Friday, August 08, 2008

“ဘရုတပ်စ်များအကြောင်းနှင့်ကျွန်ုပ်တို့ အတွက် ကျိန်စာ

မှတ်မှတ်ရရ
အဲဒီညက
ကြယ်တွေကြွေလိုက်တာ
ကမ္ဘာပျက် မပျက်တော့ မသိဘူး
ဗမာပြည်ပျက်သွားတာတော့ အသေအချာပဲ ၊

မျက်စိတမှိတ် လျှပ်တပျက်မှာ
အနှစ်နှစ်ဆယ်တဲ့
ယုံနိုင်စရာတောင်မရှိဘူး

အသက်ပေးသွားသူ စစ်စစ်တွေရဲ့  ရှေ့ မှောက်မှာ
သူရဲကောင်းယောင်ဆောင်သူတွေရဲ့ 
အကြိမ်ကြိမ်အခါခါ သေခြင်းပြဇာတ်ဟာ
ကိုယ်ကျိုးစီးပွားတွေနဲ့  လျှမ်းလျှမ်းတောက်လို့  ၊

ဘယ်သူက ဘယ်သူ့ ကို
အပြစ်တင်မှာတဲ့လဲ
ငါ့စကားနွားရ နှစ်ကာလများက
ပေတရာပေါ်မှ သွေးစီးချောင်းများနဲ့ 
သစ္စာဆို တိုင်တည်မှုများကို
ဥပက္ခာပြုထားခဲ့မှတော့
သစ္စာဖောက်တတ်သူများဟာ
ခြေနှစ်ချောင်းထောင်အိပ်တတ်တဲ့
တစ်တီးတူးများနဲ့ ထပ်တူထပ်မျှသာပ ၊
ည ည မြေကြီးကို ထ ထ စမ်းတတ်တဲ့
မျောက်များနဲ့  ထပ်တူထပ်မျှသာပ ၊

သွားလေသူရဲဘော်အပေါင်းတို့ ရဲ့ 
ရာဇ၀င်တွင်ရစ်အောင် ထုဆစ်ခဲ့တဲ့
ရှစ်လေးလုံးဟာ သွေးစက်လက်နဲ့ 
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်ကို
အမြင့်မားဆုံးလွှင့်ထူရင်း
အနှစ်နှစ်ဆယ်ကို ဖြတ်သန်း
သင်တို့ ရဲ့  လားရာနဲ့  လာရာလမ်းက
တော်လှန်ရေး ခရီးဆုံးပန်းတိုင်ကို
မျှော်မှန်းနေတုန်းပဲဆိုတာ
ငါတို့  ယုံတယ် ၊

ယုံကြည်ချက်နဲ့  သင်တို့ တင်ပေးခဲ့တဲ့
ငါတို့ ပုခုံးပေါ်ကတာဝန်များ
မကျေပွန်ခဲ့လေသမျှ
အနှစ်နှစ်ဆယ်ဆိုတဲ့ အချိန်ကာလဟာ

ငါတို့ အတွက်တော့ ကျိန်စာတွေသာဖြစ်တယ် ၊

ငါတို့ အတွက်တော့ ကျိန်စာတွေသာဖြစ်တယ် ၊

အဲဒီ ကျိန်စာတွေကို ကျေပျက်စေဖို့ 

ငါတို့ ခေတ်မှာ စစ်အာဏာရှင်စနစ် ကျဆုံးစေရမယ် ၊

ငါတို့ ခေတ်မှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းစေရမယ် ၊
ငါတို့ ခေတ်မှာ ဒီမိုကရေစီနိုင်ငံတော်သစ်
ပေါ်ထွန်းစေရမယ် ၊
ရှစ်လေးလုံးစိတ်ဓါတ်
ကမ္ဘာတည်သရွေ့  အဓွန့် ရှည်စေရမယ် ။

၂၀၀၈။ ၈။ ၈