Monday, August 24, 2009

တံလျှပ်

ဘ၀က (ည) အိပ်မက်ဆိုးတခုလို
ကျောက်စရစ်တော မာခေါင်ခေါင်မှာ
အတောင်ကျွတ်သည့် ကြိုးကြာ
ရေရှာမရသကဲ့သို့ 
့ ဆိုတာမျိုး
ငါ့ ၀င်တိုးတဲ့အချိန်
ချုပ်ညနေရီရဲ့ 
သက်တံ့ခုံးအစွန်းမှာ
လ ကလေးကတွဲလဲခိုလို့  ။

ဘာမှမသေချာဘူး
သံသရာတဆုံး
ရှိတာထက်ပို ရှုံးခဲ့ရပြီ
မှတ်တမ်းမှတ်ရာများလည်း
သက်တံ့ထဲမှာ ပျော်ဝင်
တံလျှပ်ကို ရေထင်
ရွှေသမင်အလိုက်မှားကြသူများအကြား
လရောင်ကရွှန်းပ အဲဒီညမှာ။

အဆုံးသတ် ဆုံးဖြတ်ချက်ဟာ
အဲဒီညကိုတောင် ချောက်ချားစေခဲ့ပြီးမှ

ပြာပူကို ဘာအတွက်ကြောက်နေရဦးမှာလဲ
ပြာပူကို ဘာအတွက်ကြောက်နေရဦးမှာလဲ


ရဲရဲရှေ့ တိုး
လရောင်ကိုပျိုးယူမယ်ကြံကာရှိသေး
ချုပ်ညနေရီထဲက လကလေး
သက်တံ့ခုံးအစွန်းနဘေးမှာ
ငါ အိပ်ရာကနိုးထ
အဲဒီည
ပြန်ရှာမရတော့ ၊၊

ရဲရင့်သက်ဇွဲ

Friday, August 21, 2009

အမှန်တရားတို့  မှောက်ကျသွားခဲ့ပြီးနောက်

ဒီလမ်း ဒီစခန်းမှာ
ဘယ်သူက သူရဲကောင်းလည်း
ဘယ်သူက ဗီလိန်လဲ
ဘယ်သူက ဘယ်သူ့ ကို
ဘယ်သူက ဘယ်သူ့ ကို
စွဲချက်တင်ရမှာတဲ့လဲ
ရိုက်ချက်ကပြင်းတယ် ။

ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့
ဟောဒီ မြေဟာ
တို့ ပိုင်တဲ့မြေ
အဲဒီမြေမှာ
လူသားခြင်းစာနာမှု ဆိုတဲ့ စကား
လိမ်လည်လှည့်ဖျားတတ်သူတို့ ရဲ့ နှုတ်ဖျား
ဝေါဟာရအသစ်များလား
ငါတို့ မှာ နာကျည်းကြေကွဲရပေါ့ ။

တကယ်တော့
သူတို့  သူမ ကို
အသေသတ်ခဲ့ကြတယ်
သူမကို တခါသတ်တိုင်း
သူတို့  နိုင်ငံတကာအလယ်မှာ အကြိမ်ကြိမ်အခါခါ သေရတယ် ။
တရားမျှတမှုတို့  ပျက်သုဉ်းလာတဲ့အခါ
ကမ္ဘာမြေဟာ နာကျင် ဆွံ့ အ
ဘုရားသခင်အလိုတော်ရတော့မဟုတ်ဘူး ။

မျှော်လင့်ထားတဲ့အတိုင်
ဇာတ်သိမ်းက ဇာတ်နာလွန်းလှတယ်
အားကြီးသူတို့ ရ့ဲ ကိုယ်ကျိုးကြည့်မှုမှာ
တရားစီရင်ရေးကို စောင့်ရှောက်တဲ့
နတ်သမီးခမျာ
အကြိမ်ကြိမ်အခါခါ ရေတိမ်နစ်ရရှာတယ်၊
ဆန္ဒပြ၊ အစည်းအဝေး၊ ဆင်ဖိုစီယမ်၊ ကွန်းဖရန့်စ်
လုပ်ထုံးလုပ်နည်းတွေကြားမှာ
အငြင်းပွားစရာတွေ များများလာတယ်၊
တိုင်းပြည်ကတော့ ရင်ဘတ်စည်တီး
ခေတ်ကြီးကတော့
အမှန်တရားတို့ မှောက်ကျသွားတဲ့အခါ
ဝေသာလီပြည် ဘီလူးစီးသလိုပ ။

Saturday, August 08, 2009

အလွမ်းသင့် ကျိန်စာမြစ်ထဲက ပန်းတပွင့်၏ အတ္ထုပ္ပတ္တိ

မေမေ
ဒုက္ခကို အရောင်ဆိုးထားတဲ့ ခေတ်ပျက်ကြီးထဲမှာ
ကျနော်ဟာ အမေ့ရဲ့ဝန်ထုပ်ဝန်ပိုးကြီးပါ၊
အမေပြောနေကြစကား
မိဘကျေးဇူး မသိတတ်တာလေးကလွဲလို့ 
အလွန်လိမ္မာတဲ့သား ၊ မှတ်မှတ်ရရမှတ်သားရင်း
တိတ်ဆိတ်စွာ သားကောင်အနံ့ ကိုရတဲ့
မုဆိုးတယောက်ရဲ့ စိတ်လူပ်ရှားမှုမျိုးနဲ့ 
နူတ်ဆက်ခွဲခွာ
အနာဂတ်သစ်တွေရှိမယ့်နေရာ
ထွက်ခွာသွားပေါ့ ။

နှစ်ဆယ့်တနှစ် တဲ့
အလွမ်းသင့်ကျိန်စာမြစ်ထဲမှာ
အကြိမ်ကြိမ်နစ်လို့
အိမ်ပြန်ချင်တဲ့ စိတ်မှာ
ကျနော်တမ်းတ
မေမေ့ အမည်နာမတခုသာ
ကြယ်ကြွေတွေကြားမှာ
သားတွေရဲ့  ကံကြမ္မာ
မေမေ့ရဲ့ ၀ဠ်ကြွေးတွေများလား
ငမိုက်သားများက်ု ခွင့်လွှတ်ပ ။

မေမေ
အိပ်မပျော်တဲ့ ညများမှာ
ကောင်းကင်ကိုမော့ကြည့်
ကြယ်တွေကို ရည်တွက်ရင်း
လရဲ့မျက်နှာပြင်မှာ
သားတွေရဲ့ ပုံရိပ်ကိုရှာ
ဆွေးမြေ့စွာကြေကွဲ
အိပ်မက်တွေက သတိတရနဲ့
မေမေ့အပေါ် လဲပြိုပိကျ
ကျနော့်အပေါ်လဲပြိုပိကျ ။

မေမေရေ
ပြန်လည်ကြားယောင်မိပေါ့
(သူပုန်မိခင်တရား ၂၁နှစ်ကြာလည်းမခါး)
သူရဲကောင်းတို့ရဲ့ အမွေ
တဘ၀မှာ တခါသာ သေ
သားရေ
တဘ၀မှာ တခါသာသေသတဲ့
အားကြီးတဲ့ ရန်သူရှေ့မှာ
နှမ်းတစေ့လောက်တောင်
အကြောက်တရားနဲ့ မဖောက်ပြားလေနဲ့
မေမေ့ကို ဖမ်းဆီးနှိပ်စက်
အဲဒီအတွက်လည်း စိတ်မပူနဲ့
မတရားတဲ့ အမိန့်အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြရမှာပဲ မဟုတ်လား ။

နှစ်ဆယ့်တနှစ်လုံးလုံး
ဗေဒါပန်းထုံး နှလုံးမူပြီး
စောင့်ခဲ့ရတာပါ
အခုမှတော့
သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး
သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး ။


ရဲရင့်သက်ဇွဲ

Wednesday, August 05, 2009

ရာသီရိုင်းတို့ရဲ့ အထဲမှာ

ကောင်းကင်တခွင်လုံး
ညို့ညို့ မှိုင်းမှိုင်း
ရာသီရိုင်းမှာ
တမ်းတ ကြေမွ
ကြွေကျ မျက်ရည်
နေညိုပြီဆို အမေငိုပြီလေ ။

မတ်လ တဆယ့်သုံး အရေးတော်ပုံမှာ
ကျဆုံးခဲ့တဲ့
ရဲဘော်ဖုန်းမော်
ရဲဘော် စိုးနိုင် တို့ရေ
မတ်လ တဆယ့်ခြောက်
တံတားနီ အရေးတော်ပုံမှာ
အသက်ပေးခဲ့ကြတဲ့
ရဲဘော် ရဲမေ အပေါင်းတို့ ရေ
ဇွန် နှစ်ဆယ့်တစ် မြေနီကုန်းမီးပွိုင့်အနီးမှာ
အသက်ပေးသွားတဲ့ (အကသ)က
ညီငယ် ညီမငယ်အပေါင်းတို့ရေ
သြဂုတ်လ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တွေမှာ
အသက်စွန့်သွားခဲ့ကြတဲ့
ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်းတို့ရေ
စက်တင်ဘာ တဆယ့်ကိုးရက်နေ့မှာ ကျဆုံးခဲ့တဲု့
ညီမလေး ၀င်းမော်ဉီး ရေ
သွေးအလူးလူ အလိမ်းလိမ်းကြားက
အဲဒီလိုမျိုး စိမ်းကားတဲ့အကြည့်နဲ့ ကြည့်တဲ့အခါ
ငါတို့မှာ ဖြေရှင်းစရာ
ဘာသာဗေဒ ဆွံ့အ ရှားပါး
ငါတို့ ဟာ အသက်ရှင်ခြင်းတရားမှာ
အကြိမ်ကြိမ် သေဆုံးခဲ့ကြ
တို့ခေတ်ကျမှ ညံ့ချက်က ကမ်းကုန်အောင်ပါပဲ ၊

တကယ်တမ်းကျတော့
အတိတ်နဲ့ အနာဂတ် ဆက်စပ်ဖို့ရာ
အလင်းနှစ် သန်းပေါင်းများစွာမလို
နှစ်ဆယ့်တနှစ်ဆိုတဲ့ အချိန်တိုလေးဟာ
မှန်ထဲ ကိုယ့်ဒဏ်ရာ ကိုယ်ပြန်မြင်ရသလိုမျိုး
နာကျည်းမှုတို့  ရှင်ပြန်ထမြောက်ရာ
သွေးညှီနံ့တွေ လွှမ်းခြုံနေတဲ့ လမ်းများထက်မှာ
ငါတို့ အခုအချိန်အထိ ရင်ကွဲပက်လက်
တိုက်ပွဲဆက်ဆဲ ။
ရင်ကွဲပက်လက် တိုက်ပွဲဆက်ဆဲ ။

ရဲရင့်သက်ဇွဲ
(ရှစ်လေးလုံးအရေးတော်ပုံကြီး ၂၁ နှစ်ပြည့်သို့ )

အရေးတော်ပုံ

အရေးတော်ပုံ

ရှစ်လေးလုံး တဲ့
သွေးဆုံးတဲ့ မိန်းမသဘာဝမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
သွေးနဲ့ ထုံးထားတဲ့ပန်းတကုံးဖြစ်တယ်။

ရှစ်လေးလုံး တဲ့
နှလုံးရောဂါသည်မဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
ကျုံးရေပြင်ထက်က ကြာပန်းငွေစင်ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
တောပြုံးတဲ့ တောင်မဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
လှိုင်းဖုံးလို့  မကျို့ တဲ့ ဗေဒါဖြစ်တယ်။

ရှစ်လေးလုံး တဲ့
သတင်းစာရှင်းလင်းပွဲက မိုက်ခရိုဖုန်းမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
အဆုံးရှိတဲ့ လမ်းဖြောင့်တခုဖြစ်တယ်။

ရှစ်လေးလုံး တဲ့
အသွားတုံးနေတဲ့ ဓားမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
မဆုံးရှုံးတဲ့ သမိုင်းကြွေးဖြစ်တယ်။

ရှစ်လေးလုံး တဲ့
တုံးအောက်က ဖားမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
အနာဂတ် ဂုံးကျော်တံတားဖြစ်တယ်။

ရှစ်လေးလုံး တဲ့
အင်းစိန်အကျဉ်းခုံရုံးမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
ဖုံးဖိထားမရတဲ့ တရားတဘောင်ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
မဆုံးတဲ့ ပေးဆပ်မှုဖြစ်တယ်
ငါတို့ အားလုံးရဲ့  အရေးတော်ပုံ ဖြစ်ပြီးရင်းဖြစ်။ ။

မောင်လွမ်းဏီ
၎-၈-၀၉