Thursday, September 16, 2010

မိုးများ မြွေများ

မိုးများ မြွေများ

ညီပုလေး

(က) စာရေးသက်နှစ်ဆယ်ကျော်ခဲ့ပေမယ့်စာရေးသူဟာ ဒီအမျိုးသမီးအကြောင်းကို ၀တ္ထုဖွဲ့ဖို့တော့ ၀န်လေးနေမိတယ်။ ဒီအမျိုးသမီးဟာ လှချင်ရက်စက်စက် ယိုနေလို့ ကလောင်မလိုက်နိုင်တာလားဆိုပြန်ရင်လည်း အဲဒီလိုစာဖွဲ့လောက်အောင် တဖွဲ့တနွဲ့လှတဲ့ အလှမျိုး မဟုတ်ဘူး။ သူ့မှာ သာမန်ရုပ်ရည်ထက် နည်းနည်းပိုပြီ ကြည့်ပျော်ရှုပျော်ရှိတဲ့ မြန်မာအမျိုးသမီး တယောက်လောက်ပါပဲ။ ပျိုပျိုမြစ်မြစ် လေးမို့လို့လား မေးပြန်ရင်လည်း အသက်သုံးဆယ်ကျော်ဆိုတော့ ပျိုပျိုမြစ်မြစ်ထဲ စရင်းမ၀င်ပြန်ဘူး။ တကယ်တော့ မအေးသီဟာ ခင်ပွန်းသည် ဆုံးပါးသွားလို့ ကလေးတယောက်နဲ့ ကျန်ရစ်ခဲ့သူ တဦးဖြစ်တယ်။ စာရေးသူ ၀န်လေးနေတာ စာအရေးအဖွဲ့ မတော်လို့ ကလောင်တိမ်းသွားခဲ့ရင် မအေးသီတို့မိသားစု ကြေကွဲမှာကို စိုးရိမ်မိတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

အညာသားကျေးလက်မှာတော့ မိန်းခလေးတယောက် အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်းမှ အိမ်ထောင်ရက်သားကျရင် အသက်ကြီးမှ အိမ်ထောင်ကျတယ်လို့ ပြောတတ်ကြတယ်။ မအေးသီ ကိုထွန်းထွန်းနဲ့ လက်ထပ်တော့အသက် အစိတ်ကိုသုံးနှစ်စွန်းခဲ့ပြီ။ မိအို ဖအိုကို တသက်လုံးလုပ်ကျွေးမယ့် သမီးအလိမ္မာအဖြစ်နဲ့ တသက်လုံးနေသွားမှာလို့ ပိုးပန်း ကမ်းလှမ်းသူတွေကြားမှာ ပြောသံတွေ ကြားခဲ့ရပေ မယ့် ကိုထွန်းထွန်းရဲ့ကိုယ်စောင့်နတ်ကပဲ အောင်သွယ်တော်လေလားမသိ။ သူတို့ ၂ ယောက်နဖူးစာရွာလည် ပေါင်းဖက်မိကြတော့ မုဒိတာ ရှိကြသူတွေက နေနဲ့လလို့ ထင်မှတ်ကြတယ်။ ရွာခံကာလသား ခြေအေးဝမ်းယောင်တွေကတောင်မှ ပါးစပ်ကသာထုတ်မပြော ကြတာ စိတ်ထဲကတော ရွှေနဲ့မြတဲ့။

စာရေးသူဟာ အသက်အရွယ်လေး ရလာလို့လားမသိ၊ သေကြောင်၊ အနိစ္စရောက် ရောက်ကြောင်းတွေကို စာသိပ်မဖွဲချင်ဘူး။ စာရေး သူကိုယ်တိုင် တနေ့ဒီလမ်းသွားရမှာ သိနေပေမယ့် ကိုထွန်းထွန်း ကွယ်လွန်ပုံကိုစာမဖွဲ့ချင်ဘူး။ ဒီဝတ္ထုကို မအေးသီဖတ်မိရင် သူခမျာ အဟောင်တွေအသစ် ဖြစ်လိမ့်မယ်။ သူသိပ်ချစ်တဲ့ သူ့ခင်ပွန်းကိုပြန်လည် သတိရမိပြီ်နှစ်လွမ်းက သုံးလွမ်ဖြစ်ရရင် ဒီဝတ္ထုကြောင့် မုဆိုးမ တယောက် မျက်ရည်တွေထပ်မကျစေချင်ဘူး။ ဒါကြောင့် စာကြောင်းတိုတိုပဲဖွဲ့မယ်။

ဇနီးသည်နဲ့ ၂ နှစ်ကျော်လောက်ပဲ ပေါင်းလိုက်ရတယ်။ ကိုထွန်းထွန်းပိုးထိခဲ့တယ်။ အိမ်ထောင်သက် ဘာမျှမကြာလိုက်တဲ့ မအေးသီခမျာ ဘ၀ဇာတာရေးသူရဲ့ မသနားမညှာတာမှုကြောင့် မုဆိုးမဖြစ်ချိန်စောခဲ့ရတယ်။ အဲဒီအချိန်မှာသားလေး ဖိုးလမင်းဖြစ်လာမယ့် ကလေးက မအေးသီဝမ်းကြာတိုက်ထဲမှာ နေ့စေ့လစေ့ကြီ်း။ မအေးသီတသက်မှာ အသည်းထန်ဆုံး ငိုကြွေးခဲ့ရပြီး။ ဖအေကို မမြင်ဖူးလိုက်တဲ့ ဖိုးလမင်းကိုမအေးသီက သူ့ဘ၀တသက်တာမှာ သူပဲမိခင်၊ သူပဲဖခင်ပေါ့။ မုဆိုးမတယောက်ရဲ့တဦတည်းသောသားအပေါ် ချစ်တဲ့ အချစ်ကတော့ ပမာခိုင်ဖို့ခက်ပြီ။ စာရေးသူတို့ဝန်းကျင်မှာ မုဆိုးမတွေအများကြီး၊ မအေတခု၊ သားတခုတွေ အများကြီး။ အဲဒီသူတွေ ရဲ့ချစ်ခြင်းကို ကိုယ်ချင်းစာကြည့်ဖို့ တိုက်တွန်းရတော့မှာပဲ။ ဒါပေမယ့် မုဆိုးမက အသက်သုံးဆယ်ကျော် အရွယ်လောက်၊ သားက အနှီးထဲ ထွေးထားရမယ့်အရွယ်။ မအေကတောင်သူ၊ တောင်သား။ ယာသူမ၊ လယ်သူမ။ ယောင်္ကျားတွေနဲ့ဒိုးတူ ပေါင်ဖက်လုပကိုင်နိုင်တဲ့ ညိုညိုတုတ်တုတ်ခိုင်ခိုင်။ အရွယ်ကောင်းလေးမို့ နောက်တယောက်ပင်ထူလိမ့်မယ်လို့ အများကထင်ကြတယ်။ နဂိုရှိရင်းစွဲ အငယ် ကတည်းက ပိုးပန်းခဲ့သူတွေကလည်း မုဆိုးမ ကလေးတယောက် အမေပေမယ့် မအေးသီကိုကြည်ဖြူမြဲ ကြည်ဖြူသူတွေရှိတယ်။ မကြည် ဖြူသူဘယ်ရှိမလဲ။ သူကလည်းလုပ်ရည်ကိုင်ရည်ကောင်းသူ

အရွယ်လေးရှိတဲ့သူလေ။ လသာည လဘက်ရည်ဝိုင်းတွေမှာပါးစပ်ကထုတ်ပြောသူပြော၊ ၀မ်းထဲမှာ ကြိတ်မှိတ်မျိုသိပ်သူသိပ်ကြတယ်။ မအေးသီကတော့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေ သားလေးဖိုးလမင်းပေါ်မှာ စုပုံအောပြီ ချစ်နေလိုက်တယ်။ ဒါကြောင့် မုဆိုးမတယောက်နဲ့ တဦးတည်းသောသားလေးရဲ့ ချစ်ခြင်းကို စာရေးဖွဲ့ဖို့ပမာခိုင်ဖို့ခက်တယ်လို့ ရေးရတာလေ။ သမာဒေ၀ နတ်ကောင်းနတ်မြတ်တွေက မွန်မြတ်တဲ့စေတနာနဲ့ ဖိုးလမင်းရဲ့ ရုပ်ရည်ကလေးကိုသွားလေသူ ကိုထွန်းထွန်းရဲ့ ဖြောင့်စင်းစင်းနှာတံလေး၊ ထူထဲထဲမျက်ခုံးလေး၊ မေးစေ့ ချွန်ချွန်လေးကို ဖန်တီးကြတာဆိုရင်တော့ သမ္မာဒေ၀တွေကိုပဲ အပြစ်တင်ကြတော့မှာပဲ။ ဖိုးလမင်းဟာ ကိုထွန်းထွန်းရဲ့ ကိုယ်ပွား ဖြစ်လေ မအေးသီမှာ အချစ်သည်း အဖြစ်သည်းလေပေါ့။ လယ်တွေယာတွေက သီးနှံဆိုတာ မိုးလေ၀သမှန်ကန်ပါမှ။ လူ့အလိုနတ် မလိုက်နှိုင်ဆိုတဲ့စကား ဒီနေရာမှာလာမှန်ပြန်ရော။ မအေးသီ ကလေးချစ်တဲ့ဇောနဲ့ လယ်တွေကို ကျားစီး ဖားစီးလုပ်တယ်။ ရသမျှ သားလေးဖိုးလမင်းဖို့၊ ရှာသမျှ သားတော်မောင်ဖို့၊ စိုက်မိသမျှ သူ့ဖို့၊ သီးသမျှ သူ့ဖို့၊ ချွေတာသမျှ သားတော်မောင်ဖို့၊ဖွပ်သမျှ၊ ပြာသမျှ သူ့ဖို့။ ကျီထဲမှာရှိတာ သားတော်မောင်ဖို့၊ အိတ်ထဲရှိတာ သူ့ဖို့။ အားလုံး အားလုံးကို ဖိုးလမင်းဖို့ချည်း။ ကလေးချင်းအတူတူ သူ့သားက ၀မ်းလျှားထိုး စောသတဲ့။ ကလေးချင်းအတူတူ သူ့သားက ဆောင့်ကြောင့်ထိုင်စောသတဲ့။ မအေးသီ သဲနေကဲနေပုံ။ မအေကဒီလောက် ဖြစ်နေမှတော့ အဘိုး အဘွားက ဘယ်လောက်အချစ်ကဲလိုက်ကြလေမလဲ။ သူတို့မြေးကို ရင်အုပ်မကွာ ကျွေးမွေးခဲ့တဲ့ကလေး။ မျက်စိ အောက်က အပျောက်မခဲတဲ့ ဖိုးလမင်း....

ဒီဝတ္ထုမှာ ဖိုးလမင်းတဖြည်းဖြည်း ကြီးပြင်းလာပြီး ကျောင်းနေတဲ့အရွယ်မှာ စာအံပုံ၊ ဆွေတွေမျိုးတွေက စောင့်ရှောက်ကြပုံ၊ ချစ်ကြပုံ၊ ရှင်လောင်ဘ၀ စတာတွေ ရေးလိမ့်မယ်လို့ တချို့စာဖတ်သူတွေ မျှော်လင့်နေကြရော့မယ်။

လယ်ထဲယာထဲက မအေးသီတယောက်မြို့ကို မဖြစ်မနေတက်ရတဲ့အခါတွေရှိတယ်။ သီးနှံရောင်းချဖို့၊ မြေသြဇာဝယ်ဖို့ ပိုးသတ်ဆေး ၀ယ်ဖို့။ ပိုးသတ်ဆေးလို့ ဆိုလိုက်တာနဲ့ ချက်ကော့ဗ်ရဲ့ သေနတ်ကိုသတိရပြီး ဖိုးလမင်း ဒါမှမဟုတ်သူ့မအေ မအေးသီတယောက်တော့ ပိုးသတ်ဆေး သောက်တော့မှပဲလို့ ကွက်ကျော်တွေးချင်သူ တွေးတတ်သူတွေကို စာရေးရင်း အမှတ်တမဲ့ သတိရလိုက်သေးတယ်။ စီးပွားရေး၊ လူမှုရေး၊ အလှူအတန်းတခုခုအတွက် မြို့ကိုမအေးသီ တခါတရံ သွားရလေ့ရှိတယ်။ အဲဒီလိုသွားတဲ့အခါ နွားလှည်းတန်ရင် နွားလှည်းကိုကိုယ်တိုင်မောင်းသွားတတ်တယ်။ ၀န်စည်စလယ်မပါရင်တော့လှည်းနဲ့ မသွားဘဲ စက်ဘီးနဲ့သွားလိုက်တယ်။ ကိုထွန်းထွန်း ရဲ့ယောက်ျားစီးစက်ဘီးကြီးကိုမမီမကမ်းနင်းသွားတဲ့ အမျိုးသမီးတယောက်ကို ပထမဆုံးစမြင်ဖူသူတွေကတော့ အမြင်မတင့်တယ်ဘူး ထင်ရပေမယ့် နမ်းဖန်များတော့ပြယ်၊ မြင်ဖန်များတော့ရိုး ဆိုသလို တခါတလေစက်ဘီးလက်ကိုင် ရမ်းသွားတတ်တာကလွဲပြီး ဘာမှ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ဘူး။ ယောက်ျားစီးစက်ဘီးကြီး တစီးပေါ်မှာ ကိုယ်လုံးခပ်ပြည့်ပြည့် အမျိုးသမီးတယောက် စက်ဘီးကိုမမီ မကမ်းနင်းရင်း လိုရာဆက်နေတာပါပဲ။ မအေးသီ ပိုက်ဆံစုတယ်။ ဖိုးမင်းရဲ့အနာဂတ် အတွက်ပေါ့။ ကျောင်းထားရဦးမယ်၊ ရှင်ပြုရဦးမယ်၊ ရှင်ပြုအလူတော်မှာငိုဖို့ မျက်ရည်တွေကို ကြိုစုထား ဆိုတာမျိုးမရေးချင်ဘူး။ ရောင်းရသမျှ သီးနှံလေးတွေက မျိုးဖိုးချန်ပြီးချွေချွေတာတာ စားရင်း ရတတ်သမျှစုတယ်။ တဦးတည်သောသားကို ချစ်တဲ့စိတ်နဲ့ တောသူမုဆိုးမ စုလို့ဖွဲ့ ချင်တော့တာပါပဲ။

(ခ) ကံဆိုးမသွားရာ မိုးလိုကရွာသတဲ့။ ကံဆိုးမက မုဆိုးမကံဆိုးမ။ မိုးက ပင်လယ်ပြင်မှာ မုန်တိုင်းရှိလို့ရွာတဲ့မိုး။ ဘယ်အငြိုးနဲ့ သည်း တယ်မသိ။ မုန်တိုင်းက ကပ္ပလီပင်လယ်ပြင်ရော တရုတ်ပင်လယ်ပြင်မှာပါ ရှိရော့သလား။ ဖိုးလမင်းငုတ်တုတ် သွားငုတ်တုတ်အရွယ်မှာ ရုတ်တရက်ကောက်ခါငင်ခါ နေမကောင်ဖြစ်ပါလေရော။ မအေးသီပါတဲ့၊ ဘယ်နေလိမ့်မလဲ။ ဆရာမျိုးစုံနဲ့ကုတယ်။ အနီးဆုံးမြို့ငယ်လေး မှာရှိတဲ့ တော်ပေ့ဆိုတဲ့ ဆရာဝန်နဲ့ပြတယ်။ ဆရာဝန်စကား နားထောင်မလား။ မအေးသီဟုတ်ကဲ့လို့ ပြောမိသလား၊ ခေါင်ငြိမ်မိသလား၊ ထူပူနေလို့ သူမမှတ်မိတော့ဘူး။ စာနာစိတ် ကြင်နာစိတ်ရှိတဲ့ လူသားတယောက်အနေနဲ့ ခံစားကြည်ကြပါတော့။ မိုးရေရွှဲရွှဲ စိုနေတဲ့ ကောက်ရိုးပုံမှာ မီးစွဲလောင်ဖို့မလွယ်ပေမယ့် ကံဆိုးမကိုမိုးတွေ လိုက်လို့ ရွာထားတဲ့ခေါင်းမှာတော့ မီးတောက်လောင်နေပြီ်။

မအေးသီ တခေါက်မှမရောက်ဖူးတဲ့ မန္တလေးကို အရဲစွန့်ပြီးတက်လာခဲ့တယ်။ သားအတွက်ဆိုရင်သူ ဘယ်လိုအခက်အခဲမဆို ရင်ဆိုင် ရဲတယ်။ ရွာမှာနေပြီး စာသင်သွားတဲ့ ဦးဇင်းဦးဇ၀နကိုလည်း တွေ့အောင်ရှာတယ်။ နေမကောင်းနေတဲ့ ကလေးကိုပွေ့ချီလာတဲ့ မျက်နှာ ညှိုးညှိုးနွမ်းနွမ်းနဲ့ အမျိုးသမီးတယောက်ကို ဒေသခံတွေက မိုးတားကျောင်းတိုက်ထဲက ဦးဇင်းဦးဇ၀နနဲ့ တွေ့ရအောင်ဆောင်ကြဉ်း ပေးကြတယ်။ စီးလာခဲ့တဲ့ ဘတ်စ်ကားပေါ်မှာလည်း သူ့ကိုနွေးနွေးထွေးထွေး ဆက်ဆံကြတယ်။ သနားစိတ်နဲ့ ကူညီကြတယ်။ ကားကြီး ကွင်းထဲရောက်တဲ့အခါလည်း စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဆိုက်ကားဆရာနဲ့ ကြုံတွေရပြီး မိုးတားကျောင်းတိုက်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားတယ်လေ။ ဦးဇ၀နရဲ့အကူအညီနဲ့မအေးသီတို့ သားအမိ ဆရာဝန်ဆီရောက်တော့ သွေးသံရဲရဲနှင့် မော်တော် ဆိုင်ကယ်တိုက်မိတဲ့ လူနာတယောက်ကို ဆေးခန်းထဲမှာတွေ့လိုက်ရတယ်။ ဆရာဝန်ကတဆင့် သမားတော်ကြီးကို သွာပြခဲ့ကြတယ်။ သမားတော်ကြီးက ဦးဇင်းဇ၀နနဲ့ လူနာရှင်မိသားစု အခြေအနေကို အကဲခတ်ပြီး ဆေးရုံကြီးကို တင်ဖို့ စာရေးပေးလိုက်တယ်။ ဖိုးလမင်း ကုသိုလ်ကံပဲ။ ဆေးရုံတက်ရမယ့် မနက်မှာပဲ ကွယ်လွန်တယ်။ ဦးဇင်းဇ၀နတင်မကပါဘူး၊ ဒိပြင် ဘုန်ကြီးတွေကပါ တရားချကြတယ်။ သားလေးဆုံးရှာတော့ မအေးသီ မြို့မှာကြာကြာ မနေချင်ဘူး။ မြန်မြန်သင်္ဂြိုလ်ပြီး ပြန်ချင်ပြီ။ ဒါကြောင့်ဘုန်ကြီး ဦးဇ၀နကပဲ နာမှု ကူညီရေးအသင်းတခုကိုအကူအညီတောင်းတော့ ယာယီကားကသူတို့သင်္ဂြိုလ်ချင်တဲ့ အချိန်ရမယ်တဲ့။ နေ့လည် ၁ နာရီ နာမှုကူညီရေး ကားလာမယ်တဲ့။ ဦးဇင်းတို့ကျောင်းမှာ တောက ကျောင်းလာတက်ရင်း အလုပ်လုပ်နေတဲ့ ကျောင်းသားတပိုင် အလုပ်သမားတပိုင်း ဝေဖြိုး ဆိုတဲ့လူငယ်လေးပြောတော့မှ မအေးသီရော၊ ဦးဇင်းဇ၀နတို့ပါ သတိထားမိကြတယ်။ နာမှုကူညီရေးကားက အသူဘရှင် စီးခွင့်မရှိ ဘူးတဲ့။

(ဂ) အဲဒီနေ့က ခါတိုင်းထက်နေပူတယ်။ သူ့ဘ၀ကစားကွက်မှာ အံစာက တစ်နဲ့နှစ်ချည်းကျပြီး လှေကားကနည်းနည်းနဲ့ မြွေတွေက များနေရော့သလား။ နာရေးကူညီမှုအသင်းကားက ယာယီကားကလည်း တခါမှမကြုံစဖူးအတွေအကြုံထူးနဲ့ ကြုံလိုက်ရတယ်။ အဲဒီနေ့က ဝေဖြိုး ကျောင်းလည်း ပိတ်တယ်။ အလုပ်လည်းနားတယ်။ ဒါကြောင့်မို့ သူ့စက်ဘီက အားနေတယ်။

(ဃ) ပုဆိုးတထည် စလွယ်သိုင်းထားတဲ့ အမျိုးသမီးတယောက် စက်ဘီးတစီးကိုနင်းလို့၊ လမ်းနဘေးက ကွမ်းယာဆိုင်တွေ၊ ဆိုက်ကား ဆရာတွေကို မေးနေတယ်။ `တောင်မြင့် သုဿန်ကို ဘယ်လမ်းက သွားရသလဲ´ စလွယ်သိုင်းထားတဲ့ ပုဆိုးကတော့ ခင်ပွန်းသည် ကိုထွန်းထွန်းနှစ်သက်တဲ့ပုဆိုးနက်ပြာလေး။ အဲဒီပုဆိုးနက်ပြာလေးထဲမှာတော့............

ညီပုလေး

ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် (၈)၊ အောက်တိုဘာ ၂၀၀၆




No comments: