀၉၀၉၂၀၁၁

၆း၁၀အေအမ်

ကျိန်စာ

ကျိန်စာ

အေး မင်းမှာ
အခု ငါ့ကြောင့်ရတဲ့ အနာ
ဒီအနာ ရင်းကိုက်ယောင်ယမ်းလာလေ
မင်းမှာ စိတ်ဒုက္ခ ကိုယ်ဒုက္ခ ကြီးမားလေးလံလေ
ဖြစ်မှာပဲ အဲဒီ အနာ ပြည်ပေါက်ခြောက်ကပ်သွားတဲ့အခါ
မင်း ကိုယ်မှာ အမာရွတ်ဆိုတာကြီး ထင်းကနဲ ကျန်နေခဲ့လိမ့်မယ်။


အဲဒီတော့မှ
ဒီအမာရွတ်ကြီး
ကို ပွတ်သပ်ပြီးကဗျာ
တွေ တပုဒ်ပြီးတပုဒ်ရေးပေ
တော့ ဘ၀တသက်တာကဗျာဆရာ
လုပ်ပေတော့ မထီတရီ လေလေးတချွန်ချွန်နဲ့။ ။

ခင်အောင်အေး
၁၄၊ စက်တင်ဘာ၊ ၂၀၀၉

Wednesday, February 08, 2012

အနှုတ် ၃၀ စင်တီဂရိတ်

အနှုတ် ၃၀ စင်တီဂရိတ်

ဥရောပကို
ငါရောက်စတုန်းက အခုလိုပဲ
နှင်းတွေဝေတဲ့ဆောင်းပေါ့ ။

တက္ကသိုလ်မှာ ဝေတဲ့နှင်း
နှင်းကလေးတွေမှ ဟုတ်ရဲ့ လား
အချစ်လက်ကိုဆွဲ နှင်းမှုန်ထဲမှာလျှောက်လို့ လည်ချင်တယ်
သီချင်းလေးတွေမှ မဆုံးသေး
အုန်းကနဲ ၀ုန်းကနဲ လျှပ်တပျက်
မျက်စေ့တမှိတ်အတွင်းမှာ
သူစိမ်းတို့ ရဲ့  ရာသီ ချစ်လို့ ကျီစား
ငါ့အား နှိပ်စက်ကြပြီမို့ လည်း
ဥရောပရဲ့ ဝေဒနာညများ ကဗျာစုတွေ
သေမင်းလက်က လုပြီး ရေးခဲ့တယ် ။

ဒါဟာ လွန်ခဲ့တဲ့ တနှစ်က
သေတွင်းက လွတ်မြောက်လာတဲ့အကြောင်း
ပြန်ပြောင်းပြောပြတာပါ။

အခုတော့ …
သေမင်းက စာချုပ်စာတမ်းနဲ့ ဖမ်းချုပ်
ရဲရင့်သက်ဇွဲဆိုတဲ့ကောင်ကို
ပါကင်ဆမ် ရောဂါနဲ့ 
ရာသက်ပန် အကျယ်ချုပ်တဲ့လေ ….

အခန်းထဲက
ရေခဲသေတ္တာကိုဖွင့်လိုက်တော့
အနှုတ် (၇)ရှိတယ်
အခန်းပြူတင်းတံခါးကိုဖွင့်လိုက်တော့
အနှုတ်(၃၀)ရှိတယ်

တဖွဲဖွဲကျနေတဲ့ နှင်းတွေကို
စိုက်ကြည့်မိတော့
အမေ ၊ အကို မိသားစု
ညီမလေး သမီး သား
မိတ်ဆွေ အပေါင်းအသင်းများ
နှင်းတွေကြားမှာ
အပြုံးနဲ့ နှုတ်ဆက်လိုက်တယ် ။

သီချင်းသံ တိုးတိုးသဲ့သဲ့ကြားတယ်

သူတို့ အပေါ် တာဝန်မကြေသလိုများ ဖြစ်နေပြီလား …..
……………………………………………………………
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့ ……….။

(ခင်ဝမ်း သိချင်းစာသား။ ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကြွေး၊ ပြည်မှာဆောင်း)

ရဲရင့်သက်ဇွဲ
၀၃၀၂၂၀၁၂




Saturday, February 04, 2012

ဘုရားပေးတဲ့ ဆုလာဒ်လား

ဘုရားပေးတဲ့ ဆုလာဒ်လား

မနုသတ္တဘာဝေါ ဒုလ္လဘော

လူ့ အသက်တချောင်းရခဲကောင်းပုံများ

ဘုရားဟောပေမို့ သာ။

သြော် ..... သတ်လိုက်ကြတဲ့ အသက်တွေ

သူတို့ ကသတ်လိုက် ကိုယ့်အချင်းချင်းကသတ်လိုက်

ကြက်ကလေး ငှက်ကလေးများသဖွယ်

စာနာမှုများ ဘယ်ကမ္ဘာမှာ ထားခဲ့ကြပြီလဲ.....

ဟောဒီဘဒ္ဒကမ္ဘာမှာ ပွင့်သမျှ ဘုရားအဆုဆူ

ချွတ်လည်း မကျွတ်သူများ

ချွတ်လည်း မကျွတ်သူများ

ချွတ်လည်း မကျွတ်သူများ

တောက်ခေါက်သံ ပြင်းပြင်းတချက်အောက်မှာ

ပေါက်ကွဲသွားပုံများ တစစီ

နာကျင်ရလွန်းလို့ 

နာကျည်းရလွန်းလို့ 

နာကျည်းစရာတွေများလွန်းလို့ 

အခုတော့ ဒီဘ၀ကြီးထဲ

လူဖြစ်လာရတာကိုပဲ

စိတ်လွတ်ကိုယ်လွတ် နာကျည်းနေမိတော့တယ် ။



ရဲရင့်သက်ဇွဲ

၀၄၀၂၂၀၁၂

နံနက်၀၀း၃၀


Sunday, January 22, 2012

သုမနကျောက ဒဏ်ရာတွေလဲ ကြည့်ကြပါဦး

သုမနကျောက ဒဏ်ရာတွေလဲ ကြည့်ကြပါဦး



ပျော်နေကြလား

ပျော်လိုက်ကြပါ

စိတ်လွတ်ကိုယ်လွတ်

အကုန်လုံးနီးပါး လွတ်လာကြတာ မဟုတ်လား …။


အပြောင်းအလဲတွေက

နံနက်ခင်းရဲ့  အာရုဏ်

ရောင်နီသန်းလာပုံမျိုး

မျှော်လင့်ချက် အကုန်လုံး

ဟောဒီ ..မျက်တောင်တဆုံးမှာ

ပုံကြတော့မှာလား ….။



ပြုခဲ့တဲ့ ငရဲ နဲ့  ကုသိုလ်တပဲ လဲတဲ့ပွဲမှာ

ဝန်နဲ့ အားကမမျှ

ပုခုံးနဲ့ မချင်သူများ

ခေါင်းနဲ့ ရွက်ချင်သူများ

နဲနဲလောက်တော့ စဉ်းစားပါ

လူမသေဘူးတဲ့အိမ်က မုံညှင်းဆီ ..

ရှာ … ရှာ … ရှာ ……။



လမ်းမထက် လွင့်စဉ် ကျကျန်ရစ်တဲ့

ပိုင်ရှင်မဲ့ ဖိနပ် သခင်များအတွက်

ဒဏ်ရာနက်နက် သွေးစက်လက်

လမ်းများထက်က ၀ိဥာဉ်များအသက်

အမျှဝေဘို့ 

လည်ပင်းမှာ အသံနင်နေတဲ့ လူတွေနဲ့ 

သံသရာမှာ ရေစက်မဆုံလို ….။



အတိတ်တုန်းကလည်း

ဖိနှိပ်ရက်စက် လိမ်လည်ခဲ့တာ

ကမ်းကုန် …..



ပစ္စုပ္ပန်မှာလည်း

ဖိနှိပ်ရက်စက် လိမ်လည်ခဲ့တာ

လက်ကုန် …..



ဒီလိုပုံမျိုးနဲ့  … အနာဂတ်ကို

ဘယ်လိုယုံလို့  ဘယ်လိုပုံရမှာတဲ့တုန်း …

စဉ်းစားဦး စဉ်းစားဦး …..



အပြုသဘောဆောင်သော

အခင်းအကျင်းများအပေါ်

သံသယအတွေး မတွေးနဲ့ 

သံသရာရှည်တတ်လွန်းလို့ …..

ကိုယ့်ကိုယ်ကို … ကိုယ့်စိတ်ကို

ကိုယ်ဆုံးမနေတုန်း

သုမနကျောပေါ်က ဒဏ်ရာတွေလည်း လှည့်ကြည့်ကြဦး……။



ခု

လူနဲ့ ခွေးများ တောခြောက်ကြ

အပြေးအမြန်

ငါ့ကိုက်လမ်းအတိုင်း ပြန်လာခဲ့ရာ

ပိုက်ထဲ

ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ။

(မောင်ချောနွယ်)



(မောင်ချောနွယ်၏ ကိုက်လမ်းကဗျာမှ)



ရဲရင့်သက်ဇွဲ

၂၂၀၁၂၀၁၂

နံနက် ၅း၃၅

























Sunday, January 15, 2012

ကြားကြရဲ့ လား …. ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ

ကြားကြရဲ့ လား …. ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ



ဒီကနေ့  …..

ငါ့အသားကိုငါ ဆွဲဆိတ်ကြည့်လိုက်တယ်

ဒါဟာ အိပ်မက်မဟုတ်ဘူး ….။

ထိခိုက်ပွန်းရှလွယ်လွန်းလှတဲ့(ခိုင်မာတဲ့)

ငါ့နှလုံးသားရဲ့  မျက်ရည်တာရိုး

လွတ်မြောက်ခြင်းတေးသံက

ရိုက်ချိုးသွားခဲ့ပြီ ။



ငါတို့ ခေတ်ရဲ့  အနာဂတ်များ

လှောင်ချိုင့်များအတွင်းမှ လွတ်မြောက်

သွေးခင်းသောလမ်းများထက်က

ဝိညာဉ်များရှေ့ မှောက်ကို

တကျော့ပြန်ရောက်ခဲ့ပြီ

ပြည်သူလူထုကြီးလည်း

သပြေခင်းလေးကိုပျိုး ယုံကြည်ချက်တွေတိုးခဲ့ပြီ ။



မဆုံးသေးသောတိုက်ပွဲ

မျက်ရည်လည်ရွှဲ သေကွဲ ရှင်ကွဲ

ဒါတွေကို အဆုံးသတ်ရမယ့်ပွဲ

ငြိမ်းချမ်းစွာအဖြေရှာနွှဲ

ဒါဟာလည်း တိုက်ပွဲတခု့ ပါပဲ ။



မည်သို့ ပင်ဖြစ်စေ

လွတ်မြောက်လာတဲ့  ခွပ်ဒေါင်းတို့ ရဲ့ 

တောင်ပံရိုက်ခတ်သံမှာ

ငါ …. ကြားတယ်

ပြည်သူလူထုကြီးလည်း ကြားရလိမ့်မယ်

ငါ ... ယုံတယ်

များစွာသော သူခပ်သိမ်းတို့သည်

သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။

ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊

ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊

ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။

အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့

ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊

(ရွှေစည်းခုံဘုရားကျောက်စာမှ)



ရဲရင့်သက်ဇွဲ

၁၃၀၁၂၀၁၂မနက်၅း၄၅

ဖင်လန်နိုင်ငံတောင်ပိုင်း









Tuesday, January 10, 2012

မောင်ရှင် ဖတ်ဘို့  ရေးတဲ့စာ

မောင်ရှင် ဖတ်ဘို့  ရေးတဲ့စာ

(၂၀၁၂မှာ မောင်၇ှင်ဟာ မောင်သေဖြစ်မသွားဘို့ အရေးကြီးတယ်။)

မောင်ရှင်ရေ
ဘ၀ဟာတိုတောင်းလွန်းပါတယ်။
မနုသတ္တဘာဝေါ ဒုလ္လဘောတဲ့
(စာလုံးပေါင်းမှားရင်သည်းခံဖတ်ပါ)
လူ့ ဘ၀ရခဲလှသတဲ့ ဘုရားဟောတာနော်။

အင်း ငါစဉ်းစားတယ်။
ငါတို့ ရဲဘော်တွေရဲ့ အသက်ကျတော့
အသက်လို့ မမှတ်
သူတို့အလှည့်ကျမှအသက်ကို
အသက်လို့ မြင်တာကို ခွင့်လွှတ်ရမတဲ့ လား
သင်ပုန်းခြေရမတဲ့လား ...

သူများမကောင်းကြောင်းကို နာနာထောင်းပီး
ကိုယ့်ပေါင်ကျတော့ သာသာလေးထောင်း
သူကိုယ်တိုင်မလှူ
သူများလှူတဲ့အလှူတွေမှာလည်း ခေါင်းရင်းဝိုင်းမှာထိုင်
တ၀တပြဲစား စားပီးမပြန်
မြန်မာ့နိုင်ငံရေးကိုအာဘောင်အာရင်းသန်သန်နဲ့ 

ဗိုလ်ချုပ်ရဲ့ လေမျိုးနဲ့ တနှစ်အတွင်းလွတ်လပ်ရေး ..........

အော် ... ၂၃နှစ်အပေါ်မှာ မိန့် မိန့်ကြီးထိုင်

အင်းဒီလိုလူမျိုးတွေနဲ့ တမိုးအောက်အတူပေါက်ခဲ့ရတဲ့
ကိုယ့်ဘ၀ကို ကိုယ်စိတ်နာ
ကြာနီကန်လေနဲ့ ပြောရရင်တော့
ပရိတ်သတ်ကြီးရေ ..... ငိုကြတာပေါ့ကွာ....။

ရဲရင့်သက်ဇွဲ
၀၁၀၁၂၀၁၁




သွားကြည့်လိုက် … ကမ္ဘာမကြေဘူး

သွားကြည့်လိုက် … ကမ္ဘာမကြေဘူး

တထောင်ကိုးရာခြောက်ဆယ့်နှစ်
ဆဲဗင်းဂျူလိုင် အရေးတော်ပုံကြီးဖြစ်တော့
ငါ … လူ့ လောကကြီးကို မရောက်သေးပါဘူး …။

ဒီလိုနဲ့ 
ငိုကြွေးခြင်း တပွေ့ တပိုက် နဲ့ 
လောကကို နှုတ်ခွန်းဆက်
အမေ့ ၀မ်းကြာတိုက်ကထွက်ခဲ့တယ် ….။

ကျနော့်ရဲ့ ငယ်ဘဝ
အိပ်ရာဝင်ညများရဲ့ ချိုတေးသံ
ကဗျာဆန်မနေခဲ့ဘူး
ကျနော့်ရဲ့  ငယ်ဘဝ
အိပ်ရာဝင်ညများဟာ
သူရဲကောင်း အထောင်းအသောင်းတို့ ရဲ့ 
နှလုံးသွေးနဲ့ မီးဆေးတဲ့ဓါး
တုန်ရီနှုတ်ဖျား အမေ့ပါးမှာ ပင်လယ်
ကျနော့်ရင်မှာ ဆူနာမီလှိုင်း …

ကျနော့်ရဲ့ ငယ်ဘဝ
အိပ်ရာဝင်ညများမှာ တခါတခါ
ချေဂွေဗားရား ဒေါက်တာဇီဗားဂိုး
ဂေါ်ကီရဲ့ အမေ သစ္စာဖောက်အမေ
သွေးစွန်းသောနေ့ ရက်များ မဟတ္တမဂန္ဒီ
မာသာထရီဇာ နိုက်တင်ဂေးလ်
အဂ္ဂါစနိုး တရုတ်ပြည်ပေါ်မှ ကြယ်နီတပွင့်
တငြိမ့် ငြိမ့်ဒွန် ဒီရေမြင့်သစ်
တဂိုးရဲ့ ရှန်တိနိကေတန်
သခင်ဘသောင်း အောင်ဆန်း (သို့ မဟုတ်)…
အာဇာနည်ခေါင်းဆောင်ကြီးများ မြို့ မညိမ်း
လူထုဦးလှ လူထုဒေါ်အမာ ဒဂုန်တာရာ
ဗန်းမော်တင်အောင် ဂျာနယ်ကျော် ဦးချစ်မောင်
မြသန်းတင့် နိုင်ဝင်းဆွေ ပေါ်ဦးသက်
မင်းတုန်းမင်းလက်ထက် လွတ်လပ်သောသတင်းစာ
အမေဖတ်ပြ ပြောပြ ကျနော်မှတ်မိသမျှ
အသွေးအသားထဲကတောင်းတနေမိပုံများ ….။

ငယ်ဘ၀လွန်မြောက်
အရွယ်လေးမရောက်တရောက်မှာ
ကျောပေါက်ကြီးတွေအကြောင်း
ပြန်ပြောင်းပြောပြ ကြားရ သိရ
ဒါ ဒဏ္ဏာရီ မဟုတ်ဘူး
ဒါ ပုံပြင်မဟုတ်ဘူး
ဒါဟာ သမိုင်းထဲက အရိုးတွန်သံဖြစ်တယ်
ငါ့ရင်ထဲက ဆူနာမီလှိုင်း ၀ုန်းဒိုင်းကြဲလာတယ် …။

မျိုးဆက်တို့ လက်ဆင့်ကမ်း
ခေတ်ဝန်ကို ထမ်းခဲ့ ကြ
ယုံကြည်ချက်အတွက် အကျဉ်းကျ
သတ္တ၀ါနဲ့ လက်နက်မမျှ
ဒင်းတို့  မိုးကောင်းတုန်းရွာထားကြကွ
နရသိန်ထဲက ရဲဘော်များ
အကိုတော် အမတော်များ
ညီတော် ညီမတော်များ
ကျောပေါက်ကြီးတွေရဲ့  မျိုးဆက်
မပြေးသော်လဲကန်ရာရှိခဲ့
ကျော်ပေါ်မှာ စစ်ဖိနပ်ခြေရာများ
လူရှင်သင်းချိုင်းမှာ သွားကြည့်လိုက်
ငါတို့ မကြေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ ….။

ရဲရင့်သက်ဇွဲ
၀၇၀၁၂၀၁၂



ဘယ်သူ့ ကြောင့်လို့  မင်းထင်သလဲ

ဘယ်သူ့ ကြောင့်လို့  မင်းထင်သလဲ

တခါတခါတော့လဲ ငယ်ဘ၀တွေကို လွမ်းမိရဲ့ 
ငါနေတဲ့အရပ် နေ့ တာတွေကတိုပြီး ညတွေကရှည်လျားလွန်းလှတယ်
ဘ၀ရဲ့ သုခတွေက နည်းပါးလွန်းပြီး ဒုက္ခတွေက ရှည်လျားလွန်းလှတယ်
ဒီရုပ်ခန္ဒာကြီးကိုထမ်းပိုးထားရတာ သံသရာလဲ ညောင်းလွန်းလှရော့မယ်
ခင်ဝမ်းရဲ့  ပတ်ဝန်းကျင်အပေါ်တင်နေတဲ့အကြွေး အကြိမ်ကြိမ်နားထောင်နေမိတော့တယ်

ဖိုးချိုရေ ပျော်ရွှင်ဘွယ်ရာကာလတွေကို လက်နှစ်လုံးလောက် ငှဲ့ ငှဲ့ ပေးမနေပါနဲ့ 
အတ္တကြီးတယ်ပြောပြော တဘ၀စာအတွက် မျက်ရည်နဲ့ သောက
ပျော်ရွှင်ဘွယ်ရာတွေနဲ့ ရောနှော ချခွင့်ပြုပါ (ချကွ)
နေရောင်မမြင်ရတဲ့ ရေခဲအရောင်တွေကြားမှာ
ငယ်ဘ၀ကို စွန်တခုလို လွှင့်တင်ဘို့ ကြိုးစား
အလို ဟောဟိုမှာ ဆောင်းခိုငှက်တွေ အုပ်စုဖွဲ့ ပျံသန်း
အသိုက်အမြုံစွန့် ခွါတဲ့လမ်းကို ငေးမောရီဝေ
အော် ဘ၀နဲ့ ဆန္ဒ တထပ်ထဲမကျပုံများ ။

(သီတင်းကျွတ်လပြည့်က ပြန်လွတ်လာတဲ့ သရက်ထာင်ကယုံကြည်ချက်အကျဉ်းသားငယ်သူ
ငယ်ချင်းမင်းဟန်သို့ အမှတ်တရ)

ရဲရင့်သက်ဇွဲ
၁၁၁၂၂၀၁၁


Thursday, January 05, 2012

လွတ်ငြိမ်းချမ်းသာခွင့်

လွတ်ငြိမ်းချမ်းသာခွင့်


ရူးသွပ်သွားတော့မယ့်အတိုင်း

ထင်ရာစိုင်းလိုက်ချင်မိတယ်

၂၀၁၂ အတွက် ဆွဲလိုက်တဲ့ဖဲ

မျှော်လင့်ချက်အကုန်လုံးလွဲသွားတယ်



တောက်ခေါက်သံ တချက် အံထွက်လာတယ်

ဝေဒနာ အခင်းအကျင်း

ရိုက်ချက်ကပြင်းတယ်

ခံစားမှု အတိုင်းအတာကို

ဘယ်အရာနဲ့ များ နှိုင်းကာပြရပါ့



ကမ္ဘာ့ လူကြီး လူကောင်းများ

ခင်ဗျားတို့ ရဲ့  ထောက်ခံမှုကို

ခင်ဗျားတို့  အလေးပြုပါ

ခင်ဗျားတို့  ဂုဏ်ယူပါ၊ လက်ခမောင်းခတ်ပါ

ခင်ဗျားတို့  လေးလေးနက်နက် လက်ခုပ်တီးပါ။

ပြီးရင် ချူံးပွဲချငိုပါ ။



ဟုတ်ကဲ့ ....

ပြည်သူတယောက်အနေနဲ့ 

ခင်ဗျား ဘာလုပ်ချင်ပါသလဲ မေးလာခဲ့ရင်



အဲ့ဒီ မသတီစရာ မျက်နှာတွေကို

ဖြတ်ရိုက်ချင်လိုက်တာ


လက်ကုန်ပဲ.....။


ရဲရင့်သက်ဇွဲ

၀၄၀၁၂၀၁၂

၎း၄၈ အေအမ်

Tuesday, January 03, 2012

ဘာတွေမှားခဲ့သလဲ

ဘာတွေမှားခဲ့သလဲ

နှစ်တနှစ်ရဲ့ နောက်ဆုံး ဇာတ်သိမ်းမှာ
သံတူကြောင်းကွဲ ဝေဒနာများ
သံတူကြောင်းကွဲ ၀ါဒများ
တနှစ်ပတ်လုံး အိပ်စက်နေရာမှ
အလုအယက်တိုးဝှေ့ ထွက်လာ
နှစ်ထောင့်တဆယ့်တစ်ဟာ
ဝရုန်းသုန်းကားကျန်ခဲ့ပြီ ။

ဟော့ … လာကြပြီ … လာကြပြီ
နှစ်တနှစ်ရဲ့  အစအဦးမှာ
ရည်စားဦးနဲ့ တွဲသလိုမျိုး
သဲသဲလှုပ်လှုပ်
အနာဂတ်ကို အစွံထုတ်မတဲ့

စစ်ပွဲတွေက ဖြစ်တုန်း
ပျော်ပွဲရွှင်ပွဲတွေက ဖြစ်တုန်း
ဒုက္ခသည် စခန်းထဲမှာ
ဘေထုတ်တွေ ဝေနေရတုန်း
အကိုက ထောင်ထဲ ၁၅နှစ်နေခဲ့ရ
သူငယ်ချင်းဖိုးချို မင်းက ၂၁နှစ်နေခဲ့ရ
၂၃နှစ်တာကာလအတွင်း
ပြောင်းလဲခဲ့တဲ့ နှစ်သစ်တို့ ရဲ့ ဆွဲဖဲတိုင်းမှာ
မျှော်လင့်ခြင်းတို့  ပုံအောခဲ့ရတာ
ဒုက္ခိတပျားတုတ်ပုံတွေ မကုန်သေးဘူးလေ ။

မိတ်ဆွေတချို့  အကြံပြုတယ်
အကောင်းမြင်တရား လက်ကိုင်ထားကြည့်ပါလားတဲ့ 
ဟုတ်ကဲ့  ကျနော်ဖျတ်ကနဲသတိရ
ဖော်ဝေးရဲ့ ကဗျာတစ
ငါ့လျှာမှထွန်ကြောင်းအရစ်ရစ်
တစစ်စစ်နာကျင်ဖူးယောင်
အိပ်မက်တွင်ပင် သောင်ထွန်းလာသည့်အဆုံး
မြစ်ရေလုံးလုံးခန်းပြီ။


ရဲရင့်သက်ဇွဲ ၀၁၀၁၂၀၁၂