Fashion Era

Friday, December 31, 2010

တကယ်ပျော်စရာကောင်းရဲ့ လား နှစ်သစ်

တကယ်ပျော်စရာကောင်းရဲ့ လား … နှစ်သစ်

အချိန်က မရောက်သေးဘူး
လူတွေက တယောက်ပြီး တယောက်
ရောက်လာကြတယ် …
စကားဝိုင်းတွေရဲ့ 
ရေချိန်က မြင့်တက်လာပြီ …..။

တိုင်းရေး ပြည်ရေး
တော်လှန်ရေး ဝေဖန်ရေး
အသံများ အဆံများ
စကားလုံးဖြင့်
သွေးချောင်းစီး သတ်ဖြတ်မှုများ
ဘီယာဗူးခွံများ
အရက်ပုလင်းများ
အဆီပြန်မျက်နှာများ
အချိန်က နီးလာပြီ ……..။

ဘယ်သူ ဘယ်ဝါ
ရောက်မလာသေးဘူးလား
အသေအချာ ပြောထားရက်နဲ့ 
ဒီမှာ လူစုံနေပြီ
တဖျစ်တောက်တောက် ရေရွတ်ပူပန်(ပင်)
အချိန်က နီးလာပြီ …….။

ရေ(ရည်)တွက်သံများ ဆူညံလာ
ဟေး သံပြိုင်အော်သံ
ဟက်ပီးနယူးရီးယား
ဖန်ခွက်ချင်းတိုက်ကြ
လူချင်းပွေ့ ဖက်ကြ
ပျော်ရွှင်မှု အဆိုင်အခဲတွေနဲ့  ပြစ်ပေါက်ကြ
အချိန်ရောက်ပြီ …..။

ပျော်ရွှင်စရာ မြင်ကွင်းဟာ
ကြေကွဲစရာတွေနဲ့  ပြည့်နှက်နေတယ်
ကောင်းကင်ကို မော့ကြည့်တဲ့အခါ
ကြယ်ကြွေတွေက
ငါ့ကို … နှုတ်ဆက်သွားကြ …..

သံတိုင်တွေနောက်က
အုတ်နံရံတွေအနောက်က
နောင်တော် အမတော်တို့ 
ညီငယ် ညီမငယ် ရဲဘော်တို့ 
နှစ်သစ်ရဲ့ ညမှာ … သင်တို့ ကို
ဘယ်သူမှ သတိတယမရှိကြလည်း
အသင်တို့ ကတော့
ယုံကြည်ချက်နဲ့  နှစ်တွေကို
သစ်မြဲသစ်နေကြမယ်ဆိုတာ
ငါ …ယုံတယ်။

သင်တို့ မလွတ်မြောက်သရွေ့ 
ရောက်ရောက်လာတဲ့ နှစ်သစ်တွေဟာ
ငါတို့ အတွက်
ပျော်ရွှင်စရာ မဟုတ်ပါ ….
မိတ်ဆွေတို့  ရေ
နှစ်သစ်ဟာ ငါတို့ အတွက်
ပျော်ရွှင်စရာမဟုတ်ပါဘူး …….။

(မိတ်ဆွေများခင်ဗျား လွတ်လပ်စွာကွဲလွဲခွင့်ရှိပါသည်)

ရဲရင့်သက်ဇွဲ ၃၁ ၁၂ ၂၀၁၀



Thursday, December 30, 2010

ဝိဥာဉ်နီတို့  ပေးတဲ့လက်ဆောင်

ဝိဥာဉ်နီတို့  ပေးတဲ့လက်ဆောင်

ယုံကြည်ပါ ရဲဘော်တို့ 
နှစ်တနှစ် ကုန်ဆုံးသွားတိုင်း
ဟောဒီ နှလုံးသားတွေ
နာကျင်ကြေကွဲ တမ်းတ
အသက်စွန့် သွားတဲ့ ရဲဘော်တွေကို
သတိတရ ရှိနေမိတယ် …..။

ယုံကြည်ပါ ရဲဘော်တို့ 
တကမ္ဘာ မခြားသေးပါဘူး
အနှစ်နှစ်ဆယ်ကျော် ကာလမှာ
အပြောင်းအလဲတွေ များတဲ့ကြား
ငါတို့ ခေတ်ရဲ့  သွေးစွန်းနှစ်များ
ဟောင်းမသွားဘူး ပြောင်းမသွားဘူး …..။

ယုံကြည်ပါ ရဲဘော်တို့ 
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမဖေါက်ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမမဲ့ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ အမြတ်မထုတ်ဘူး
မပြီးဆုံးသေးသော တိုက်ပွဲ
ငါတို့  ဆက်လက်ဆင်နွှဲမယ် …..။

ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ရဲ့ 
ယုံကြည်ချက် မျှော်လင့်ချက်
အန္တိမ ပန်းတိုင်
မယိုင်မလဲ ခိုင်မြဲသော
သံမဏိစိတ်ဓာတ်များ
ငါတို့  အားလုံး ထပ်တူထပ်မျှ
နှစ်သစ်ကို သယ်ဆောင်သွားမှာပ …..။

ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ပေးတဲ့ နှစ်သစ်လက်ဆောင်
အဆိုးအကောင်း အကျိုးအကြောင်း
ညီညွတ်ရေးသာ အရေးကြီးကြောင်း
ညီညွတ်ရေးတရား နားမခါးစေကြောင်း
မညီညွတ်တဲ့အခါ
ဟင်္သာကိုးသောင်း ပျက်စီးကြောင်းတရား
ငါတို့  အသက်နဲ့ ထပ်တူ မှတ်သားနာယူပါ့မယ် .....၊

အသင်တို့ ၏ သွေးစွန်းစကား
ရင်ဝယ်ထားလျက်
ဒီမိုကရေစီရလျင် အမျှဝေမည်
စစ်အာဏာရှင်စနစ် မုချ ကျဆုံးစေရမည် …..။

(အသက်စွန့် သွားသောရဲဘော်အပေါင်း၏ ယုံကြည်ချက်အလံကို ခိုင်ခိုင်မြဲမြဲလွှင့်ထူတိုက်ပွဲဝင်လျက်)

ရဲရင့်သက်ဇွဲ ၂၈ ၁၂ ၂၀၁၀

တောင်သမန်အင်းက အလွမ်းပွင့်ဝေနှင်း

တောင်သမန်အင်းက အလွမ်းပွင့်ဝေနှင်း

ဘ၀ရဲ့ မှတ်တမ်း
ရုပ်ရှင်ထဲက ဇာတ်လမ်းလို
စာတမ်းထိုး ………
လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်က ………
နောက်ခံဂီတသံက
ခေါက်ရှာငှက် ပျံသန်းပုံမျိုး ……။

သတ္ထုနွယ်ကြိုးတွေက
သံစဉ်လှိုင်းများ အပြန်အလှန်သယ်ဆောင်
နုနယ်ပျိုမျစ်သော
နှစ်ကာလတချို့  ……

နှလုံးသားချင်း ဖလှယ်
အတွယ်အတာနဲ့ သမုဒယ
ဘ၀ချိုချို
နှစ်ကာလတချို့  ……

တီတီတာတာ
သား သမီးနဲ့ အတူနေရ
ငါ့ ဘဝ
နှစ်ကာလတချို့ ……

ခွဲနေရဦးမယ်
အတိုင်းအတာ တခုအထိ
မိသားစုနဲ့ ဝေး
နှစ်ကာလ တချို့  …..

ဂလိုဘယ်လိုက်ဇေရှင်းတဲ့ 
ကမ္ဘာ့ရွာ ခေတ်ကြီးထဲမှာ
ကလစ် တချက်နှိပ်ရုံနဲ့ 
အရုပ်မြင် အသံကြား
အလွမ်းက ပါးလျသွားလား
အလွမ်းက အားရသွားလား
နှစ်ကာလတချို့  ……

နှစ်ဆယ့်လေးနှစ်ကြာတဲ့အခါ
ညီမလေးရေ ….
အဲဒီ နံနက်ခင်းက
တောင်သမန်အင်းမှာ မြူနှင်းတွေ ဝေနေပုံ သတိရ
မယ်ဇယ်ပင် ခြေရင်းမှာ မြူနှင်းတွေ ဝေနေပုံများ သတိရ
သီချင်းသံတိုးတိုးသဲ့သဲ့ ကြားရဲ့ လား
နောက်ထပ်တို့  မဝေးဘူး ……။

(တယောက်ဘ၀ကို တယောက်ထွေးပွေ့ နှစ်ဆယ့်လေးနှစ်ပြည့် အမှတ်တရ)

ရဲရင့်သက်ဇွဲ ၂၉ ၁၂ ၂၀၁၀


Monday, December 27, 2010

အလွမ်းပွင့်တို့  ရိုက်ချိုးတဲ့ မျက်ရည်တာရိုး

အလွမ်းပွင့်တို့  ရိုက်ချိုးတဲ့ မျက်ရည်တာရိုး

အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတယ် …..။

ကောင်းကင်ကတော့
အုံ့ မှိုင်းနေဆဲ
မျက်စေ့တဆုံး အဖြူရောင်တွေဖုံးလို့ 
ငှက်ကလေးတွေတောင်မှ
တေးမသီနိုင်ရှာကြဘူး
သစ်ရွက်ကလေးတွေတောင်မှ
နှင်းတို့ ရဲ့ မျက်နှာ မော့မကြည်ရဲရှာကြဘူး …….။

တကမ္ဘာလုံးက အေးခဲမှုတို့ 
ငါနေတဲ့အရပ်ကို စုပုံပို့ လိုက်သလား
သတိရတမ်းတခြင်းတွေကတော့
အေးခဲမှုတွေကိုထိုးဖောက်
မင်းဆီအရောက်
ပျံသန်းနေကြလေရဲ့  …..။

မိသားစုဆိုတဲ့ အတွေး
နွေးထွေးမှုကိုပေးတယ်
မိသားစုအရေး
သားသမီးအရေး
အနာဂတ်အရေး
အတွေးများ မိုးမဆုံး မြေမဆုံး …..။

ဘာပဲဖြစ်ဖြစ်ပေါ့လေ
အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတုန်း …..။

ရဲရင့်သက်ဇွဲ ၁၇ ၁၁ ၂၀၁၀


သီချင်းအပိုင်းအစများနှင့် ဥရောပ ဝေဒနာညများ

သီချင်းအပိုင်းအစများနှင့် ဥရောပ ဝေဒနာညများ

ဆရာမလေးရယ်
လာပါဦးဗျ
ကျနော့် ဝေဒနာ မသက်သာ …..

ထိုင်မရ … ထမရ
ကုတင်ပေါ်လှဲနေရတဲ့
ဝေဒနာသည်ဘ၀မှာ
အတွေးထဲ ၀င်လာတဲ့ သီချင်းတစက
ဦးနှောက်လာစား
ပြုံးစရာဖြစ်သွားတယ် …..။

ကိုယ်ထူ ကိုယ်ထ
ကိုယ့်ဘ၀ အခြေအနေ …..

သီချင်း တပိုင်းတစက
ကုတင်ပေါ်က ထမရတဲ့ ငါ့ကို
တရားချနေသလိုလို
ရန်စနေ သလိုလို …..။

ကမ္ဘာမကျေဘူး
ငါ တို့ သွေးနဲ့ရေးတဲ့ မော်ကွန်းတွေ…..

ငါ့ဘေးဝဲယာ ကုတင်တွေက
ဝေဒနာအဖေါ်တွေ
ငါ့ တိုင်းပြည်ရဲ့ ဘ၀ကိုမေးတဲ့အခါ
သေသေချာချာ ရှင်းပြ
ကမ္ဘာမကြေဘူးသီချင်းက
ရင်ထဲလျှံကျလာတယ် …..။

တိတ်ဆိတ်
အိပ်မက်တို့  ကြွေနေဆဲ
ငါ့အတွက် အဖြေရှာနေတုန်းပေါ့ …..

အရာရာတိတ်ဆိတ်သယောင်
အမှန်မှာ အားလုံး
အိပ်ချင်ယောင်ဆောင်နေကြတာ
ဝေဒနာတောင်ပံတွေက
အိပ်မက်ကမ္ဘာထဲစီးမျော
သေငယ်ဇောနဲ့  မျောပါနေခဲ့ကြ …..။

ကြားဘူးနေကြ ကြားခဲ့ရပြီ
လက်လျော့နေကြ လက်လျော့ရပြီ
အဆုံးရှုံးတွေကြောင့် နာ လာပြီ ……

လူနာဆောင်တခုက အသံ ဆိုး
လန့် နိုးလာတဲ့ ငါ
ဝေဒနာ မြိုးမြိုးမျက်မျက်ကြားက
ဖျိုးဖျိုးဖျတ်ဖျတ် သတိရသွား
ရှင်သေမင်းနဲ့ စစ်ခင်းနေရင်း
အတိတ်ကို စိတ်ကရွေ့ သွား
ဒါ … ညကောင်းကင်ရဲ့ တေးသမား
အမှောင်မှာ ပျော်ဘို့  … ငိုသံရယ်(ရီ)သံ
နောက်မှာ ကျန်ခဲ့ပြီ …..။


တလောကလုံးမှာ
ခရမ်းနုရောင်ကလေးတွေ
မှိုင်းမှိုင်းမှုန်ဝေ ….. နှင်းဝတ်မှုန်တွေရဲ့ ……

အိပ်မက်လား … တကယ်လား
မပီဝိုးတ၀ါး မကွဲပြာဘူး
လူတွေ လူတွေ ..
အဖိုးအဖွား အဖေအမေ ဦးလေးအဒေါ်
ညီအကိုမောင်နှမ မိသားစုများ
မိတ်ဆွေအပေါင်းအသင်းများ
ငါ့ကိုယ်ထဲကိုတိုးဝင် ထိုးဖေါက်ထွက်သွားကြ
သီချင်းတစ ဆက်လက်ဆိုငြီး
ပြန်သင့် မပြန်သင့် … ဆုံးဖြတ်ခွင့်မရှိတော့တဲ့
ပြည်မှာဆောင်း ……..။


တောင်ကုန်းလေးတခုပေါ်ကို
တက်လှမ်းတော့ကွယ် ….လမ်းခရီးမှာ
ကျေးငှက်တွေကို အဖေါ်ပြုခဲ့တယ် …..

ရင်ထဲတလှပ်လှပ် မောပန်း
ညီမလေးရဲ့ လက်ကို လှမ်းလဲမရ
ယုံကြည်ရာတွဲလက်မြဲခဲ့တဲ့
ရဲဘော်တို့ ရဲ့ လက်ကိုလှမ်းလဲမရ
တဖြေးဖြေး ဝေးသွား တဖြေးဖြေးနီးလာ
လက်တွေ … လက်တွေ
ငါ့ကို ….. လှမ်းဆွဲနေတာလား
ငါ့ကို …..၀ိုင်းတွန်းနေတာလား
အသံတစ မိုးပေါ်ကကျလာတာလား
ငါ့ရင်ထဲက ထိုးဖောက်ထွက်လာတာလား
ငါ ….. သေလို့ မဖြစ်ဘူး ……။

ရေတွင်းလေးတခုကိုတွေ့ တော့
ရေငင်လို့ သောက်ရင်း … တွင်းထဲကို ငုံ့ ပြီး

နှင်းရေ ညီမလေးရေ မိတ်ဆွေတို့ ရေ အသံကုန်အော်
ဆရာဝန် အခန်းဆီက
အပြေးအလွှား ပြေးလာသံများကြားရတဲ့အချိန်
ငါ့ ၀ိဥာဉ်က
ငါ့ … ပါးပြင်ပေါ် စီးကျနေတဲ့ မျက်ရည်စတွေကို သုတ်လို့ …..။

ရဲရင့်သက်ဇွဲ ၀၉ ၁၁ ၂၀၁၀

(ဝေဒနာအပြင်းထန်ဆုံးခံစားရသော ညသို့  အမှတ်တရ)

bold တင်ထားသောစာသားများသည် သီချင်းစာသားများဖြစ်ပါသည်။


ဥရောပ ဝေဒနာညများ(၂)

ဥရောပ ဝေဒနာညများ(၂)

ညီမလေးရေ
ဆောင်းညချမ်းချမ်းမှာ
သေရွာပါမယ့်အလွမ်း
တပြေ(ပြည်)တရွာက
ဝေဒနာနဲ့  တမ်းခြင်းတခုရယ်ပါ …..။

ညီမလေးရေ
ရည်မှန်းချက်
မျှော်လင့်ချက်
ဘ၀ကို တပ်မက်တွယ်တာ
ပူပန်(ပင်)တတ်တဲ့စိတ်ဟာ
မိခင်ကောင်း ဇနီးကောင်းတို့ ရဲ့ 
သဘာဝပဲမဟုတ်လား …..။

ညီမလေးရေ
ရွှေပေါ်မြတင် မထားနိုင်ခဲ့ဘူး
လက်ညှိုးညွှန်ရာ ရေမဖြစ်စေခဲ့ဘူး
ကိုယ့်အတ္တနဲ့  ကိုယ်မွေ့ လျော်
တိုင်းပြည်လွတ်မြောက်ရေးအပေါ်
မိသားစုရဲ့ အပျော်တွေကို စတေး
ငါ့ကို ... ခွင့်လွှတ်ပေးပါ .....။

ညီမလေးရေ
သမီးလေးက အဖေကိုတရားပြ
ဘ၀မှာတဲ့
မလုပ်မဖြစ်တဲ့ အလုပ်တွေအတွက်
ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို
စွန့် လွှတ်ရ အနစ်နာခံရတတ်တယ် တဲ့
ငါ့ မှာ ပြောစရာစကား ရှားပါးလွန်းလှချည်ရဲ့  .....။

ညီမလေးရေ
အခုတော့
ငါလှဲလျောင်းရာ ကုတင်နံဘေးက
ပြူတင်းတံခါးမှန်မှာ
တဖွဲဖွဲလာကပ်နေတဲ့ နှင်းပွင့်လေးတွေကိုငေးရင်း
နောက်ဆုံးသစ်ရွက် ၀တ္ထုတိုလေးကို
နင့်နင့်သည်းသည်း သတိရနေမိတယ် …..။

ရဲရင့်သက်ဇွဲ ၁၁ ၁၁ ၂၀၁၀
(ဆေးရုံပေါ်မှဝေဒနာနေ့ ရက်များသို့ )



Tuesday, December 21, 2010

အမေ့အပေါ် သားတို့  မတရားမှန်းသိပေမယ့်

အမေ့အပေါ် သားတို့  မတရားမှန်းသိပေမယ့်

၁။
ဝေဒနာနဲ့  စစ်ခင်း
သေခြင်းတရား ဒေသနာ
ငါ … နာကြားတုန်း
အမေလွတ်မြောက်ခြင်းသတင်း
ငါ့ မြင်ကွင်းထဲ စီးဆင်းလာတယ် …..။

၂။
တို့ ပြည်သူ ဟစ်ကြွေးတဲ့
ခွပ်ဒေါင်းသံ
ကမ္ဘာကိုလွှမ်းခြုံ
မိုးမြေသိမ့်သိမ့် တုန်လေပြီ …..။

တည်ငြိမ်မှု ရင့်ကျက်မှု
ရဲရင့်မှုတို့ နှင့်အတူ
အနာဂတ်မြန်မာပြည်အတွက်
လွတ်လပ်မယ့် အလင်းရောင်
အမေ့မျက်ဝန်းမှာ တောက်ပြောင်လို့  …..။

၃။
တလှမ်းခြင်း လှမ်းလာတဲ့
ခြေလှမ်းတိုင်းရဲ့ ခွန်အားမှာ
အမှန်တရားဟာ
ဖ၀ါးခြေထပ်မျှလိုက်ပါ …..
…………………………………..
အမှန်တရားဟာ
ဖ၀ါးခြေထပ်မျှ လိုက်ပါ …..။

၎။
ဝေဒနာသည်တယောက်
တီဗွီဖန်သားပြင် ရှေ့ မှောက်မှာ
ရှိုက်ကြီးတငင် မျက်ရည်တွေကျလို့ 
အဲဒီနိုင်ငံသားတွေက အံ့သြတကြီးကြည့်လို့ 
မျက်ရည်ကြားက တတွတ်တွတ် ရေရွတ်သံ
အမေ … သက်တော်ရာကျော်ရှည်ပါစေ
အမေ … သက်တော်ရာကျော်ရှည်ပါစေ
အမေ … သက်တော်ရာကျော်ရှည်ပါစေ
ပတ်ဝန်းကျင်မှာ လွင့်ပျံ့ နေခဲ့ …..။

ရဲရင့်သက်ဇွဲ
၁၃ ၁၁ ၂၀၁၀

(အမေလွတ်မြောက်သောနေ့  ဆေးရုံပေါ်မှ ခံစားမှု)


ငါတို့ အားလုံး အမေနဲ့ အတူ

ငါတို့ အားလုံး အမေနဲ့ အတူ

ဆိုးသွမ်းယုတ်မာမှုတွေကို
နှစ်ထောင်တဆယ် ရွေးကောက်ပွဲကြီးနဲ့ 
ပါရမီဖြည့်နေကြပုံများ
ဘုရားကအောက် မျောက်ကအထက် ဆိုသလိုမျိုး
တို့ တိုင်းပြည် အဖြစ်ဆိုး
ကိုယ်ကျိုးတော့ နည်းပါပြီ …..။

ကံကိုသာ ယိုးမယ်ဖွဲ့ 
စုတ်သသတ်သတ်နဲ့ 
ရပ် ကြည့် သွား နေရတဲ့ ဘဝများမှာ
မနိုင်၍ သည်းခံရခြင်းတရား … ကြီးထွားလာ
မကျေနပ်မှုများ ရင်ဘတ်တွေထဲ … ကြီးထွားလာ
တရားသဖြင့် မတရားမှုများ ဖေါ်ထုတ်ပြောဆိုလိုခွင့် … ကြီးထွားလာ
ယုံကြည်ချက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်တောင်းဆိုမှု …ကြီးထွားလာ …..။

ကြီးထွားလာမှုများ
မှန်ကန်စွာပေါက်ကွဲထွက်ဘို့ 
လူထုတိုက်ပွဲနဲ့  လက်နက်ကိုင်တိုက်ပွဲ
ဟန်ချက်ညီ ချိတ်ဆက်ကြ
အမေပေးတဲ့ အားဆေး
ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး
ငါတို့ သွေးသားထဲမှ ရုန်းထ
အမေ့ကို ဝန်းရံကြ
အမေနဲ့  အတူတကွ
ငါတို့  ချီတက်ကြ …..။

ရဲရင့်သက်ဇွဲ
၁၉ ၁၂ ၂၀၁၀



Wednesday, December 15, 2010

ဒေ၀ဒတ်တွေ ကတဲ့ဇာတ်

ဒေ၀ဒတ်တွေ ကတဲ့ဇာတ်

ကမ္ဘာဦးကနေ ယနေ့ ခေတ်အထိ
အာဏာစက်နဲ့  ချေဖျက်
ကြေပျက်သွားတဲ့ 
ဓမ္မစက်ဆိုတာမရှိ
လူတိုင်းက သိကြပါတယ် အမေ ….။

ဘာသာ သာသနာကို ဖျက်ဆီး
သံဃာတော်တွေကို သတ်ပီးမှတော့
ရွှေစလွယ် ငွေစလွယ်
ပိတ်ဖြူစင်ကြယ်ဝတ်ဆင်
ရွှေထီး ငွေထီးဆောင်း
သွေးစွန်းလက်နဲ့ 
ဘုရားတည် ကျောင်းဆောက်
သနားလောက်စရာ သတ္တ၀ါတွေရယ်
ကိုယ့်အလှည့်ကျတော့လည်း
အံကြိတ်ခံကြစမ်းပေါ့ကွယ် …..။

အာဏာနဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ
အတိတ် ပစ္စုပ္ပန် အနာဂတ်
အဲဒီ သုံးရပ်စလုံးမှာ တည်မြဲခြင်း မရှိဆိုတာ
ဘုရားဟော ဒေသနာတော်တွေအရ
ဗုဒ္ဓ၀င် အဖြစ်အပျက် အစုံအလင်ထဲမှာ
ဇာတ် နိပါတ်တော်တွေထဲမှာ
အကျိုး အပြစ် အဆိုး အညစ်တွေ ရှိရဲ့ မဟုတ်လား အမေ …..။

ဘုန်းကြီးတစ္ဆေ ထက်ဆိုးတဲ့ ကောင်တွေမို့ 
ကမ္မ၀ါသာမက
ဘယ်ဘာသာနဲ့ မှ ခ၀ါချလို့ လဲမရ
အမေရေ …..
အခုတော့
ဒင်းတို့  … ဒေ၀ဒတ်ဇာတ်တော်ကြီးကို
မြိုင်မြိုင်ဆိုင်ဆိုင် ကနေကြပေါ့ …..။

ရဲရင့်သက်ဇွဲ
၁၆ ၁၂ ၂၀၁၀


Thursday, December 09, 2010

ဥရောပ ဝေဒနာညများ

တုန်ခြင်း နှေးခြင်း
လေးလံခြင်း ရွေ့ မရခြင်း
ဝေဒနာများက
သေရွာကို တွန်းပို့ နေတဲ့ကြား
စာတိုပေစနဲ့ လွမ်း
ပါရမီဖြည့်ဖက်ကို တမ်းတတယ် …..။

အမေအို ဘယ်လိုနေရှာမလဲ
နရသိန်ထဲက ငါ့ သူရဲကောင်း
သူပုန်နဲ့ သူ့ ရဲဘော်ရဲဘက်များ
ဆယ်စုနှစ်တခု့ နီးပါး
ယုံကြည်တွဲလက်ခိုင်မြဲခဲ့သူများ
သမီး သား တူမများ
အလွမ်းဓာတ်က
ချူပ်တည်းတဲ့ကြား
ထိုးဖောက်စီးဆင်းသွားမြဲ …..။

လူမျိုး မတူဘူး
ဘာသာစကား မတူဘူး
ရာသီဥတု မတူဘူး
ဒါပေမယ့် တူတာတွေကိုစု
ငါတို့ လိုချင်တဲ့ စံနစ်တခု
သူတို့  ထုဆစ်ထားနိုင်ခဲ့ကြတယ်
အဲဒီစံနစ်အောက်မှာပါပဲ
အမေပေးတဲ့ အသက်တချောင်း
ဖြောင်းကနဲကျိုးကြေ
သူတို့ တတွေလက်နဲ့ 
ငါ အသက်ဆက်ရှင်သန်ခဲ့ရ …..။

ဘ၀ကတော့
မရေရာမသေချာသေးဘူး
ညစဉ် အိပ်မက်ထဲမှာ
ရထားဥသြသံ ကြားရမြဲ .....။

(ဆေးရုံပေါ်မှဝေဒနာနေ့ ရက်များသို့ )

ရဲရင့်သက်ဇွဲ ၁၀ ၁၁ ၂၀၁၀



Wednesday, December 08, 2010

ဒီထက်ပိုပြီး နောက်မကျသင့်တော့ဘူး

ငှက်ကလေး
ပြူတင်းဝနံဘေးတေးသီ
ငေးရီနေတဲ့နှလုံးသား
နရသိန်ထဲက ကာလများကိုတူးဆွ
နာကျင်စူးရှတဲ့ ခံစားမှုများ
အိပ်မက်တခုပဲ ဖြစ်ချင်တယ် …..။

လွပ်လပ်တဲ့ကမ္ဘာ
ငါ့ကိုဝေမျှပေးပါ
ငှက်တို့ က ပျံရင်း သေတယ်
လူကတော့ ကြံရင်း သေမယ်
နှစ်ဘယ်လောက်ကြာမယ်ဆိုတာ
ဘယ်သူမှမပြောနိုင် …..။

အစီရင်ခံစာများအရ
မြန်မာနိုင်ငံတ၀ှမ်း
လူတယောက်ရဲ့ သက်တမ်း
ငါးဆယ်ကျော် ခြောက်ဆယ်တန်း
ခန့် မှန်းကြတယ်ဆိုပဲ …..။

ဒီလိုဆို …
ငါတို့  နောင်တော် အမတော်တွေရဲ့ 
ယုံကြည်ချက်ကြောင့် အကျဉ်းကျနှစ်ကာလများ
လူ့ သက်တမ်းတခုစာမက
အို ….. လူထုကယ်တော်မူပါ …..။

ပျမ်းမျှ လူ့ သက်တမ်းက တခုပါပဲ
တိုင်းပြည် စစ်ဖိနပ်အောက်က
လွတ်မြောက်လိုစိတ်များ
သက်တမ်းပေါင်းများစွာ
မျိုးဆက်ပေါင်းများစွာ ရှင်သန်နေမြဲ
ဒါပေမယ့်
အမှန်တရားဟာ ဒီထက်နောက်မကျသင့်တော့ဘူး …..။


ရဲရင့်သက်ဇွဲ ၂၉ ၁၁ ၂၀၁၀





Tuesday, December 07, 2010

၉၆ ဒီဇင်္ဘာတမ်းခြင်း

မသေသောစိတ်ဓာတ်များ
မှတ်ကျောက်တင်ရာ
မတရားမှုပြုသူများ
ကြောက်ဒူးတုန်ရာ
ကိုယ့်လိပ်ပြာကိုယ်မလုံသူများ
စိတ်ယောက်ယက်ခတ်ရာ
အို … ဒီဇင်္ဘာ …..။

နီစွေးသောသွေးတို့ ရဲ့ 
တိုက်ပွဲခေါ်သံ
ခေတ် စနစ် အသစ်
အသစ် အသစ် အသစ်
ပညာတွေ သစ်စေဘို့ 
လူနေမှုတွေ သစ်စေဘို့ 
ဟောင်းနွမ်းတဲ့အတွေးအခေါ်များ သစ်စေဘို့ 
မိစ္ဆာတို့ ရဲ့ ရင်ကိုဖေါက်ထွင်း
မြားအစင်းစင်း ပြစ်ခွင်းခဲ့ရာ
အို … ဒီဇင်္ဘာ …..။

နားစွင့်ထားကြ
တဟုန်ထိုး ပျံသန်းလာတဲ့
ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ
ကြားကြရဲ့ လား …
ကြားကြရဲ့ လား …
သင်တို့ ရဲ့ နှလုံးသားတံခါးတွေကို ဖွင့်ထားကြ
သင်တို့ ရဲ့ ရင်ဘတ်တွေနဲ့ ဆီးကြိုပွေ့ ဖက်ကြ …..။

လမ်းမပေါ်က သွေးစက်တွေဟာ
သင်တို့ ရဲ့ ခန္ဓာကိုယ်ထဲကသွေးတွေနဲ့  ထပ်တူထပ်မျှသာပ
မြင့်မြတ်သူတို့ ရဲ့  ယုံကြည်ချက်အောင်လံတော်
စစ်အာဏာရှင်တို့ ရဲ့  အလောင်းတွေအပေါ်
တလူလူလွှင့်ရမှာပေါ့ ညီအကိုတို့ရာ
အို … ဘယ့် ဒီဇင်္ဘာ …..။
(စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်)

ရဲရင့်သက်ဇွဲ ၄ ၁၂ ၂၀၁၀



Monday, November 01, 2010

ဥရောပရဲ့  ဆောင်းညများ

ဥရောပရဲ့  ဆောင်းညများ

ရွှေဝါရောင်နွေရက်များ
တဖြေးဖြေးဆုတ်ခွါ
ဥရောပရဲ့ ဆောင်းဟာ
နှင်းနဲ့ အတူရောက်လာတယ် ။


ရော်ရွက်ဝါတွေရဲ့  အစွန့် ပြစ်ခံ
ပင်အို ပင်ပျို တို့  ရိုးတံကြဲကြဲ
နှင်းဖွဲဖွဲမှာ
မြို့ ငယ်လေးက
တိတ်ဆိတ် ရက်စက်စွာ
ဖွေးဖွေးလှုပ်လို ။့

မျက်စေ့တဆုံး ပါပဲ
နှင်းဖုံးတဲ့လမ်းမများ ငေးမော
အဲဒီ … နှင်းတောထဲမှာ
ခင်ဝမ်းရဲ့  နှင်းကို သတိရ
ခိုင်ထူးရဲ့  အစောဆုံးပြန်ခဲ့
နှင်းသက်သက်ဝေကို သတိရ
ငါ့ ပါရမီဖြည့်ဘက်ကို သတိရ ။

သတိရခြင်းများစွာမှာ
ဘာကြောင့်များလည်း နှင်းရယ်
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ် ရောက်လာတယ် ။

ရဲရင့်သက်ဇွဲ
၃၁ အောက်တိုဘာ ၂၀၁၀


Saturday, October 30, 2010

ဖွတ် … မိကျောင်းဖြစ်တဲ့နေ

၁။
ဖွတ် မိကျောင်း ဖြစ်
မြစ် မချမ်းသာ
ဗမာပြည်ပျက်မယ့်နေ့ ဟာ
နိုဝင်ဘာ ခုနှစ်ရက် နေ့ ဖြစ်တယ် ။

၂။
ဓါးသွားထက်က ပျားရည်စက်များ
သူခိုးလက် ဓါးရိုးကမ်းသူများရဲ့ 
မိတ်ဆွေ ..
အကောင်းမြင်ဝါဒ ထားကြည့်စမ်းပါ

အရှက်တရား ကင်းတဲ့စကား
စစ်ကျွန်အဖြစ် နွံနစ်ခံကြမယ့်သူများ
အလုအယက် တိုးဝှေ့ 
ဗမာပြည်ပျက်မယ့် နေ့ ဆီ တရွေ့ ရွေ့  ။
၃။
ဘယ်လိုမျိုး တံဆိပ်တွေကပ်ကြပါစေ
ကောက်ကျစ်တဲ့ ယုတ်မာတဲ့
အုပ်စုဖွဲ့  ကိုက်ဖြတ် မှုတွေ
နိုဝင်ဘာ ခုနှစ်ရက် နေ့ နဲ့ အတူ
ပျောက်ကွယ် ပျက်သုဉ်း လူဖြစ်ရှုံးစေရမယ်
ပြည်သူ့ ရဲ့  ဒဏ် အကြိမ်ကြိမ်အဖန်ဖန်ခံရတော့မယ် ။
၎။
ဖွတ် မိကျောင်း ဖြစ်
မြစ် မချမ်းသာ
ဗမာပြည်ပျက်မယ့်နေ့ ဟာ
နိုဝင်ဘာ ခုနှစ်ရက် နေ့ ဖြစ်တယ် ။

ရဲရင့်သက်ဇွဲ
အောက်တိုဘာ ၂၀၁၀


Friday, October 29, 2010

ဘယ်သူပြောလဲ …တတောလုံးကြွေ

ကမ္ဘာ့သမိုင်း
မြန်မာ့ သမိုင်း
ခွဲခြမ်းစိတ်ဖြာ အပိုင်းပိုင်းဆစ်
သူရဲကောင်းတို့ ရဲ့ 
တိုင်းချစ်ပြည်ချစ်စိတ်ကို တွေ့ ရမယ်။

မြန်မာသမိုင်းမှာရော
ကမ္ဘာ့သမိုင်းမှာပါ မရှိတဲ့အရာ
ဟောဒီ ဒွန္နရာကြီးထဲမှာဗျာ
ကျောင်းသားတပ်မတော်ဆိုတာ
ကျနော်တို့  တိုင်းပြည် တခုထဲသာ
ရှိခဲ့တာ မဟုတ်လား ။

တပ်ဦးရဲ့ ယုံကြည်ချက် သံမဏိဓါးသွား
ခေတ်တွေကို ပိုင်းဖြတ်သွားတဲ့အခါ
ခွပ်ဒေါင်းရဲ့ ဟန် ခွပ်ဒေါင်းရဲ့ မာန်
ခွပ်ဒေါင်းရဲ့ အသံ
အာဏာရှင်စနစ်ကို မြေလှန်ပြစ်မယ့်
လူထုရဲ့  တိုက်ပွဲခေါ်သံနဲ့ ထပ်တူထပ်မျှသာပ။

ခုခံစစ်
တော်လှန်စစ်
နှစ်ဆယ့်နှစ်နှစ် ဆိုတဲ့ ခရီးလမ်းမှာ
ကိုယ်ကျိုးမဖက် ပြည်သူလူထုအတွက်သာ
အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်
ယုံကြည်လျက်ပင် ငါတို့ မြင်သည်
ပြည်ချစ်သားကောင်း သူရဲကောင်းတို့ 
ဓါးတောင်ကိုကျော် မီးပင်လယ်ဖြတ်
တပ်ဦးရဲ မြင့်မြတ်တဲ့ အလံတော်ကို
အမြင့်ဆုံးလွှင့်ထူထားခဲ့ကြပြီ ။

အာဏာရှင်စနစ် မုချကျဆုံးရမည်။

(နှစ်ဆယ့်နှစ်နှစ်ပြည့် တပ်ဦးမွေးနေ့ သို့  အလေးပြုလျက်)

ရဲရင့်သက်ဇွဲ

၂၉ အောက်တိုဘာ ၂၀၁၀


တမိုးသောက်သော

ယောနသံ ဇင်ယော်ရဲ့ 
အာရုံလာပုံမျိုး
ခံစားမှုတို့ ဆက်နွယ်
တမိုးသောက်တော့မယ်
ဘာကိုမှ ရှာမတွေ့ ဘူး ။

ဒီသံသရာထဲမှာပဲ
တ၀ဲလည်လည်
ကြံရည် ဖန်ရည် ဥာဏ်ရည်တို့ လည်း
ခြေကုန်လက်ပမ်းကျ
ကျိုးစားသမျှ အရာထင်စေချင်တဲ့ဆန္ဒ
တမိုးသောက်တော့မယ်
(ငိုကြတာပေါ့ ကွာ)
ကြာနီကန်ဆရာတော်ရဲ့  တရားထဲကအသံ
နားမှာပဲ့တင် ။

ညီမလေးရေ
ကိုယ့်ကံရဲ့  အရှင်သခင်ဟာ
ကိုယ်ပဲဖြစ်တာမို့ 
ကိုယ့်ဘ၀ကို ကိုယ်သာလျင် ဆွဲမထူယူ
တမိုးသောက်လျင် အလင်းရောက်မည်
ယုံကြည်ချက်သာ ခိုင်မာစေ ။


ရဲရင့်သက်ဇွဲ
အောက်တိုဘာ ၂၀၁၀


Thursday, October 21, 2010

မျှော်လင့်နေတုန်းပဲ သားတို့ ရေ

မျှော်လင့်နေတုန်းပဲ သားတို့ ရေ

အကျဉ်းသား တသောင်းကျော်
လွှတ်ပေးမယ့်အပေါ်
ဝမ်းသာရမှာလား
ဝမ်းနည်းရမှာလား
ဒီတခါ ဆိုတဲ့စကား
အမေ့နှုတ်ဖျားမှာ မရဲတရဲ
ဆွံ့ အနေဆဲလေ ။

တမိုးသောက်လို့ 
တနေ ပျောက်တော့မယ်
အိမ်ရှေ့ လမ်းကလေးရဲ့ 
ဟော့ဟို ထိပ်ဖျား
အကွေ့ နားမှာ
လူရိပ် လူယောင်
သားမောင်များလား …..

ခြောက်သွေ့ တိတ်ဆိတ်
ကြေကွဲရိပ်တွေ
အိပ်တန်းပြန်ကြ
မျှော်လင့်ခြင်း အလင်းစများ
အမေအို ရဲ့  မျက်ဝန်းမှာ ……

နှစ်ထောင်ရှစ် အခြေခံဥပဒေက
မွေးဖွားပေးလိုက်တဲ့
နှစ်ထောင်တဆယ် ရွေးကောက်ပွဲကို
သပိတ်မှောက်ရမယ်
ရွှေဂုံတိုင်ကြေငြာ စာတမ်းကို ဆုပ်ကိုင်
ယုံကြည်ချက်အလံကို မယိုင်မလဲ
ခိုင်ခိုင် မြဲမြဲ အမြင့်မားဆုံး လွှင့်ထူထားရမယ်။
မတရားတဲ့ အမိန့်  အာဏာ ဟူသမျှ
တာဝန်အရ ဖီဆန်ရမယ် ။


နောက်ဆုံးအခေါက် ထောင်ဝင်စာအရောက်မှာ
သားရဲ့  အမှာ စကား
အမေအို နားမှာ
ပြန်လည်ကြားယောင်
အိမ်ရှေ့ လမ်းကလေးရဲ့ 
ဟော့ဟို ထိပ်ဖျား
အကွေ့ နားမှာ
လူရိပ် လူယောင်
သားမောင်များလား …။

(ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော သားများ၏လွတ်ရက်ကိုမျှော်လင့်နေသောအမေများသို့ )

ရဲရင့်သက်ဇွဲ
၂၀ အောက်တိုဘာ၂၀၁၀


Wednesday, October 13, 2010

ဒီလိုမျိုး … ရှင်သန်ခဲ့ကြ

ဒီလိုမျိုး … ရှင်သန်ခဲ့ကြ

အမေရေ
ဝေးလွင့်ခြင်း ရဲ့ 
ခြေရာတွေထဲမှာ
တိကျတဲ့ အနာဂတ်အတွက်
အိပ်မက်တွေပါတယ် ။

အမေရေ
သွေးနဲ့ စိုက်ခဲ့တဲ့
နှင်းဆီခင်း
ရဲရင့်ခြင်းရဲ့  သင်္ကေတ
ဆူးခက်တွေနဲ့ 
လှပ မွှေးမြနေခဲ့ ။

အမေရေ
မနာလိုသူတွေ
အုံနဲ့  ကျင်းနဲ့ 
ပိတ်ဆို့ တားဆီး
အမုန်းတရားက
အလျှံ တငြီးငြီး တောက်လောင် လို့ ။

အမေရေ
ပကတိ အရှိတရား
ရေသောက်မြစ်များကတော့
ခေတ်တိုင်းရဲ့ 
မျိုးဆက်တိုင်းမှာ
ရှင်သန်ကြတယ် ။

ရဲရင့်သက်ဇွဲ
၁၃ အောက်တိုဘာ ၂၀၁၀

Friday, October 08, 2010

ကောက်ကွေ့ တဲ့မြစ်ကို ဆွဲဆန့် နိုင်ကြပါ့မလား

ကောက်ကွေ့ တဲ့မြစ်ကို ဆွဲဆန့် နိုင်ကြပါ့မလား
(၁)
၁၉၆၄ ခုနှစ်လောက်ကပါ...။ တောင်ဗီယက်နမ်မှာ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်တပ်တွေနဲ့ တောင်ဗီယက်နမ် ရုပ်သေးအစိုးရ ငုယင်ကောင်ကီးရဲ့ တပ်တွေ ဖရိုဖရဲ စစ်ရှုံးနေတုန်း။ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ်လွတ်မြောက်ရေးတပ်တွေက မြို့ တော် ဆိုင်ဂုံကို ဝိုင်းထားတဲ့အချိန်...။
မနက်ခင်း လဘက်ရည်ဆိုင်ထိုင်ကြတဲ့အခါ သတင်းစာကို စားပွဲပေါ်မှာဖြန့် ပြီး ကျနော်တို့ က ဗီယက်နမ်စစ်ပွဲမြေပုံကို ဝိုင်းစုမှတ်သားနေခဲ့ကြပါတယ်။ ကျရှုံးသွားတဲ့ တောင်ဗီယက်နမ်မြို့ တွေ တမြို့ ပြီးတမြို့ ကို ကျနော်တို့ လက်ထဲက မင်နီချောင်းနဲ့ ဝိုင်းပတ်မှတ်သားလိုက်ကြပါတယ်။
ကျနော်တို့ ဟာ အဲဒီတုန်းက ဗီယက်နမ်မျိုးချစ်တပ်တွေဘက်ကရပ်တည်ပြီး နေ့ စဉ် လဘက်ရည်ဆိုင် ရင်ခုန်သံစည်းချက်နဲ့  စစ်ပွဲကြီးတပွဲကို စေါင့်ကြည့်နေကြတဲ့အချိန်။
မှတ်မိပါသေးတယ်။ ကိုခါး( ငခါး-ကွမ်းခြံကုန်းမဟုတ်ပါ)က ဆံပင် ကြောထောက်နဲ့ ။ ကိုဦး (ကဗျာဆရာ မင်းခိုင်ဦး) က ခေါင်းလောင်းဘောင်းဘီနဲ့ ။ ကိုစန်းမောင်( ယခု ပဲခူးမြို့ က ရှေ့ နေကြီး ဦးစန်းမောင်) က လည်ကတုံးအကျီနဲ့ ။ ကျနော်ကတော့ ရင်ပတ်ကြယ်သီးဖြုတ်အကျီ ချက်ပြုတ်ပုဆိုးနဲ့ ။

ဒီတုန်းက ပဲခူးမြို့ က ကျနော်တို့ လူငယ်တသိုက်... မော်စီတုံးရဲ့ကဗျာတစ်ပုဒ်ခေါင်းစီးကိုယူပြီး “ဆီးပွင့်” ဆိုတဲ့ ဘာသာပြန်ကဗျာစာအုပ် ထုတ်ခဲ့ကြပါတယ်။ အရှိန်အဟုန်ကြီးကြီးနဲ့ တက်လာနေတဲ့ တကမ္ဘာလုံးက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေကို ဂုဏ်ပြုတဲ့အနေနဲ့  “ဒီရေ” ဆိုတဲ့ ကဗျာစာအုပ်ကိုလည်း ထုတ်ခဲ့ကြပါတယ်။
အခု...နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်...ကြာပြီးတဲ့နောက်။ ကြည်မောင်သန်းရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ထဲက “ သူတို့ ” ဆိုတဲ့ ကဗျာတစ်ပုဒ်ကိုဖတ်မိတဲ့အခါ ကျနော် မှတ်မှတ်ထင်ထင် အလွမ်းမြစ်ထဲ မျောလိုက်မိတယ်။
သူတို့ 
သူတို့ 
တပြိုင်နက် ဆံပင်ရှည်ထားကြ
ဘီးတယ်လ်သီချင်းတွေ နားထောင်ကြ
ခေါင်းလောင်းဘောင်းဘီတွေ ဝတ်ကြ
ဗီယက်နမ်စစ်ကို ဆန့် ကျင်ကြ
သူတို့ 
အသံသစ်တွေနဲ့  ဧည့်ဝတ်ကျေပြွန်ခဲ့ကြတယ်။


သူတို့ 
တပြိုင်နက် လဘက်ရည်ဆိုင်ထိုင် ရီဝေကြ
ပင့်ကူအိမ်ထဲက ပိုးကောင်တွေလို ဘဝ
ရုတ်တရက် ဂေါ်ဘာချော့ဗ်၊ ဘာလင်တံတိုင်းနဲ့ 
အရှေ့ ဥရောပကို အာရုံစိုက်မိကြ
သံကန့် လန့် ကာကို ဆွဲဖွင့်ကြ
သူတို့ 
ကမ္ဘာကြီးကို လက်နဲ့ ဆွခဲ့ကြတယ်။


သူတို့ 
တပြိုင်နက် ဆံပင်တွေ အရောင်ဆိုးကြ
ဟစ်ဟော့သီချင်းတွေ နားထောင်ကြ
ကွန်ပျူတာနဲ့ ထိတွေ့ ကြ
ဂိမ်းစ်တွေ ကစားကြရင်း
အနိုင်ရတာကို အရသာတွေ့ ကြ
သူတို့ 
ကောက်ကွေ့ တဲ့မြစ်ကို ဆွဲဆန့် နိုင်ကြပါ့မလား...။


(၂)
လွတ်လပ်မှုရဲ့ သင်္ကေတဟာ
ကမ်းခြေတစ်ခုလို့ ဆိုရင်
ဟိုမှာ
ကမ်းခြေတစ်ခု အဓွန့် ရှည်ဖို့ 
မာကျောကျောရုပ်ရည်နဲ့ 
အကာအကွယ်တွေ ပေးနေသူတွေ...။
(ကြည်မောင်သန်းရဲ့ ကျောက်ဆောင်များ ကဗျာမှ...)
ကျနော်တို့ ခေတ်တုန်းကတော့ ဗန်းမော်တင်အောင်ဆိုတာလည်း မာကျောကျော စိတ်ဓါတ်ရုပ်ရည်နဲ့ ပါပဲ။ ကျွန်း အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကိုလေးမောင် ဆိုတာလည်း မာကျောကျော ရုပ်ရည်နဲ့ ပါပဲ။ အနှစ်နှစ်ဆယ်ကို ရေးသွားတဲ့ ဗိုလ်မှူးချစ်ကောင်းဆိုတာလည်း မာကျောကျောရုပ်ရည်နဲ့ ပါပဲ။
ကျနော်တို့ ဟာ ကျနော်တို့ ခေတ်မှာ လေးစားရမယ့်သူကို တလေးတစားရှာခဲ့ကြတယ်။ ကျောက်ဆောင်တွေကို ဘယ်သူတွေ ကာကွယ်ဖို့ ကြိုးစားခဲ့ကြသလဲဆိုတာ သိချင်ခဲ့ကြတယ်ဆိုပါတော့။
အဲဒီ မာကျောကျောရုပ်ရည်နဲ့ လူတွေဟာ ကျောက်ဆောင်ကို ကာကွယ်ရင်းနဲ့ ကျဆုံးသွားခဲ့ကြသလို ကျနော်တို့ ကကော ကျနော်တို့ ခေတ်ကြီးအတွက် ဘာတွေများ သက်ပြင်းတွေ ချွေခဲ့ကြသလဲ။ ကျနော်တို့  ကမ္ဘာမြေကြီးအတွက် ဧည့်ဝတ်ကျေခဲ့ကြပါရဲ့လား။


နှစ်တွေလည်း ရူးသလို ပေါသလို ကုန်ဆုံးသွားခဲ့ပြီ
ဒီလိုအနေအထားမှာ
သေသွားတဲ့ သူငယ်ချင်းတွေကို သတိရတယ်
မသေမရှင် သူငယ်ချင်းတွေနဲ့ 
သေချင်ယောင်ဆောင်နေတဲ့ သူငယ်ချင်းတို့ ရေ
တို့ နောက်က ဆံပင် နီကြောင်ကြောင် မျိုးဆက်ကို
တို့  ဘာတွေ လက်ဆင့်ကမ်းနိုင်ခဲ့ပါသလဲ။
(ကြည်မောင်သန်းရဲ့ သူငယ်ချင်း အပြင်းပြေဖတ်ဖို့  ကဗျာ..မှ)
ဒီကဗျာပိုဒ်ကိုဖတ်တော့ ကိုယ့် အတ္တ ပုဂ္ဂလိက ဒိုင်ယာရီထဲမှာ ကမ္ဘာကြီးကို မျက်ကွယ်ပြုသွားကြတဲ့ ကဗျာဆရာတိုက်မောင်းကို သတိရတယ်။ နိုင်ဝင်းဆွေကို သတိရတယ်။ သေချင်ယောင်ဆောင်နေတဲ့ ကဗျာဆရာမ မိဆူးပွင့်ကို သတိရတယ်။ မသေမရှင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို သတိရတယ်။
တချိန်ကတော့ ဟုတ်ပါတယ်...။ ကြည်မောင်သန်းရဲ့ ကဗျာတစ်ပုဒ်ထဲကလို ကျနော်တို့ ဟာ ဟစ်ပီယောင်ယောင် ဂျစ်ပစီယောင်ယောင်နဲ့  စံနစ်တစ်ခုရဲ့ သားကောင်ဖြစ်ခဲ့ကြပေမယ့် ကျနော်တို့  ဓါးတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်နိုင်ခဲ့တာပဲ မဟုတ်လား။ ကျနော်တို့  ဖြတ်သန်းခဲ့ကြတာပဲ မဟုတ်လား။ အချုပ်ခန်းတွေ ထောင်တွေ ရဲဘက်စခန်းတွေ ပိုက်လုံးကြီးတွေ ရထားသံလမ်းတွေ ဘူတာရုံတွေ ပလက်ဖေါင်းတွေ အရက်ဆိုင်တွေကို ဖြတ်သန်းရင်း...ကျနော်တို့  စစ်အေးခေတ်ကြီးကို ထားခဲ့ကြတာပဲ မဟုတ်လား။ တစ်ပါတီစံနစ်ကို ထားခဲ့ကြတာပဲ မဟုတ်လား။
တချို့ က ကျေနပ်လိုက်ကြတယ်။ ကျေနပ်လိုက်တာနဲ့ တပြိုင်နက် လွတ်လပ်မှုဟာ ကျဆုံးသွားပြီဆိုတာ မသိလိုက်ကြဘူးလေ။
မီးတိုင်အောက်က မျက်လုံးတစုံဟာ အခုတော့ ညကပွဲခန်းမထဲမှာ ရောင်းအားမြှုင့် မျက်လုံးတစုံအဖြစ် ဈေးကွက်စီးပွါးရေးဆန်လာတာ ကျနော်တို့ သတိပြုမိပါရဲ့လား။
ကျနော်တို့ က တစ်စက်မှ မယိုဖိတ်ရအောင် နေချင်ခဲ့ကြတာပါ။ ဒါပေမယ့် တာကျိုးတဲ့အသံကြီးကသာ ခေတ်ကြီးတစ်ခုလုံးကို လွှမ်းသွားခဲ့တယ်။


အ ကာလစိန်ပန်းတွေ မြေခ
ဆိတ်ဖလူးရနံ့ မွှေးမြ
အသံမဲ့ ကြယ်တွေ ကြွေကျ
အ ကာလ။


ကလေးရယ်
မင်းကို မွေးတဲ့အခါ
ကံဆိုးမိုးမှောင်ကျ
အ ကာလ။


ကလေးရယ်
မင်းအမေ အပြင်းအထန် ချီတက်ခဲ့ရ
မင်းအဖေ အသည်းအသန် ထွန်ယက်ခဲ့ရ
အ ကာလ.


တကယ်တော့ ကလေးရယ်
သေသေချာချာ တွေးကြည့်တော့မှ
အ ကာလဆိုတာ
ညတညရဲ့ ဈာပန ဖြစ်နေရဲ့။ု


တခါတရံမှာ ကျနော်တို့  ထောင်ချောက်တွေထဲ ဆင်းခဲ့မိကြတာလည်း ရှိတယ်။ ဒီခေတ်ရဲ့ထောင်ချောက်တွေက ဥပဓိရုပ်မငြိမ်ဘူးလေ။ အရောင်စုံလွန်း ထွေထွေပြားပြားဖြစ်လွန်းတော့ ထောင်ချောက်တွေက ဗို့ အားမြှင့်ဘို့ မလိုလောက်အောင်ကိုပဲ အနံ့ ပြင်းတယ်။ ဒီလိုနဲ့ ဆယ်ယောက်ရှိရင် ဆယ်ယောက်၊ နှစ်ယောက်ရှိရင် နှစ်ယောက် လမ်းတွေကွဲကြရတယ်။ ကျနော်ဆုတောင်းတယ်လေ...။ လမ်းဆုံတနေရာမှာတော့ ထောင်ချောက်ထဲက လူတချို့  ပြန်ဆုံနိုင်ကောင်းရဲ့လို့ ပေါ့။ ပိန်းပိတ်အောင် မှောင်လွန်းတဲ့ ခေတ်ကြီးတစ်ခေတ်ရဲ့ ဈာပနကို အတူတူ လိုက်ပို့ လို့  ရစကောင်းရဲ့ပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်တစ်အုပ် သေနတ်တစ်လက်နဲ့  လက်တင်အမေရိကတိုက်က လူငယ်တစ်ယောက်ကို ကျနော်တို့ အားကျခဲ့ဖူးတာ ကောင်းပါတယ်။ အင်းစိန်ထောင်ထဲက လှဲပစ်လိုက်တဲ့ သမိုင်းဝင် ဆိတ်ဖလူးပင်ကို လွမ်းတတ်တာ ကောင်းပါတယ်။ ကိုဗဟိန်းက လရောင်အောက်မှာထိုင်ပြီး ခင်မကြီးဆီ စာရေးခဲ့တာ ကောင်းပါတယ်။
ကဗျာဆရာတစ်ယောက်က ကဗျာစာအုပ်တစ်အုပ်ထဲမှာ ကဗျာပုဒ်ရေ ၁၀၀ နဲ့  လောကကြီးကို ကြိုးပစ်ပြီး ဖမ်းဖို့ ကြိုးစားသွားတာ ပိုပြီးကောင်းပါတယ်။


(၃)
ကြည်မောင်သန်း ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာ ကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ဖတ်ရှုခံစားကြည့်ခဲ့တာပါ။
ဒီကဗျာစာအုပ်ထဲမှာ “ကြည်မောင်သန်း” ရဲ့ စာပေလောကအတွင်း စတင်ခြေချတဲ့ကဗျာ “ဆူးလေလမ်း၏ ရာဇဝင် ကဗျာ”၊ ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ ရဲ့ ၁၉၉၄ တစ်နှစ်အတွင်း အကြိုက်ဆုံးကဗျာ “ဖြောင့်ချက်”၊ မန္တလေး စာဖတ်သူများရဲ့ အကောင်းဆုံးကဗျာဆုရ ကဗျာ(၁၉၉၈) “လက်”၊ ၂၀၀၆ ပျဉ်းမနား အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆုရ “တောင်အမေရိကကို သွားချင်တယ်” ကဗျာ၊ ၂၀၀၆ ရွှေအမြုတေ စာပေဆု(ကဗျာ) အဖြစ် “အာရှတိုက်ရဲ့ တစ်နေရာ” ၊ ၂၀၀၆ ရွှေဘိုမြို့  ပန်းကဗျာ ခေတ်ပေါ်ကဗျာဆုရ “ငါလည်းတစ်နေ့ ” ကဗျာတွေကို ထည့်သွင်းဖေါ်ပြပါရှိတာတွေ့ ရလို့  ပိုမို စိတ်ဝင်စား ခံစားခဲ့ရ။


(၄)


“ကြည်မောင်သန်း” ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ကျနော်ဖတ်ခဲ့ပါတယ်။ မေးခွန်းတွေလည်း မေးမိသွားပါတယ်။
ကျနော်တို့ ရဲ့ တံပိုးတန်းခေတ်မှာ ကောက်ကွေ့ တဲ့မြစ်ကို ဆန့် အောင် ဆံပင်နီကြောင်ကြောင် လူငယ်တွေ တကယ်ကြိုးစားနေကြမယ်ဆိုတာကိုတော့ ယုံကြည်လျက်...။
ရာဇဝင်မြစ်ကတော့ တံတားအောက်မှာ စီးဆင်းသွားနေလျက်...။ ။


ငြိမ်းဝေ
http://sandaywe.blogspot.com/ မှကူးယူဖော်ပြပါသည်။

Monday, October 04, 2010

ကလိယုဂ်

ကလိယုဂ်တဲ့
ခေတ်ဆိုး ခေတ်ပုပ်
ခေတ်ယုတ်ကြီးထဲမှာ
သေသော်မှတည့် သြော် ကောင်း၏ လို့ 
အမျက်ဖြေ အလင်္ကာတေး တစနဲ့ 
ငါတို့ ရဲ့  ဘ၀တွေကို
ချွေးမသိပ်လို ။

နာဂစ်မုန်တိုင်းအပြီး
အသက်ရှင် ကျန်ရစ်သူ
အမယ်အို တဦးရဲ့ုစကားလို
ကံဆိုးလို့ အသက်ရှင် ကျန်ခဲ့ရသူတွေပါ တဲ့
အဲဒီလို စကားမျိုးနဲ့ 
ခေတ်ကြီးကို
စကားနာ မထိုးလို ။

တောမီးတွေလောင်တော့
တောကြောင်တွေ လက်ခမောင်းခတ်ကြ
နေရာလိုသူတွေက အလုအယက်
နေရာရှာကြ
ကြာကြာဝါးမယ့် သွားများ
ပူးပြီး ပေါင်းပြီး တိုက်မည့်
သူရဲကောင်းယောင်ယောင်များ
မှန်းချက် နဲ့  နှမ်းထွက်မကိုက်
ကိုယ့်ထိုက် နဲ့  ကိုယ့် ကံ
ပြည်သူလူထုကြီးရဲ့ တံတွေးခွက်မှာ
ပက်လက်သာအမျောခံကြပေတော့

ပြည်သူတို့ ရဲ့ အောင်ပွဲဟာ
ကလိယုဂ်ခေတ်ကြီးကို
ဖေါက်ခွဲပြစ်ခဲ့ပေါ့ ။

ရဲရင့်သက်ဇွဲ
(စက်တင်ဘာ၂၀၁၀)



Saturday, September 25, 2010

နှင်းရနံ့ ကို မခံစားခဲ့ကြရသူများ

နှင်းရနံ့ ကို မခံစားခဲ့ကြရသူများ

ဆောင်းဝင်လာပုံက နည်းနည်းစောနေသည်ထင်သည်။ ကော်ရစ်တာလက်တန်းမှာ ညနေခင်းကြယ်တွေကို ငေးကြည့်နေရင်း
တဖြည်းဖြည်းဝေးသွားသလို ခံစားရသည်။ ကျနော့ ခန္ဓာကိုယ်က ခါတိုင်းထက်ပိုပြီး စိမ့်အေးနေသလိုခံစားရသည်။
“အော်--နှင်းရနံ့ကို မခံစားနိုင်ခင် ကျောခိုင်းသွားကြသူများ” တဲ့လေ။
ကျနော့မြင်ကွင်းထဲမှာ ကန်စွန်းခင်းလေးဘေးက ယိုင်နဲ့နဲ့အိမ်လေးကိုသတိယနေသည်။
လှည်းတန်းအနီးက ရပ်ကွက်မှာ ရှိသည့် ထိုအိမ်လေး ကို ခင်မင်သည့်မိတ်ဆွေများရောက်လာတတ်သည်။ “အဆင်ပြေလှတယ်မဟုတ်ပါဘူး။ ဒီလိုပဲ ကြံဖန်နေရတာပေါ့” တဲ့ သူရဲ့ရိုးသားမှုက ပြုံးလိုက်လျင် ပိုသိသာသည်။
ကမ္ဘာမြေမှာ ပွင့်ခဲ့သော ဖြူစင်မှုများ တဲ့လေ။ အခုတော့ ဝိညာဉ်ခေါ်ပွဲတော်တခုဆီ ကို ခဏအလည်သွားရောက်နေသည့် ကဗျာဆရာ “နီမာ”
တယောက် ဗန်းမော်အကျဉ်းထောင်ထဲက သူ့သမီး ကို ထောင်ဝင်စာတွေ့ဖို့ ပြန်လာနေရော့မယ်။

(၁)

၁၉၈၈ အရေးတော်ပုံအကြောင်းကိုပြောမည်ဆိုလျင် တရားမဝင်ဖျက်သိမ်းခံရသည့် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ကို ချန်လှပ်ထားလို့မရ။ မာမာဦး က ထိုအဖွဲ့မှာ လူငယ်ခေါင်းဆောင်တယောက်။
သို့သော် သူမ ကား ပါတီရုံးချုပ်မှာ အချိန်ကြာကြာမနေလိုက်ရ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားအင်အားစုများအကြားဆွေးနွေးအပြီး မတရားသည့်အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ
တိုက်ပွဲလမ်းကြောင်းပေါ်မှာ လျှောက်ရင်း ၁၉၈၉ ဂျွန် (၂၄) ရက်နေ့မှာ မန္တလေးဈေးချိုထဲတွင် အဖမ်းခံခဲ့ရသူ၊
သူမရဲ့အဖေ စာရေးဆရာ နီမာ လည်း မန္တလေးထောင်ထဲမှာ။ ဦးနီမာ ကလည်း အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ( လယ်သမား၊ အလုပ်သမားအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူ၊ တချို့ကတော့ ပြည်သူ့တိုးတက်ရေးပါတီကလို့ ပြောသည်) ။
မမာမာဦးတယောက် ဗကသ ကျောင်းသူများ၊ ABSDF လက်နက်ကိုင်လှုပ်ရှားမှုအတွက် မြေပေါ်မှာ လာရောက်ဆက်သွယ်
နေသည့် မမူ၊ ဒေါ်ခင်ဝင်း ( ရန်ကုန်၊ အန်အယ်ဒီ) တို့နှင့်အတူနေထိုင်ရသည်။ တလောက လုံးမှာက သမီးနှင့်အဖေ တယောက်မျက်နှာတယောက်ကြည့် အားပေးလျှောက်လှမ်းနေသည့်ဘဝ၊
နိုင်ငံရေးလုပ်သဖြင့် ဆွေမျိုးများနှင့်သိတ်အဆင်ပြေပုံမပေါ်။ ထောင်အတွင်းမှာ ရှိသည့် လုပ်ဖေါ်ကိုင်ဘက်များက မနေသာတော့ ထောင်ဝါဒါ ကို အကျိုးအကြောင်းပြောရသည်။ ထောင်ဝင်စာလာတွေ့မည့်သူမရှိသည့် သူတို့နှစ်ဦးကို
တခုခုစီစဉ်ပေးလိုကြောင်းတင်ပြကြသည်။ မန္တလေးထောင်မှူးကလည်း ကိုယ်ချင်စာသွားပုံရသည်။ အဖေကိုတွေ့မည့်ထောင်ဝင်စာအတွက် ထောင်တွင်းလုပ်ဖေါ်ကိုင်ဘက် အမျိုးသမီးများက
စီစဉ်ပေးကြသလို၊ စာရေးဆရာ ဦးနီမာ ကလည်း သူ့သမီးအတွက် စားစရာများ၊ ကျောင်းသားရဲဘော်များမှ ပေးလိုက်သည့် ထောင်အင်္ကျီအတွက်ချုပ်သည့် အပ်ချည်ကြိုးဖြင့်ယက်ထားသော အနုပညာဖန်တီးမှုများကို လက်ဆောင်ပေးရတတ်သည်။ သတင်းဖလှယ်ကြသည်။ အကျဉ်းထောင်တွေက ကျနော်တို့ရဲ့သက္ကရာဇ်တွေကို ဝေးကွာစေခဲ့သည်။

(၂)

၁၉၉၄ ကာလမှာ ရန်ကုန်စက်မှုတက္ကသိုလ်ကိုပြန်ရောက်တော့ “ သူတို့သားအဖနှစ်ယောက် လှည်းတမ်းလမ်းဆုံနားက ပလက်ဖောင်းပေါ်မှာ စာအုပ်ဆိုင်လေး ဖွင့်ထားတယ်။ မန္တလေးဘက်ကနေ ပြောင်းလာပြီး၊ ရန်ကုန်တက္ကသိုလ်မှာ
ကျောင်းဆက်တက်နေတယ် ဆိုတဲ့သတင်းကို ကြားတယ်” ဒီလိုနှင့် ကျနော်တို့ပြန်ဆုံကြပြန်သည်။ နယ်မြေသစ်တခုမှာ သူတို့သားအဖ နှစ်ယောက်ရုန်းကန်ကြရအုံးမည်။ သူတို့ နေထိုင်သည့် ကန်စွန်းခင်းဘေးက အိမ်လေးကို ကျနော်လိုက်သွားမိသည်။ မှတ်မှတ်ရရ ကျနော်အကြံပေးခဲ့ဘူးတာကိုသတိယနေမိသည်။ “ဦးလေးစာအုပ်ဆိုင်မှာ အမေရိကန်သံရုံးက ထုတ်တဲ့ အိုင်ယာကော့ကာ လို စာအုပ်မျိုးတွေ၊ ဂေါ်ဗာချော့ဗ် ရဲ့ ပယ်ရီ စတွိုက်ကာ လို စာအုပ်တွေလည်းတင်ပါ့လား၊
သံရုံးမှာ သွားတောင်းရင် အလကားရတာပဲ။ သူတို့မှာ ပေးချင်လွန်းလို့။ အခုပေါက်ဈေးက (၂၅) ကျပ်လောက်ရှိမယ် ထင်တယ်” ဆိုတော့ သူက “ငါ့တူ ပြောတဲ့ စာအုပ်တွေတင်ရောင်းပြန်ရင်လည်း မလွယ်ပါဘူးကွာ။
တချို့က မကြိုက်ဘူး။ တိုက်ခိုက်မယ်” တဲ့။ ဦးနီမာ က အဲ့သလို ရိုးသည်။ ပိုက်ဆံမရချင်နေ၊ မိတ်ဆွေများနှင့် အခင်အမင်မပျက်ချင် ငြင်းခုန်မှုမရှိချင်သူ။
ကျနော်က “ ဘာဆိုင်လည်း စီးပွားရေးလုပ်တာပဲ။ နောက်တခုက ကျနော်တို့တတွေအနေနဲ့ ပြောင်းလဲမှုတွေကို
ဖတ်သင့်တယ် လို့ထင်တယ်။ ဒါတွေနဲ့ချည်းရပ်နေရင် အန္တရာယ်များတယ်” လို့ ကျနော့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ တကယ်တော့ သူကလည်း စာအုပ်ဆိုင်တိုးချဲ့ရေးကို စိတ်ဝင်စားသည်။ ရုရှားသံရုံးကို ဝင်ထွက်သွားလာနေသည့် မောင်လင်းယုန်( ရှမ်းပြည်) ကလည်း ပြန်လွတ်လာချိန်၊ လှည်းတန်းလမ်းဆုံလေးက လက်ဘက်ရည်ဆိုင်ဘေးမှာလူငယ်တွေနှင့်တရုန်းရုန်းထိုင်နေချိန်။

ဦးနီမာ က စာအုပ်ဆိုင် ကို ထားခဲ့ပြီး လူငယ်များဆီကို ကူးလာတတ်သည်။ တရုတ် သံရုံးမှ စာအုပ်အပြာဖြင့်ထုတ်ဝေသည်
“ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှုအပေါ်ပါတီ ရဲ့ သုံးသပ်ချက်၊ သဘောထား” ( ခေါင်းစဉ် ကို တိတိကျကျမမှတ်မိ) ကို ကျနော့သူငယ်ချင်းဆီမှ သူကယူဖတ်ပြီး၊ ကျနော့်ကို လက်ဘက်ရည်ဆိုင်မှာ မေးဘူးသည်။ “ငါ့တူဘယ်လိုမြင်လဲ” တဲ့။
“ကျောင်းသားကို သတ်တဲ့ကိစ္စကို လူသတ်မှုလို့ပဲမြင်တာပေါ့ ဦးလေးရယ်၊ အဲ့ဒီ စာတမ်းတွေ ကျနော်ဖတ်ပြီးပြီ၊ အစိုးရက ပြောတော့လည်း အစိုးရစကားပဲပေါ့ ဦးလေးရယ်။ ကျနော်တို့လိုပဲနေမှာပေါ့” ဆိုတော့
သူက နှစ်နှစ်ကြိုက်ကြိုက်ပြုံးသည်။ လက်ဘက်ရည်ခွက်ကိုတိုက်မိပြီး မောက်ကျသွားတာကို သတိယမိသည်။
ဘာရယ်လို့မဟုတ်။ မှောက်ကျသွားသည့် လက်ဘက်ရည်စက်တွေကို ငေးရင်း ကျနော့စိတ်ထဲထင့်နေသည်။ လှည်းတန်းလမ်းဆုံ လို နေရာမှာ လာပြီးစာအုပ်ဆိုင်ဖွင့်တာကို ကျနော်သဘောမကျခဲ့ပါ။ ကိုယ်က ဘာမှမလုပ်ရင်လည်း ထောက်လှမ်းရေးတွေက ယူဂျီလုပ်နေတယ်ထင်နေတာမို့လား။
ပြီးတော့ သူတို့ လူတွေကလည်း စာအုပ်ဟောင်းရောင်းတဲ့အထဲမှာ ဘယ်နှစ်ယောက်ရှိနေတယ် မသိ။

(၃)

၁၉၉၅ ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်က လွတ်လာပြီးစနေ၊ တနင်္ဂနွေ ခြံရှေ့တရားပွဲတွေလုပ်တော့ တရားပွဲပြီးတိုင်း ကျောင်းသား၊ လူငယ်အုပ်စုတွေက လှည်းတန်းလမ်းဆုံမှာ လက်ဘက်ရည်ဆိုင်လာထိုင်သည်။ သူ့ဆိုင်လေးမှာ ဝင်ပြီး
လာရောက်နှုတ်ဆက်ကြသည်။ ခင်မင်တာတွေကို ကျေးဇူးတင်သည်၊ ဝမ်းသာသည်။ သို့သော် ထောင်နှုတ်ခမ်းနှင့်တော်တော်လေးနီးလာပြီ လို့
မာမာဦး ကို ကျနော်က ပြောခဲ့သည်။ ဘာလို့လဲဆိုတော့ သူဆိုင်လေးမှာ က လူတော်တော်ဆုံသည်။ ဦးနီမာ ကလည်း အမြဲတမ်းပြုံးပြီး လူငယ်တွေကို အားပါးတရနှုတ်ဆက်သည်။ တခါတလေ ဆိုင် ကို ပစ်ပြီး လက်ဘက်ရည်ဆိုင်မှာလာထိုင်သည်။ မမာမာဦး ကလည်း ဆယ်တန်းတွေကို ကျူရှင်ပြဖို့ဝိုင်းရှာသည်။ သူနှင့် ကျနော် တချို့ဝိုင်းတွေမှာ အတူတူစာပြကြသည်။
ထိုခေတ်တုန်းကတော့ ဂိုက် ( Guide) လုပ်သည်ဟုခေါ်သည်။ ကျနော်က လှုပ်ရှားမှုတွေမှာ သိတ်မပါဖို့၊ လူတိုင်းကို လက်ခံပြီး
မတွေ့ဖို့ပြောသည်။ ကျနော်က မာမာဦးကို သတိပေးပေမဲ့ တကယ်တမ်း ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုဖြစ်သောအခါ မနေနိုင်နထိုင်နိုင် ဝင်ပါဖြစ်သွားသည်။

မမာမာဦးကလည်း ကံမကောင်း။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော သူများကို ဖမ်းဆီးစဉ်က သူအဖမ်းမခံရခဲ့။
သို့သော် ချင်းမိုင်တွင် အခြေစိုက်ပြီး ဗမာပြည်သို့အကူအညီပေးနေသည့် အဖြူမတယောက်က ပြည်တွင်းကိုလာရောက် ပြီး သူတို့ပေးသည့် ငွေမည်သို့မည်ပုံသုံးသည်ကို လာရောက်စစ်သည့်အတွက် ကျောင်းသားခေါင်းဆောင်တချို့အဖမ်းခံလိုက်ရသည်။ မကြာပါ။
၁၉၉၆ လှုပ်ရှားမှုကို နောက်ကွယ်မှ အားပေးအားမြှောက်ပါဝင်သူများ ဟု စွပ်စွဲကာ မီးခိုးကြွက်လျှောက် ဖမ်းလေတော့သည်။
မာမာဦးလည်း ထောင်နှစ်ရှည်ကျခဲ့ရသည်။ ထို ကိစ္စက ၁၉၉၇ မှာ ဖြစ်ပျက်ခဲ့သည်ထင်သည်။

(၄)
ထောင်က ပြန်လွတ်လာတော့လည်း မာမာဦးတယောက် ရှစ်ဆယ့်ရှစ်မျိုးဆက်အုပ်စုတွေနှင့်ဆက်လုပ်နေတာကို
တွေ့နေရသည်။စာရေးဆရာ နီမာရဲ့စာအုပ်ဆိုင်လေးမရှိတော့ဘူး တဲ့။ ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်းခေါင်ခိုက်လာသည်။
ကိုကိုကြီး က သူတို့သားအဖနှစ်ယောက်နေဖို့ အိမ်လေးတလုံးရှာခိုင်းခဲ့သည်။
အိမ်ရှာချိန်တောင်မရလိုက်တော့။ ထောင်ဒဏ် ( ၇၀) နှစ် ဖြင့် အကျဉ်းထောင်ထဲ ပြန်ရောက်သွားပြန်သည်။
ဦးနီမာ တယောက်လည်း ထောင်ဝင်စာတွေ့ဖို့ ရုန်းကန်ရပြန်သည်။ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေကို ဝေးလံတဲ့နယ်ထောင်တွေမှာ ပြောင်းပစ်လိုက်ပြန်သည်။ “ ဘယ်လိုလုပ်လွယ်မလဲဗျာ။ နဂိုကမှ အဆင်မပြေပါဘူး ဆိုကာမှ အခုလိုလုပ်လွှတ်လိုက်တော့ သားအဖ နှစ်ယောက် ဘယ်မှာတွေ့ဖို့ ဖြစ်နိုင်ပါ့မလဲ” တဲ့။ မှတ်ချက်ချသံတွေ သိတ်မကြာလိုက်၊
ဒီတခါ ထောင်ဝင်စာမတွေ့နိုင်တော့တာက သေချာသွားပြီ။

ဦးနီမာ ကွယ်လွန်ကြောင်းကြားတော့ မာမာဦး နှင့် သူမအဖေအကြောင်းကို ကိုသားကြီး ( အေအေပီပီ၊ ထိုင်းနိုင်ငံ ) က
သူ့ရဲ့အထီးကျန်နှစ်များ၊ မွန်းကျပ် နှစ်များကို ထည့်သွင်းပြီး အခုလို သတိယပြောဖြစ်သည်။

“ညနေ မှောင်ရီပြိုးစဆို သူ့ဆိုင်လေးမှာ လူစုံတတ်တယ်ကွာ။ ပြည်သူ့တိုးတက်ရေးပါတီဝင်ဟောင်းတွေ၊ကျောင်းသားတွေ။
ကမာရွတ်-စမ်းချောင်း-လှိုင် NLD အဖွဲ့ဝင်တွေ၊ နောက်ပိုင်း ကိုမြင့်အေးတို့ HRDP က တချို့ ဆုံတတ်တယ်။ တခါတလေ လဘ္ကက်ရည်။ တခါတလေ ရေနွေးကြမ်းသောက်ပြီးထောင်အကြောင်းတွေပြော၊ အတွေ့အကြုံတွေပြော။သတင်းစကားလက်ဆင့်ကမ်း။စာအုပ်ငှားဖတ်လို့လဲရတယ်။
လိုရင်မှာထားလို့လဲရ။ဦးနှီမာ က ပန်းဆိုးတန်း စာအုပ်တန်းနဲ့လဲအဆက်အသွယ်ရှိတယ်။
စကားပြောရင်း လူတွေကိုငေး- အရသာတခုပါဘဲ။ည ၈ခွဲ ၉ ဆို ဆိုင်သိမ်းတယ်။
ဆိုင်ကတော့ နေ့စဉ်ဖွင့်ရတယ်မရှိပါဘူး။ စည်ပင်ဖမ်းရင် ဆိုင်ပိတ်ရပြန်တယ်။ ဦးထွန်းလင်းခြံလမ်းကြားထဲဝင်ထိုင်ကြတယ်။
အဲဒီမှာဘဲစကားပြောကြတယ်။ နိုင်ငံရေး အသိုင်းအ၀ိုင်းကဆို အားလုံးကိုလက်ခံစကားပြောတာလေ။
ဦးနီမာ ကစိတ်မြန်လက်မြန်။စကားပြောလဲ အားရပါးရ။ မာမာဦးကတော့ ဆိုင်မှာသိပ်မရှိတတ်ဘူး
၉၃-၉၄ ကနေ ၂၀၀၂-၃-၄ လောက်ထိစာအုပ်ဆိုင်လေးရှိ။၉၆-၉၈ လှုပ်ရှားမှုအပြီး ၂၀၀၂ ပါတ်ဝန်းကျင်ပြန်လွတ်လာတဲ့ ကျောင်းသားတချို့လဲဦးနီမာအကူအညီနဲ့ လှည်းတန်းထိပ်မှာဘဲ စာအုပ်အဟောင်းဆိုင်လေး ဖွင့်ခဲ့ကြတယ်။
ဦးနီမာက သာရေးနာရေးပွဲ၊ နိုင်ငံရေးပွဲ တွေလဲသွားလာတတ်တယ်။ မာမာဦး က ၈၈ အုပ်စုထဲပါတော့လဲ-ဦးနီမာက
စာအုပ်ရောင်းမပျက်။လမ်းထိပ်မှာ လူစုံလျှက်သတင်းစကားကြားနေရတတ်တယ်။ အမှတ်တယ စာအုပ်ဆိုင်လေးပါဘဲကွာ” တဲ့
(၅)
ဆောင်းဦးအဝင်စောနေတယ် ထင်ပါရဲ့။ သီရိဆောင်ဘေး ရေတမာတန်းတွေကြားမှာ အေးစက်စက်ဖြတ်လျှောက်နေကြသည့် ပုံရိပ်တွေကို အမှတ်ရမိသည်။ လှည်းတန်းလမ်းစုံရဲ့ပလက်ဖောင်းတွေကို ဖြတ်ကျော်လိုက်တော့ ကျယ်ကျယ်ပြန့်ပြန့်ပြုံးနေသည့် ရွေ့ပြောင်း စာအုပ်ဆိုင်တဆိုင် ကို တွေ့ဖို့ဆိုတာ ဖြစ်နိုင်ချေ မရှိတော့။
မောင်လင်းယုန် ( ရှမ်းပြည်) လည်း လက်ဘက်ရည်ဆိုင်တွေမှာ ရောက်လာဖို့ဆိုတာလည်း မဖြစ်နိုင်တော့သလို၊
အန်အယ်ဒီ လူငယ်တွေ၊ ကျောင်းသားသမဂ္ဂအသီးသီး က ခေါင်းဆောင်တွေ၊ အနံ့ခံကောင်းသည့် ထောက်လှမ်းရေး (၁၂) မျက်လုံးတွေ------နောက်-- အန္တရာယ်တွေ၊ မသေချာမှုတွေ-- သားသမီးထောင်ဝင်စာတွေ့ဖို့ ရုန်းကန်နေရတဲ့
အဆင်မပြေမှုတွေ၊-
------ညနေကြယ်တွေက တဖြည်းဖြည်းဝေးသွားသလို ခံစားနေရသည်။
သို့သော် -မာမာဦးရဲ့အဖေ ဦးအုန်းမောင် က နီသည်။ မာသည်။ ရိုးသားသည်။
ကြံ့ကြံ့ခံနေသော ဖေါ်ရွှေသည့် အပြုံးများက ကျနော်တို့ကို မေ့စေနိုင်မည်မဟုတ်။

အောင်မိုးဝင်း

ဦးအုန်းမောင် (ခ) စာရေးဆရာ နီမာ က သခင်အုန်းမြင့်တို့လို ထင်ရှားတဲ့ခေါင်းဆောင်တယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့သမီး မာမာဦးတယောက် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို ဆွဲကိုင်နေချိန်မှာ ဖခင်တယောက်ရဲ့ထောက်ပံ့ပေးမှုတွေကို တာဝန်ကျေခဲ့တဲ့အပြင် သူ့စာအုပ်ဆိုင်လေးဟာ လူငယ်တွေအတွက် အလည်နားခိုရာနေရာလေးတခုဖြစ်ခဲ့တယ်။ လှည်းတန်းလမ်းဆုံ လက်ဘက်ရည်ဆိုင်တွေ မှာ ၁၉၉၄-၉၆ အတွင်း ဆုံဆည်းခဲ့ရတဲ့ မိတ်ဆွေတွေကိုလည်း သတိယနေပါတယ်။

ဓါတ်ပုံတွေကို မိုးမခ အင်တာနက်စာမျက်နှာက ယူသုံးပါတယ်။ သူတို့လည်း ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အားကြိုးမာန်တက်ပါဝင်နေသူတွေဖြစ်လို့ ခွင့်မတောင်းတော့ပါဘူး။ နားလည်ပေးလိမ့်မယ် လို့ ထင်ပါတယ်။

Sunday, September 19, 2010

မွေးနေ့ 

သက္ကရာဇ် တခု တိုးလာချိန်မှာ
ငါက မင်းအနားမှာ
မရှိတော့ဘူး ။

ရှိနေတာနဲ့ 
မရှိနေတာ
အတူတူပဲလို့ 
မင်း ပြောဦးမှာလား
ကမ္ဘာကြီးရဲ့ 
ဝင်ရိုးစွန်းတခုအနားကနေ
ငါ ကြားချင်သေးတယ် ။

အခုတော့
သူစိမ်းတို့ အလယ်မှာ
ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ ဖြန့် ခင်း
လွမ်းဆွတ် တမ်းတမှု တမ်းချင်းနဲ့ 
ချစ်ချင်းမေတ္တာတရား
ရှားရှားပါးပါး
စကားမများဖြစ်သော နေ့ ရက်များ
အတားအဆီးမဲ့စွာ ၀င်ရောက်
ငါ့ရဲ့  အိပ်စက်ချင်းတွေကိုမောင်းထုတ်ပြစ်နေကြတယ် ။

နှစ်ဆယ်ရက်နေ့ 
ကြယ်မစုံဘူး လရောင်မဖြာဘူး
ဒါပေမယ့်လေ
အဲဒီ နှစ်ဆယ်ရက်နေ့ ဟာ
မင်းအတွက် ငါ့ရဲ့  မေတ္တာတရားအရောင်နဲ့ 
ကမ္ဘာကြီးတခုလုံး
ထိန်ထိန်တောက်လိမ့် မကွဲ့ ။

ပျော်ရွှင်ဘွယ်ရာ မိသားစု
အိပ်မက်တခုကို အသက်သွင်း
မင်းရဲ့  မျှော်လင့်ချင်းများ ပြီးပြည့်စုံစေဘို့ 
ဘုရားသခင့် ရဲ့  ကောင်းချီး မင်္ဂလာအဖြာဖြာ
မင်းအပေါ် သက်ရောက်ပါစေသော်ဝ် ။

သက္ကရာဇ်တခု တိုးလာချိန်မှာ
ငါ က
မင်းအနားမှာ
မရှိတော့ဘူး ။

ရဲရင့်သက်ဇွဲ
၁၉ စက်တင်ဘာ ၂၀၁၀

ညီမလေးဝင်းမော်ဦးအတွက်ကဗျာ

၁။
ညီမလေး
ကမ္ဘာမြေ၀သုန်
သိကြားစေ သက်သေညွှန်းတော့
ရာဇ၀င်တွေလည်း
ရိုင်းခဲ့ရပြီ အဖိုးရေ
နိုင်ငံတော်လည်း
သွေးစွန်းခဲ့ပြီ အဖရေ … လို့ 
ကမ္ဘာမကြေတေးသာ
နာနာကျည်းကျည်း ဟစ်ကြွေးနေခဲ့ရတာပါ ။

၂။
ညီမလေး
ဒဏ်ရာနဲ့ သွေးအိုင်ထဲကရုန်းထ
ခွပ်ဒေါင်းအလံတော်ကို
လွှတ်မချခဲ့ဘူး ။
နှစ်ဆယ့်နှစ်နှစ် ကြာခဲ့ပေမယ့်
စက်တင်ဘာ တဆယ့်ကိုးရက်ရဲ့ 
မနက်ခင်းဟာ
ငါတို့ ရဲ့ ရင်ထဲမှာ သံမှိုဆွဲရိုက်နှက်ထားသလို
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ။
၃။
ညီမလေးရေ
အခုချိန်မှာ
နင်သာ သက်ရှိထင်ရှား
ရှိနေဦးမယ်ဆိုရင်
အကိုတို့ 
ရန်ပွဲတွေရပ်
ပြည်သူလူထု အကျိုးကိုမျှော်
တိုက်ပွဲကိုဖော်
တိုက်ပွဲမှာပျော် လို့ ပြောမှာပဲ
ငါ … ယုံတယ် ။
၎။
ညီမလေး အောင်ပွဲကို
ကောင်းကင်ဘုံက စောင့်ကြည့်ပါ ။
(အာမင်န်)
၁၉စက်တင်ဘာ၂၀၁၀ ရဲရင့်သက်ဇွဲ

Thursday, September 16, 2010

သတင်း

သတင်း

ရုတ်ရုတ်သဲသဲ
ည ဟာ
ည ကိုဆွဲထူလို့ 
နေ့  က
ကသုတ်ကရက်နဲ့ 
သူ့ အခေါင်း သူထမ်းလို့ 
ငှက် ပန်း စမ်းရေစီးသံ
တရံမလပ် တိတ်ဆိတ်
အားလုံးဟာ နှုတ်ပိတ်
ကမ္ဘာပျက်ပြီတဲ့ ။


မဟုတ်ဘူး
တရားကို
လက်လွတ်စပါယ်
အဆုံးစွန်ဆုံးတိုင်အောင်
အဓမ္မကျင့်တဲ့အကြောင်း

ရေဒီယိုက ကြေညာသွားတယ် ။

၁၄ စက်တင်ဘာ၂၀၁၀
ရဲရင့်သက်ဇွဲ

အေဒီ ၁၂ ၏ နောက်ဆုံးစစ်ပွဲ

(http://www.tyalife.com/ မှ ကူးယူပါသည်)

အေဒီ ၁၂ ၏ နောက်ဆုံးစစ်ပွဲ

ဘောင်းဘီဝတ် မြို့ပြဟာ
ကနေတယ်
တောင်စဉ် ရေမရ စကားလုံးတွေနဲ့
အစီအစဉ်ကျကျ ဖွဲ့သလိုမျိုး။

ဟောဒီမှာ. . .
မီနီစကတ်နဲ့ ဂျင်းရှပ်ဟာ
လမ်းထွက်နေတယ်။

ဟောဒီမှာ . . .
နာရီစင်ဟာ
စိတ်ပျက်နေတယ်။

ဆံပင်အတို ဖြတ်ထားတဲ့
မန္တလေး အပျိုမဟာ
ခြေသလုံး မလှတော့ပါဘူးကွယ်။

ခြေကျင်းသံ တချွင်ချွင်နဲ့
ငါတို့ “အောင်ပင်လယ်”မှာ
စပါးမစိုက်တော့ပါဘူးကွယ်။

ငါတောင်းပန်ပါတယ်။

ကတ္တီပါ ဖိနပ်ကလေးရယ်
ငါ ရေငတ်ပါရစေ။

ဧရာဝတီမြစ်ထဲခုန်ဆင်းဖို့တော့
မစဉ်းစားပါနဲ့။

ငါတို့ မန္တလေးမှာ
ဧရာဝတီသွေးလဲ ဖြူဖွေးနေပြီမို့
လာ . . .“နာရသီဟပတေ့”
သင်နဲ့ငါ
ပြေးကြစို့။ ။

မိုရ်
၁၉၉၄

ငါ့ကိုယ်ငါ သတ်သေဖို့ကြိုးစားတဲ့နေ့က

ငါ့ကိုယ်ငါ သတ်သေဖို့ကြိုးစားတဲ့နေ့က


ကမ္ဘာကြီးထဲက အသံတွေ ကိုယ့်ဆီပြန်ရောက်လာတယ်

ငိုသံတွေ၊ ရယ်သံတွေ၊ သားရေ၊ အမေရေ

အဖေတစ်ယောက်က သားရေ ပုပ္ပါးတောင်ကြီးကြည့်မလားဆိုပြီး

ခေါင်းကိုလက်နဲ့ညှပ် လေထဲမြှောက်ခဲ့တာတွေ

ကိုယ်ငိုပြီး ပြေးထွက်လာမိတဲ့ ပျော်ရွှင်မှုတွေ။



ကိုယ့်ကိုကိုယ် ရွံမုန်းလာတယ်

ဆရာရယ် ချမ်းပြီးတော့ကို ဖျားနေလို့ပါ

သွားကိုက်လို့ ဆေးသောက်လိုက်မှ ဗိုက်ကမနားတမ်း အောင့်လာတယ်

အဆုပ်မှာ အလုံးတွေ့တယ်တဲ့ တက်တက်နေတဲ့ အမေ့ကို သံလိုက်ဓာတ်မှန်ရိုက်ဖို့ထိ လိုလားဟင်

ကိုယ် ရယ်မောပြီး မျက်ရည်ဝဲရတဲ့ အဖြစ်တွေ။



ပုဂံညောင်ဦးမှာ တိုးရာသီဆို ဒေါ်လာသီးလို့

ပြီးတော့ ပါးရိုက်ခံထားရတဲ့ မျောက်လို ဆရာရေ

ရောင်းစားရတဲ့လူတွေနဲ့ တောင်းစားရတဲ့လူတွေ

တိုက်ပွဲ

လောကမှာ နောက်ဆုံး နာကျဉ်ကြေကွဲရတာ

အောက်ဆုံးက ပြည်သူတွေ။



ခွင့်လွှတ်နိုင်သူများ ကိုယ့်ကို ခွင့်လွှတ်ပါစေ

ခွင့်မလွှတ်တတ်သူများ ကိုယ့်ပေါ်နာကျည်းပါစေ

ဆရာရယ် သားလေးကို ထမင်းကျွေးနေစရာပေးထားရင်

ကျေနပ်ပါပြီ ထီပေါက်တာထက် ပျော်ရွှင်ပါပြီ

ဟုတ်တယ် ကိုယ်ဟာမျက်ရည်ကျရင်း ဟားတိုက်လို့

အဆုံးစီရင်ဖို့ ကြံစည်မိတဲ့နေ့က

ချောက်မြို့ က ထထခြောက်တတ်တဲ့ ရေနံလုပ်သားတွေဆီ

ရွေ့ လျားလို့။ ။


ငိုနေသူတွေကို မုန်းမုန်းလာတယ်။

ပျော်နေသူတွေကို မုန်းမုန်းလာတယ်။



ကြိုးတစ်ချောင်း၊ ဆိုက်ယာနိုက်အဆိပ်၊ ငှက်ကြီးတောင်ဓား

ငွေစက္ကူတစ်ချို့ နဲ့ ထိုးစိုက်ထားသော ဆေးထိုးအပ်များနဲ့

လက်ကောက်ဝတ်ပေါ်က

ဆရာဝန်သုံးဓားတစ်မျိုး

ကိုယ့်အသံလေး တိုးတိုးဝင်သွားတယ်။ ။

မြတ်ဝေ
၉၊၂၀၁၀
https://sites.google.com/site/poetmyatwai/home/

မိုးများ မြွေများ

မိုးများ မြွေများ

ညီပုလေး

(က) စာရေးသက်နှစ်ဆယ်ကျော်ခဲ့ပေမယ့်စာရေးသူဟာ ဒီအမျိုးသမီးအကြောင်းကို ၀တ္ထုဖွဲ့ဖို့တော့ ၀န်လေးနေမိတယ်။ ဒီအမျိုးသမီးဟာ လှချင်ရက်စက်စက် ယိုနေလို့ ကလောင်မလိုက်နိုင်တာလားဆိုပြန်ရင်လည်း အဲဒီလိုစာဖွဲ့လောက်အောင် တဖွဲ့တနွဲ့လှတဲ့ အလှမျိုး မဟုတ်ဘူး။ သူ့မှာ သာမန်ရုပ်ရည်ထက် နည်းနည်းပိုပြီ ကြည့်ပျော်ရှုပျော်ရှိတဲ့ မြန်မာအမျိုးသမီး တယောက်လောက်ပါပဲ။ ပျိုပျိုမြစ်မြစ် လေးမို့လို့လား မေးပြန်ရင်လည်း အသက်သုံးဆယ်ကျော်ဆိုတော့ ပျိုပျိုမြစ်မြစ်ထဲ စရင်းမ၀င်ပြန်ဘူး။ တကယ်တော့ မအေးသီဟာ ခင်ပွန်းသည် ဆုံးပါးသွားလို့ ကလေးတယောက်နဲ့ ကျန်ရစ်ခဲ့သူ တဦးဖြစ်တယ်။ စာရေးသူ ၀န်လေးနေတာ စာအရေးအဖွဲ့ မတော်လို့ ကလောင်တိမ်းသွားခဲ့ရင် မအေးသီတို့မိသားစု ကြေကွဲမှာကို စိုးရိမ်မိတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

အညာသားကျေးလက်မှာတော့ မိန်းခလေးတယောက် အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်းမှ အိမ်ထောင်ရက်သားကျရင် အသက်ကြီးမှ အိမ်ထောင်ကျတယ်လို့ ပြောတတ်ကြတယ်။ မအေးသီ ကိုထွန်းထွန်းနဲ့ လက်ထပ်တော့အသက် အစိတ်ကိုသုံးနှစ်စွန်းခဲ့ပြီ။ မိအို ဖအိုကို တသက်လုံးလုပ်ကျွေးမယ့် သမီးအလိမ္မာအဖြစ်နဲ့ တသက်လုံးနေသွားမှာလို့ ပိုးပန်း ကမ်းလှမ်းသူတွေကြားမှာ ပြောသံတွေ ကြားခဲ့ရပေ မယ့် ကိုထွန်းထွန်းရဲ့ကိုယ်စောင့်နတ်ကပဲ အောင်သွယ်တော်လေလားမသိ။ သူတို့ ၂ ယောက်နဖူးစာရွာလည် ပေါင်းဖက်မိကြတော့ မုဒိတာ ရှိကြသူတွေက နေနဲ့လလို့ ထင်မှတ်ကြတယ်။ ရွာခံကာလသား ခြေအေးဝမ်းယောင်တွေကတောင်မှ ပါးစပ်ကသာထုတ်မပြော ကြတာ စိတ်ထဲကတော ရွှေနဲ့မြတဲ့။

စာရေးသူဟာ အသက်အရွယ်လေး ရလာလို့လားမသိ၊ သေကြောင်၊ အနိစ္စရောက် ရောက်ကြောင်းတွေကို စာသိပ်မဖွဲချင်ဘူး။ စာရေး သူကိုယ်တိုင် တနေ့ဒီလမ်းသွားရမှာ သိနေပေမယ့် ကိုထွန်းထွန်း ကွယ်လွန်ပုံကိုစာမဖွဲ့ချင်ဘူး။ ဒီဝတ္ထုကို မအေးသီဖတ်မိရင် သူခမျာ အဟောင်တွေအသစ် ဖြစ်လိမ့်မယ်။ သူသိပ်ချစ်တဲ့ သူ့ခင်ပွန်းကိုပြန်လည် သတိရမိပြီ်နှစ်လွမ်းက သုံးလွမ်ဖြစ်ရရင် ဒီဝတ္ထုကြောင့် မုဆိုးမ တယောက် မျက်ရည်တွေထပ်မကျစေချင်ဘူး။ ဒါကြောင့် စာကြောင်းတိုတိုပဲဖွဲ့မယ်။

ဇနီးသည်နဲ့ ၂ နှစ်ကျော်လောက်ပဲ ပေါင်းလိုက်ရတယ်။ ကိုထွန်းထွန်းပိုးထိခဲ့တယ်။ အိမ်ထောင်သက် ဘာမျှမကြာလိုက်တဲ့ မအေးသီခမျာ ဘ၀ဇာတာရေးသူရဲ့ မသနားမညှာတာမှုကြောင့် မုဆိုးမဖြစ်ချိန်စောခဲ့ရတယ်။ အဲဒီအချိန်မှာသားလေး ဖိုးလမင်းဖြစ်လာမယ့် ကလေးက မအေးသီဝမ်းကြာတိုက်ထဲမှာ နေ့စေ့လစေ့ကြီ်း။ မအေးသီတသက်မှာ အသည်းထန်ဆုံး ငိုကြွေးခဲ့ရပြီး။ ဖအေကို မမြင်ဖူးလိုက်တဲ့ ဖိုးလမင်းကိုမအေးသီက သူ့ဘ၀တသက်တာမှာ သူပဲမိခင်၊ သူပဲဖခင်ပေါ့။ မုဆိုးမတယောက်ရဲ့တဦတည်းသောသားအပေါ် ချစ်တဲ့ အချစ်ကတော့ ပမာခိုင်ဖို့ခက်ပြီ။ စာရေးသူတို့ဝန်းကျင်မှာ မုဆိုးမတွေအများကြီး၊ မအေတခု၊ သားတခုတွေ အများကြီး။ အဲဒီသူတွေ ရဲ့ချစ်ခြင်းကို ကိုယ်ချင်းစာကြည့်ဖို့ တိုက်တွန်းရတော့မှာပဲ။ ဒါပေမယ့် မုဆိုးမက အသက်သုံးဆယ်ကျော် အရွယ်လောက်၊ သားက အနှီးထဲ ထွေးထားရမယ့်အရွယ်။ မအေကတောင်သူ၊ တောင်သား။ ယာသူမ၊ လယ်သူမ။ ယောင်္ကျားတွေနဲ့ဒိုးတူ ပေါင်ဖက်လုပကိုင်နိုင်တဲ့ ညိုညိုတုတ်တုတ်ခိုင်ခိုင်။ အရွယ်ကောင်းလေးမို့ နောက်တယောက်ပင်ထူလိမ့်မယ်လို့ အများကထင်ကြတယ်။ နဂိုရှိရင်းစွဲ အငယ် ကတည်းက ပိုးပန်းခဲ့သူတွေကလည်း မုဆိုးမ ကလေးတယောက် အမေပေမယ့် မအေးသီကိုကြည်ဖြူမြဲ ကြည်ဖြူသူတွေရှိတယ်။ မကြည် ဖြူသူဘယ်ရှိမလဲ။ သူကလည်းလုပ်ရည်ကိုင်ရည်ကောင်းသူ

အရွယ်လေးရှိတဲ့သူလေ။ လသာည လဘက်ရည်ဝိုင်းတွေမှာပါးစပ်ကထုတ်ပြောသူပြော၊ ၀မ်းထဲမှာ ကြိတ်မှိတ်မျိုသိပ်သူသိပ်ကြတယ်။ မအေးသီကတော့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေ သားလေးဖိုးလမင်းပေါ်မှာ စုပုံအောပြီ ချစ်နေလိုက်တယ်။ ဒါကြောင့် မုဆိုးမတယောက်နဲ့ တဦးတည်းသောသားလေးရဲ့ ချစ်ခြင်းကို စာရေးဖွဲ့ဖို့ပမာခိုင်ဖို့ခက်တယ်လို့ ရေးရတာလေ။ သမာဒေ၀ နတ်ကောင်းနတ်မြတ်တွေက မွန်မြတ်တဲ့စေတနာနဲ့ ဖိုးလမင်းရဲ့ ရုပ်ရည်ကလေးကိုသွားလေသူ ကိုထွန်းထွန်းရဲ့ ဖြောင့်စင်းစင်းနှာတံလေး၊ ထူထဲထဲမျက်ခုံးလေး၊ မေးစေ့ ချွန်ချွန်လေးကို ဖန်တီးကြတာဆိုရင်တော့ သမ္မာဒေ၀တွေကိုပဲ အပြစ်တင်ကြတော့မှာပဲ။ ဖိုးလမင်းဟာ ကိုထွန်းထွန်းရဲ့ ကိုယ်ပွား ဖြစ်လေ မအေးသီမှာ အချစ်သည်း အဖြစ်သည်းလေပေါ့။ လယ်တွေယာတွေက သီးနှံဆိုတာ မိုးလေ၀သမှန်ကန်ပါမှ။ လူ့အလိုနတ် မလိုက်နှိုင်ဆိုတဲ့စကား ဒီနေရာမှာလာမှန်ပြန်ရော။ မအေးသီ ကလေးချစ်တဲ့ဇောနဲ့ လယ်တွေကို ကျားစီး ဖားစီးလုပ်တယ်။ ရသမျှ သားလေးဖိုးလမင်းဖို့၊ ရှာသမျှ သားတော်မောင်ဖို့၊ စိုက်မိသမျှ သူ့ဖို့၊ သီးသမျှ သူ့ဖို့၊ ချွေတာသမျှ သားတော်မောင်ဖို့၊ဖွပ်သမျှ၊ ပြာသမျှ သူ့ဖို့။ ကျီထဲမှာရှိတာ သားတော်မောင်ဖို့၊ အိတ်ထဲရှိတာ သူ့ဖို့။ အားလုံး အားလုံးကို ဖိုးလမင်းဖို့ချည်း။ ကလေးချင်းအတူတူ သူ့သားက ၀မ်းလျှားထိုး စောသတဲ့။ ကလေးချင်းအတူတူ သူ့သားက ဆောင့်ကြောင့်ထိုင်စောသတဲ့။ မအေးသီ သဲနေကဲနေပုံ။ မအေကဒီလောက် ဖြစ်နေမှတော့ အဘိုး အဘွားက ဘယ်လောက်အချစ်ကဲလိုက်ကြလေမလဲ။ သူတို့မြေးကို ရင်အုပ်မကွာ ကျွေးမွေးခဲ့တဲ့ကလေး။ မျက်စိ အောက်က အပျောက်မခဲတဲ့ ဖိုးလမင်း....

ဒီဝတ္ထုမှာ ဖိုးလမင်းတဖြည်းဖြည်း ကြီးပြင်းလာပြီး ကျောင်းနေတဲ့အရွယ်မှာ စာအံပုံ၊ ဆွေတွေမျိုးတွေက စောင့်ရှောက်ကြပုံ၊ ချစ်ကြပုံ၊ ရှင်လောင်ဘ၀ စတာတွေ ရေးလိမ့်မယ်လို့ တချို့စာဖတ်သူတွေ မျှော်လင့်နေကြရော့မယ်။

လယ်ထဲယာထဲက မအေးသီတယောက်မြို့ကို မဖြစ်မနေတက်ရတဲ့အခါတွေရှိတယ်။ သီးနှံရောင်းချဖို့၊ မြေသြဇာဝယ်ဖို့ ပိုးသတ်ဆေး ၀ယ်ဖို့။ ပိုးသတ်ဆေးလို့ ဆိုလိုက်တာနဲ့ ချက်ကော့ဗ်ရဲ့ သေနတ်ကိုသတိရပြီး ဖိုးလမင်း ဒါမှမဟုတ်သူ့မအေ မအေးသီတယောက်တော့ ပိုးသတ်ဆေး သောက်တော့မှပဲလို့ ကွက်ကျော်တွေးချင်သူ တွေးတတ်သူတွေကို စာရေးရင်း အမှတ်တမဲ့ သတိရလိုက်သေးတယ်။ စီးပွားရေး၊ လူမှုရေး၊ အလှူအတန်းတခုခုအတွက် မြို့ကိုမအေးသီ တခါတရံ သွားရလေ့ရှိတယ်။ အဲဒီလိုသွားတဲ့အခါ နွားလှည်းတန်ရင် နွားလှည်းကိုကိုယ်တိုင်မောင်းသွားတတ်တယ်။ ၀န်စည်စလယ်မပါရင်တော့လှည်းနဲ့ မသွားဘဲ စက်ဘီးနဲ့သွားလိုက်တယ်။ ကိုထွန်းထွန်း ရဲ့ယောက်ျားစီးစက်ဘီးကြီးကိုမမီမကမ်းနင်းသွားတဲ့ အမျိုးသမီးတယောက်ကို ပထမဆုံးစမြင်ဖူသူတွေကတော့ အမြင်မတင့်တယ်ဘူး ထင်ရပေမယ့် နမ်းဖန်များတော့ပြယ်၊ မြင်ဖန်များတော့ရိုး ဆိုသလို တခါတလေစက်ဘီးလက်ကိုင် ရမ်းသွားတတ်တာကလွဲပြီး ဘာမှ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ဘူး။ ယောက်ျားစီးစက်ဘီးကြီး တစီးပေါ်မှာ ကိုယ်လုံးခပ်ပြည့်ပြည့် အမျိုးသမီးတယောက် စက်ဘီးကိုမမီ မကမ်းနင်းရင်း လိုရာဆက်နေတာပါပဲ။ မအေးသီ ပိုက်ဆံစုတယ်။ ဖိုးမင်းရဲ့အနာဂတ် အတွက်ပေါ့။ ကျောင်းထားရဦးမယ်၊ ရှင်ပြုရဦးမယ်၊ ရှင်ပြုအလူတော်မှာငိုဖို့ မျက်ရည်တွေကို ကြိုစုထား ဆိုတာမျိုးမရေးချင်ဘူး။ ရောင်းရသမျှ သီးနှံလေးတွေက မျိုးဖိုးချန်ပြီးချွေချွေတာတာ စားရင်း ရတတ်သမျှစုတယ်။ တဦးတည်သောသားကို ချစ်တဲ့စိတ်နဲ့ တောသူမုဆိုးမ စုလို့ဖွဲ့ ချင်တော့တာပါပဲ။

(ခ) ကံဆိုးမသွားရာ မိုးလိုကရွာသတဲ့။ ကံဆိုးမက မုဆိုးမကံဆိုးမ။ မိုးက ပင်လယ်ပြင်မှာ မုန်တိုင်းရှိလို့ရွာတဲ့မိုး။ ဘယ်အငြိုးနဲ့ သည်း တယ်မသိ။ မုန်တိုင်းက ကပ္ပလီပင်လယ်ပြင်ရော တရုတ်ပင်လယ်ပြင်မှာပါ ရှိရော့သလား။ ဖိုးလမင်းငုတ်တုတ် သွားငုတ်တုတ်အရွယ်မှာ ရုတ်တရက်ကောက်ခါငင်ခါ နေမကောင်ဖြစ်ပါလေရော။ မအေးသီပါတဲ့၊ ဘယ်နေလိမ့်မလဲ။ ဆရာမျိုးစုံနဲ့ကုတယ်။ အနီးဆုံးမြို့ငယ်လေး မှာရှိတဲ့ တော်ပေ့ဆိုတဲ့ ဆရာဝန်နဲ့ပြတယ်။ ဆရာဝန်စကား နားထောင်မလား။ မအေးသီဟုတ်ကဲ့လို့ ပြောမိသလား၊ ခေါင်ငြိမ်မိသလား၊ ထူပူနေလို့ သူမမှတ်မိတော့ဘူး။ စာနာစိတ် ကြင်နာစိတ်ရှိတဲ့ လူသားတယောက်အနေနဲ့ ခံစားကြည်ကြပါတော့။ မိုးရေရွှဲရွှဲ စိုနေတဲ့ ကောက်ရိုးပုံမှာ မီးစွဲလောင်ဖို့မလွယ်ပေမယ့် ကံဆိုးမကိုမိုးတွေ လိုက်လို့ ရွာထားတဲ့ခေါင်းမှာတော့ မီးတောက်လောင်နေပြီ်။

မအေးသီ တခေါက်မှမရောက်ဖူးတဲ့ မန္တလေးကို အရဲစွန့်ပြီးတက်လာခဲ့တယ်။ သားအတွက်ဆိုရင်သူ ဘယ်လိုအခက်အခဲမဆို ရင်ဆိုင် ရဲတယ်။ ရွာမှာနေပြီး စာသင်သွားတဲ့ ဦးဇင်းဦးဇ၀နကိုလည်း တွေ့အောင်ရှာတယ်။ နေမကောင်းနေတဲ့ ကလေးကိုပွေ့ချီလာတဲ့ မျက်နှာ ညှိုးညှိုးနွမ်းနွမ်းနဲ့ အမျိုးသမီးတယောက်ကို ဒေသခံတွေက မိုးတားကျောင်းတိုက်ထဲက ဦးဇင်းဦးဇ၀နနဲ့ တွေ့ရအောင်ဆောင်ကြဉ်း ပေးကြတယ်။ စီးလာခဲ့တဲ့ ဘတ်စ်ကားပေါ်မှာလည်း သူ့ကိုနွေးနွေးထွေးထွေး ဆက်ဆံကြတယ်။ သနားစိတ်နဲ့ ကူညီကြတယ်။ ကားကြီး ကွင်းထဲရောက်တဲ့အခါလည်း စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဆိုက်ကားဆရာနဲ့ ကြုံတွေရပြီး မိုးတားကျောင်းတိုက်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားတယ်လေ။ ဦးဇ၀နရဲ့အကူအညီနဲ့မအေးသီတို့ သားအမိ ဆရာဝန်ဆီရောက်တော့ သွေးသံရဲရဲနှင့် မော်တော် ဆိုင်ကယ်တိုက်မိတဲ့ လူနာတယောက်ကို ဆေးခန်းထဲမှာတွေ့လိုက်ရတယ်။ ဆရာဝန်ကတဆင့် သမားတော်ကြီးကို သွာပြခဲ့ကြတယ်။ သမားတော်ကြီးက ဦးဇင်းဇ၀နနဲ့ လူနာရှင်မိသားစု အခြေအနေကို အကဲခတ်ပြီး ဆေးရုံကြီးကို တင်ဖို့ စာရေးပေးလိုက်တယ်။ ဖိုးလမင်း ကုသိုလ်ကံပဲ။ ဆေးရုံတက်ရမယ့် မနက်မှာပဲ ကွယ်လွန်တယ်။ ဦးဇင်းဇ၀နတင်မကပါဘူး၊ ဒိပြင် ဘုန်ကြီးတွေကပါ တရားချကြတယ်။ သားလေးဆုံးရှာတော့ မအေးသီ မြို့မှာကြာကြာ မနေချင်ဘူး။ မြန်မြန်သင်္ဂြိုလ်ပြီး ပြန်ချင်ပြီ။ ဒါကြောင့်ဘုန်ကြီး ဦးဇ၀နကပဲ နာမှု ကူညီရေးအသင်းတခုကိုအကူအညီတောင်းတော့ ယာယီကားကသူတို့သင်္ဂြိုလ်ချင်တဲ့ အချိန်ရမယ်တဲ့။ နေ့လည် ၁ နာရီ နာမှုကူညီရေး ကားလာမယ်တဲ့။ ဦးဇင်းတို့ကျောင်းမှာ တောက ကျောင်းလာတက်ရင်း အလုပ်လုပ်နေတဲ့ ကျောင်းသားတပိုင် အလုပ်သမားတပိုင်း ဝေဖြိုး ဆိုတဲ့လူငယ်လေးပြောတော့မှ မအေးသီရော၊ ဦးဇင်းဇ၀နတို့ပါ သတိထားမိကြတယ်။ နာမှုကူညီရေးကားက အသူဘရှင် စီးခွင့်မရှိ ဘူးတဲ့။

(ဂ) အဲဒီနေ့က ခါတိုင်းထက်နေပူတယ်။ သူ့ဘ၀ကစားကွက်မှာ အံစာက တစ်နဲ့နှစ်ချည်းကျပြီး လှေကားကနည်းနည်းနဲ့ မြွေတွေက များနေရော့သလား။ နာရေးကူညီမှုအသင်းကားက ယာယီကားကလည်း တခါမှမကြုံစဖူးအတွေအကြုံထူးနဲ့ ကြုံလိုက်ရတယ်။ အဲဒီနေ့က ဝေဖြိုး ကျောင်းလည်း ပိတ်တယ်။ အလုပ်လည်းနားတယ်။ ဒါကြောင့်မို့ သူ့စက်ဘီက အားနေတယ်။

(ဃ) ပုဆိုးတထည် စလွယ်သိုင်းထားတဲ့ အမျိုးသမီးတယောက် စက်ဘီးတစီးကိုနင်းလို့၊ လမ်းနဘေးက ကွမ်းယာဆိုင်တွေ၊ ဆိုက်ကား ဆရာတွေကို မေးနေတယ်။ `တောင်မြင့် သုဿန်ကို ဘယ်လမ်းက သွားရသလဲ´ စလွယ်သိုင်းထားတဲ့ ပုဆိုးကတော့ ခင်ပွန်းသည် ကိုထွန်းထွန်းနှစ်သက်တဲ့ပုဆိုးနက်ပြာလေး။ အဲဒီပုဆိုးနက်ပြာလေးထဲမှာတော့............

ညီပုလေး

ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် (၈)၊ အောက်တိုဘာ ၂၀၀၆




Sunday, September 12, 2010

ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး

ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး

ခုတလော ရွေးကောက်ပွဲဝင်မဲ့ အုပ်စုတွေဆီက အသံတချို့ကြားနေရတယ်။ အထူးသဖြင့် စကားအမျိုးမျိုးပြောတတ်တဲ့
NDF ပါတီက ဦးခင်မောင်ဆွေ နဲ့ ENC က ဆလိုင် လျှံမုန်း။ ဦးခင်မောင်ဆွေ က ချီလီ နဲ့ တောင်ကိုရီးယား လို တဖြည်းဖြည်းပြောင်းယူရမယ် လို့ ဆိုသလို၊
ဗွီအိုအေ တိုက်ရိုက်လေလှိုင်းမှာချင်းအမျိုးသားလေး ဆလိုင်းလျှံမုန်း ကလည်း တောင်ကိုရီးယားမှာလည်း ဒီလိုပဲတဖြည်းဖြည်းပြောင်းလဲယူခဲ့တာ
ဖြစ်တယ် လို့ ဆိုပြန်တယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက “ဘယ်လို တဖြည်းဖြည်းပြောင်းခဲ့တာလဲဆိုတဲ့အချက်”ကို ရှင်းရှင်းလင်းလင်းမပြောခဲ့ပါ။
ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး လျှောက်သွားနေသလိုမျိုး----------------

(၁) နောက်ခံကားချပ်ကွာခြားမှု

နိုင်ငံတကာအသိုင်းအဝိုင်း က ဗမာပြည်နိုင်ငံရေးအနေအထားဟာ အာဖရိကနိုင်ငံတွေမှာ ဖြစ်နေတဲ့ အနေအထားနဲ့သိတ်မကွာလှဘူး ဆိုတာ သဘောပေါက်နေတယ်။ လူမျိုးစုတွေများတယ်။ သဘောထားမတူညီမှုတွေများတယ်။ ကရင်အမျိုးသားအစည်းအရုံး နဲ့ အန်စီယူဘီ လို တပ်ပေါင်းစုက
ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်တိုက်တွန်းနေချိန်မှာ၊ ဗမာလူမျိုးစု ကို ဘေးဖယ်ထားတဲ့ ENC ( Ethnics National Council) မှ ဆလိုင်းလျှံမုန်း က ရွေးကောက်ပွဲဝင်ပြီး တဖြည်းဖြည်းပြောင်းလဲရမယ် လို့ဆိုတယ်။ ဝ ဒေသစစ်ခေါင်းဆောင်တွေက သူ့ရဲ့နယ်မြေမှာ ရွေးကောက်ပွဲမကျင်းပဖို့ သတိပေးတားမြစ်ထားတယ်။ ဒါကလည်း အထူးအဆန်းတော့မဟုတ်ဘူး။ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်ပြီး ကျောင်းသားတွေ
တောခိုလာချိန်မှာ ကရင်နဲ့မွန် က ဘုရားသုံးဆူစခန်းကိုရဖို့ တိုင်းရင်းသားအချင်းချင်းချနေတဲ့ဘဝ။ ထို့အတူပဲ ဗမာတိုင်းရင်းသားကို ကြည့်လိုက်ပြန်
တော့လည်း ပြည်ပမှာထွက်ပြေးလာတဲ့ ကျားသားမိုးကြိုးပစ် ၁၉၉၀ လွှတ်တော်အမတ်များ အသက်ရောရှိသေးကြရဲ့လား လို့ မေးယူနေကြတဲ့အဖြစ်၊
ဗမာပြည်လောက် တယောက်တပေါက်ဖြစ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဘယ်နိုင်ငံမှ မရှိပါဘူး။
ဒါကြောင့် သူများနိုင်ငံတွေနဲ့ယှဉ်မပြောခင် ကိုယ့်အနေအထားကို ပထမဆုံးစဉ်းစားစေချင်ပါတယ်။ တန်ရာတန်ရာနှိုင်းသင့်ပါတယ်။

နိုင်ငံတကာအနေအထားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

ချီလီအာဏာရှင် ပီနိုချေး နဲ့ တောင်ကိုရီးယားစစ်အာဏာရှင်တွေကို ထောက်ခံခဲ့သူက အမေရိကန်ပြည်ထောင်စုဖြစ်တယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု က သူထောက်ခံတဲ့အာဏာရှင်တွေနာမည်ပျက်လာပြီဆိုရင်၊ ပြန်လည်ဖြုတ်ချဖို့ ဖိအားပေးနိုင်ခဲ့တယ်။
လူထုလှုပ်ရှားမှုကိုထောက်ခံအားပေးခဲ့တယ်။ ပီနီုချေး ( ချီလီ)၊ ဖာဒီနန်မားကို့စ် ( ဖိလစ်ပိုင်)၊ ဆူဟာတို ( အင်ဒိုနီးရှား)၊ ရှားဘုရင် ( အီရန်) နဲ့
ကိုရီးယားစစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပြန်လည်နားချပြီး နှုတ်ထွက်ပေးဖို့ ဖိအားပေးနိုင်ခဲ့တယ်။
ဒီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေး၊ နိုင်ငံရေးမော်ဒယ်တွေနဲ့နီးစပ်ခဲ့တာကြောင့် လူထုအဖွဲ့အစည်းတွေ ( Civil Societies) အတွက် လှုပ်ရှားနိုင်တဲ့အခွင့်အရေး၊ နေရာတချို့ရှိခဲ့တယ်။

ဗမာစစ်ခေါင်းဆောင်တွေက ဗမာနိုင်ငံရေးသမားတွေမွေးထုတ်ပေးလိုက်တဲ့စစ်အုပ်စုဖြစ်တယ်။ တရုတ်လည်းထိန်းမရသလို၊ အာဆီယံ ကလည်း
ချော့မော့ပေါင်းနေရတဲ့အဖြစ်။ ပိုဆိုးတာက ကွန်မြူနစ်ဇာတ်ပျက် တရုတ်နိုင်ငံက လူထုလှုပ်ရှားမှုကို မထောက်ခံတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲကို
နိုင်ငံတကာကထောက်ခံဖို့ တိုက်တွန်းနေချိန်ဖြစ်တယ်။ ဖိနှိပ်သူဘက်ကထောက်ခံအားပေးပြီး သူများပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တဲ့
တရုတ်ရဲ့ကြောင်သူတော်ကြွက်သူခိုးနိုင်ငံခြားရေးမူဝါဒ ကိုစစ်အစိုးရအနေနဲ့ ကောင်းကောင်းအမြတ်ရနေချိန်ဖြစ်တယ်။

(၂) ချီလီ ပုံသဏ္ဍန်ပြောင်းလဲမှု

စစ်အာဏာသိမ်းခေါင်းဆောင် ပီနိုချေးက ၁၉၈၀ မှာ လူထုဆန္ဒခံယူပွဲကို မဲလိမ်ပြီးသူ့ရဲ့စိတ်တိုင်းကျအခြေခံဥပဒေကို အသက်သွင်းခဲ့တယ်။ အစိုးရစိတ်တိုင်းကျခန့်ထားတဲ့ ကော်မရှင်လက်အောက်မှာ ပြည်သူတွေဆန့်ကျင်ခဲ့ကြပေမဲ့ ပီနိုချေးအစိုးရဟာ ၆၇ ရာခိုင်နှုန်း ကျော်နဲ့အနိုင်ရခဲ့တယ်
ဆိုပြီး ဇွတ်အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ ၁၉၈၀ မှ ၁၉၈၈ အထိ၊ ပီနိုချေးအစိုးရဟာ ကျောင်းသားဆန္ဒပြပွဲတွေ၊ လူထုလှုပ်ရှားမှုတွေ၊ လက်ဝဲသူပုန်တွေရဲ့
မြို့ပေါ်အထိလုပ်ကြံသတ်ဖြတ်မှုတွေ ကို ရင်ဆိုင်ခဲ့ရတယ်။ ( Pinochet File ပီနိုချေး ဖိုင် နဲ့ A Force more Powerful စာအုပ်ကို ကြည့်ပါ)။
ပီနိုချေးကလည်း ရက်ရက်စက်စက်တုန့်ပြန်ခဲ့တယ်။ ပီနိုချေးရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမေရိကန်အစိုးရအတွက်လည်း အရှက်ရစရာဖြစ်လာခဲ့တယ်။ ဒါကြောင့် ၁၉၈၀ ကာလတလျှောက်လုံး တိုးတိုးတိတ်တိတ် ဖိအားပေးခဲ့တယ်။ မရဘူး။ ပီနိုချေး က ရက်စက်မှုတွေ ကို ပိုပြီးလက်ရဲဇက်ရဲလုပ်လာတယ်။ မိုင်းအလုပ်သမားတွေရဲ့သပိတ်တွေစတင်လာပြီ။ ပီနိုချေးကိုဆန့်ကျင်တဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ တဖြည်းဖြည်းအားကောင်းလာပြီး တပ်ပေါင်းစုတခုကိုဖွဲ့ဖို့ပြင်ဆင်ခဲ့ကြတယ်။
၁၉၈၈ မှာ ပီနိုချေး က သူ့ရဲ့သမ္မတသက်တမ်းကို နှစ်ကြိမ်ထက်ပိုလုပ်ချင်တယ်။ ဆန္ဒခံယူပွဲလုပ်တယ်။ ၁၉၈၈ လူထုဆန္ဒခံယူပွဲမှာ ပြည်သူလူထု က ၅၇ ရာခိုင်နှုန်းနီးပါးမဲအရေအတွက် နဲ့ ပီနိုချေးရဲ့အခြေခံဥပဒေကိုငြင်းဆန်လိုက်ကြတယ်။ မဲပေးတဲ့သူအရေအတွက်ဟာ ၉၇ ရာခိုင်နှုန်းရှိတယ် လို့ ဆိုတယ်။ ပီနိုချေးက လူထုဆန္ဒခံယူပွဲရလဒ်ကိုငြင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ချီလီဗိုလ်ချုပ်တွေကို အမေရိကန်ထောက်လှမ်းရေးဗဟို က နီးစပ်အောင်ကြိုးစားထားတယ်။ ပီနိုချေးအနေနဲ့ ရွေးကောက်ပွဲရလဒ် ကို လက်ခံရမယ် လို့
သူ့ရဲ့ဆရာ အမေရိကန်ပြည်ထောင်စုက ညွှန်ကြားထားပြီးသား။ တကယ်တော့ ချီလီ လှုပ်ရှားမှုအောင်မြင်ခဲ့တာက ပီနိုချေးဆန့်ကျင်တဲ့
လူထုလှုပ်ရှားမှုတွေကြောင့်ပါ။ မှတ်တမ်းရုပ်ရှင်တွေကြည့်ရင် ချီလီလူထုလှုပ်ရှားမှုကို အားတက်ဖွယ်တွေ့နိုင်ပါတယ်။
စာအုပ်ဖတ်ချင်ရင် ( A Force More Powerful) ကို ဖတ်ပါ။

ဗမာပြည်မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အခြေခံဥပဒေရေးဆွဲတဲ့ညီလာခံမှာ ဘာတွေတင်ပြခွင့်ရခဲ့ပါသလဲ။
စစ်အုပ်စုက တလေးတစားနားထောင်ထည့်သွင်းခဲ့ပါသလား။ ညီလာခံကို သပိတ်မှောက်ထွက်ခဲ့တဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ခွန်မားကိုဖန်းကိုမေးကြည့်ပါ။
ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ဇိုမီးချင်းအမျိုးသားခေါင်းဆောင်တွေ
အပါအဝင် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးထောင်ချခံခဲ့ရတယ် မို့လား။ ဗမာပြည်နိုင်ငံရေးမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အဆင့်ဟာ
ချီလီနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၈ လူထုဆန္ဒခံယူပွဲထက်ကျော်တဲ့အဆင့် ကို ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အစိုးရက ဘယ်အင်အားကြီးနိုင်ငံကမှ ပြောလို့မရတဲ့ ဖက်ဆစ်အစိုးရ။
ကြောင်သူတော်ကြွက်သူခိုး နိုင်ငံခြားရေးမူဝါဒတွေဆွဲကိုင်နေတဲ့ တရုတ်အပါအဝင် အိမ်နီးချင်း အာဆီယံနိုင်ငံတွေကြားမှာ နေနေရတဲ့ နိုင်ငံ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ အဆင့်မှာ ဘာမှမလုပ်နိုင်တဲ့ဘဝကနေ ပါလီမန်လွှတ်တော်ထဲမှာ ဝင်ရောက်ပြောဆိုကြမယ် ဆိုတော့ ----
မျက်စိလည်နေတဲ့ မိန်းမကြီး ဘုရားနားမှာ တဝဲလည်လည်လျှောက်ပတ်နေတဲ့အဖြစ်ကိုပဲ သွားသတိယမိတော့မယ်။

(၃) ကိုရီးယား ပုံသဏ္ဍန်

နှိုင်းယှဉ်ရဲတဲ့ စိတ်တွေကို အံ့သြမိတယ်။ ဦးခင်မောင်ဆွေလို စကားအမျိုးမျိုးပြောတဲ့သူတွေ နဲ့ တပ်ပေါင်းစုရဲ့မူဝါဒနဲ့သွေဖီနေတဲ့ ဆလိုင်းလျှံမုန်း လို
လူတွေက ကိုရီးယားပြည်သူတွေလို သတ္တိတကယ်ရှိပါရဲ့လား။ “ပတ်ချုံဟီးအာဏာသိမ်းတယ်။ ရွေးကောက်ပွဲလုပ်တယ်။ ဒီလိုနဲ့တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်” လို့ ဆိုခဲ့ပြီး လူထုကဘယ်လိုပြောင်းလဲအောင်လုပ်ခဲ့တာလဲဆိုတာကို မပြောခဲ့တဲ့ ဆလိုင်းလျှံမုန်း ကို
ကိုရီးယား သမ္မတ (၄) ယောက်ကာလ က ဖြစ်ပျက်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အတိုချုပ် မိတ်ဆက်ပေးချင်ပါတယ်။
( ကိုရီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာကို “အသွင်ကူးပြောင်းမှုကာလ၊ စိတ်ကူးယဉ်မှုများနှင့် ကစားဝိုင်းကိုပြောင်းလဲစေသော ဝိညာဉ်များ” ဆောင်းပါးအဖြစ် အတိုချုပ်တင်ပြခဲ့ပါတယ်)

(က) Syngman Rhee

ကိုရီးယားစစ်ပွဲကြောင့်နာမည်ပျက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ဟာ ကျောင်းသားလှုပ်ရှားကြောင့်ပြုတ်ကျခဲ့တယ်။
၁၉၆၀ ဧပြီ (၁၉) လှုပ်ရှားမှုအဖြစ်နာမည်ကြီးခဲ့တယ်။ စစ်တပ်က ကျောင်းသား (၁၂၅) ယောက်ကို သတ်ခဲ့ပေမဲ့ ကျောင်းသားတွေက တဟုန်ထိုးချီတက်သွားတယ်။ စစ်တပ်အနေနဲ့ဆက်မပစ်ရဲတော့ဘူး။ လူထုနဲ့ပူးပေါင်းရတယ်။

(ခ)ပတ်ချုံဟီး

၁၉၇၁ မှာ ရာထူးက နှုတ်ထွက်ပေးရမယ် ဆိုတာသိနေပေမဲ့ ပတ်ချုံဟီး က ပါလီမန်ကိုဖျက်သိမ်းတယ်။အခြေခံဥပဒေကို ဖျက်သိမ်းတယ်။
၁၉၇၃ မှာ ယူရှင်အခြေခံဥပဒေကိုရေးဆွဲတယ်။ ကျောင်းသားဆန္ဒပြပွဲနေတွေ ပေါ်ပေါက်လာပြီး ပတ်ချုံဟီး ကို အာခံကြတယ်။
၁၉၇၉ မှာတော့ ကျောင်းသားလှုပ်ရှားမှုပြန်အားကောင်းလာခဲ့တယ်။ ဘူဆန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး အင်အား (၅) သောင်းရှိတဲ့ လူထုဟာ အစိုးရအဆောက်အဦတွေကိုဝိုင်းရံတိုက်ခိုက်တယ်။ ကျောင်းသားခေါင်းဆောင် (၄၀၀) ကျော်အဖမ်းခံရတယ်။ မြို့ပေါင်းများစွာမှာ အလုပ်သမားသမဂ္ဂရဲ့လှုပ်ရှားမှုတွေပေါ်ပေါက်လာတယ်။ ပူးမလူထုအုံကြွမှုအဖြစ်နာမည်ကြီးခဲ့တယ်။
ပတ်ချုံဟီးက စစ်အုပ်ချုပ်ရေးအရေးပေါ်ဥပဒေပြဋ္ဌာန်းခဲ့တယ်။ စစ်ထောက်လှမ်းရေးနဲ့ ပတ်ချုံဟီး တို့ ကြားမှာ သဘောထားစကွဲနေပြီ။ နောက်ဆုံး စစ်ထောက်လှမ်းရေးခေါင်းဆောင် ကင်ဂျေကြူ က ပတ်ချုံဟီး ကို ညနေစာထမင်းစားဖိတ်ပြီး ပစ်သတ်ပစ်လိုက်တယ်။

(ဂ) ချန်ဒူးဝမ်

ချန်ဒူးဝမ်လက်ထက်မှာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးဖို့တောင်းဆိုလှုပ်ရှားကြတဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့လှုပ်ရှားမှုတွေမရပ်တန့်သေးပါ။
ဆိုးလ်ဘူတာရုံမှာ လူတသိန်းကျော်စုဝေးကြပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ခဲ့ကြတယ်။ ချန်ဒူးဝမ် ကလည်း ကျောင်းသားညီလာခံတွေကို ဝင်ရောက်စီးနင်းပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင် (၅၅) ယောက်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် (၂၆) ယောက်ကို
ဖမ်းဆီးခဲ့တယ်။ စစ်အုပ်ချုပ်ရေး ကို ချဲ့ထွင်ခဲ့တယ်။ ကင်ဒေးဂျုံလည်း အဖမ်းခံခဲ့ရတယ်။
၁၉၈၀ မေလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂွမ်ဂျူးလူသတ်ပွဲကို ချန်ဒူးဝမ်ရဲ့အစိုးရက ထောင်ချီပြီးပစ်ခပ်သတ်ဖြတ်ခဲ့တယ်။
( ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုကြောင့် ချန်ဒူးဝမ်နဲ့နိုတေးဝူး ကို နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူခဲ့တယ်)။
၁၉၈၇ မှာ လူတသန်းကျော်ပါဝင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ဆိုးလ်မြို့မှာ ပေါ်ပေါက်လာခဲ့တယ်။ ကင်ဒေဂျုံ ကို လွှတ်ပေးရတော့တယ်။

ဂွမ်ဂျူးလူသတ်ပွဲဖြစ်ပေါ်ပြီးတဲ့နောက် ကိုရီးယားကျောင်းသားတွေဟာ အမေရိကန်ယဉ်ကျေးမှုဗဟို ကို အကြိမ်ကြိမ်မီးတင်ရှို့ခဲ့ကြတယ်။ ကိုရီးယားစစ်အာဏာရှင်တွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပေးနေတယ် လို့ ယုံကြည်တာကြောင့် ထောက်ပံ့တဲ့သူတွေကိုပါ တိုက်ခိုက်ကြခြင်းဖြစ်တယ်။အမေရိကန်ပြည်ထောင်စု ဟာ သူ့ရဲ့နိုင်ငံခြားရေးရာမူဝါဒတွေကို ပြန်စဉ်းစားလာရတော့တယ်။
ဦးခင်မောင်ဆွေ နဲ့ ဆလိုင်းလျှံမုန်း ခင်ဗျား

တောင်ကိုရီးယားပြည်သူတွေ စစ်အာဏာရှင်ကိုဘယ်လိုဆက်တိုက်ခဲ့ကြသလဲ၊ နိုတေးဝူး နဲ့ ချန်ဒူးဝမ် ဘယ်လိုအဆုံးသတ်ခဲ့သလဲ သိချင်ရင်
Asian Study က တောင်ကိုရီးယားနိုင်ငံအကြောင်းလေ့လာထားတဲ့ ပြဋ္ဌာန်းစာအုပ်တွေသာ ဆက်ဖတ်ပါတော့။
အသေးစိတ်တွေကို ရေးမပြတော့ပါဘူး။ ကိုရီးယား လို ပြောင်းလဲရအောင်၊ တောင်ကိုရီးယားသားတွေလို
ကျနော်တို့တိုင်းရင်းသားတွေ ညီညွတ်မှုရှိကြပါရဲ့လား။ ဆလိုင်းလျှံမုန်းရဲ့ ရွေးကောက်ပွဲဝင်ရေးမူဝါဒဟာ ENC ရဲ့တရားဝင်မူဝါဒဖြစ်ပါသလား။
ဒါဆို--ကရင်အမျိုးသားအစည်းအရုံးနဲ့ ကျန်တဲ့အင်အားစုတွေက ၂၀၁၀ ရွေးကောက်ပွဲကိုထားတဲ့သဘောထားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ENC က ချင်းအမျိုးသားလေးရဲ့သဘောထား ဟာ ဦးအေးသာအောင်ရဲ့စီအာပီပီနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသလို၊
ဝ တိုင်းရင်းသားတွေအတွက် ဒေါသဖြစ်စရာဖြစ်နေပါတယ်။ ဆလိုင်းလျှံမုန်း က ENC ကို ကိုယ်စားပြုနိုင်သလား၊
ENC က တိုင်းရင်းသားတွေကို တကယ်ကိုယ်စားပြုနိုင်သလား ဆိုတာ အရှင်းဆုံးအဖြေတခုကိုပြနေသလိုမျိုးပါပဲ။
ဦးကံအေးရဲ့မေးခွန်းကို ဆလိုင်းလျှံမုန်း က ဖြေတဲ့အခါ
“မတရားတဲ့အခြေခံဥပဒေ တွေကို ရေးဆွဲတဲ့ စစ်ခေါင်းဆောင်တွေကိုသာ အပြစ်တင်ပါတဲ့။ ကျနော်တို့တိုင်းရင်းသားတွေကို အပြစ်လာမတင်ပါနဲ့” လို့ ဆိုပြန်တယ်။ အခြေခံဥပဒေကိုရေးဆွဲတဲ့သူသာ မဟုတ် သွယ်ဝိုက်ထောက်ခံမိရင်၊ တရားဝင်လုပ်ပိုင်ခွင့်ပေးမိရင် လည်း သမိုင်းတရားခံဖြစ်တတ်တယ် ဆိုတာလောက်တော့နိုင်ငံရေးလုပ်တဲ့ ဆလိုင်းလျှံမုန်း တယောက် သဘောပေါက်သင့်ပါတယ်။
ဒါ့ကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခြင်းဟာ သမိုင်းတရားခံမဖြစ်အောင် လုပ်နေကြခြင်းဖြစ်တယ် ဆိုတဲ့
အချက်တချက် ပါဝင်နေတယ် လို့ ယုံကြည်ပါတယ်။

“လမ်းမပေါ်ထွက်ဆန္ဒပြတာဟာ အဆင့်နိမ့်တဲ့နိုင်ငံရေးဖြစ်တယ်”လို့ ဦးခင်မောင်ဆွေက အင်တာဗျုးခဲ့ပါတယ်။ လမ်းမပေါ်ထွက်ဆန္ဒပြတဲ့တောင်ကိုရီးယားကျောင်းသားတွေက အဆင့်နိမ့်ခဲ့တယ် ဆိုရင် ဘာလို့ ကိုရီးယားပုံစံလိုပြောင်းလဲရမယ်လို့ ဆိုခဲ့ပါသလဲ။
ဘာဖြစ်လို့ ချီလီနိုင်ငံလို ပြောင်းလဲချင်ရပါသလဲ။

အဆင့်မြင့်တဲ့ နိုင်ငံရေးဆိုတာ ပြည်ပက ရတဲ့ ဒေါ်လာ (၂) သိန်း ကို ယူ၊ ပါတီထောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သြဇာအနည်းငယ်ရှိတဲ့
သူတွေကို ကျနော်တို့ပါတီမှာ လုပ်ရင် လစဉ် (၅) သိန်းလောက်ထောက်ပံ့ပေးနိုင်တယ် ဆိုတဲ့မက်လုံးပေးတာကိုခေါ်ပါသလား။ (ဟုတ်မဟုတ်တော့ ကာယကံရှင်နဲ့ဘုရားသခင်သာသိပါလမ့်မယ်)။
ကိုယ့်စကားကို မေ့ချင်ယောင်ဆောင်တဲ့လူတွေလုပ်တဲ့နိုင်ငံရေးကို အဆင့်မြင့်နိုင်ငံရေးလို့ ခေါ်ပါသလား။
ဒီမိုကရေစီ ဆိုတာ ဂတိမတည်သူတွေနဲ့လူလိမ်တွေအတွက်လည်း ပြောပိုင်ခွင့်ပေးထားတဲ့ ပတ်ဝန်းကျင်တခု ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာဖို့ ဆိုတာ လူလိမ်တွေအတွက် မဖြစ်နိုင်တဲ့ဘာသာရပ်တခုပါ။
လူလိမ်တွေခေါင်းဆောင်တဲ့ပါတီတွေဟာ ပြည်သူလူထုကို ဘယ်လောက်ထိ သတ္တိရှိရှိ ဦးဆောင်နိုင်မလဲ ဆိုတာ ကိုတော့ မျှော်လင့်ချက်
မထားသော်လည်း ကျနော်တို့ဆက်လက်ကြည့်ရှုကြရအုံးမှာပါ။

ရွေးကောက်ပွဲသပိတ်မှောက်ရင် အကျိုးရှိတာဘာလုပ်မှာလဲ

ဒီမေးခွန်းကို တချို့က အားမလိုအားမရမေးသလို၊ တချို့က စပ်စုချင်လို့မေးကြတယ်။ တချို့က ကိုယ့်ရဲ့စကားမတည်ကြည်မှုကို ဖုံးကွယ်ချင်လို့ သူများကိုအပြစ်ပြောဖို့ ပြင်ဆင်ကြတယ်။ အကျိုးမရှိတဲ့အလုပ် ( ၂၀၁၀ ရွေးကောက်ပွဲ) ကိုလုပ်နေတဲ့သူတွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ကြပါလိမ့်မယ် လို့ ပဲ ယုံကြည်ပါတယ်။ သပိတ်မှောက်မဲ့သူတွေဘက် က အသေးစိတ်ဖြေနေရအောင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံနေရတဲ့လူတွေမဟုတ်သလို၊ အားအားရှိ နိုင်ငံရေး ဝေဖန်ရေးဆရာလိုလို၊ သုံးသပ်သူတွေလိုလို သရုပ်ဆောင်နေတဲ့ ဇာတ်ရူးတွေအတွက် ကုန်ကြမ်းပေးဖို့ မလိုအပ်ဘူးလို့ပဲ
ထင်ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ရေချိန်မှာ ကြည့်ပြီး အရှိန်ယူပြေးခုန်ရတဲ့ ပြိုင်ပွဲတခုပါ။
ရဲရဲတောက်လှုံ့ဆော်နေသူတွေကြောင့်လည်း လူထုလှုပ်ရှားမှုမဖြစ်နိုင်သလို၊ မထင်မှတ်တဲ့ ပြဿနာလေးတွေကစပြီး မီးထလောင်တတ်ပါတယ်။
စံနစ်တကျ ပြင်ဆင်ထားနိုင်တဲ့သူတွေသာ အခွင့်အရေးပေါ်လာတိုင်း အကျိုးရှိရှိ အသုံးချနိုင်မှာပါ။
အောင်မိုးဝင်း

ကိုရီးယားနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းဆီ သို့ အကြောင်းစာအုပ်ဖတ်ချင်ရင်
Christian W. Haerpfer, Patrick Bernhagen, Ronald F. Inglehart, and Christian Welzel တို့ရေးတဲ့ Democratization မှာ အချက်အလက်တွေရနိုင်ပါတယ်။

ချီလီနိုင်ငံလှုပ်ရှားမှုအတွက် အကောင်းဆုံးစာအုပ်ကတော့ Kurt Schock ရဲ့ People Power Movement in Nondemocracy စာအုပ်နဲ့ Peter Ackerman နဲ့ Jack Duvall တို့ရေးသားတဲ့ A Force More Powerful တို့မှာအသေးစိတ်အချက်အလက်တွေတွေ့နိုင်ပါတယ်။
ကျန်တဲ့သူတွေဆီကလည်း လေ့လာသင်ကြား ဖတ်ရှုချင်ပါသေးတယ်။ မျှဝေကြပါအုံး။



မေမေ သားရှာနေတာကြာလှပြီ

http://mompoem.blogspot.com မှ ကူးယူပါသည်။)

Friday, March 5, 2010
မေမေ... သားရှာနေတာကြာလှပြီ!

(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီလ ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Koblenzမြို့လေးက ရေခဲတွေနဲ့ ဖုံးလွှမ်းထားဆဲဖြစ်တယ်။ မြို့လေးမှာရှိတဲ့ မိဘမဲ့ကျောင်းက Rhineမြစ်ဘေးမှာ တည်ရှိတာကြောင့် မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။

အဲဒီနေ့မနက်က အသက်(၅ဝ)ရှိပြီဖြစ်တဲ့ စစ္စတာထရီယာတစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်ဖို့စီစဉ်ခဲ့တယ်။ ကျောင်းတံခါးဝအရောက်မှာ ရုတ်တရက်ကလေးငိုသံကို သူကြားလိုက်မိတယ်။ အသံကြားရာဖက်ကို သူလှည့်ကြည့်တော့ တံခါးဝနဲ့မလှမ်းမကမ်း ခြုံပုတ်တစ်ခုမှာ ရွှေရောင်ဆံပင်နဲ့ ကလေးငယ်တစ်ယောက်ကို တွေ့လိုက်တယ်။ စစ္စတာက ကလေးကို ကျောင်းထဲခေါ်ယူမွေးစားပြီး Derbyလို့ အမည်ပေးခဲ့တယ်။

(၇)နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ ဖြတ်သန်းခဲ့တယ်။ Derbyတစ်ယောက် မိဘမဲ့ကျောင်းကနေ ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တယ်။ Derbyဟာ စိတ်သဘောထားကောင်းပေမယ့် စိတ်ကျ နွမ်းလျတတ်တဲ့အကျင့်ရှိတယ်။

နေသာတဲ့နေ့တွေမှာ စစ္စတာတွေက ကလေးတွေခေါ်ပြီး တောအုပ်အလွန် မြစ်ဘေးကမြက်ခင်းပြင်ဆီ သွားရောက် ဆော့ကစားတတ်ကြတယ်။ တောအုပ်မနီးမဝေးမှာရှိတဲ့ ရွာလူတွေက မိဘမဲ့ကလေးတွေကို လက်ညှိုးထိုးပြီး သူတို့ကလေးကို "အဲဒီကလေးတွေက မိဘအစွန့်ပစ်ခံထားရတဲ့ ကလေးတွေ... နင်တို့လည်း မလိမ္မာရင် မိဘမဲ့ကျောင်းကို ပို့ပစ်မယ်" လို့ ပြောတတ်ကြတယ်။

အဲဒီလိုစကားကြားတိုင်း Derby အရမ်းဝမ်းနည်းမိတယ်။ စိတ်ထိခိုက်လွန်းပြီး စစ္စတာကို "စစ္စတာ... ကျွန်တော့်မိဘတွေက ဘာဖြစ်လို့ ကျွန်တော့်ကို မလိုချင်တာလဲ? ကျွန်တော်ကို သူတို့မချစ်လို့လား?"လို့ မေးတယ်။ ဒယ်ဘီရဲ့အသံထဲမှာ သူ့အသက်နဲ့မလိုက်တဲ့ ရှုပ်ထွေးမှုတွေပါနေခဲ့တယ်။ သူ့အမေးကို စစ္စတာက တအံ့တသြနဲ့ "ဘာဖြစ်လို့ ဒီလိုတွေးရသလဲ?"လို့ဆိုတယ်။

"ကျွန်တော်တို့က မိဘတွေစွန့်ပစ်ထားတဲ့ ကလေးတွေလို့ လူတွေပြောကြတယ်" ဝမ်းနည်းကြေကွဲတဲ့အသံနဲ့ ဒယ်ဘီဆိုတယ်။

"သားရဲ့မေမေကို စစ္စတာမတွေ့ဖူးပေမယ့် သားကို သူချစ်တယ်ဆိုတာ စစ္စတာယုံတယ်။ လောကကြီးမှာ ကိုယ့်သားသမီးကို မချစ်တဲ့မိခင်ဆိုတာ မရှိဘူး။ သားမေမေ သားကိုစွန့်ပစ်ခဲ့ရတာက သူ့မှာအခက်အခဲရှိလို့၊ အကူအညီမဲ့ခဲ့လို့ဖြစ်မယ်"

စစ္စတာရဲ့နှစ်သိမ့်စကားကို ဒယ်ဘီဘာမှပြန်မပြောခဲ့တော့ဘူး။ အဲဒီကစ ဒယ်ဘီ ပိုကြီးပြင်းခဲ့တယ်လို ထင်ရတယ်။ သူဟာ ပြတင်းပေါက်မှာ အမြဲရပ်နေပြီး Rhineမြစ်ဘက်ကို ငေးမောကြည့်နေတတ်တယ်။ အမေကိုလွမ်းဆွတ်တဲ့ ဒယ်ဘီရဲ့အလွမ်းတွေက မြစ်ရေတွေနဲ့အတူ စီးမျောသွားခဲ့တယ်။

(၂ဝဝ၃)ခုနှစ် မိခင်များနေ့ .... မိခင်များနေ့ရဲ့ နွေးထွေးကြည်နူးစရာမြင်ကွင်းတွေက အမေကို ပိုမျှော်လင့်တောင့်တစေအောင် ဒယ်ဘီရဲ့စိတ်ကို ထိုးဆွခဲ့တယ်။ တီဗီလိုင်းတိုင်းမှာ မိခင်များနေ့ကို ဂုဏ်ပြုတဲ့အစီအစဉ်တွေ ထုတ်လွှင့်ခဲ့တယ်။ အစီအစဉ်မှာ အမေအတွက် သားသမီးတွေရဲ့ တုန့်ပြန်မှုကို ဖော်ညွှန်းပြသခဲ့တယ်။ (၆)နှစ်အရွယ် ကလေးတစ်ယောက်က ချွေးတလုံးလုံးနဲ့ အမေကိုမြက်ရိတ်ကူခဲ့တယ်။ အမေက ဘေးကနေပြီး သားကို မျက်ရည်အဝဲသားနဲ့ ကြည့်နေခဲ့တဲ့ ရိုက်ကွက်တွေဖြစ်တယ်။ ဒါကို ဒယ်ဘီကြည့်ပြီး "ကျွန်တော်လည်း မိဘတွေကို ကူညီချင်လိုက်တာ သူတို့ဘယ်မှာလဲ?" လို့ စစ္စတာကိုမေးခဲ့တယ်။

ဒယ်ဘီရဲ့အမေးကို စစ္စတာပြန်မဖြေနိုင်ခဲ့ဘူး။ နှစ်တွေကြာခဲ့သည့်တိုင် ဒယ်ဘီမိဘရဲ့သတင်းအစအန ဘာမှမရခဲ့ဘူး။ ဝမ်းနည်းအားငယ်စိတ်နဲ့ လမ်းမပေါ် ဒယ်ဘီပြေးထွက်ခဲ့မိတယ်။ လမ်းမပေါ်မှာ အမေတွေကအများကြီး ဒါပေမယ့် ဒယ်ဘီအတွက် အမေတစ်ယောက်တောင် မပါခဲ့ပါဘူး။ လမ်းသွားလမ်းလာတွေကို ကြည့်ပြီး ဒယ်ဘီ ချုံးပွဲချငိုခဲ့မိတယ်။

လအတန်ငယ်အကြာမှာ အသက်(၉)နှစ်ရှိပြီဖြစ်တဲ့ ဒယ်ဘီတစ်ယောက် မိဘမဲ့ကျောင်းကခွါပြီး ကျောင်းနဲ့မနီးမဝေးက မူလတန်းကျောင်းမှာ ကျောင်းသွားတက်ခဲ့တယ်။ တစ်ခါက အတန်းချိန်တစ်ချိန်မှာ ဆရာမက သူတို့ကို ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

"ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။ ဘုရင်ကြီးက Go (ချက်ထိုး)ကစားတာကို အရမ်းနှစ်သက်ခဲ့ပြီး ကစားနည်းထီထွင်ခဲ့သူကို ဆုကြေးတွေချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ထီထွင်ခဲ့သူက သူ့ကို ဆန်စေ့အနည်းငယ်ချီးမြှင့်ဖို့ ဘုရင်ထံတောင်းဆိုခဲ့တယ်။ အဲဒီလူက ဆန်စေ့တွေကို ချက်ပျဉ်ပထမအကွက်မှာ တစ်စေ့တင်လိုက်တယ်။ အဲဒီနောက် ဒုတိယအကွက်မှာ ဆန်နှစ်စေ့၊ တတိယအကွက်မှာ နှစ်ဆတိုးပြီး ဆန်စေ့လေးစေ့တင်ခဲ့တယ်။ အဲဒီလို ဆတိုးပြီး ချက်ပျဉ်တစ်ခုလုံးကို ဆန်အပြည့်တင်လိုက်တယ်။ နောက်ဆုံးမှာ ဆန်အစေ့ပေါင်းစွာရခဲ့တယ်။ အဲဒီဆန်စေ့ပေါင်းတွေက ကမ္ဘာဆန်စေ့ပေါင်းရဲ့ ၁ဝဆဖြစ်ခဲ့တယ်။ အဲဒီအဆပေါင်းတွေကို သူချီးမြှင့်ခံခဲ့ရတယ်"

ဆရာမပြောတဲ့ပုံပြင်ကို နားထောင်ပြီး ဒယ်ဘီရဲ့မျက်လုံးတွေ အရောင်လက်သွားခဲ့တယ်။ တကယ်လို့ လူတစ်ယောက်ကို သူကူညီပြီး အဲဒီလူကို နောက်ထပ်လူ(၁ဝ)ယောက် ထပ်ကူညီခိုင်းမယ်။ ဒီလိုနည်းနဲ့ မေတ္တာတွေကို လက်ဆင့်ကမ်းပြီး တစ်နေ့မှာ ကိုယ့်မိဘပါ အကူအညီခံရမယ်လို့ ဒယ်ဘီတွေးမိတယ်။ အဲဒီနောက် လူတစ်ယောက်ကိုကူညီပြီးတိုင်း ကျေးဇူးတင်စကားပြောခံရချိန်မှာ ဒယ်ဘီက "တစ်ခြားလူ(၁ဝ)ယောက်ကို ခင်ဗျားကူညီတာဟာ ကျွန်တော့်ကို ကျေးဇူးတင်ရာရောက်တယ်"လို့ ဆိုခဲ့တယ်။

အကူအညီခံရသူတွေက ဒယ်ဘီရဲ့စိတ်ရင်းစေတနာကို ခံစားခဲ့ရသလို ဒယ်ဘီရဲ့ဒီလိုနည်းနဲ့ ဖြန့်ဝေလက်ဆင့်ကမ်းတဲ့မေတ္တာတွေက သူတို့ရင်ကို ရိုက်ခတ်ခဲ့တယ်။ ဒယ်ဘီရဲ့နည်းအတိုင်း လူ(၁ဝ)ယောက်ကိုကူညီပြီး အကူအညီခံရသူတိုင်းကို နောက်ထပ်လူ(၁ဝ)ယောက်စီ ထပ်ကူညီဖို့ သူတို့တောင်းဆိုခဲ့တယ်။ အဲဒီလိုနဲ့ မေတ္တာစက်ဝိုင်းတစ်ခုက မြို့လေးရဲ့နေရာအနှံ့မှာ ပြန့်နှံ့ခဲ့တယ်။

ဂျာမဏီက နာမည်ကြီး အစီအစဉ်တင်ဆက်သူ Rickကို ကူညီခဲ့မိမယ်လို့ ဒယ်ဘီ လုံးဝထင်မထားခဲ့မိဘူး။

Rickက အသက်(၅ဝ)အရွယ်ရှိတဲ့ ဂျာမဏီတီဗီလိုင်းက အစီအစဉ်တင်ဆက်သူဖြစ်တယ်။ သူ့ရဲ့ပြည့်ဝတဲ့ စင်ပေါ်အတွေ့အကြုံ၊ ဟာသဥာဏ်ကြောင့် ဂျာမန်တို့နှစ်သက်တဲ့ တင်ဆက်သူတစ်ဦးဖြစ်ခဲ့တယ်။ သူဟာနာမည်ကြီးသူတွေရဲ့ အပြင်ပန်းဟန်ဆောင်မှု၊ ကွယ်ဝှက်မှုတွေကို ထုတ်ဖော်ပြီး သူ့အစီအစဉ်မှာ တင်ဆက်ခဲ့တယ်။ လူတွေရဲ့သရုပ်အမှန်ကို မြင်ပေါင်းများခဲ့လို့ပဲလား! တီဗီလိုင်းတွေရဲ့ အပြိုင်အဆိုင်နဲ့ စိတ်ဖိအားကြောင့်လား! (၂ဝဝ၃)ခုနှစ်မှာ Rickတစ်ယောက် စိတ်ကျရောဂါခံစားခဲ့ရပြီး အလုပ်မှ ခဏရပ်နားခဲ့ရတယ်။ အောက်တိုဘာလမှာ Rickဟာ ခွင့်တစ်နှစ်ယူပြီး ကိုယ်လက်လန်းဆန်း ပြန်ကျန်းမာလာအောင် ခရီးထွက်ဖို့ စီစဉ်ခဲ့တယ်။

အဲဒီနောက် Rickတစ်ယောက် ဒယ်ဘီနေတဲ့မြို့လေးကို ရောက်လာခဲ့တယ်။ လှပတဲ့ Rhineမြစ်အလှက သူ့ကို ညှိ့ငင်ဖမ်းစားထားခဲ့တယ်။ တစ်ညနေစောင်းမှာ မြစ်ကမ်းတစ်လျှောက် Rick လမ်းလျှောက်ထွက်ခဲ့တယ်။ တစ်နေရာအရောက်မှာ ရုတ်တရက် နှလုံးရောဂါဖောက်ပြီး အိတ်ထဲက ဆေးမထုတ်နိုင်ခင်မှာ မြက်ခင်းပြင်ပေါ် သူလဲကျသွားခဲ့တယ်။ အဲဒီအချိန်မှာ မြစ်ကမ်းနဖူးပေါ် ငါးမျှားနေတဲ့ဒယ်ဘီက မူးလဲသွားတဲ့ Rickကိုမြင်ပြီး ဆေးရုံကိုဖုန်းဆက် အချိန်မီကယ်တင်နိုင်ခဲ့တယ်။

ရောဂါသက်သာလာတဲ့ Rickက သူ့ကိုကယ်ခဲ့တဲ့ ဒယ်ဘီလက်ကို ကိုင်ပြီး ကျေးဇူးတင်စကားပြောတယ်။

"လူလေး... မင်းကို ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိဘူးကွာ။ တကယ်လို့ မင်းငွေလိုရင် မင်းကိုငါ ငွေတွေအများကြီးပေးနိုင်တယ်"

Rickအပြောကို ဒယ်ဘီခေါင်းခါပြီး "တကယ်လို့ အကူအညီလိုအပ်တဲ့ လူ(၁ဝ)ယောက်ကို အန်ကယ်ကူညီနိုင်ရင် ကျွန်တော့်ကိုကျေးဇူးဆပ်ရာ ရောက်ပါတယ်" လို့ ပြောခဲ့တယ်။

"မင်းတကယ် ဘာမှမလိုဘူးလား?" Rick အမေးကို ဒယ်ဘီပြုံးပြီး ခေါင်းခါပြလိုက်ပြန်တယ်။

ထူးဆန်းတဲ့ဒယ်ဘီကြောင့် Rick အံ့သြသွားခဲ့တယ်။ အဲဒီမြို့ကမခွါခင် ဒယ်ဘီကိုကားနဲ့ ကျောင်းအထိလိုက်ပို့ပြီး အဆက်အသွယ်ကို သူချန်ခဲ့တယ်။ Rickထွက်ခွါခါနီး ဒယ်ဘီက "လူ(၁ဝ)ယောက်ကို တတ်နိုင်သလောက် ကူညီဖို့ မမေ့ပါနဲ့နော်" လို့ ထပ်မှာပြန်တယ်။ Rickတစ်ယောက် ဒယ်ဘီကို သေချာကြည့်နေခဲ့တယ်။ ဒယ်ဘီရဲ့ စိတ်ရင်းစေတနာတွေက သူ့ဆီကူးစက်လာခဲ့တာကြောင့် ဒယ်ဘီကို သူတလေးတစား ခေါင်းညိတ်ပြခဲ့တယ်။

ဒီကာလအတောအတွင်းမှာ Rickဟာ သူ့ဘဝမျှော်လင့်ချက်ကို ပြန်တွေ့ခဲ့တယ်။ ဒယ်ဘီကြောင့် သူ့ဘဝပိုလှပခဲ့တယ်။ ပေးခဲ့တဲ့ဂတိအတိုင်း လူ(၁ဝ)ယောက်ကို စေတနာရှိရှိ သူကူညီခဲ့တယ်။ လူတွေကိုကူညီပြီးတိုင်း သူ့စိတ်တွေ လန်းဆန်းတက်ကြွလာတယ်လို့ သူခံစားမိတယ်။ အထူးသဖြင့် လူတွေဆီကနေ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းကြားရချိန်မှာ သူ့ဘဝ ပိုတန်ဖိုးကိုရှိလာတယ်လို့ သူခံစားမိခဲ့တယ်။ နှစ်ဝက်လောက်ကျန်သေးတဲ့ သူ့ခွင့်ရက်တွေကို ဖျက်သိမ်းပြီး သူအလုပ်ပြန်ဝင်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေက လူတွေကိုကူညီရင်း ပျော်ရွှင်နေတဲ့ ပြောင်းလဲလာခဲ့တဲ့ Rickကိုကြည့်ပြီး အံ့သြခဲ့ကြတယ်။

လူတွေကိုပေးလိုက်တဲ့ အကူအညီ(၁ဝ)ခုက Rickကို ထူးဆန်းမှုတွေနဲ့ ပြောင်းလဲစေခဲ့တယ်။ သူရဲ့စိတ်ကျရောဂါလည်း တဖြေးဖြေး ပျောက်ကင်းလာခဲ့တယ်။ (၂ဝဝ၃)ခုနှစ် ဒီဇင်ဘာ(၁)ရက်နေ့ညမှာ Rickရဲ့ အစီအစဉ်ကိုစလွှင့်ခဲ့တယ်။ Rickတစ်ယောက် ကင်မရာရှေ့မှာရပ်ပြီး တစ်နိုင်ငံလုံးကို သူကြုံတွေ့ခဲ့တာတွေ ပြောပြနေခဲ့တယ်။

"အရင်တုန်းက တခြားလူတွေရဲ့အကြောင်းကို ကျွန်တော်အများကြီးပြောခဲ့တယ်။ ဒီညမှာတော့ ကျွန်တော့်အကြောင်းကို ကျွန်တော်ပြောပါမယ်....... "

Rickဟာ မျက်ရည်အဝဲသားနဲ့ သူလုပ်ခဲ့တဲ့ လုပ်ရပ်ကောင်း(၁ဝ)ခုကို နာရီဝက်အတွင်းမှာ ပြောခဲ့တယ်။ နောက်ဆုံးမှာ Rickဟာ ဆို့နင့်တဲ့အသံနဲ့ "ဒါတွေဟာ တကယ်ဆိုတာ မယုံတဲ့လူတွေလည်းရှိကြမယ်။ ဒါပေမယ့် ကိုယ့်မေတ္တာ၊ စေတနာတွေကို တစ်ဘက်သားအတွက် ပေးဆပ်လိုက်ချိန်မှာ ရလာတဲ့အပျော်တွေက ကျွန်တော်တစ်ကိုယ်လုံးထဲ လှည့်ပတ်စီးဆင်းစေခဲ့တယ်။ လူဆယ်ယောက်ကို ကူညီတာနဲ့ သင့်ဘဝက ထူးဆန်းအံ့သြမှုတွေနဲ့ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ပါတယ်" လို့ပြောခဲ့တယ်။

ဒီလိုနဲ့ Rickရဲ့အစီအစဉ်က ဂျာမဏီတစ်နိုင်ငံလုံးကို ပြန့်နှံ့သွားခဲ့ပြီး လူတွေရဲ့စိတ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လူတချို့က Rickဆီဖုန်းဆက်ပြီး လူဆယ်ယောက်ကိုကူညီပြီး လုပ်ရပ်ကောင်းဆယ်ခုကို သူတို့လုပ်ဖို့ သဘောတူကြောင်း ပြောခဲ့တယ်။ တချို့က သူ့အစီအစဉ်မှာ ဒယ်ဘီကိုခေါ်ခဲ့ဖို့ တောင်းဆိုကြတယ်။ စိတ်စေတနာကောင်းတဲ့ ဒယ်ဘီကို သူတို့တွေ့ချင်ခဲ့ကြတယ်။

(၂ဝဝ၄)ခုနှစ် ဇန်နဝါရီလမှာ ဒယ်ဘီကို Rickရဲ့ အစီအစဉ်မှာ ဖိတ်ခေါ်ခဲ့တယ်။ ပရိသတ်တွေက ဒယ်ဘီကို တအံ့တသြနဲ့ "မင်းမှာ ဘာဖြစ်လို့ အဲဒီလိုအတွေးတွေရှိခဲ့တာလဲ"လို့ မေးတော့ ဒယ်ဘီက မျက်နှာနီလေးနဲ့ နုတ်ခမ်းကိုတစ်ချက်ကိုက်ပြီး သူ့အတွေးတွေကို ပြောပြခဲ့တယ်။ ကလေးငယ်တစ်ဦးမှာ မိခင်ကိုချစ်တဲ့စိတ်တွေ ဒီလောက်နက်နဲလိမ့်မယ်လို့ လူတွေမထင်ခဲ့ကြဘူး။ တချို့လူကြီးပိုင်းအရွယ်တွေက တစ်နေ့ကုန်တစ်နေ့ခမ်း အလုပ်တွေရှုပ်ပြီး ကိုယ့်မိခင်ကို မေ့ထားတတ်ကြတယ်။ ဒယ်ဘီရဲ့အတွေးတွေက လူတွေရဲ့အနူးညံ့ဆုံး၊ အပျော့ပျောင်းဆုံး စိတ်တစ်နေရာကို ကိုင်လှုပ်နိုင်ခဲ့လို့ ပရိသတ်အများရဲ့မျက်လုံးမှာ မျက်ရည်တွေ ဝေသီခဲ့ရတယ်။

Rickက ပိန်လှီလှတဲ့ ဒယ်ဘီရဲ့ခန္ဓာကိုယ်ကို တင်းတင်းပွေ့ဖက်ပြီး "မင်းအမေတော့ မင်းကိုအရမ်းချစ်မှာပဲ၊ မင်းအမေကို မင်းတစ်နေ့တွေ့မှာပါ" လို့ အားပေးစကားဆိုခဲ့တယ်။

ဂျာမဏီနိုင်ငံတစ်ခုလုံးကို "လုပ်ရပ်ကောင်း(၁ဝ)ခု"ဆိုတဲ့လှိုင်းတစ်ခု ရိုက်ခတ်သွားခဲ့တယ်။ အရင်က ခက်ထန်တဲ့လူတချို့ရဲ့ မျက်နှာပေါ်မှာတောင် နွေးထွေးတဲ့အပြုံးတွေ တွေ့မြင်ကြပြီဖြစ်တယ်။ လူတွေက သူတို့ကူညီခဲ့တဲ့လူတွေမှာ ဒယ်ဘီမိခင်ပါဝင်ဖို့ မျှော်လင့်ခဲ့ကြတယ်။

ဒယ်ဘီရဲ့ရုပ်ပုံနဲ့အသံကို ဂျာမဏီနိုင်ငံရဲ့ လမ်းတိုင်းမှာတွေ့မြင်ရတယ်။ ဒယ်ဘီရဲ့ပုံပြင်ကို လူတိုင်းပြောစမှတ်ပြုခဲ့ကြတယ်။ တီဗီလိုင်းတွေကလည်း ဒယ်ဘီမိခင်ရှာပုံတော်မှာ ကူညီခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမိခင်က လူထင်ထွက်မပြခဲ့ပါဘူး။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလမှာ စိတ်ရင်းစေတနာကောင်းတဲ့ ဒယ်ဘီအပေါ် အကြောင်းမလှတဲ့ ကံတရားတစ်ခုကျရောက်ခဲ့တယ်။ ဒယ်ဘီနေတဲ့ကျောင်းက ကျောင်းသားအများဟာ ဆင်းရဲတဲ့မိသားစု၊ ပတ်ဝန်းကျင်က ကြီးပြင်းလာသူတွေဖြစ်တယ်။ တချို့ကလေးတွေဟာ ငယ်ငယ်လေးကတည်းက ဒုစရိုက်အဖွဲ့တွေထဲ ပါဝင်ခဲ့သူတွေဖြစ်တယ်။ ဒယ်ဘီကိုလူသိများလာပြီးနောက် ဒယ်ဘီမှာ ငွေကြေးတွေရှိလာနိုင်တယ်လို့ ထင်ပြီး ဒယ်ဘီကို သူတို့ရဲ့ပစ်မှတ်အဖြစ်ထားခဲ့တယ်။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေကျောင်းဆင်းချိန် အပြန်လမ်းမှာ ဒယ်ဘီကို ကျောင်းသားဆိုးတချို့ ဝိုင်းလုယှက်ခဲ့ကြတယ်။ ဒယ်ဘီကိုယ်ပေါ်မှာ သူတို့လိုချင်တဲ့ ငွေကိုမတွေ့တော့ ဒေါသကြီးတဲ့ လူငယ်တွေက ဒယ်ဘီကို ဓားနဲ့ထိုးခဲ့ကြတယ်။

ဒယ်ဘီရဲ့ဗိုက်နဲ့ နှလုံးအိမ်မှာ ဓားထိုးတွင်းခံရပြီး အကြီးအကျယ်ဒဏ်ရာရခဲ့တယ်။ သွေးအိုင်ထဲမှာ ၂နာရီကျော် လဲလျောင်းနေခဲ့ရတဲ့ ဒယ်ဘီကို ကင်းလှည့်ယာဉ်တွေ့မှ ဆေးရုံကိုပို့ခဲ့ရတယ်။ မေ့မြောနေတဲ့ ဒယ်ဘီဆီကနေ "မေမေ... မေမေ..."ဆိုတဲ့ ညည်းသံကို လူတွေကြားခဲ့ရတယ်။

တီဗီလိုင်းတွေက ဒယ်ဘီရဲ့အခြေအနေကို ၂၄နာရီလုံး ထုတ်လွှင့်ခဲ့တယ်။ ဒယ်ဘီကို ဂရုစိုက်စိုးရိမ်ကြသူတွေက ဒယ်ဘီကျန်းမာဖို့ ဆုတောင်းကြတယ်။ တက္ကသိုလ်ကျောင်းသားတွေစုပြီး အလက်ဆန္ဒားရင်ပြင်မှာ လက်ချင်းချိတ်ပြီး အသဲပုံပြုလုပ်ခဲ့ကြတယ်။ သူတို့ရဲ့ပါးစပ်မှာလည်း "မေမေ... မေမေ..." လို့ ရွတ်အော်ခဲ့ကြတယ်။ သူတို့ရဲ့ရွတ်အော်သံကိုကြားတဲ့ လူတွေက မျက်ရည်အဝဲသားနဲ့ ဒီ"အသဲပုံ" ထဲပါဝင်လာကြတယ်။ နောက်ဆုံးမှာ လူတွေတဖြေးဖြေး များပြားလာခဲ့ပြီး အသဲပုံလည်း တဖြေးဖြေးကြီးမားလာခဲ့တယ်။

လူတွေကို ပိုထိခိုက်ဝမ်းနည်းစေခဲ့တာက ဒယ်ဘီဓားထိုးခံရပြီး နာရီပိုင်းနောက်မှာ အမျိုးသမီးရာပေါင်းများစွာက တီဗီလိုင်းဆီ ဖုန်းဆက်ပြီး သူတို့ဟာ ဒယ်ဘီရဲ့မိခင်အဖြစ် သရုပ်ဆောင်ဖို့ သဘောတူကြောင်းပြောခဲ့တယ်။ Rita က Munichတက္ကသိုလ်က ကျောင်းဆရာမတစ်ဦးဖြစ်တယ်။ ရီတာက ဆို့ဆို့နင့်နင့်နဲ့ "ဒယ်ဘီဆိုတဲ့ လူလိမ္မာလေးရဲ့ မိခင်လုပ်ရမှာ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူမိပါတယ်"လို့ဆိုတယ်။

အသက်(၃၅)နှစ်ရှိတဲ့ Talinaက ဖုန်းအကြိမ်ကြိမ်ဆက်ပြီး "ကျွန်မက မိခင်မဲ့ကလေးတစ်ဦးပါ။ အမေရဲ့မေတ္တာကို ငယ်ငယ်လေးကတည်းက ကျွန်မတောင့်တခဲ့ပါတယ်။ ဒါကြောင့် ဒယ်ဘီရဲ့ခံစားချက်ကို ကျွန်မနားလည်နိုင်ပါတယ်" လို့ဆိုခဲ့တယ်။

Koblenzမြို့က Judyဆိုတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့နှစ်တွေမှာ သူ့သားလေးပျောက်ဆုံးခဲ့ရပြီး သားလေးကိုရှာဖွေနေဆဲသူက "ကျွန်မသားလေးသာ ဒယ်ဘီလိုမျိုး အမေကိုလွမ်းဆွတ်နေခဲ့ရင် ကျွန်မအရမ်းပျော်မိမှာပဲ၊ ဒယ်ဘီရဲ့မိခင်ဖြစ်ဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဒယ်ဘီကို မိခင်မေတ္တာအစစ်အမှန်နဲ့ ကျွန်မတစ်သက်လုံးချစ်ပါ့မယ်" လို့ဆိုတယ်။

ထောင်သောင်းမကတဲ့ ဖုန်းတွေမှာ မိခင်အများက သူတို့ရဲ့စစ်မှန်တဲ့အတွင်းစိတ်နဲ့ "ဒယ်ဘီရဲ့မိခင်"လုပ်နိုင်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမှာ မိခင်တစ်ဦးပဲရှိနိုင်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးကိုပဲရွေးပြီး ဒယ်ဘီရဲ့မိခင်အဖြစ် ဒယ်ဘီကိုပြုစုစောင့်ရှောက်စေခဲ့တယ်။ အရေးကြီးဆုံးအချိန်ဖြစ်တာကြောင့် လူအများစိစစ်ဆွေးနွေးပြီးနောက် ဒယ်ဘီနဲ့တစ်မြို့ထဲနေတဲ့ Judyကို ဒယ်ဘီရဲ့မိခင်အဖြစ် သဘောတူလိုက်ကြတယ်။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မနက်ပိုင်းမှာ မေ့မြောနေရာက ဒယ်ဘီနိုးလာခဲ့တယ်။ မျက်လုံးကိုဖွင့်လိုက်တာနဲ့ Lily ပန်းတစ်စည်းကိုင်ထားတဲ့ Judyကို ကုတင်ဘေးမှာ ရပ်နေတာတွေ့လိုက်တယ်။ Judyက ဒယ်ဘီရဲ့လက်ကိုကိုင်ပြီး "ဒယ်ဘီ... မေမေ.. မေမေဒီမှာပါ" လို့ဆိုတယ်။ နေရောင်ခြည်ကို တွေ့သလိုမျိုး ဒယ်ဘီမျက်လုံးတွေ အရောင်လက်လာခဲ့တယ်။ အံ့သြသွားတဲ့ပုံစံနဲ့ "တကယ်ပဲ ကျွန်တော်ရဲ့အမေလားဟင်!" လို့မေးတယ်။

မျက်ရည်စက်လက်နဲ့ Judyခေါင်းညိတ်ပြလိုက်တယ်။ အခန်းထဲမှာရှိတဲ့လူတွေကလည်း ဒယ်ဘီကို ဟုတ်မှန်ကြောင်း အပြုံးနဲ့ခေါင်းညိတ်ပြကြတယ်။ မျက်ရည်စီးကြောင်းနှစ်ကြောင်းက ဒယ်ဘီပါးပြင်ပေါ် စီးကျလာခဲ့တယ်။

"မေမေ... သားရှာနေတာကြာလှပြီမေမေ.. သားကို ထပ်ခွဲမသွားပါနဲ့နော် မေမေ.. ထပ်ခွဲမသွားပါနဲ့တော့"

"စိတ်ချပါသားရယ်.. သားကို မေမေ ဘယ်တော့မှ ခွဲမသွားတော့ပါဘူး"

Judy ခေါင်းညိတ်ပြရင်း ရှိုက်ကြီးတငင်နဲ့ပြောတယ်။ ဒယ်ဘီရဲ့ဖြူရော်နေတဲ့မျက်နှာမှာ အပြုံးတွေ ဖူးပွင့်သွားခဲ့တယ်။ စကားတွေအများကြီး သူထပ်ပြောချင်ပေမယ့် သူမှာပြောဖို့ အင်အားမရှိခဲ့ဘူး။

အဲဒီနေ့က ဒယ်ဘီရဲ့ လူ့ဘဝနောက်ဆုံးနေ့ဖြစ်တယ်။ Judyရဲ့လက်ကို လွတ်ထွက်သွားမှာစိုးတဲ့အလား သူတင်းတင်းဆုပ်ကိုင်ထားမိတယ်။ အမေ့မျက်နှာကိုကြည့်ဖို့ သူမျက်လုံးတွေ တစ်ချက်မှမမှိတ်ခဲ့ဘူး။ အခန်းထဲမှာရှိတဲ့ လူတွေရဲ့ပါးပြင်မှာ မျက်ရည်တွေ မခြောက်ခမ်းခဲ့ဘူး။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်၂နာရီမှာ ဒယ်ဘီတစ်ယောက် မျက်လုံးစုံမှိတ်ပြီး လူ့ဘဝထဲကနေ ထာဝရထွက်ခွါသွားခဲ့ပါတယ်။ ဒါပေမယ့် Judy လက်ကို သူတင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ.....

မူရင်း-- http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, September 05, 2010

သမိုင်းကွေးသူများ

ရေရှည် စစ်တဲ့
ဓါးထုတ် လှံထုတ်
တွေ့ သမျှ ရန်သူ
အကုန်ခုတ်ရမယ်ဆိုဘဲ

အမိန့် တွေက
အရပ် လေးမျက်နှာက လာတယ်
အရပ် ရှစ်မျက်နှာက လာတယ်
ကောင်းကင် ပေါ်က လာတယ်
မြေကြီးထဲက လာတယ် ……..
ဟိတ်တွေ ဟန်တွေဆီက လာတယ်…..။
မလာတာဆိုလို့ 
အမိန့် ပေးတဲ့ သူတွေပဲ ရှိတယ် …..။

ရန် ….. ငါ စည်းပြတ်ရမယ်
ရန် ….. ငါ စည်းပြတ်ရမယ်
အသံပြာ အားကုန်
ကိုယ်ကျိုးစီးပွား အနေချောင်လိုသူများကတော့
နဲနဲလေးမှမဖြုန်
တော်လှန်ရေးကြီး ပြီးဆုံသွားမှာကိုတောင်
ရင်တုန်နေကြတယ် ……။

ရန် ….. ငါ စည်းမပြတ်တော့
သံ ဃာ အသတ်ခံရတာ
ကျောင်းသား လူငယ် အသတ်ခံရတာ
ပြည်သူလူထုကြီး အသတ်ခံရတာ
ပုံပြင်လည်းမဟုတ် ရာဇ၀င်ထဲက အမှိုက်ထုပ်လည်းမဟုတ်တဲ့
သမိုင်းစစ်စစ်ရဲ့  မှတ်တိုင်များ
ခေတ်ကြီးက သက်သေပြခဲ့ပြီးသား မဟုတ်လား …။

အခုများတော့
ရန် ….. ငါ စည်းပြတ်ရမှာလဲ မသိတော့ဘူး
ဒို့ ခေတ်ရောက်မှ ညံ့နေကြပြီဆိုတာလည်း မသိတော့
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရမယ်ဆိုတာလည်း မသိတော့ဘူး
မပြီးဆုံးနိုင်သေးတဲ့ တော်လှန်ရေးထဲမှာ
တိုင်းပြည်အရေး မိုးထဲလေထဲမှာ

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေကြသည့်ကိစ္စများ
ရပ်တန်းက မရပ်နိုင်ကြတော့ဘူးလား
အဆုံးသတ်မှာ သမိုင်းတရားခံအဖြစ်
ဒီမိုး ဒီရေ ဒီလေ ဒီလူတွေနဲ့ 
ရွှေပြည်တော် မျှော်တိုင်းဝေးပေါ့ …..။


ရဲရင့်သက်ဇွဲ
စက်တင်ဘာ ၂၀၁၀



Sunday, August 22, 2010

အဲဒီတံခါး တစ်ချပ်နောက်မှာ

အမှားတွေက
ပဲ့ပဲ့ကျလာပြီး
ကမ္ဘာကြီးဖြစ်လာသလား. . .
လူ့ရွာဟာ လေလွင့်လွန်းပါတယ်။
သတ်မှတ်လိုက်ကြ၊ ချိုးဖောက်လိုက်ကြ
ကျင့်ဝတ်တွေ များပြီ
ချက်ချင်းနေ့ ချက်ချင်းညတွေ များပြီ
အစီအစဉ်ကျမှုတွေနဲ့ ဝေးဖို့
တော်လည်းနိမိတ်တွေ မမြည်ခဲ့ဖူး
မသိဘူး

နောက်. . .
အစီအစဉ်မကျဖူး
တစ်ခန်းရပ်ပြန်ရော။
နွေရာသီတစ်ခုကို သတိရတယ်။
ယာသစ်မြေသစ်နံတွေက သင်းသင်း
တောမီးကို တောမီးနဲ့ တားကြရင်း
ချစ်ခြင်းတွေ ကြီးပြင်းကြပုံ။
ဒီအစီအစဉ်ပဲ ရှိခဲ့တာပါ
နောက်ထပ် တံခါးတစ်ချပ်နောက်မှာ
ဘယ်သူနေထိုင်မှန်း မသိဘူး။
ဘယ်အချိန်ဟာ အချိန်မတော်မှန်း မသိဘူး။
အချိန်ဆိုတာ ရှိသလား သေချာမသိဘူး။
အစီအစဉ်တွေ အရည်ပျော်တဲ့အထိ. . .
ပျော်စရာကောင်းခဲ့တယ်။
လိုချင် ငတ်မွတ်တာတွေကို
သူ့ဟာသူ သဘာဝမှာ ရွေးချယ်။
“အမှားမကင်းတဲ့” ဆိုကတည်းက
လူသားချင်း မရွေးချယ်ခဲ့ဘူး။
ဒါပဲ၊ ပြီး
ပျောက်ဆုံးသွားရှာတယ်။ ။

ဇော်ထွဋ်နိုင်

(ပျံ့ လွင့် နေ သော တေး နှင့် က ဗျာ ၀ိ ညာ ဉ် ဘလောဂ်မှ ကူးယူပါသည်။)

မျိုသိပ်ထားရတဲ့ကိစ္စ(၂)

မျိုသိပ်ထားရတဲ့ကိစ္စ(၂)

ဒါ ကျွန်တော် သေဆုံးခဲ့တဲ့ လေထုပဲ။
အခါခါ သေဆုံးခဲ့တဲ့ လေထုပဲ။
အဏုမြူဆောင်း အေးအေးကြီးထဲမှာ
ကျွန်တော့် တစ်နံတလျားကို ၀ါးမျိုမတဲ့
မဟာအမိုက်တိုက် တိမ်လိပ်ကြီးတွေနဲ့
“နေ၀င်ရီတရော”လို့ အိပ်မက်တယ်။
ရှိစုမဲ့စု ကြယ်တစ်ပွင့်ကို ခတ်နှိပ်ပြီး
မိုက်မဲရဲရင့်တဲ့ စိတ်ကူးကောင် ကျွန်တော်ဟာ
တစ်ခါက ဗာရာဏသီမှာ ငိုက်မျည်းနေခဲ့ဖူးတာ
ဟယ်လင်မင်သမီးရဲ့
နိမိတ်ဖတ် ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးတာ
ပုဂံပြည်ရဲ့ အုတ်ဖုတ်သမား တစ်ယောက်
ဖြစ်ခဲ့ဖူးတာ. . .

ရှေ့ခေတ် ရောမအင်ပါယာက
ရထားမောင်းသမား ဖြစ်ခဲ့ဖူးတာ. . .
မန်ချက်စတာ ယူနိုက်တက်
ဘောသမားတစ်ယောက် ဖြစ်ခဲ့ဖူးတာ
ဖာရိုဘုရင်ရဲ့ သမားတော်ကြီး ဖြစ်ခဲ့ဖူးတာ
ဘာဆိုဘာမျှ
ကျွန်တော့် လက်ဖ၀ါးပေါ်မှာ ပါမလာခဲ့ဘူး။
မျက်နှာသစ်ထားတဲ့ မနက်ခင်းတစ်ချပ် ရှိတယ်။
ဘာမဆို လိုတရတဲ့ လေနုအေးတွေ ရယ်မောလို့
လေးနာရီခြားတစ်ခါ
ကျွန်တော် မွတ်သိပ်တယ်။
အိပ်မက်ကပဲ ကျွန်တော့်ကို
အိပ်မက်က နှိုးပြီး
အိပ်မက် ပြန်ဖြစ်သွားစေခဲ့ပေါင်းများပြီ။
အနှစ်လေးဆယ်ကျော်ပြီ။
(၃၁) ဘုံမှာ အခံစားတတ်ဆုံးကောင်အဖြစ်
သူမနဲ့ တွေ့ဆုံခဲ့ပုံကိုတော့
မျိုသိပ်ထားရဦးမယ်။ ။

ဇော်ထွဋ်နိုင်

( ပျံ့ လွင့် နေ သော တေး နှင့် က ဗျာ ၀ိ ညာ ဉ် , ဘလောဂ်မှ ကူးယူဖေါ်ပြသည်)





မိတ်ဆွေမုန်တိုင်း

မိတ်ဆွေမုန်တိုင်း

မုန်တိုင်းကတော့
ဆွေမျိုးသားချင်းရယ် မရှိဘူး။
ခက်တာက
ကျွန်တော် စိန်ပန်းနီတွေချည်း
အိပ်မက်တယ်။

ရှင်းပြီးသား
သူ
စိတ်ကူးယဉ် သိပ္ပံဝတ္ထုမရှိ
နွေနေ့ခင်း ပျင်းရိငြီးငွေ့မှု မရှိ
ဟန်လုပ်နားဆင်မယ့် မိတ်ဆွေတစ်ယောက် မရှိ
ကြိုးမဲ့ တယ်လီဖုန်းမရှိ
နောက်. . .
အကြောက်အလန့် မရှိ
ခန်းဆီးစကွယ်လို့ မသူတော်ကိစ္စဖြစ်မှာ
မကြိုက်ဘူး
လောကပါလထက်
တောသားအထာ မကျသူတွေကို ယုံကြည်
နည်းနည်းဟန်ဆောင်ပြီး
များများအားမနာပနဲ့ တုန်ရီလွန်းလို့
စိတ်အကျင့်နဲ့ လိုက်အောင်
အိုကြီး အိုမ ဆံရှည်ထားတတ်သူ
ကျွန်တော်. . .
တစ်နေ့က. . .
စာနှစ်စောင်လာတယ်
၁။ ဗာဂျီးနီးယားက မိတ်ဆွေ ယာဉ်တိုက်မှုနဲ့ သေဆုံးတဲ့နာရေး
၂။ တစ်ပင်ထူတဲ့ ညီလေး သားဦးမွေးတဲ့ သာရေး
မုန်တိုင်းကတော့
ဆွေမျိုးသားချင်းရယ် မရှိပါဘူး။ ။

၁၂ ဇွန် ၂၀၀၂
ဇော်ထွဋ်နိုင်

( ပျံ့ လွင့် နေ သော တေး နှင့် က ဗျာ ၀ိ ညာ ဉ် , ဘလောဂ်မှ ကူးယူဖေါ်ပြပါသည်.)


Friday, August 20, 2010

ဝေဒနာတွေကို ငါ ကြောက်တယ်

ဘယ်အရာမှ
မတည်မြဲဘူး
မီးခိုး တိမ်ခိုးများလို
လေနှင်ရာ ရွေ့ လျား
သောကများနဲ့ ထွက်ခွါ
ရေကြည်ရာ မျက်နုရာ ။

မွန်းတည့်ချိန် နေရဲ့ 
တောက်လောင်မှုလိုမျိုး
အလိုရမ္မက်တို့ 
တဖျင်းဖျင်းတောက်လောင်
ဒုက္ခတရားများက
အာသာငမ်းငမ်း
ဟိန်းဟောက် ခြိမ်းချောက်
ဝေဒနာတွေကို ငါ ကြောက်တယ် ။

သူစိမ်းတို့ ရဲ့  မြေပေါ်မှာ
မစိမ်းသူတို့ ရဲ့ 
ဝင်ကစွပ် ဘ၀များ
ပြိုလွယ် ပျက်လွယ်
ကိုယ်ခံအားနည်းသူတွေအတွက်
သမာဓိ အားကောင်းဘို့ တော့ လိုမယ် ။
ဝေဒနာတွေကို ငါကြောက်တယ် ။

အားတင်းထားဟေ့
ငါက ငါ့ကို ပြန်အားပေး
ငါက ငါ့ကို ပြန်ဆွဲထူ
ကိုယ်ထူ ကိုယ်ထ
အဲဒါမှ ဘ၀က လှမယ်
ဝေဒနာတွေ တော့ ငါကြောက်တယ် ။

ရဲရင့်သက်ဇွဲ
၂၀ ၈ ၂၀၁၀



ကျွန်ုပ်တို့၏ မညာသောနှလုံးသားဖြင့် တွေ့ရှိချက်

ကျွန်ုပ်တို့၏ မညာသောနှလုံးသားဖြင့် တွေ့ရှိချက်

(၁)
ခုလိုကာလ
ခဏတော့နေပါစေ
နေအလာအလင်းဖြန်းရင်
နန်းဇာတိရုပ်ပေါ်လိမ့်မယ်။
ကျင်လုံ လို
အလိုတော်ရိဇာတ်ကောင်ကမှ
ကြည့်ရကောင်းပါသေးတယ် ။
(၂)
အခုတလော
ခေတ်အစားဆုံး
ဧရာမလှုပ်ရှားမှုဟာ
အစည်းအဝေးပါပဲ ။
ဒါလဲ
ရောဂါပဲ လို့
ငါ့ရဲဘော်ကပြောဖူးတယ်။

(၃)
ဒီကောင်က
ကြောင်တယ်
ဖောက်ပြန်တယ်...တဲ့။
ကျွန်တော်ဟာ
တော်လှန်တယ်
မှန်ကန်တယ်တဲ့
သတင်းပေး..နဲ့
မိတ်ဖွဲ့ခဲ့သူက
သူရသတ္တိကြီးမားစွာ
အခန်းမှာမရှိသူအား
စွဲချက်များ တင်ရဲ့။
စာစဖတ်ခါစ
အစည်းအဝေးတက်လေ့ကျင့်သူ
စကားပြောလေ့ကျင့်သူ
လူမမယ်တစ်စုဟာလည်း
ဟုတ်ပါတယ်... တဲ့။
ထောက်ခံပါတယ်တဲ့ ..
ဟန်နဲ့ပန်နဲ့ ထအော်တယ်။
(၄)
သြော်
ဇလုပ်ပြသံ
အပုတ်ချသံ
ပုတ်ခတ်သံ ခုတ်ဖြတ်သံများ
ရန်ကုန်မှာ
သံစုံမြည်ဟည်း
တော်လှန်ရေးကြီးတစ်ခုပေါလေ။
(၅)



(၆)
ပါလီမန်ခေတ်
အသံချဲ့ဓါတ်ခွက်နဲ့
ဆက်သွယ်တဲ့အလုပ်
လုပ်နေသူတွေလဲ
လုပ်နေတာပါပဲ။
သူရဲကောင်းများ
စကားနှုတ်ဆိတ်
အလုပ်ကြိတ်လုပ်သွားခဲ့တယ်။
ငါဦးခိုက်ရှိခိုးမယ်။
(၇)
အို ..သူရဲကောင်းတို့
ခြေအစုံမှ
မြေတစ်မှုန်ကျန်ရစ်
အောင်ချိမ့် ဖြစ်တယ်။
တစ်လောကလုံး
အကျည်းတန်ဆုံးအရာဟာ
သစ္စာဖောက်မျက်ခွက်ဖြစ်တယ်။ ။
အောင်ချိမ့်
(ပန်းနုရောင်အိပ်မက် ကဗျာစုမှ)

(ဆရာမ မနော်ဟရီ ဘလောဂ်မှ ကူးယူပါသည်။)

Tuesday, August 17, 2010

မိုးဆိုရင်လည်းရွာ အမေရေ. . .ရွာ. . .ရွာ

မိုးဆိုရင်လည်းရွာ အမေရေ. . .ရွာ. . .ရွာ

သံသရာမွှေးမယ့် ရနံ့ ကဗျာစာအုပ်ကို ဇော်ထွဋ်နိုင်သေပြီးတော့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝခဲ့ပါတယ် …။သူ့ရဲ့ ကိုယ်ရေးအကျဉ်းလေးပါ ပူးတွဲဖော်ပြပေးလိုက်ပါတယ်ဗျာ။

အမည်ရင်းမှာ ဇော်ထွဋ်နိုင် ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ ၁၀ရက်နေ့၊ ပျဉ်းမနားမြို့၊ ရန်အောင် ရပ်၊ ရှမ်းကန်အရှေ့ဘက်တွင် အဖ ဦးခင်မောင်ထွေး(ပျဉ်းမနား)၊ အမိ ဒေါ်ခင်မြရင်တို့မှ မွေးဖွားသည်။ ၁၉၉၃၊ ၉၄ တွင် စာပေလောကသို့ ၀င်ရောက်ကာ ဇွဲသတ္တိဂျာနယ် အယ်ဒီတာ အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ပြည့်နှစ်တွင် Sport Light ဂျာနယ်အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ မှ ၂၀၀၃ soccer ဂျာနယ် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ ၂၀၀၄ မှ ၂၀၀၅ Four Four Two ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ်ထမ်းဆောင်ရင်း ၂၀၀၅ ခုနှစ် ဇွန်လ ၁၉ရက်နေ့တွင် ကွယ်လွန်သည်။
ဇနီး ဒေါ်အေးအေးကြူ (ခ) ဒေါ်မေသူခင် နှင့် သမီး မခင်မြတ်နိုးတို့ ကျန်ရစ်သည်။

အကြိုက်ဆုံးကဗျာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ…။

မိုးဆိုရင်လည်းရွာ အမေရေ. . .ရွာ. . .ရွာ

လူဆိုးသက်သက်တွေချည်း
ဆက်တိုက်လွယ်ခဲ့ရတာ. . .
အမေ. . .ပေါ့။
သားရေ. . .သားလေးရေလို့
ချိုမပြဘဲ မွေးမြူခဲ့ရတာကိုလည်း
အမေ. . .ပေါ့။
ကျွန်တော့် ဒုက္ခတောင်ကုန်းပေါ်
သုခတွေ ရွက်ရွက်ပြီး တက်လာရတာ ၃ နှစ်ကျော်
အစ်ကို့ ဒုက္ခအလုံပိတ်လေးထဲ
သုခတွေ ထွန်းညှိခဲ့ရတာက ၇ နှစ်ကျော်
ဟိုကောင်နဲ့ အသံပဲဆုံခဲ့ရတာက ၁၆ နှစ်ကျော်
ခေါင်းကိုက်ပြီ အမေ
အမေ့ကို ဘယ်ကစပြီး ချစ်ရတယ် ပြောရမှန်းမသိ
တစ်ခုတော့ရှိရဲ့
အငြိမ့်ကြည့် လူရွှင်တော်တွေ တွေ့တိုင်း
အမေ့ကို သတိရ. . .။
ကျွန်တော်တို့နဲ့ အမေဟာ တစ်သင်းတည်းမှ ကစားသူလည်းဖြစ်ခဲ့။
အမေဟာ
ကျွန်တော်တို့ကို အမေဖြစ်အောင် မရွေ့
ကျွန်တော်တို့ကို အမေကဖြစ်အောင် ရွေ့ခဲ့။
နီရင် နီလိုက်
ဆန့်ကျင်ရင် ဆန့်ကျင်လိုက်
ကြွေးကြော်ရင် ကြွေးကြော်လိုက်
တကယ့်လူတွေရှိရာ စီးဆင်းသူ အမေ. . .။
အမှန်တရားမှာ ထိုက်သင့်တဲ့ အချိန်နဲ့ နေရာရှိကြောင်း
ယုံရဲသူ ကျွန်တော်တို့ရဲ့ အမေ။
ကဗျာမရေးပေမဲ့ ကဗျာဆရာကို မွေးသူအမေ
အမေ့ ခြေသလုံးလောက် နှုးညံ့တဲ့ခြေသလုံးမျိုး
စကြ၀ဠာမှာ မနှိပ်နင်းဖူးခဲ့. . .
ဒါ ကျွန်တော်ရဲ့ မေတ္တာဘွဲ့ပေါ့ . . .။
ကျွန်တော်က လီဗာပူးဆို အမေက ပူးပြီးသား
ကျွန်တော်က အာဆင်နယ်ဆို အမေက နယ်ပြီးသား
ကျွန်တော်က ရီးယဲလ်ဆို အမေက ရဲပြီးသား
ဗဲရီးဂွတ်ပါပဲ အမေ။
နည်းနည်းပါးပါး လမ်းလျှောက်နိုင်သေးရင်ဖြင့်
အမေ့ဇာတိရွာကလေးမှာ မြို့တော်က ခြုံစောင်တွေကို
တစ်ခါကလိုပဲ ရွက်ရောင်းချင်သေးပေါ့။
အမေဈေးထွက် မနက်စောလေးထဲ. . .
နေမင်းမျှော်သလို အမေ့ကိုမျှော်ပြီး
တောင်းရမ်းချင်သေးသပါ့။
တစ်လစာ မှောင်နေတဲ့ ဟင်းလျာတွေကို
တစ်ထိုင်တည်း မြည်းစမ်းလိုသေးသပါ့
ကံမကောင်းဘူး အမေရယ်. . .
ခု အမေ့ကို စွန့်ခွာရတော့မယ် သေချာသတဲ့. . .။
သူတော်ကောင်းအမေက ကျန်ရစ်ပြီး
သူယုတ်မာ ကျွန်တော်က လောင်မြိုက်ရမယ်တဲ့. . .။
သံသရာမှာ ကဗျာရေးတဲ့ ခပ်ဆိုးဆိုးကောင်တွေ တွေ့တိုင်း . . .
အမေ့သားဖြစ်မလား နည်းနည်းတော့ သတိထားလိုက်ပါ အမေ. . . ။
တစ်ခါလောက်တော့ အမေ့ကို ပွေ့ဖက်ခွင့် ရချင်ပါသေး. . .။

ဇော်ထွဋ်နိုင်

(ကိုတည်ရ ဘလောဂ်မှ ကူးယူပါသည်။)


Thursday, August 05, 2010

မငြိမ်းသောမီး

နှစ်ဆယ့်နှစ်နှစ်တဲ့လား

ချစ်ခြင်းများစွာနဲ့ 

ဖြစ်ခြင်း ပျက်ခြင်း တရားများ

တရွေ့ ရွေ့  … ခရီးရှည် …။



ပေးဆပ်ခြင်းများ

ဘ၀ အမျိုးမျိုး အဖုံဖုံ

ဟောဒီ … လူ့ ဘုံကြီးမှာ

တချို့  … ကောက်ရိုးမီး

တချို့  … မငြိမ်းသောမီး

တချို့  … မီးခဲပြာဖုံး

တချို့  … တောက်မယ့်မီးခဲ တရဲရဲ

စသည်ဖြင့် …

ကိုယ့်ရွေးချယ်မှုနဲ့  ကိုယ်

ခေတ်တွေကို ဖြတ်သန်းသွားခဲ့ကြ …..။



နာရီတွေ ရာသီတွေ

တဖြုတ်ဖြုတ်ကြွေ

အသက်တွေ လွတ်လပ်ခွင့်တွေ

တဖြုတ်ဖြုတ်ကြွေ

လူ့ ဘောင်ကြီးတခုလုံး

တဖြုတ်ဖြုတ်ကြွေ

ကမ္ဘာမကြေတေးသံ ဝေတဲ့မြေပေါ်မှာ …။



သတိတယ ရှိကြဟေ့

အမှောင်ခေတ်ကြီးရဲ့ အကြောင်းကို

ပြန်ပြောင်းပြောပြ

အရိုးပုံထဲက တွန်သံများ

ကုန်းရုန်းထကြ

အနာဂတ်ဟာ အမှန်တရားနဲ့  ၀င်းလက်တောက်ပလို့  …။


(ရှစ်လေးလုံးအရေးတော်ပုံကြီး ၂၂ နှစ်ပြည့်သို့ )
၂၄ ဂျူလိုင် ၂၀၁၀



ကျွန်မတော်တော်ညံ့ခဲ့ပါတယ်

Wednesday, August 4, 2010 / စာရေးဆရာမဂျူး


ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေ၀ါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (သြဘာသံများ)


ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က 'ကျမ တော်တော်ညံ့ခဲ့ပါတယ်' ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့သြချင် အံ့သြမိမယ်။ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ ခင်ဗျားတို့တွေဆီက တော်တာတွေများ ကြားရမလား၊ အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီးနားထောင်တာ၊ ညံ့တာတွေတော့ ငါတို့ မကြားချင်ဘူး၊ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ကျမကလဲ ကျမ သိတ်တော်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျမဟာ ဘ၀မှာ တခါမှ မတော်ခဲ့ဘူးသေးပါဘူး။ (အော်ဟစ်သံများ)

ဒီတော့ ကျမ ပြန်ကြည့်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ညံ့နေတာပဲတွေ့တော့ ကျမရဲ့ ပရိသတ်ရှေ့မှာ ကျမညံ့တဲ့အကြောင်းကိုပဲ ၀န်ခံတာဟာ ရိုးသားမှု အရှိဆုံး ဖြစ်လိမ့်မယ်လို့ ကျမ တွေးပါတယ်။ အဲ့ဒါကြောင့် အခုလို စင်မြင့်ပေါ် တက်လာပြီး တော့ ကျမညံ့တဲ့အကြောင်းတွေ ပြောရတာ ကျမ အများကြီး ၀မ်းလဲနည်းမိပါတယ်။ (လက်ခုပ်သံများ) ဒါပေမယ့် မတတ်နိုင်ပါဘူး၊ ကျမ ညံ့တဲ့အကြောင်းကတော့ ပြောရမှာပဲ။
ကျမကတော့ ညံ့တဲ့အကြောင်းတခုပဲ ပြောစရာ ရှိလို့ပါ။ ဒီတော့ အဲဒီလို စိတ်ပျက်နေတဲ့သူ၊ ဒေါသထွက် နေတဲ့ သူတွေအတွက် ကျမ အကြံကောင်းလေးတခုတော့ ပေးနိုင်ပါတယ်။ တော်တာတွေကို မြင်ချင် ကြားချင်ရင်တော့ စာပေဟောပြောပွဲကို လာစရာမလိုပါဘူး။ တော်တာတွေကို မြင်ချင်ကြားချင် ဂုဏ်ယူချင်တယ် ဆိုရင် မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ကြပါ။ (အော်ဟစ် လက်ခုပ်သံများ) အခုအချိန်က စပြီးတော့ 'ဂျူး' ရဲ့ ညံ့ဖျင်းမှုတွေကို ၀န်ခံပါတော့မယ်ရှင်။

ကျမဟာ အများသိကြတဲ့အတိုင်း ဆရာဝန် စာရေးဆရာ ဖြစ်ပါတယ်။ (အော်ဟစ်သံများ) ကြွားတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဆရာဝန်အလုပ်လဲ တပြိုင်နက်လုပ်တယ်။ စာရေးတဲ့အလုပ် လဲ တပြိုင်နက်လုပ်တယ် ဆိုတော့ ဘယ်အလုပ်မှာများ ကျမ ညံ့ပါသလဲလို့ မေးခဲ့ရင် ကျမ ဖြေချင်လို့ပါ။ ကျမဟာ အလုပ်နှစ်မျိုးစလုံးမှာ ညံ့ဖျင်းပါတယ်။ အဲ့ဒီတော့ ကျမ ညံ့ခဲ့တဲ့အကြောင်းတွေကို ပြောပြပါမယ်။ ကျမဟာ ငယ်ငယ်ကလေးကတည်းက ညံ့ပါတယ်။ ကျမ ငယ်ငယ်တုန်းက မြန်မာနိုင်ငံအကြောင်း ပထ၀ီဝင်ဘာသာမှာ သင်ရသော်လဲ မြန်မာနိုင်ငံရဲ့ စီးပွါးရေးအမြင် ဘာမှ မရှိခဲ့ပါဘူး။ (လက်ခုပ်သံများ) ကျမ တတိယတန်းအရွယ် လောက်မှာ မြန်မာ့ ပထ၀ီဝင်ဘာာသာကို သင်ရပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံရဲ့ သံယံဇာတတွေအကြောင်း စာသင်ရပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ အလွန်ပေါများကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆန်စပါးတွေ ထွက်တယ်။ ကျွန်းသစ်တွေ ထွက်တယ်။ ရေနံတွေလဲ ထွက်ပါတယ်။ ရေနံထွက်တာလဲ ကျမ မျက်မြင်ကိုယ်တွေ့ ပါပဲ။ ကျမက ရေနံချောင်းသူ ဖြစ်ပါတယ်။

ရေနံချောင်းသူဆိုတော့ ကျမတို့ ရေနံမြေကနေ ဖြတ်သွားတဲ့အခါမှာ ရေနံတူးစင်ကြီးနဲ့ ရေနံတူးနေတာ တွေ၊ တူးပြီးသား ရေနံတွင်းတွေကနေ ပိုက်လုံးတွေနဲ့ မောင်းတံတွေနဲ့ စုပ်ယူပြီးတော့ ရေနံလှောင်ကန်ထဲ ထည့်နေတာတွေ ကျမ မျက်မြင်ကိုယ်တွေပါပဲ။ အဲ့ဒီ ရေနံလှောင်ကန်တွေထဲက များပြားလှတဲ့ ရေနံတွေ ဘယ်ရောက်သွားလဲဆိုတာတော့ ကျမက မမြင်ရဘူးပေါ့။ (လက်ခုပ်သံများ) ကျမ မြင်ရတာက ရေနံလှောင်ကန်ပဲ မြင်ရတာကိုး။ အဲ့ဒီတော့ အဲ့ဒါ ရေနံနဲ့ ပါတ်သက်တဲ့ အပိုင်းပါ။ နောက်ထပ် သံယံဇာတတွေ အများကြီး ထွက်တယ်လို့ သိရပါတယ်။ ဥပမာ တွင်းထွက်ပစ္စည်းတွေ၊ ကျောက်မီးသွေးလဲ ထွက်ပါတယ်။ ပတ္တမြား၊ နီလာ၊ ရွှေ၊ ရွှေကြောကြီးတွေလဲ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ ဒီတော့ ဒီ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေ အပြင် ကျောက်မီးသွေး၊ ခဲမဖြူတို့၊ အဖြိုက်နက်တို့ မြန်မာနိုင်ငံမှာ မထွက်တဲ့ တွင်းထွက်ဆိုတာ မရှိသလောက် အများကြီး ထွက်ခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာ့ပိုင်နက် ပင်လယ်ရေပြင်ဆိုတာ အများကြီး ရှိပါတယ်။ ပင်လယ်ပြင်ကထွက်တဲ့ ငါးပုစွန်တွေဟာ မြန်မာပြည်သူလူထု စားသုံးလို့တောင် မကုန်တဲ့အတွက် စည်သွတ်ဗူး တွေနဲ့ ဒါမှမဟုတ် ရေခဲရိုက်ပြီးတော့ နိုင်ငံခြားကိုတောင် တင်ပို့ရောင်းချလို့ ရပါတယ်တဲ့။ ဒီတော့ တတိယတန်း ကျောင်းသူ ကျမဟာ ကျမနိုင်ငံကို ကျမ တော်တော် ဂုဏ်ယူခဲ့ပါတယ်။ (လက်ခုပ်သံများ) သယံဇာတတွေ သိပ်များတာပဲပေါ့။ ဒါပေမယ့် တနေ့ကျတော့ ကျမက ကျောင်းစာအပြင် တခြားပြင်ပမဂ္ဂဇင်းတခုကို သွားဖတ်မိပါတယ်။ သွားဖတ်တော့ အဲဒီအချိန်မှာ ကျမ စာတော့ ဟုတ်တိပတ်တိ မဖတ်ဖူးသေးပါဘူး။ ဒါပေမယ့် ဆောင်းပါးတို့ ပုံပြင်တို့ဆိုရင် တကြောင်းစ နှစ်ကြောင်းစ ဖတ်တတ်နေပါပြီ။ အဲ့ဒီမှာ ကံဆိုးစွာနဲ့ စာကြောင်းလေးတကြောင်း သွားတွေ့ပါတယ်။ အဲ့ဒီ စာကြောင်းလေးကို ကျမ အခုထိ မမေ့နိုင်သေးပါဘူး။'မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တတိယမြောက် လိုက်ပါသည်တဲ့'။ (အော်ဟစ်သံများ၊ လက်ခုပ်သံများ)

အဲ့ဒီတော့ ကျမက ပထ၀ီ သင်ခါစ တတိယတန်းကျောင်းသူ အမြင်နဲ့ဆိုတော့ ကျမ ဒီလိုပဲ မြင်တာပေါ့။ တကယ်တမ်းတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ သယံဇာတ ထွက်ရုံနဲ့တင် မလုံလောက်ပါဘူး။ (လက်ခုပ်သံများ) ဒါ ကျမရဲ့ အပြောမဟုတ် ပါဘူး။ ကမ္ဘာ့စီးပွါးရေး ပညာရှင်တွေပြောတဲ့ အပြောပါ။ သူတို့က ဘယ်လိုပြောသလဲဆိုတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ အချက်ကြီး (၄)ချက် လိုပါတယ်တဲ့။ သယံဇာတ၊ သဘာဝသယံဇာတ (Natural Resource) လို့ခေါ်တဲ့ သဘာဝသယံဇာတတွေ ပေါများဖို့တဲ့။ နံပါတ် (၂)ကတော့ အစဉ်အဆက်က ကြီးပွါးခဲ့တဲ့၊ အစဉ်အဆက်က ရှိခဲ့တဲ့ အရင်းအနှီး၊ နံပါတ် (၃) က Technology လို့ခေါ်တဲ့ နည်းပညာအသစ်အဆန်းတွေ၊ နံပါတ် (၄) ကတော့ အဲ့ဒီနည်းပညာကို ကျွမ်းကျင်သူတွေ၊ အဲဒီ လေးမျိုးလုံး ရှိတဲ့ နိုင်ငံဟာ (သို့မဟုတ်) လေးမျိုးမှာ သုံးမျိုးလောက် ရှိတဲ့နိုင်ငံဟာ အဲ့ဒီ နိုင်ငံဟာ ချမ်းသာပါတယ်တဲ့။

အဲ့ဒီတော့ ကျမတို့ မြန်မာနိုင်ငံက (၁) သယံဇာတတွေတော့ ပေါများကြွယ်ဝပါတယ်။ နောက် နံပါတ် (၂) (၃) (၄) ရှိ မရှိတော့ ကျမ မသိပါဘူး။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမ ညံ့တဲ့အကြောင်းက အဲ့ဒီက စ ပါတယ်။ နောက်ထပ် ကျမ ညံ့တဲ့အကြောင်းကို ပြောရရင်တော့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျမ ညံ့တာပါ။ နိုင်ငံရေးအမြင် ဘာမှ မရှိခဲ့တဲ့ ကျောင်းသူတယောက်အကြောင်း ကျမ ပြန်ပြောပါမယ်။ စတုတ္ထတန်း (ဒါမှမဟုတ်) ပဉ္စမတန်း အရွယ် လောက် ကလေးဘ၀မှာ ကျမတို့ နိုင်ငံမှာ အရေးအခင်းတခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းမှာ မြို့ကြီးတွေ၊ ရန်ကုန်၊ မန္တလေးတွေကနေ ပြီးတော့ စတင် ဖြစ်ပွါးခဲ့ပြီးတော့ ကျမတို့ဆီကို တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းကတော့ တရုတ်-ဗမာ အရေးအခင်းပါ။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီးလို့ (ရီသံများ) ကျမတို့ ကြားရပါတယ်။

ကျမတို့ ရေနံချောင်းမှာ တရုတ်လူမျိုးတွေ အများကြီး ရှိပါတယ်။ ကျမတို့ ရေနံချောင်းက တရုတ်လူမျိုးတွေနဲ့ ဗမာလူမျိုးတွေတော့ မချကြပါဘူး။ ကျမတို့ အချင်းချင်းတော့ ခင်ခင်မင်မင်ပါပဲ။ ကျမတို့ ကျောင်းမှာ အတန်းထဲမှာ ကျမတို့နဲ့ စာပြိုင်ဖက် တရုတ်မလေး ၃ - ၄ ယောက် ရှိပါတယ်။ သူတို့နဲ့ ကျမတို့လဲ စာမေးဖော် မေးဖက် ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ တရုတ်-ဗမာ အရေးအခင်း ဖြစ်နေပြီလို့ သိရပါတယ်။ ဒီတော့ ကျမတို့လဲ လက်ခံလိုက်ရုံပဲပေါ့။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီ၊ ဒီလောက်ပဲ သဘောထားလိုက်ပါတယ်။ တရက်တော့ ကျမတို့ ကျောင်းတက်နေတဲ့အချိန်မှာ ဆရာမက ကျမတို့ကို ပြောပါတယ်။ တို့တတွေ မနက်ဖန် ရောက်လို့ရှိရင် ဒီမြို့ရဲ့ လမ်းတွေပေါ်မှာ ကျောင်းသားတွေ အားလုံးတန်းစီ လမ်းတလျှောက် ချီတက်ရမယ်တဲ့ (လက်ခုပ်သံများ) အဲဒီတော့ ကျမက ကျောင်းစာသင်တဲ့အချိန်မှာ အပြင်ထွက် ရမယ်ဆိုတော့ သိပ်ပျော်သွားပါတယ်။ (ရီသံများ) အဲ့ဒါနဲ့ပဲ ကျမတို့ တက်တက်ကြွကြွနဲ့ပဲ လိုက်ဖို့ စီစဉ်ပါတယ်။ ဆရာမက ပြောတယ်။ နင်တို့အားလုံး စည်းကမ်းရှိရှိ သေသေ၀ပ်ဝပ် ချီတက်ရမယ်နော်တဲ့။ နှစ်ယောက်တတွဲ တွဲလို့ရတယ်။ နင်တို့ ကြိုက်တဲ့လူနဲ့ နင်တို့ တွဲကြပါတဲ့။ အဲ့ဒါနဲ့ ကျမကလဲ ကျမရဲ့ လက်တွဲဖော်အဖြစ် တရုတ်မလေးကို ရွေးလိုက်ပါတယ်။ ကျမနဲ့ ကျမသူငယ်ချင်း တရုတ်မလေးဟာ တရုတ်ဗမာအရေးအခင်း မှန်ကန်ကြောင်း ထောက်ခံဖို့ မြို့ထဲမှာ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။ (ရီသံများ လက်ခုပ်သံများ) အဲ့ဒီတော့ ကျမတို့က ၂ ယောက်တတွဲ လမ်းလျှောက် လမ်းတွေပေါ်မှာ ချီတက်ကြတယ်။ ရိုးရိုးတန်းတန်း ချီတက်ကြတာ မဟုတ်ဘူး။ ရှေ့က တယောက်က စာရွက်တွေနဲ့ တိုင်ပေးတယ်။ ကျမတို့က နောက်ကနေပြီး လိုက်အော်ရတယ်။ လိုက်အော်တော့လဲ တို့အရေး၊ တို့အရေး ပေါ့။ ရှေ့က ဘာအောသလဲတော့ ကျမတို့ ကောင်းကောင်း မကြားရဘူး။ (ရီသံများ) အဲ့ဒီလိုနဲ့ ရှေ့ကတယောက်က တိုင်ပေးလိုက်၊ ဘာမှမသိပဲ နောက်က တို့အရေး အော်လိုက်၊ အော်ရင်းနဲ့ပဲ လမ်းတကာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျမတို့ ကျောင်းသားတွေကို လမ်းလျှောက်ရတာ၊ အော်ရတာ မောရင် ရေသောက်ရအောင်၊ အအေးသောက်ရအောင် ဆိုပြီးတော့ အိမ်တွေကနေပြီး အိမ်ရှေ့မှာ စာပွဲလေးတွေ ခင်းပြီးတော့ ကျမတို့ကို အစားအစာတွေ ကျွေးမွေးပါတယ်။ ကျမတို့လဲ အလကားရတာမှန်သမျှ အကုန်စားပါတယ်။ (ရီသံများ) အကျင့်က ပါနေတာကိုး (ရီသံများ)
ဗမာက ကျွေးကျွေး၊ တရုတ်က ကျွေးကျွေး အကုန်စားပါတယ်။ (ရီသံများ) ဒီလိုနဲ့ပဲ နည်းနည်း နေမြင့်လာတဲ့အခါမှာ ကျမတို့ ကျောင်းကို ပြန်ရပါတယ်။ ကျောင်းရှေ့မှာ အင်မတန် ကျယ်ဝန်းတဲ့ မြေတလင်းပြင်ကြီး ရှိပါတယ်။ အဲ့ဒီမှာ အားလုံးစုရုံးပြီးတော့ အတန်းလိုက် အတန်းလိုက် ကိုယ့်လူစုနဲ့ကိုယ် စုရုံးကြပါတယ်။

အဲဒီမှာ ကျမတို့ ဆရာမက ဘာပြောလဲဆိုတော့၊ အော်... ကျမ မေ့နေလို့၊ ကျမတို့ လမ်းလျှောက်တဲ့ အခါမှာ ဒီအတိုင်း လက်လွတ်လျှောက်ရတာ မဟုတ်ဘူး။ 'ခေါင်း' ကြီးတွေကို ကြိုးနဲ့ ဆွဲပြီးတော့ ဒီ ခေါင်းကြီးတွေကတော့ ကျမတို့ ကျောင်းသားလေးတွေ ဆွဲနိုင်အောင်ပါ။ စက္ကူတွေနဲ့လဲ ခေါင်းပုံစံ ဖြစ်အောင် ရေးထားပါတယ်။ အဲ့ဒီထဲမှာလဲ ကျမတို့ မျက်စိရှေ့မှာ စက္ကူစုတ်တွေ ထည့်ထားတာ မြင်ရပါတယ်။ ဒါပေမယ့် အဲ့ဒီ စက္ကူစုတ်တွေကို ကျမတို့က စက္ကူစုတ်တွေလို့ မမှတ်ရဘူးတဲ့။ အဲဒီအထဲမှာ အလောင်းတွေ ပါတယ်လို့ မှတ်ရမယ်တဲ့။ အဲ့ဒီမှာမှ ကျမ ပထမဦးဆုံး နံမည်တခုကို ကြားဖူးပါတယ်။ အဲ့ဒီနာမည်ကတော့ မော်စီတုန်းတဲ့။ မော်စီတုန်းဆိုတဲ့နာမည်ကို အဲဒီအချိန်မှာမှ ပထမဦးဆုံး ကြားဖူးတာပါ။ မော်စီတုန်း ကျဆုံးပါစေ ပေါ့။ အဲ့ဒီလို ဆိုတယ်လို့ ကျမ ထင်ပါတယ်။ ဒီလိုနဲ့ ကျောင်းရှေ့ကို ပြန်ရောက်တော့ ကျမတို့ ဆရာမက အဲဒီ ခေါင်းကြီးကို မီးရှို့ရမယ်လို့ ပြောတယ်။ ဒီတော့ ကျမက သူများအော်ရင်သာ နောက်ကနေ တို့အရေး လိုက်အော်ရဲတာ။ ကျမကတော့ မီးရှို့ဖိုတော့ ကြောက်ပါတယ်။ ကြောက်တော့ ကျမက နောက်ဆုတ်တယ်။ အဲ့ဒီအချိန်မှာ ဆရာမက ကျမကို ရှေ့ထွက်ခိုင်းတယ်။ ကျမက အတန်းရဲ့ မော်နီတာ ဖြစ်ပါတယ်။ (ရီသံများ)

"တင်တင်ဝင်း နင်ရှေ့ထွက် နင်မီးရှို့ ရမယ်" လို့ ပြောတယ်။ အဲ့ဒီတော့ ကျမက မရှို့ရဲဘူးဆိုပြီး နောက်ကို ကပ်တယ်။ အဲဒီတော့ ကျမတို့ နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို မကြည့်ရက်တဲ့ နည်းနည်းအသက်ကြီးတဲ့ ကျောင်းသူတယောက်က ကျမတို့နှစ်ယောက် ကိုယ်စား ဖြေရှင်းပေးလိုက်ပါတယ်။ သူပဲ ဆက်ပြီးတော့ မီးရှို့တယ်။ (ရီသံများ) ကျမဟာ ဒီလို နိုင်ငံရေးမရှိအောင် ညံ့တယ်ဆိုတာ ကျမ ၀န်ခံပါတယ်။ ဒါ ကျမရဲ့ စီးပွါးရေး ညံ့ဖျင်မှု၊ နိုင်ငံရေး ညံ့ဖျင်းမှုပါ။ ဒါပေမယ့် အဲဒီလိုသာ ညံ့တယ်။ ကျမက ဘာဖြစ်ချင်သလဲဆိုတော့ ကျမဘ၀မှာ အဖြစ်ချင်ဆုံး ဆန္ဒတခုက စာရေးဆရာ ဘ၀တခုပါပဲ။ စတုတ္ထတန်းအရွယ် ကတည်းက ကျမဟာ စာရေးဆရာတယောက် ဖြစ်ချင်ခဲ့ပါတယ်။ စာရေးဆရာဖြစ်ဖို့ ကျမကို တွန်းအားပေးတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဲဒါကတော့ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေပါပဲ။ ကျမဟာ ကျောင်းစာက လွဲပြီးတော့ အပြင်ဘက်စာပေတွေကို မဂ္ဂဇင်းတွေကို အများ ဖတ်ခဲ့ ပါတယ်။ ကျောင်းစာထက် ပိုပြီးတော့ ဖတ်ခဲ့ပါတယ်။ အဲ့ဒီတော့ ကျမ မှတ်မိသလောက်ပေါ့၊ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေဟာ အများကြီးပါပဲ။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ စာရေးဆရာကြီး ဓူဝံ၊ ဆရာမကြီး ဒေါ်ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ သူတို့ စာအုပ်တွေကို ကျမ ဖတ်ပါတယ်။ အဲ့ဒီမှာ ကျမဘ၀မှာ ပထမဦးဆုံး ဖတ်ဖူးတဲ့ စာအုပ်တအုပ်ကို အခုထိ မှတ်မိပါတယ်။ ဒါဟာ ကျမအတွက် ပထမဦးဆုံး ၀တ္ထုပါ။ အဲ့ဒါကတော့ စာရေးဆရာကြီးဓူဝံရဲ့ 'မာလာ' လို့ အမည်ရတဲ့ ၀တ္ထု ဖြစ်ပါတယ်။ 'မာလာ' ဟာ လက်သုံးလုံးလောက် ထူတဲ့ စာအုပ်ကြီးတအုပ်ပါ။ သူ့ အဲ့ဒီစာအုပ်ကို ကျမရဲ့ ကျမကိုယ်ပိုင်အမြင်နဲ့ ဖတ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျမက ကာတွန်းတွေပဲ ဖတ်ပါတယ်။ ကာတွန်းတောင်မှ ထူရင် မဖတ်ပါဘူး။ ခပ်ပါးပါးပဲ ဖတ်ပါတယ်။ တရက်ကျတော့ ကျမ စတုတ္ထတန်း စာမေးပွဲအပြီး ကျောင်းအားတဲ့ အချိန်မှာ ကျမ မေမေက စာအုပ်တအုပ် ယူလာပေးပါတယ်။

"သမီး ဒီဝတ္ထုကို ဖတ်စမ်း" လို့ ကျမကို ပြောပါတယ်။ အဲ့ဒီဝတ္ထုက 'မာလာ' ၀တ္ထုပါ။ ကျမက စာအုပ်ကြီးကို ကြည့်ပြီးတော့ လန့်သွားတယ်။ "အား စာအုပ်ကြီးက အထူကြီးပါလားမေမေ" လို့ ပြောတော့ "အေး ထူတော့ ထူတယ်၊ ဒါပေမယ့် သမီး စိတ်ဝင်စားမှာပါ" တဲ့။ သမီးတို့ မောင်နှမတွေဟာ စကားပြောရင် အင်မတန် ရိုင်းတယ်တဲ့။ ကိုကိုရယ်၊ ညီမလေးရယ် ဘယ်တော့မှ စကားမပြောဘူး၊ မောင်နှမအချင်းချင်း အကြီးနဲ့အငယ်ကို နင်, ငါ သုံးတယ်တဲ့။ အဲ့ဒါ မကောင်းဘူးတဲ့၊ ဒီတော့ သမီး ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ ဖတ်ပြီးသွားရင် သမီး ယဉ်ကျေးသိမ်မွေ့လာလိမ့်မယ်။ ဒီစာအုပ်ထဲမှာ လူတွေဟာ စကားပြောရင် သိပ်ယဉ်ကျေးတာပဲတဲ့။ ဖတ်ကြည့်ပါတဲ့။ အဲ့ဒီတော့ ကျမကလဲ မေမေက ဖတ်ခိုင်းတယ်ဆိုရင် ငါဖတ်ဖို့ သင့်တာပေါ့။ ကိုယ့်ဖာသာကိုယ် တွေးပြီးတော့ မေ့မေ့ရှေ့မှာပဲ အဲ့ဒီစာအုပ်ကို ကျမ ဖွင့်ဖတ် လိုက်ပါတယ်။ စ ဖွင့်ဖွင့်ချင်းပဲ အဲ့ဒီစာအုပ်ကို ကျမ စိတ်ဝင်စားသွားတယ်။ သူက အခန်း(၁) အဖွင့်မှာ အကျဉ်းထောင်တခုရဲ့ မြင်ကွင်းနဲ့ စထားပါတယ်။ အဲ့ဒီ အကျဉ်းထောင်ထဲမှာ၊ အချုပ်ခန်းထဲမှာ၊ သံတိုင်တွေနောက်မှာ အကျဉ်းသား ၁၀ ယောက် အကျဉ်းကျ နေပါတယ်။ သူတို့ကတော့ တိုင်းပြည်ကို တော်လှန်ပုန်ကန်လို့ ချုပ်ထားတဲ့ အကျဉ်းသား တွေပါ။ တယောက်က ခေါင်းဆောင်၊ အဲ့ဒီခေါင်းဆောင်နာမည်က ဗိုလ်နန္ဒလို့ ခေါ်ပါတယ်။ သူ့ရဲ့ နောက်ပါက ၉ ယောက် ရှိပါတယ်။ သူတို့ ၁၀ ယောက်ကို ဒီကနေ့ ညနေ နေကွယ်လို့ ရှိရင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး၊ မသေမချင်း ကြိုးပေးသတ်ခံရဖို့ ဘုရင်က အမိန့် ချပြီးသားပါ။ ဒီတော့ သူတို့ အားလုံးဟာ ဒီကနေ့ ညနေမှာ သေမယ်ဆိုတာ သေချာနေတော့ တော်တော် ကြောက်ရွံ့တုန်လှုပ်နေပါတယ်။ တပည့်တွေဟာ ငိုတဲ့သူက ငိုနေကြတယ်။ နံရံကို လက်သီးနဲ့ထိုးပြီး အော်တဲ့သူက အော်နေကြတယ်။ နောက် ဒေါသတကြီး စကားပြောတဲ့သူက ပြောနေကြတယ်။ အဲ့ဒါတွေကို ကြည့်ပြီးတော့ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်နန္ဒက တော်တော်စိတ်မကောင်း ဖြစ်တယ်။ "သူတို့ခမျာ ငါ့ရဲ့ ခေါင်းဆောင်မှုကို လိုက်ခဲ့တဲ့အတွက် သူတို့ဟာ ကြိုးပေးပြီး အသတ်ခံရတော့မှာပါလား၊ သူတို့တွေ အသေဖြောင့်အောင်၊ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင် အောင် ငါ ကဗျာလင်္ကာတပုဒ် ရွတ်ပြမှ ဖြစ်မယ်" လို့ သူ့ဖာသာသူ တွေးပြီးတော့ သူ ကဗျာလင်္ကာတပုဒ် ရွတ်ပြပါတယ်။ အဲ့ဒီကဗျာကတော့ အနန္ဒသူရိယ အမတ်ကြီး ရေးစပ်ခဲ့တဲ့ အမျက်ဖြေ အလင်္ကာလို့ အမည်ရတဲ့ ကဗျာလေးတပုဒ်ပါ။ "သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း" အဲ့ဒီကဗျာပါ။ သူက အဲ့ဒီကဗျာကို ရွတ်တဲ့အခါမှာ စာရေးဆရာက ဘယ်လိုဖွဲ့ထားသလဲဆိုတော့ ဗိုလ်နန္ဒသည် သူ၏ အောင်မြင်လှသော အသံဝါကြီးနဲ့ထိုကဗျာကို ရွတ်ဆို၏တဲ့။ အဲ့ဒီမှာ ကျမက နည်းနည်း ကလေး နားမလည်ဘူး ဖြစ်သွားတယ်။ ဗိုလ်နန္ဒကို ကျမသိတာက သူပုန်ဗိုလ်လို့ ကျမသိပါတယ်။ သူပုန်ဗိုလ် တယောက်ကို ဘာဖြစ်လို့ အဲ့ဒီလို ဖွဲ့သလဲ အောင်မြင်လှသော အသံဝါကြီးဆိုတာ သူပုန်ဗိုလ်ကို ဖွဲ့ရမယ့် စကားမဟုတ်ပါဘူး။ ဒါဟာ သူရဲကောင်းတွေ ဟီးရိုးတွေကိုသာ သုံးရမယ့် စကားပါ။ ဒီတော့ ကျမအမြင်မှာ သူပုန်ဗိုလ်ဆိုတာ လူဆိုးပဲ၊ လူဆိုးတယောက်ကို အောင်မြင်လှသော အသံဝါကြီးနဲ့လို့ ဖွဲ့တာဟာ နည်းလမ်း မကျဘူးလို့ ကျမရဲ့ စတုတ္ထတန်း အမြင်နဲ့ တွေးပါတယ်။ အဲ့ဒါနဲ့ မေမေ့ကို မေးမိတယ်။ မေမေလို့ ဗိုလ်နန္ဒဟာ ဘာလဲလို့၊ အဲ့ဒီလို မေးတော့ မေမေက ဇာတ်လိုက်တဲ့၊ (ရီသံများ) ကျမပိုပြီးတော့ နားမလည်ဘူး ဖြစ်သွားတယ်။ (ရီသံများ) သူပုန်ဗိုလ်လို့လဲ ပြောသေးတယ်၊ ဇာတ်လိုက်လို့လဲ ပြောသေးတယ်၊ ကျမ အဲ့ဒီမှာ အဲ့ဒီနှစ်ခုကို ယှဉ်ပြီး နားမလည်ဘူးပေါ့။ ကျမ အပြင်မှာ သူခိုးတွေ၊ ဓါးပြတွေ၊ သူပုန်တွေ၊ ခါးပိုက်နှိုက်တွေ၊ အဲ့ဒါတွေ အကုန်လုံးက လူဆိုးတွေ စာရင်းထဲမှာ ပါတယ်။ ဒီတော့ ဒီလူဆိုးတယောက်က ဘာဖြစ်လို့ ဇာတ်လိုက်ဖြစ်သလဲ ကျမက မေမေ့ကို ပြန်မေးတယ်။ မေမေလို့ မေမေ့ဥစ္စာက ဖြစ်နိုင်ပါ့မလား၊ သူပုန်က ဘယ်လိုလုပ်ပြီးတော့ ဇာတ်လိုက် ဖြစ်မလဲ၊ မဖြစ်နိုင်ဘူး ထင်တယ်လို့ ကျမကပြောတော့ မေမေက ဖြစ်နိုင်တာပေါ့ သမီးရယ်တဲ့၊ တခါတခါကျတော့ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်တဲ့ ရှင်ဘုရင်က ဆိုးနေရင်၊ ယုတ်မာနေရင်၊ ကောက်ကျစ်နေရင် သူပုန်ဆိုတာလဲ ဇာတ်လိုက် ဖြစ်တတ်ပါတယ်တဲ့။ (ရီသံများ၊ လက်ခုပ်သံများ)

အဲ့ဒီတော့မှ ကျမ ရေးရေးလေး သဘောပေါက်သွားပါတယ်။ ကျမ ဒီဝတ္ထုကို တော်တော် စိတ်ဝင်စားသွားပြီ၊ ဒါပေမယ့် ထပ်ပြီးတော့ မေးသေးတယ်၊ ဟုတ်ပါပြီလို့ အဲ့ဒါဆိုလို့ရှိရင် ဒီသူပုန်ဗိုလ်က ဇာတ်လိုက်ဖြစ်နေရတာ သူက ဘာဖြစ်လို့ သူပုန်ဘ၀ကို ဘာဖြစ်လို့ ရောက်သလဲ မေမေလို့ ကျမက ပြန်မေးတယ်။ ပြန်မေးတော့ မေမေကလည်း သူ့သမီးကို စာဖတ်စေချင်တော့ ရှင်းပြတယ်၊ သူ့ဘ၀တဲ့၊ သူကတော့ သူပုန်ဘယ်ဟုတ်မလဲ သမီးရယ်တဲ့၊ သူက ဘုရင့်သားတော် တပါးပါ၊ သူတက္ကသိုလ်ပြည်မှာ ပညာသွားသင်နေတုန်းက သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို သူ့အဖေလက်အောက်က စစ်သူကြီးတပါးက တိုက်ခိုက်ပြီးတော့ သိမ်းယူထားတဲ့အတွက် သူဟာ ပြန်လာတဲ့အခါကျတော့ သူပုန်ဘ၀ကို ရောက်ရတာပါတဲ့။ (လက်ခုပ်သြဘာသံများ) အဲ့ဒီလို ပြောပါတယ်။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမက ပိုပြီး စိတ်ဝင်စားသွားပါတယ်၊။ ဟုတ်ပါပြီမေမေ အဲ့ဒါဆိုရင် သမီး ဒီဝတ္ထုကို ဖတ်ပါတော့မယ်။ ဒါပေမယ့် သမီး ဒီဇာတ်လမ်းအဆုံးကို သိပ်သိချင်တာလို့၊ အဲ့ဒီ ဇာတ်လမ်းအဆုံးကိုတော့ သမီးကို ကြိုပြီးတော့ ပြောပါအုန်းလို့။ သူက သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို ပြန်ရရဲ့လားလို့ ကျမ မေးလိုက်တယ်။ ကျမမေးလိုက်တော့ မေမေက ရတယ် သမီးတဲ့။ နောက်ဆုံးကျတော့ သူရသင့်တဲ့ သူ့အဖေရဲ့ စည်းစိမ်ကို သူပြန်ရသွားပါတယ်တဲ့။ အဲ့ဒီလို ကျမကို ပြောပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒါနဲ့ပဲ ကျမ ဒီဇာတ်လမ်းကို ကြိုက်လို့ ဒီဝတ္ထုကို ဖတ်ပါတယ်။ တကယ်လဲ မေမေပြောသလိုပဲ သူပုန်ဗိုလ်နန္ဒဟာ သူရသင့်ရထိုက်တဲ့ သူ့အဖေရဲ့ ဒီနန်းစည်းစိမ်ကို ပြန်ရသွားပါတယ်။ ဘယ်လိုနည်းနဲ့ သူထီးနန်းစည်းစိမ်ကို ပြန်ရသွားလဲ၊ အဲ့ဒါကို သိချင်ရင်တော့ ဓူဝံရဲ့ 'မာလာ' စာအုပ်ကို ဖတ်ကြည့်ပါ။ (လက်ခုပ်သံများ) အဲ့ဒါ ကျမရဲ့ စာရေးဆရာ ဖြစ်ချင်တဲ့စိတ်အစပါပဲ။

ကျမဟာ လူတွေကို စရိုက်အမျိုးမျိုး ရေးဖွဲ့ချင်တယ်။ လူဆိုးဆိုလဲ လူဆိုးစရိုက်၊ လူကောင်းဆိုရင်လဲ လူကောင်းစရိုက် အဲ့ဒီလို ရေးဖွဲ့တော့ ဇာတ်လမ်းတွေ ဆင်ချင်တယ်။ အမှန်တရားဟာ ရှေ့မှာ ရောက်သင့်တဲ့ အချိန်မှာရှေ့မှာ ရောက်ဖို့ ကျမက ထည့်ချင်တယ်။ အဲ့ဒီလို စိတ်လေးတွေဟာ ၀တ္ထုတွေ ဖတ်ရင်း ဖတ်ရင်းကနေပြီး ကျမကို ပိုပို ပိုပို တွန်းအားပေးလာတော့ ကျမဟာ စာရေးဆရာ ဖြစ်ချင်တဲ့ စိတ်တခုထဲနဲ့ ကျမဟာ ကြီးပြင်းခဲ့ ပါတယ်။ ဒါပေမယ့် ကျမ ဆယ်တန်းအောင်တဲ့အခါ ခြေချော် လက်ချော်နဲ့ ဂုဏ်ထူး ၅ ခု ရသွားပါတယ်။ အဲ့ဒီတော့ အဲဒီဂုဏ်ထူး ၅ ခုလေးကို ကျမက နှမျောပြီးတော့ ဆေးတက္ကသိုလ်ကို လိုက်ပါတယ်။ (ရီသံများ) ကျမတို့ ခေတ်တုန်းက ဂုဏ်ထူး ၆ ခုတွေ၊ ၅ ခုတွေ၊ ၄ ခုတွေ အများကြီးပါပဲ။ သူတို့တွေ အားလုံးဟာ ဆေးတက္ကသိုလ်ကိုဝင်ဖို့ပဲ အာရုံရှိကြပါတယ်။ ရူပဗေဒ၊ ဓါတုဗေဒတွေကို မ၀င်ကြပါဘူး။ မိဘတွေ ကိုယ်တိုင်ကလည်း ဆေးတက္ကသိုလ်ကို ၀င်စေချင်တယ်။ ကျမကိုယ်တိုင်ကလဲ ကျမရဲ့ မိဘတွေက ဆေးတက္ကသိုလ်ကို လိုက်ဖို့ ပြောလို့ ကျမကလဲ ဂုဏ်ထူးလေးကို အားနာလို့ ဆေးတက္ကသိုလ်ကို ၀င်ခဲ့ပါတယ်။ ၀င်ခဲ့တော့ ကျမဟာ ဆရာဝန်ဘ၀ကို လုံး၀၀ါသနာ မပါပဲ ရောက်ခဲ့တာဆိုတော့ အတန်းထဲမှာ ဆေးပညာကလွဲရင် အားလုံးကို စိတ်ဝင်စားပါတယ်။ (ရီသံများ)

ကျမ တနေ့တနေ့ ဖတ်တဲ့ စာတွေဟာ ဆေးပညာနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျမတို့ ရေနံချောင်းမှာ စာကြည့်တိုက် ကောင်းကောင်း မရှိဘူး၊ ဆေးကျောင်း ရောက်တော့ မန္တလေးဆေးတက္ကသိုလ်မှာ အင်မတန် ကြီးမားတဲ့ စာကြည့်တိုက်ကြီးတခု ကျမသွားတွေ့တယ်။ အဲ့ဒီ စာကြည့်တိုက်ကြီးထဲမှာ ကျမ မဖတ်ဖူးတဲ့ စာအုပ်တွေ၊ ကြားဖူးပြီးတော့ မဖတ်ဖူးတာ၊ ကြားတောင် မကြားဖူးတာ၊ မြန်မာလို အင်္ဂလိပ်လို အစုံပါပဲ။ အဲ့ဒါကြီးကို ကျမ မြင်ပြီးတော့ ငါတော့ ဒီ ဆေးတက္ကသိုလ် ၇ နှစ် အတွင်း ဒီစာအုပ်တွေ ပြီးအောင်ဖတ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပါတယ်။ အဲ့ဒီလိုနဲ့ ကျမ အပြင်စာတွေ ဖတ်ခဲ့တယ်။ အတန်းထဲမှာ စာသင်တဲ့အခါမှာ ကျမက နောက်ဆုံးကနေ မတ်တတ်ရပ်ပါတယ်။ ဆရာ စာမေးလွတ်အောင်လို့ပါ။ ရှေ့မှာ ရပ်လို့ရှိရင် ဆရာက လှမ်းလှမ်းပြီး စာမေးလို့ပါ။ စာသင်ရတဲ့အခါမှာလဲ ကျမ အားကျစိတ် လုံးဝမပေါ်ပါဘူး။ ကျမတို့ ကျောင်းမှာ ရောဂါနံမည်တွေ၊ ကုထုံးနာမည်တွေ အဲ့ဒါတွေ အားလုံးဟာ လူနံမည်တွေနဲ့ ချည်းပါပဲ။ ဥပမာ ရောဂါတခုခုကို တယောက်ယောက်က ရှာတွေ့သွားပြီဆိုရင် အဲ့ဒီလူရဲ့ နာမည်ကို ရှေ့မှာတပ်ပြီးတော့ နံမည်နဲ့ ရောဂါနံမည် ပေးပါတယ်။ ဥပမာ ကော့ ဆိုတဲ့သူက ရောဂါတခုကို ရှာဖွေတွေ့ခဲ့တယ်။ အဲ့ဒီ ကော့ ရှာတွေ့ခဲ့တဲ့ အဆုပ်ရောဂါကို ကော့ Lung ကော့ဒစိပေါ့။ ကော့ရဲ့ရောဂါလို့ နံမည် တပ်ပါတယ်။ နောက်ပြီး ပဲလော့ လို့ခေါ်တဲ့ ပြင်သစ်သမားတော်ကြီး တယောက်က ရှာတွေ့ခဲ့တဲ့ ရောဂါ၊ မွေးရာပါ နှလုံးရောဂါ၊ အဲ့ဒါဆိုလို့ ရှိရင် ပဲလော့တက်ထွာလော်ဂျီလို့ သူတို့က နံမည်ပေးပါတယ်။ ပဲလော့ ရှာတွေ့ခဲ့သော ရောဂါ၊ အဲ့ဒီလိုမျိုးတွေ ထောင်ပေါင်း၊ သောင်းပေါင်းများစွာ နေ့စဉ် ကျမတို့ စာကျက်ရပါတယ်။ အဲ့ဒီလို ကျက်နေတဲ့အခါမှာ ဒီနံမည်တွေကို ကျက်ပြီးတော့ ငါသူတို့ ဘ၀ကို အားကျလိုက်တာ ဆိုတဲ့စိတ်များ ၀င်ခဲ့မိသလားလို့ အခုနေ ကျမပြန်တွေးကြည့်တော့ ကျမ နည်းနည်းမှ အားကျစိတ် မ၀င်ခဲ့ပါဘူး။ တခါတခါ သူတို့ကို ငြိုတောင်ငြိုငြင် မိပါတယ်။ သူတို့ဟယ် ရှာလိုက် ဖွေလိုက်ကြတာ၊ တွေ့ပဲ တွေ့နိုင်လွန်းတယ်၊ သူတို့ ရှာပြီးတော့ တွေ့တော့ ငါတို့မှာ စာတွေ ကျက်လို့ကို မပြီးနိုင်တော့ဘူး။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒီလောက်ထိအောင် ကျမ မေတ္တာပို့ခဲ့ ပါတယ်။ ဒါ ကျမ ဆေးကျောင်းသူဘ၀ ညံ့ဖျင်းမှုတွေပါ။

ဒီလိုနဲ့ တနှစ်ပြီး တနှစ် ယက်ကန်ယက်ကန်နဲ့ စာမေးပွဲတွေ နီးတော့ စာလေးကျက်လိုက်၊ အောင်လိုက်၊ တခါတလေ တခါတည်းနဲ့ မအောင်လို့ နှစ်ခါပြန် ဖြေရပါတယ်။ ကျမတို့ ကျောင်းမှာတော့ ဆပ်ပလီမန်ထရီဆိုတာ ရှိပါတယ်။ ဆပ်ပလီမန်ထရီက စာမေးပွဲ ကျပြီးတော့ ကျတဲ့ဘာသာကိုပဲ ပြန်ဖြေရတာပါ။ တော်ပါသေးရဲ့ ဆပ်ပလီမန်ထရီသာ မရှိခဲ့ရင် ကျမ တတန်းနှစ်နှစ် လောက် နေရဖို့ အကြောင်းရှိပါတယ်။ အဲ့ဒီလိုနဲ့ ကျမ ဆရာဝန် ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်လာတော့ ဒီလို ခပ်ညံ့ညံ့ ဆေးကျောင်းသူတယောက်က ဘယ်လိုဆရာဝန်မျိုးဖြစ်မလဲ။ တွေးကြည့်ရင်တော့ သဘောပေါက်နိုင်စရာ အကြောင်းရှိပါတယ်။

ဒါပေမယ့် ကျမရဲ့ ဆရာဝန်ဘ၀ကို ပိုပြီးတော့ ပုံပေါ်သွားအောင်၊ ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ နားလည်သွားအောင် ကျမ ကာတွန်းလေးတပုဒ်နဲ့ ဥပမာပေးချင်ပါတယ်။ အဲ့ဒီကာတွန်းလေးကို ရေးဆွဲတဲ့သူ ဘယ်သူလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမညံ့တဲ့အထဲမှာ အဲ့ဒါလဲ ပါပါတယ်။ ကျမက ဆရာအော်ပီကျယ်ကို တောင် မေးကြည့်ပါသေးတယ်။ ကာတွန်းဟာ ကျမ အခုထိ သတိရနေသေးတယ်ဆရာလို့ ဆရာများ ဆွဲခဲ့ သလားလို့ ကျနော် မဆွဲခဲ့ ပါဘူးတဲ့။ ဒါပေမယ့် ကျမရင်ထဲမှာ အဲ့ဒီ ကာတွန်းလေးဟာ အခုချိန်ထိ နှစ်ပေါင်းများစွာ စွဲတင်ကျန်ရစ်ခဲ့ပါတယ်။ အော် ငါနဲ့ တူလိုက်လေခြင်း၊ အဲ့ဒီ ကာတွန်းအတွေးလေးကို ကျမ ပြောပြမယ်။ သူက တမျက်နှာ ကာတွန်းပါ။ မဂ္ဂဇင်းရဲ့ သရုပ်ဖော်ပုံ၊ မဂ္ဂဇင်းမှာ တမျက်နှာ ၄ ခု လောက်ပါတယ်။ တခါတလေ ၆ ခုလောက်ပါတယ်။ အခု ကျမကာတွန်း အကွက် ၆ ကွက်ပါတဲ့ ကာတွန်းပါ။ သူက ပထမဦးဆုံး အကွက်မှာ လူမမာတယောက် ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး စန့်စန့်ကြီး အိပ်နေတယ်၊ လူနာရဲ့ ဘေးနားလေးမှာ လူနာရဲ့ ဇနီးလို့ ထင်ရတဲ့ အမျိုးသမီးလေးက တယောက်၊ သူက ကျုံ့ကျုံ့လေးထိုင်ပြီးတော့ စိတ်ပူနေတဲ့ မျက်နှာလေးနဲ့ လူနာကို ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘေးနားမှာတော့ ဆရာဝန်တယောက် မတ်တတ်ရပ်နေပါတယ်။ အဲဒီဆရာဝန်က လူနာကို နားကြပ်ကလေး နားမှာထောက်ပြီး စမ်းသပ်နေပါတယ်၊ အဲဒါ ပထမဦးဆုံးအကွက်။ ဒုတိယအကွက်ကတော့ အဲဒီဆရာဝန်ကို ကာတွန်းဆရာက ပုံကြီးချဲ့ပြီး ဆွဲပါတယ်။ ဆရာဝန်ရဲ့ မျက်လုံးတွေကို အဓိက ထားတယ်။ ဆရာဝန်ရဲ့ မျက်လုံးက ဘာမှမသိတဲ့ အူကြောင်ကြောင် မျက်လုံးမျိုးပါ။ မျက်လုံးလေးက လည်နေတယ်။ ဆရာဝန်ရဲ့ ခေါင်းပေါ်မှာလဲ ကွက်ရှင်မတ်ပေါ့ မေးခွန်းလက္ခဏာလေးနဲ့၊ သူ့ရဲ့ဘေးနားမှာ ရှုပ်နေတဲ့ သပွတ်အူလို ပုံစံလေးနဲ့။ ဘာရောဂါပါလိမ့် သူတော်တော်ဦးဏှောက်ခြောက် နေပြီလို့ ကာတွန်းကြည့်တဲ့ပရိသတ် သိအောင် ကာတွန်းဆရာက ဆွဲထားပါတယ်။ အဲ့ဒါက ဒုတိယအကွက်။ နောက် တတိယအကွက်ရောက်တော့ ဆရာဝန်ကိုပဲ အသားပေးပြီး ဆွဲထားတယ်၊ ဆရာဝန်ရဲ့ မျက်ဝန်းမှာ စောစောက မြင်နေရတဲ့ အူကြောင်ကြောင် မျက်လုံးမရှိတော့ဘူး။ သူ့မျက်လုံးလေးတွေက တောက်နေတယ်။ သူ့ရဲ့ ခေါင်းပေါ်မှာလဲ စောစောက ကွက်ရှင်မတ်တွေ၊ သပွတ်အူတွေ မရှိတော့ပဲနဲ့ လင်းနေတဲ့ ဖန်သီးလေးတလုံးကို ခေါင်းပေါ်မှာ ဆွဲထားပါတယ်။ ဖန်သီးလေးဘေးမှာ အချောင်းချောင်းလေးတွေနဲ့ သူဘာရောဂါလဲဆိုတာ ရှာလို့ ရပြီဆိုတဲ့ အဓိပ္ပါယ်၊ ကျမတို့ သိစေပါတယ်။ နောက် စတုတ္ထကွက်မှာရောက်တော့ ဆရာဝန်က သူတပ်ထားတဲ့ နားကျပ်ကို ချွတ်ပြီး လူနာရှင် အမျိုးသမီးဘက်ကို လှည့်ပြီးတော့ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကျနော် ၀မ်းနည်းပါတယ်၊ လူမမာဟာ အသက်မရှိတော့ပါဘူးတဲ့။ (ရီသံများ) အဲ့ဒီလို ပြောလိုက်ပါတယ်။ အဲ့ဒါက စတုတ္ထအကွက်ပေါ့။ နောက် ပဉ္စမအကွက်ကို ရောက်တော့ စောစောတုန်းက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စိုးရိမ်ပူပန်တဲ့ မျက်နှာလေးနဲ့ သူ့ယောက်ျားကို ကြည့်နေတဲ့ လူမမာရှင်အမျိုးသမီးက သူ့ယောက်ျားဘက်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီးတော့ 'ရှင် ဆရာဝန်ထက် ပိုပြီးတော့ မသိချင်နဲ့' အဲ့ဒီလို ပြောလိုက်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ)

အဲ့ဒီတော့ ကာတွန်းထဲက ဆရာဝန်လို ကျမဟာ၊ ကာတွန်းထဲက လူနာရှင်မိန်းမလို အများကြီး ကြုံတွေ့တဲ့အခါ ကျမရဲ့ဆေးခန်းဟာ လူနာတော်တော်များပါတယ်။ ရေနံချောင်းမြို့မှာ ဒေါက်တာ တင်တင်ဝင်း ဆိုတာ နံမည် တော်တော်ကြီးပါတယ်။ စောစောက ဒေါက်တာ တင်မောင်သန်းပြောသွားတဲ့ ပူဖောင်းလေးတွေလဲ ပါတာပေါ့။ အဲ့ဒီတော့ ဒါဟာ ကျမရဲ့ ဆရာဝန်ဘ၀ သရုပ်ပေါ်အောင် ကာတွန်းလေးနဲ့ ဥပမာ ပေးတာပါ။ ကျမရဲ့ ဆရာဝန်ဘ၀ကို ကျမ ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခု ကျမပြောပြရင် ပိုပြီးတော့ သဘောပေါက် သွားမယ်လို့ ကျမ ထင်ပါတယ်။ ဒါဟာ ကျမလို ခပ်ညံ့ညံ့ဆရာဝန်တွေသာကြုံရမယ့် အချက်ပါ။ တော်တဲ့ ဆရာဝန်တွေ ဒါမျိုး လုံးဝ ကြုံရမှာ မဟုတ်ဘူး။ ဒါဟာ သေချာပါတယ်။ ကျမဟာ ဆရာဝန်ဖြစ်ပြီးတော့ ၃ လ လောက်အချိန်မှာ ကြုံရတဲ့ အဖြစ်ကလေးပါ။ ၃ လ ဆိုတော့ ဘာအတွေ့အကြုံမှ မရှိသေးပါဘူး။ စမ်းတ၀ါးဝါး ဆေးကုနေဆဲ၊ ကျောင်းစာနဲ့ ပြင်ပလောကနဲ့ကို ထင်ဟပ်ကြည့်နေဆဲ အချိန်ပါ။ အဲ့ဒီအချိန် တညနေ ကျမ ဆေးခန်းဖွင့်တဲ့အချိန်မှာ ကျမရဲ့ ဆေးခန်းထဲ လူနာနှစ်ယောက် ရှိပါတယ်။ တယောက်က ကျမ ကုလက်စ၊ တယောက်က သူ့အလှည့်ရောက်ဖို့ ထိုင်စောင့်နေတယ်။ အဲ့ဒီအချိန်မှာ အပြင်ဘက်ကနေ အမျိုးသမီးတယောက် ခပ်သုတ်သုတ် ဆေးခန်းထဲ ၀င်လာပါတယ်။ ဆရာမ ဆရာမ လူနာအရေးကြီးနေလို့ အိမ်ပင့်ချင်လို့ပါတဲ့။ အဲဒီလို ပြောပါတယ်။ ကျမက လူနာတယောက်ကို ဆေးကုလက်စဆိုတော့ ခဏစောင့်ပါဦး၊ ဒီက လူနာပြီးရင် လိုက်ခဲ့ပါ့မယ်ပြောတော့၊ ဟာ ဘယ်စောင်လို့ ဖြစ်မလဲဆရာမတဲ့၊ ဟိုမှာက အရေးကြီးတယ်တဲ့။ လူမမာက သတိ လစ်နေတာပါတဲ့။ သတိလစ်တယ်ဆိုတော့ အရေးကြီးပြီပေါ့၊ ကျမက ကုလက်စလူနာကို ဆေးတွေ ဘာတွေ ပေးပြီးတော့ စောင့်နေတဲ့ လူနာကို စောင့်များစောင့်နိုင်မလားလို့ ကျမအရေးကြီးတဲ့ လူနာနောက်ကို လိုက်ချင်လို့ပါလို့ ခွင့်တောင်းပါတယ်။ အဲ့ဒီ လူနာကလဲ သဘောကောင်းပါတယ်၊ လိုက်သွားပါဆရာမ ကျမ စောင့်ပါမယ်တဲ့။

အဲ့ဒါနဲ့ ကျမ ဆေးအိတ်ကို ပေးပြီးတော့ လူနာရှင် အမျိုးသမီးနောက် လိုက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နွေရာသီပါ။ နွေရာသီမှာ ရေနံချောင်းမြို့မှာ တော်တော် ပူပါတယ်၊ ဘယ်လောက်ထိ ပူသလဲဆိုရင် နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီကြားမှာ ရေလုံးဝ မချိုးရဘူးလို့ အာဏာပိုင်တွေက တားမြစ်ထားတဲ့အထိ ကျမတို့ ရေနံချောင်းက ပူပါတယ်။ ရေချိုးပြီးတော့ ဗြုန်းကနဲ လဲကျပြီး သေဆုံးသူတွေ အများကြီးပါပဲ။ အဲ့ဒါကြောင့် အာဏာနဲ့ တားမြစ်ထားတဲ့ အချိန်ပါ။ စေတနာနဲ့ အာဏာသုံးတာပါ။ တခါတခါ အာဏာဟာ စေတနာနဲ့လဲ သုံးတတ်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ)
အဲ့ဒီတော့ ကျမက လူနာအိမ်ကို လိုက်သွားပါတယ်။ လမ်းမှာလဲ ကျမ စဉ်းစားနေတာပေါ့။ ရေချိုးရင် အန္တရာယ်ရှိတဲ့ အချိန်ပဲ။ မေးကြည့်တယ် ဘာဖြစ်တာလဲပြော ဆိုတော့၊ ကျမ အမကြီးပါတဲ့၊ ဈေးကနေ မကြာသေးခင်က ပြန်လာပါတယ်တဲ့။ ပူပူအိုက်အိုက်နဲ့ ဈေးက ပြန်ပြန်ချင်း ရေတန်းချိုးလိုက်ပါတယ်။ ရေချိုးပြီး ကတည်းက သတိလစ်သွားတာ အခုချိန်ထိ သတိပြန်လည် မလာပါဘူးတဲ့။ အဲ့ဒီတော့ ဒါဟာ ရေချိုးမှားလို့ အပူရှပ်တယ်ပေါ့။ ဒါဆိုရင် သာမိုမီတာ တိုင်းရမယ်။ စိတ်ထဲမှာ စွဲသွားတယ်။ လူနာအိမ်ရောက်တော့ လူနာက အမျိုးသမီးပါ။ ခပ်၀၀၊ ထွားထွား၊ အဲ့ဒီအမျိုးသမီးကို ကျမက ဘေးကနေ ကြည့်လိုက်တော့ သူ့ပုံစံက မလှုပ်မရှက် ပုံစံပါ။ အဲ့ဒါနဲ့ ကျမ သာမိုမီတာလေးကို ယူပြီးတော့ သူ့ပါးစပ်ကို တိုင်းဖို့ သူ့ပါးစပ်ကို ဖွင့်ပါတယ်။ သူ့ပါးစပ်က ဖွင့်လို့ မရဘူး။ သွားစိနေတယ်။ ကျမကလဲ ဘယ်ရမလဲ သွားစိနေတော့ သူ့ချိုင်းထဲ တိုင်းလိုက်တာပေါ့။ သာမိုမီတာနဲ့ ချိုင်းထဲတိုင်းတော့ အဖျား ရှိ မရှိပေါ့။ ကျမထင်သလောက် မဖျားဘူး။ ဒါနဲ့ ကျမက သွေးပေါင်ချိန် တွေ ဘာတွေ တိုင်းကြည့်သေးတယ်။ သွေးဖိအားက သိတ်ပြီတော့ များဘူး။ နောက်အဆုတ်ကို နားထောင်ကြည့် တော့ အဆုပ်မှာ အသက်ရှူသံ လုံးဝ မကြားရပါဘူး။ အဲ့ဒါလဲ ကျမက အားမလျှော့သေးဘူး။ နှလုံးကို ထောက်စမ်းကြည့် ပါတယ်။ နှလုံးကလဲ တချက်မှ မခုန်ပါဘူး။ အဲ့ဒီတော့ နားကြပ်လေးကိုချ လူမမာရှင်ဘက် လှည့်ပြီးတော့ ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ ပြောတော့မလို့ မပြောရသေးဘူး၊ ပြောမလို့ ရှိသေးတယ်။ ကျမရဲ့ ခေါင်းထဲမှာ အတွေးတချက် ၀င်လာပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျမတို့ရဲ့ ဆရာ့ဆရာကြီးတွေက ကျမတို့ကို သင်ထားတာ ရှိပါတယ်။ လူမမာတယောက်ကို စမ်းသပ်ပြီးတဲ့အခါ သူသေပြီလို့ မပြောမီ နောက်ဆုံး စမ်းသပ်နည်းတွေနဲ့ စမ်းသပ်ရမယ်။ အဲဒီ နောက်ဆုံးနည်းတွေနဲ့ စမ်းသပ်ပြီးမှ လူနာသေပြီလို့ ခိုင်လုံမှသာ လူနာရှင်ကို အတည်ပြုပေးရမယ်လို့ ပြောတော့၊ ဟုတ်ပြီ အဲ့ဒါဆိုရင် လူနာတယောက် အသက်မရှူရုံ၊ နှလုံးမခုန်ရုံနဲ့၊ သေပြီလို့ ပြောလို့ မဖြစ်သေးဘူး။ နောက်ဆုံး စမ်းသပ်နည်းနဲ့ စမ်းသပ်ရဦးမယ်၊ အဲ့ဒီနည်းကို ရှာပါတယ်။ ဖြစ်ချင်တော့ နောက်ဆုံးစမ်းသပ်နည်းဟာ ဘာလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမစဉ်းစားတယ်။ ငါ့ကို ဆရာကြီးတွေက သင်ပေးလိုက်တယ်၊ ဘာလဲ မသိဘူး၊ နောက်ဆုံးနည်း ရှိတယ်တဲ့။ စဉ်းစားတာ တော်တော်ကြာတယ်။ ဘေးကလူတွေကလဲ ကျမကို ငေးကြည့်လို့၊ ကျမလဲ စဉ်းစားရင်း စဉ်းစားရင်း အဖြေမပေါ်တော့ လူနာဆေးထိုးဖို့ လာချတဲ့ ရေနွေးဇလုံထဲကို ကျမ အပ်တွေထည့်၊ ပိုက်တွေထည့် ပိုက်ကလေးကို ရေနွေးစုပ်လိုက် ပြန်ထုတ်လိုက်၊ စုပ်လိုက် ပြန်ထုတ်လိုက်နဲ့ ခေါင်းထဲကတော့ သပွတ်အူတွေ တော်တော်များနေပြီ။ ငါဘာလုပ်မလဲလို့။ ကံကောင်းချင်တော့ ကျမ သတိရသွားပါတယ်။ ဇဝေဇ၀ါ မျက်လုံးတွေ အကုန်ဖျောက်ပြီး မျက်နှာထား ခပ်တည်တည်နဲ့ အဲ့ဒီအမျိုးသမီး ဆီကနေ ကျမကို လက်နှိပ်ဓါတ်မီးတခုပေးပါလို့ တောင်းလိုက်ပါတယ်။

ကဗျာကယာပဲ လက်နှိပ်ဓါတ်မီးထိုးပေးတယ်။ သူ့ဆီက လက်နှိပ်ဓါတ်မီးကို ယူပြီးတော့ လူမမာရဲ့ မျက်လုံးကို ဖွင့်ပြီးတော့ ကျမ မီးထိုးကြည့်ပါတယ်။ သာမန်လူတွေဟာ မျက်လုံးကို မီးရောင်နဲ့ လျှပ်တပြက် ထိုးလိုက်လို့ ရှိရင် အဲ့ဒီ မျက်လုံးသူငယ်အိမ်က မီးရောင်ကို တုံ့ပြန်တဲ့အနေနဲ့ သူငယ်အိမ် ကျယ်ရာကနေ ကျဉ်းသွားရပါတယ်။ ကျုံ့ဝင်သွားရပါတယ်။ အခု ကျမရဲ့ လူနာက လက်နှီပ်ဓါတ်မီးနဲ့ ထိုးလိုက်ပေမယ့် မျက်လုံးသူငယ်အိမ် ကျယ်မြဲကျယ်လျက်ပါ။ အဲ့ဒီတော့ ဒီတဖက် မသေချာသေးဘူး၊ နောက်တဖက် ထပ်ထိုးကြည့်ပါတယ်။ ထပ်ထိုးကြည့်တော့ နောက်တဖက်ကလဲ ကျယ်မြဲ ကျယ်လျက် နည်းနည်းမှကို မလှုပ်ပါဘူး။ သေချာပြီ ဆိုတော့မှ ကျမက လက်နှိပ်ဓါတ်မီးကို ချ၊ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ လူမမာနားတော့ မနေရဲဘူး၊ ၀ုန်းဆို ထထိုင်ပြီး ဖက်လိုက်မှာစိုးလို့၊ လူနာရှင်ဘက်ကို ကပ်သွားပြီးတော့ ကျမ ပြောလိုက်ပါတယ်။ အမကြီးလို့ ပြောရမှာတော့ ကျမ ၀မ်းနည်းပါတယ်၊ အမကြီးရဲ့ လူမမာက အသက်မရှိတော့ ပါဘူးလို့၊ ကျမ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ လူနာရှင် မိန်းမက ကျမ ထင်သားပဲ ဆရာမတဲ့။ အဲ့ဒီလို ပြောပါတယ်။ ကျမ တော်တော် ရှက်သွားတယ်။ ငါ့မှာတော့ ဒီလူနာ သေ မသေ စဉ်းစားလိုက်ရတာ၊ သူကတော့ ကြိုပြီးတော့ သိနေခဲ့ပါလား။ အဲ့ဒီအချိန်မှာ ကျမဟာ ထိုင်ရာကနေ ထပြီးတော့ ထွက်ပြေးသွားချင်လောက်အောင် ရှက်ပါတယ်။ ရှက်တာနဲ့အမျှ ဒေါသလဲထွက်။ ငါ့ကို ဒီလူနာ သေမှန်း သိလျက်နဲ့ သေနေတယ်လို့ ထင်နေလျက်သားနဲ့၊ ငါ့ဆေးခန်းကို ပိတ်ပြီး လာခဲ့ရအောင် ငါ့ကို ခေါ်တယ်။ ကျမဟာ ဒေါသနဲ့ ဟောက်ထည့်လိုက်တယ်။ လူနာသေတယ်လို့ ထင်လျက်သားနဲ့ ကျမကို ဘာဖြစ်လို့ လာခေါ်တာလဲ၊ ကျမမှာဖြင့် ဆေးခန်းလူနာတွေ ပစ်ထားခဲ့ရတာ၊ ရှင်အဓိပ္ပါယ်မရှိဘူး။ ဘာလို့ လာပင့်တာလဲ ဟောက်လိုက်တော့၊ လူနာရှင်အမျိုးသမီးက မျက်နှာလေး ချပြီး ပြောပါတယ်။ ဆရာမရယ် သေတယ်လို့တော့ ထင်ပါတယ်၊ ဒါပေမယ့် ဆရာမဆီက အတည်ပြုချက်လေး ယူချင်လို့ပါတဲ့။ (ရီသံများ) အဲ့ဒါ ကျမဘ၀ရဲ့ အင်မတန် ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခုပါ။ ဒီတော့ ကျမဟာ ဆရာဝန်ဘ၀မှာလဲ ညံ့ဖျင်းတဲ့ ဆရာဝန်ပါ။

ဘယ်လောက် ညံ့ဖျင်းသလဲဆိုရင် ကျမ လူမမာတွေ အိမ်တွေ လိုက်သွားတယ်၊ ခလေးမွေးပေးရတယ်၊ ညှပ်နဲ့ ဆွဲမွေးပေးရတယ် ဆိုရင်ပဲ ကျမဟာ သားဖွါးမီးယပ်ပညာရှင်တွေလို ခံစားရပါတယ်။ ဘ၀င်မြင့်ခဲ့ပါတယ်။ အလုံး အကြိတ်လေးတွေ၊ အဆီလုံးလေးတွေ ခွဲစိတ်ရတာကိုပဲ ကျမဟာ ခွဲစိတ်ကုဆရာဝန်ကြီးလို ကျမ ဘ၀င်မြင့်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နိုင်ငံရဲ့ ပြင်ဘက်မှာ ဆေးပညာနဲ့ ပါတ်သက်ပြီး ဘာတွေ တွေးထင်နေသလဲ၊ ဘာတွေ စီစဉ်နေကြသလဲ ကျမ မသိပါဘူး။
ဒိထက်ပိုညံ့တာတခုက ကျမတို့ ဆရာဝန် ဖြစ်တော့နောက်မှာ ကျမတို့နိုင်ငံရဲ့ ပြည်သူ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုပါတယ်။ ပြည်သူ့ဆေးရုံ တွေမှာ တာဝန်ထမ်းဆောင်ဖို့က ဘွဲ့ရရုံနဲ့ မဖြစ်ပါဘူး။ ကျမတို့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ချင်တဲ့စိတ်ရှိရင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးရအောင် စာမေးပွဲတွေ ဖြေရပါတယ်။ အဲ့ဒီက စာမေးပွဲတွေကတော့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျင်းပပေးတဲ့ စာမေးပွဲတွေပါ။ အဲ့ဒီ စာမေးပွဲတွေက ဖြေပြီးအောင်မှသာ ကျမတို့ဟာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခွင့် ရှိပါတယ်။ ကျမဟာ ဘွဲ့ရရခြင်း တိုင်းပြည်ကို အင်မတန် အကျိုးပြုချင်ပါတယ်။ တိုင်းပြည်တာဝန်ကိုလဲ အင်မတန် ထမ်းဆောင်ချင်ပါတယ်။ အဲ့ဒါနဲ့ပဲ ကျမ စာမေးပွဲတွေ ဖြေပါတယ်။ ဖြေတိုင်း ဖြေတိုင်း ကျပါတယ်။ နောက်ဆုံးတကြိမ်မှာတော့ ရေးဖြေစာမေးပွဲ အောင်သွားတယ်။ အောင်သွားတော့ ကျမတို့ ကျက်ရတဲ့ စာတွေကလဲ နိုင်ငံရေးသိပ္ပံ ပါပါတယ်။ မြန်မာစာ ပါပါတယ်။ ဗဟုသုတ ပါပါတယ်။ ဆေးပညာတော့ မပါပါဘူး။ (ရီသံများ) အဲ့ဒီတော့ ကျမတို့ ရေးဖြေအောင်သွားတဲ့အခါ ကျမ ရန်ကုန်ကို လာပြီး နှုတ်ဖြေ ဖြေရပါတယ်။ နှုတ်ဖြေဖြေတော့ ကျမတို့ သူငယ်ချင်း သုံးလေးယောက် စုပြီး တအိမ်မှာ တည်းတယ်။ တည်းပြီးတော့ နောက်ဆုံးပေါ် ဂျာနယ်တွေ၊ ဆေးပညာနဲ့ ပတ်သက်တာတွေ ကျမတို့ အကုန်ဖတ်ပါတယ်။ အဲ့ဒီအချိန်တုန်းက (အိတ်စ်) ရောဂါ ကမ္ဘာမှာ လူသိခါစ၊ ရော့ဟဒ်ဆန်ကြောင့် အဲ့ဒီရောဂါကို လူတော်တော်များများက သိကုန်ကြပါပြီ။ ကျမတို့ ကျောင်းတုန်းက ဒီရောဂါဟာ မထင်ရှားသေးတဲ့အတွက် ကျမတို့ သိပ်စာမကျက်ရပါဘူး။ အဲ့ဒီအချိန်မှာ အိတ်စ်ရောဂါနဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ်နည်းတွေ၊ ဖြစ်ပွါးတဲ့ အကြောင်းရင်းတွေ၊ ဆက်သွယ်မှုတွေ အားလုံးကို ကျမတို့ တညလုံး ဖတ်ရတယ်။ ဖတ်ပြီးတော့ နောက်တနေ့ ကျမတို့ အဆင်သင့်ပဲပေါ့။ ဆေးပညာနဲ့ ပတ်သက်လို့ ဘာမေးမေး အားလုံးရပြီလို့ ဆိုပြီး ရင်ကော့ပြီး စာမေးပွဲခန်းထဲ ၀င်သွားပါတယ်။ ၀င်သွားတော့ ကျမတို့ကို မေးလိုက်တဲ့ မေးခွန်းတွေက ကျမထင်ထားတဲ့ မေးခွန်းတွေ ဘာတခုမှ မမေးပါဘူး။ ကျမ မထင်မှတ်တဲ့ မေးခွန်းတွေပဲ မေးပါတယ်။ အဲ့ဒီ မေးခွန်းတွေဟာလဲ ကျမတခါမှ မကြားဘူးတဲ့ မေးခွန်းတွေပါ။ ဘာမေးခွန်းတွေလဲ ဆိုတာတော့ ကျမ မပြောတော့ပါဘူး။ မမှတ်မိလို့ပါ။ အဲ့ဒီမေးခွန်းတွေကို မေးပြီးတော့ ကျမကလဲ မဖြေနိုင်ပါဘူး။ ကျမကို ဆေးပညာနဲ့ ပတ်သက်တဲ့တာ မေးပါ။ ကျမ အကုန်ရပါတယ် ပြောတော့ အဲ့ဒါတွေ မမေးဘူးတဲ့၊ ငါတို့ မေးတဲ့ မေးခွန်းကိုပဲ ဖြေရမယ်တဲ့။ ကျမ စာမေးပွဲ ကျခဲ့ပါတယ်။ ကျမ အင်မတန် ထမ်းဆောင်ချင်တဲ့ တိုင်းပြည်တာဝန်ကို မထမ်းဆောင်ခဲ့ရပါ။ အဲ့ဒါ ကျမတို့ ဘွဲ့ရခါစ လွန်ခဲ့တဲ့ (၁၀) နှစ်ကပေါ့။ အခုအချိန်မှာတော့ အခြေအနေ တမျိုးပြောင်းသွားပါပြီ။

တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ဖိတ်ခေါ်လျက် ရှိပါတယ်။ မြို့နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆရာဝန်တွေ လိုနေပါတယ်တဲ့။ အရင်တုန်းက တနှစ်တနှစ် အောင်ခဲ့တဲ့ ဆရာဝန်တွေ ငါးရာ ခုနှစ်ရာလောက် ရှိပါတယ်။ ခေါ်တဲ့ဆရာဝန်က ၁၅၀ လောက်ပဲ ရှိပါတယ်။ အခုတော့ တနှစ်တနှစ် ဘယ်လောက်အောင်သလဲတော့ မသိဘူး။ ခေါ်တဲ့သူတွေက အများကြီးပဲ။ ဖြေတဲ့သူတိုင်းကို အအောင်ပေးပါတယ်။ ဒါပေမယ့် ဖြေတဲ့သူ တဖြေးဖြေး နည်းသွားပါတယ်။ ကျမကိုယ်တိုင် အရင်တုန်းက တိုင်းပြည် တာဝန်ထမ်းဆောင်ချင်တဲ့ ကျမဟာ အခုအခြေအနေမှာ သွားပြီးတော့ ဖြေရင် အောင်မယ်ဆိုတာ ကျမ သိပါတယ်။ အခုတော့ ကျမ တိုင်းပြည်တာဝန် ထမ်းဆောင်ချင်တဲ့စိတ် မရှိတာလား၊ အသက်ကပဲ ကြီးသွားတာလား မသိပါဘူး။ စိတ်မ၀င်စားတော့ဘူး။ အခုတော့ ကျမဟာ ခပ်ညံ့ညံ့ ပြင်ပဆေးကု ဆရာဝန်ဘ၀နဲ့ပဲ ဆက်ပြီးတော့ နေထိုင်လျက် ရှိပါတယ်။ အဲ့ဒါက ကျမရဲ့ ဆရာဝန်ဘ၀ ညံ့ဖျင်းမှုတွေပါ။

ဆရာဝန်ဘ၀ ပြောပြီးတော့ စာရေးဆရာဘ၀ ညံ့ဖျင်းမှုတွေကို ၀န်ခံလိုပါတယ်။ ကျမ စာရေးဆရာအဖြစ် ဘာတွေညံ့သလဲ ဆိုတာကတော့ ကျမရဲ့ ၀တ္ထုဆောင်းပါးတွေကို ဖတ်တဲ့ ပရိသတ်တွေအနေနဲ့ ထူးပြီးတော့ ၀န်ခံစရာ မလိုလောက်အောင် သဘောပေါက်ပြီးသားလို့ ကျမ ယူဆပါတယ်။ ဒီတော့ ကျမစာရေးတာနဲ့ ပတ်သက်လို့ ကျမရဲ့ အရေးအသားတွေ၊ ဇာတ်လမ်းတည်ဆောက်ပုံတွေ၊ အတွေးအခေါ်တွေ ညံ့ဖျင်းတာကိုတော့ ကျမ မပြောတော့ပါဘူး။ ဒါပေမယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ညံ့ဖျင်းတာကိုတော့ ကျမ ပြောလိုပါတယ်။ ကျမဟာ စာရေးဆရာ ဖြစ်လို့သာ ဖြစ်လာရတယ်၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ စာရေးဆရာ ဘာ့ကြောင့် ဖြစ်ချင်သလဲလို့ တယောက်ယောက်က မေးလိုက်တဲ့အခါမှာ ကျမ အိုးနင်းခွက်နင်း အမြဲဖြစ်တတ်ပါတယ်။ ဘာဖြေလို့ ဖြေရမှန်း မသိပါဘူး။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ အခုအချိန်ကျမှ ပြန်စဉ်းစားကြည့်ရတယ်။ အရင်တုန်းက ကျမ မသိပါဘူး။ အခုအချိန်လဲ ကျမ ဘာဖြစ်လို့ ပြန်စဉ်းစားမိသလဲဆိုတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရလို့ပါ။ ဒေါ်ခင်မျိုးချစ်ကို အားလုံးသိကြမှာပါ။ အဲ့ဒီဆရာမကြီးက စာရေးတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဆောင်းပါးတပုဒ် ရေးဖူးပါတယ်။ သူက ဘာကို ဥပမာပြသလဲဆိုတော့ ဖိလစ်ပိုင်အမျိုးသား အာဇာနည်ခေါင်းဆောင် ဒေါက်တာ ဟိုဆေးရီဇော်နဲ့ ဥပမာ ပြပါတယ်။ ဒေါက်တာ ရီဇော်ဟာ သူစာရေးတဲ့ အချိန်တုန်းက သူနိုင်ငံဟာ ကိုလိုနီနိုင်ငံပါ။ သူ့တိုင်းပြည် လွတ်လပ်ရေး မရသေးပါဘူး။ အဲဒီတော့ သူဟာ သူ့တိုင်းပြည်လွတ်လပ်ရေးရဖို့ ကျနော် စာ(၃)အုပ် ရေးပါမယ်တဲ့။ အဲ့ဒီစာ (၃) အုပ်ရေးပြီးတဲ့ အထိ ကျနော့်တိုင်းပြည်ဟာ လွတ်လပ်ရေး မရသေးဘူးဆိုရင် ကျနော် ကိုယ့်ကိုယ်ကို သတ်သေ ပစ်လိုက်မယ်တဲ့။ အဲ့ဒီ ရည်ရွယ်ချက်နဲ့ ကျေညာပြီး စာရေးတဲ့ သူတယောက်ပါ။ တကယ်လဲ သူစာအုပ် ရေးခဲ့ပါတယ်။ စာအုပ်နှစ်အုပ် ရေးပြီးတဲ့အခါမှာပဲ သူ့တိုင်းပြည်ဟာ လွတ်လပ်ရေး ရသွားပါတယ်။ သူကိုယ်တိုင်ကတော့ နယ်ချဲ့အစိုးရက သူပုန်ဆိုပြီး သတ်မှတ်ပြီးတော့ သေနတ်နဲ့ ပစ်သတ်ကွပ်မျက်တာကို ခံခဲ့ရပါတယ်။ သူဟာ သူရဲကောင်း ပီသစွာ ကျဆုံးသွားပါတယ်။ အဲဒီ ဒေါက်တာရီဇော်ရဲ့ ရည်ရွယ်ချက်ကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ရေးပြလိုက်တဲ့အခါ ကျမ ကိုယ့်ကိုယ်ကို သိပ်ရှက်သွားပါတယ်။ ငါ ဘာရည်ရွယ်ချက်နဲ့ စာရေးတာလဲ။ သူများတွေများ ရည်ရွယ်ချက်က မွန်မြတ်လိုက်တာ။ မြင့်မြတ်လိုက်တာ၊ ငါ့မှာတော့ ဘာရည်ရွယ်ချက်မှ မရှိပါလား၊ ကျမရေးခဲ့တဲ့ ၀တ္ထုတွေ လေးငါးပုဒ်၊ လုံးချင်းစာအုပ်နဲ့ ၀တ္ထုတွေ ၃၀ ကျော်၊ ငါဘာကို ရေးတာလဲ၊ အဲ့ဒီတခါ ကျမ နည်းနည်းတော့ သဘောပေါက်လာပါတယ်။ ကျမဟာ ရည်ရွယ်ချက်တော့ ရှိခဲ့ဟန် တူပါတယ်။ ဘာရည်ရွယ်ချက် လဲ တွေးကြည့်တော့ ကျမ၀တ္ထုတွေထဲက ကျမ ပြန်ပြီးတော့ လေ့လာကြည့်ရသလောက်တော့ ကျမဟာ အမျိုးသမီးတယောက် ဖြစ်တာနဲ့အမျှ အမျိုးသမီးများရဲ့ ဂုဏ်သိက္ခာမြင့်မားရေး၊ တိုးတက်အောင်မြင်ရေး၊ ကိုယ်ကျင့်တရား မြင့်မြတ်ရေး အဲ့ဒါတွေကို ကျမ ဦးတည်ခဲ့ပုံရပါတယ်။ ကိုယ့်ဖာသာကိုယ် ပြန်ပြီးတော့ ဆင်ခြင်မိသလောက် ပြောရရင် ဒါတွေကြောင့် ရေးမိခဲ့တယ်နဲ့ တူပါတယ်။ ဒါတောင် အခုချိန်ထိ မသေချာသေးပါဘူး။ ဇဝေဇ၀ါ ဖြစ်တုန်းပါပဲ။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျမကိုယ်ကျမ မသေချာသေးဘူး။ ဒါပေမယ့် ဒါ ထင်မြင်ချက်တခုပါ။ ကျမ အဲ့ဒီလို ရည်ရွယ်ချက်နဲ့ ရေးခဲ့မိတယ်လို့ ကျမ ကိုယ့်ဖာသာကိုယ်ပဲ ကောက်ချက်ချရပါတယ်။

ဒါက ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ညံ့တာ၊ နောက်တခုက ကျမတို့ဟာ ၀တ္ထုတပုဒ် ကဗျာတပုဒ် ရေးတဲ့အခါ ကိုယ့်ရဲ့စာကို စာဖတ်ပရိသတ် ဖတ်စေချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ စာဖတ်ပရိသတ်ဆီကို ပို့ချင်တဲ့ ဆန္ဒလေးတွေ အမြဲရှိပါတယ်။ ဒါ့ကြောင့် ကျမတို့ စာတွေ ရေးပါတယ်။ ကိုယ့်ကိုယ်ကို ဖတ်ဖို့ ရေးတာထက် သူတပါးဖတ်ဖို့ ရေးတာက ပိုပြီးတော့ များပါတယ်။ အဲ့ဒီတော့ ကျမဟာ ပရိသတ်အတွက် ရည်ရွယ်ပြီးတော့ ၀တ္ထုတွေ အများကြီး ရေးတယ်။ ဒါပေမယ့် ပရိသတ်ဆီကို ရည်ရွယ်သော်လည်း ပရိသတ်ဆီကို မရောက်ပဲ မမျှော်လင့်ပဲ ရေမြောင်းထဲကို ရောက်သွားခဲ့ရတဲ့ ၀တ္ထုလေးတွေ၊ ကဗျာလေးတွေ ရှိပါတယ်။ အယ်ဒီတာစာပွဲက ဆုတ်ဖြဲပြီးတော့ ရောက်တာ မဟုတ်ပါဘူး။ အယ်ဒီတာ စာပွဲကနေ ကျော်သွားပြီးမှ အကြောင်းကြောင်းကြောင့် ကျမရဲ့ ၀တ္ထုလေးတွေ ကဗျာလေးတွေ ရေမြောင်းထဲကို ရောက်သွားတာ ကျမ ခဏခဏ ကြုံရပါတယ်။ ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုတွေထဲမှာ ပါပါတယ်။ တကယ်တော့ ကျမတို့ဟာ စာဖတ်ပရိသတ်တွေဆီကို ပို့တဲ့အခါမှာ ပရိသတ်ဆီရောက်အောင် ကျမတို့ ရေးနိုင်ရပါမယ်။ ဘယ်လို အတားအဆီးပဲရှိရှိ ဘယ်လို အဖြတ်အတောက်ပဲ ရှိရှိ ဒါကို လှည့်ပတ်ပြီး ပို့နိုင်ရပါမယ်။ အရေးကြီးတာက ပန်းတိုင်ရောက်ဖို့ပဲ။ ဒါပေမယ့် ကျမတို့က အဲ့ဒီလို မပို့တတ်ဘူး။ ကျမက ပိုပြီးတော့ မပို့တတ်ဘူး။ အဲ့ဒီတော့ ကျမက ရည်ရွယ်ချက်နဲ့ ပရိသတ်ဆီကို ရောက်အောင် ပို့ပေးလိုက်ပေမယ့် တခါတခါကျတော့ ကံအကြောင်း မသင့်လို့ ပရိသတ်ဆီကို မရောက်တော့ပဲ ရေမြောင်းထဲကို ရောက်သွားတာ ကြုံရပါတယ်။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ ရေမြောင်းထဲကို ရောက်သွားတဲ့ ၀တ္ထုလေးတွေ အများကြီး ရှိပါတယ်။ ကဗျာလေးတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲက ကျမ ကဗျာတပုဒ်အကြောင်း ပြောပြချင်ပါတယ်။ ကဗျာလေးက တိုတိုလေးပါ။

ကဗျာလေးခေါင်းစဉ်က 'လေလွင့်သူရဲ့တိမ်' လို့ အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့ (၈) နှစ်လောက်က ရေးထားတာပါ။ ကျမ အဲ့ဒီကဗျာကို ပရိသတ်ဆီပို့ဖို့ အခုအချိန်ထိ ၃ ကြိမ်တိတိ ပို့ပြီးပါပြီ။ ၃ ကြိမ်လုံးလုံး ရေမြောင်းထဲပဲ ရောက်သွားပါတယ်။ ဒီတော့ အဲဒီကဗျာလေး ဘာကြောင့် ရေမြောင်းထဲကို ရောက်သလဲဆိုတာ ၀ိုင်းပြီးတော့ ဆန်းစစ်ပေးပါလို့ ကျမ တောင်းပန်ချင်ပါတယ်။ ကျမ အဲ့ဒီကဗျာလေးကို ရွတ်ပြပါမယ်။ နဲနဲကြာပြီဆိုတော့ အလွတ်မရလို့ စာရွက်ကို ကြည့်ပြီးတော့ ရွတ်ပါမယ်။

မုန်းတီးသူများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

မုန်းတီးမှုတွေ စားရတယ်ဆိုတာ တခြား စားစရာ မရှိလို့ စားရတာပါ။ ကျမမှာက နေ့စဉ်နှင့်အမျှ မုန်းတီးမှုကို စားရပါတယ်။ တချို့ တချို့သော သူတွေ၊ ကံကောင်းတဲ့သူတွေကတော့ စားစရာတွေ အများကြီး ရှိမှာပေါ့။ အဟာရရှိတဲ့ အစားအစာတွေ အများကြီး စားတဲ့အခါမှာ သူတို့ရဲ့ ဗိုက်တွေကလဲ တဖြေးဖြေးနဲ့ ပိုပိုပြီး ပူလာပါတယ်။ (ရီသံ၊ လက်ခုပ်သံများ) အဲ့ဒီတော့ ဒီပရိသတ်ထဲမှာ ဗိုက်ပူသူ ရှိရင် (ရီသံများ) တချို့ကျတော့ ဘီယာသောက်လို့ ဗိုက်ပူတတ်ပါတယ်။ အဲ့ဒါတွေက တမျိုးပေါ့။ ကျမမှာတော့ သူများလို စားစရာ အဟာရလဲ သိတ်မရှိ၊ လူပုံကို ကြည့်လိုက်ပါ၊ လူပုံကလဲ ပိန်ပိန် ပုပု သေးသေးလေး၊ ဒါ အဟာရ မရှိလောက်ဖူးဆိုတာ သိလောက်ပါတယ်နော်။ ကျမတို့မှာက ဆန်စပါး။ ၀၀လင်လင် မစားရ။ တချို့တော့ ဆန်စပါးတင်မကဘူး၊ ဘိလပ်မြေတွေ ဘာတွေလဲ စားတတ်ကြတယ်လို့ ပြောပါတယ်။ (ရီသံများ) အဲ့ဒီတော့ ကျမက စားစရာ မရှိတော့ နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ မုန်းတီးမှုကို ကိုယ့်အမုန်းတွေကို ပြန်ပြီး စားရင်း ကိုယ့်ကိုယ်ကို ခွန်အားဖြစ်အောင် နေခဲ့ရပါတယ်။ အဲ့ဒီအဓိပ္ပါယ်နဲ့ ကျမဟာ ကဗျာလေးကို အဲ့ဒီလို ရေးဖွဲ့ခဲ့ပါတယ်။

မုန်းတီးမှုများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းခဲ့ပြီ။

အဲ့ဒါကလဲ အဲ့ဒီကဗျာရေးတော့ ကျမက အသက် ၃၀ မို့လို့ နှစ် ၃၀ ကြာတဲ့ မီးလျှံများလို့ ရေးတာပါ။ (ရီသံများ)

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်း စိန်ခေါ်



email ကနေ ရလို့ ပြန် share တာပါ ..