Fashion Era
Thursday, December 26, 2013
လူတွေလေမှာဝဲနေတယ်
မြို့ကြီး ပြကြီး နီယွန်မီးရောင်စုံ
အရေပြားရောင်စုံ ခေါ်ဈေးရောင်စုံ
ငွေစက္ကူရောင်စုံ စိတ်ရောင်စုံ
မူးယစ်ဆေးရောင်စုံ
ပျက်စီးခြင်းရောင်စုံ
အာရုဏ်တက်တာတောင်မှ
အလင်းမဲ့နေပုံများ
လူတွေ လေမှာ ၀ဲနေတယ် . ….
ပက်ပက်စက်စက် အသက်ပေးသွားခဲ့သူများရဲ့ 
နှလုံးသား
ရက်ရက်စက်စက် ယုံကြည်ချက် နရသိန်အကျဉ်းသားများရဲ့ 
ပေးဆပ်မှုများ
သမိုင်းရဲ့ မှတ်တမ်းမှတ်ရာ လမ်းမထက်မှ
သွေးစက်များ
ချစ်သူနှင့် မိခင်တို့ ၏ မျက်ရည်ကိုကျစေခဲ့သော
စစ်ကို မုန်းသည် …
အသံများ အလံများ ယုံကြည်ချက်များ
မ အ အောင် သမိုင်းကိုသင်ရတယ် …..တဲ့
လူတွေ လေမှာ ၀ဲနေတယ် …..
ဘယ်သူက ဘယ်သူကို ဘာအတွက်
အဆုံးသတ်ချင်နေခဲ့ကြသလဲ
မြင်နိုင်တဲ့  မျက်လုံးများ
မမြင်အောင်ပိတ်ပြစ်ထားလဲ
လူ့ ဘောင် ဘယ်လဲ ဘာလဲ
ဘာလဲ ဘယ်လဲ
အတိုက်အခံအဖွဲ့ အစည်းများ
ဘယ်လဲ ဘာလဲ
နှစ်ကာလကြာ ရှည်လာတာနဲ့ အမျှ
လားရာနဲ့  လာရာလမ်းဟာ မှုန်ဝါးဝါး
ကတိစကားနဲ့ လူများ လေထဲမှာ ၀ဲနေတယ် ……။
ရဲရင့်သက်ဇွဲ
၂၆၁၂၂၀၁၃
Wednesday, December 25, 2013
ခရစ်စမတ်ည ဘုရားသခင်နှင့် အထီးကျန်ကမ္ဘာ
ခရစ်စမတ်ညမှာ ဘုရားသခင်ဟာ အလုပ်မအားရှာဘူး ….
ခရစ်စမတ်ညမှာ တတ်နိုင်သူတွေက အပျော်တွေကို အရည်ဖျော်
ဝမ်းထဲမှာ မီးတောက် သောကရောက်စရာဆိုလို့   
ဒီညအတွက် စီမံထားတဲ့ ကြက်ဆင်သားနဲ့ ဗျစ်ရည် လောက်ပါ့မလား
ဘုရားသခင်ကို ဖိတ်ကြားထားတာ ရောက်ပါ့မလား …….
အရိုးထိအောင်စူးတဲ့ ဒီလိုအေးခဲညမျိုးမှာ 
ဘုရားသခင်ကိုတမ်းတ မငြိမ်းချမ်းတဲ့ ဘ၀တွေမှာ
မတတ်နိုင်သူများကတော့ ဒုက္ခနဲ့ စစ်ပြေးနေရ
တောတိုး တောင်ကျော် ဆာလောင်မူနဲ့ ဝမ်းမီးတောက်
သောကရောက်စရာ အသက်နဲ့ ကိုယ်တွဲရက်သာ
နေရပ်ကို ပြန်ရောက်ပါ့မလား ….
တတွတ်တွတ်နဲ့  ရေရွတ်နေတဲ့ နှုတ်ဖျားက ဘုရားသခင်ရဲ့  အမည်နာမ
အမိုးရဲ့  မျက်ရည်တာရိုးကို ရိုက်ချိုးသွားခဲ့တယ်……
မီးဝင်းဝင်းတောက်နေတဲ့ မျက်ဝန်းအစုံရဲ့ နောက်ကွယ်မှာ
တောက်ပတဲ့ အနာဂတ်ဟာ ပြာချခံခဲ့ရပြီပဲ….
ဖိုးခွားလေးရဲ့  အတွေးထဲ မေးခွန်းများက ပလုံစီထလာ
ဘုရားသခင် ဘယ်မှာလဲ ဘုရားသခင် ဘယ်ရောက်နေသလဲ
ဒီလိုခရစ်စမတ်ညမျိုးမှာ ဘုရားသခင်ဟာ တို့ နဲ့ အတူရှိနေမယ်လို့ 
ဆရာလေးစောစံဖိုးရဲ့  ပြောစကားဟာ အမှန်တရားလား …
ဖိုးခွားလေးရဲ့  အတွေးများ ခြာခြာလည်
လူမှန်းသိတတ်စကထဲက တပြေးထဲပြေးနေခဲ့ရတာ
ငါတို့ နဲ့ အတူရှိနေတာက စစ်အာဏာရှင်စနစ်နဲ့  စစ်ပြေးဘဝ
အမှန်တရားအတွက် ဘုရားဘသခင်ရှိတယ် …. ငါမယုံကြည်နိုင်ဘူး……
ဒီလိုကြေကွဲစရာ ခရစ်စမတ်ညမျိုးနဲ့  ငါတို့ ဘ၀တွေကို
ဘုရားသခင်က
အထီးကျန်ကမ္ဘာထဲမှာ ထားခဲ့တယ် …….။
ရဲရင့်သက်ဇွဲ
Tuesday, October 29, 2013
လူဟာလူပဲ ...ပြောစမ်းပါ ..ဘာကွာလဲ
လူဟာလူပဲ ...ပြောစမ်းပါ ..ဘာကွာလဲ
လူဟာ လူပဲ
ပြောစမ်းပါ ဘာကွာခြားတာများရှိနေလဲ
အရောင် မတူညီတဲ့
အရေပြားတွေရဲ့ အောက်က
စီးဆင်းတဲံ့သွေး ချင်းချင်းနီရဲတာကထပ်တူ.....
ဘယ်သူက ဘယ်သူ့ ကို
အပြစ်တင်နေ အပြစ်မြင်နေတာတုန်း
တိုင်းချစ်ပြည်ချစ်စိတ်ဆိုတာ
ဆူးလေ ဘုရားဘေးက ခိုတအုပ်ကို
အာသာပြေ အစာချကြွေးသလိုမျိုးမဟုတ်ဘူး ....
(အမျိုးကိုချစ်တယ်တဲ့ 
ဘာလဲ ဒီစကားတွေဟာ
ဝံသာနု ရက္ခိတ တရား ကင်းမဲ့ပြီးလားဆိုရင်
အမျိုးသား .. အမျိုးသား နဲ့ 
အားကြီး ပြောကြတာပဲ ...)
စာ၂၅ မောင်ထင်ဝတ္ထုတို ပေါင်းချုပ်ထဲက
မှတ်သားမိတာလေး ပြန်ဖတ်မိတော့
ခေတ်ကို မျက်စေ့ထဲလာထဲ့ထားသလိုမျိုး
ဝမ်းသာရမှာလား ၀မ်းနဲရမှာလား
အမုန်းတရားများမီးလိုတောက်ခဲ့ ......
လူတယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ
အမျိုးကိုချစ်ခွင့်ရှိသလဲ
လူတယောက်ဟာ အခြားလူတယောက်ရဲ့ ဘ၀ကိုဖျက်ဆီးပီးမှ
သူဟာ အမျိုးကို ဘယ်လိုချစ်ကြောင်း
လက်သီးလက်မောင်းတမ်းပြ
ခေတ်ကြီးကိုက ခေတ်စားလာခဲ့ကြ
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
ခေတ်ကြီးကိုက လက်ခုတ်လက်ဝါးတီးကြ .....
ပလေတိုရဲ့  နိုင်ငံတော်မှအစ
မင်းနှင့်ပြည်သူ အလယ်
သက်ဦးဆံပိုင်စနစ်အဆုံး မင်းတုန်းမင်းရဲ့ 
သတင်းစာလွပ်လပ်ခွင့်အထိ
ဘယ်လိုအကြောင်းနဲ့ မှ
လူနဲစုရဲ့ အခွင့်အရေးအကြောင်း
မျက်စောင်းတောင် မထိုးခဲ့ကြဘူး......
ဒီရေ ဒီမြေအပေါ်မှာ မွေးဖွား
ဒီရေ ဒီမြေအပေါ်မှာ သစ္စာထား
ယုံကြည်ရာ ကိုးကွယ်ခွင့်တရား
မတူကွဲပြားခြားနားသော်ငြားလည်း
အလံတော်တခုတည်းရဲ့ အရိပ်အောက်မှာ
အေးအတူပူအမျှအတူတကွနေထိုင်ခဲ့ကြ
အခုကြမှ ဘာကြောင့်အတူတကွ နေထိုင်လို့ မရရမှာလဲ
လူနည်းစုရဲ့ အခွင့်အရေး
လူအများအစုကြီးက ကာကွယ်ပေးကြ
လူတိုင်းလူတိုင်း လူ့ အခွင့်အရေးရှိရမယ်
လူတိုင်းလူတိုင်း လူ့ အခွင့်အရေး ရသင့်ပါတယ်......
ဗြမဟ်စိုတရား လောကပါလတရား
ဗုဒ္ဓရဲ့ အေးချမ်းတဲ့တရားတော်များနဲ့ 
ကြီးထွားစည်ပင်လာတဲ့ လူ့ အဖွဲ့ အစည်းကြီးဟာ
မေတ္တာတရားကွယ်ပျောက်
ဘာကြေင့် ဘီလူးသဘက်ရုပ်ပေါက်လာရပါသလဲ
ဘီလူးသဘက်တွေဖြစ်အောင်
ဘယ်သူတွေကများ သွေးထိုးလှုံ့ ဆော် နေကြပါသလဲ
စဉ်းစားကြ ...စဉ်းစားကြ.... လောကအတွက်....
လူဟာလူပဲ ....
ပြောစမ်းပါ ဘာကွာလဲ
တခုသတိထားစရာ
ဘုရားလောင်း ဒေ၀ဒတ်တောင်မှ
သူပြုသမျှကံ သူ့ ထံပြန်ရောက်တယ်
(ကောင်းမှု့မြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စီမင်း
 ရခိုင်သူမြတ်)
ရဲရင့်သက်ဇွဲ
၂၈၁၀၂၀၁၃
Saturday, September 21, 2013
ခေါင်းလောင်းထိုးသံ.....ဘယ်သူ့ အတွက်လဲ
ခေါင်းလောင်းထိုးသံ.....ဘယ်သူ့ အတွက်လဲ
ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းမှာ ဘာ...ညာ
အလုံးကြီးတွေ ပြစ်သွင်းမနေစမ်းပါနဲ့ 
ငါတို့ ရဲ့ မျက်စေ့အောက်မှာပဲ
လိမ်ညာ လှည့်ဖျားမှုများ
ဘောင်းဘီချွတ်လိုက်
ဘောင်းးဘီဝတ်လိုက်
မာယာများတဲ့ကစားပွဲ
ခရိုနှီတွေ လက်ခုတ်လက်ဝါးတီးလို့ .....
ပြုပြင်ပြောင်းလဲမှုများတဲ့
သူတို့ ရဲ့ အနာဂတ်ကို
သူတို့ ကိုယ်တိုင်အစိုးမရတဲ့
အစိုးရဆိုတဲ့အကောင်တွေ
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ကြပြီ .....
သာသနာ့ဝန်ထမ်း
ရွှေဝါရောင်တမ်းခြင်းများ
ဖျော့တော့အားနဲ
မျိုးစောင့်ဥပဒေကြားကိုရောက်သွားတယ်...
သက်ဦးစံပိုင်ဘုရင်ခေတ်
ကိုလိုနီခေတ်
အမျိုးသားရေးတိုက်ပွဲများခေတ်
လွတ်လပ်ရေးရပြီစခေတ်
တပါတီအာဏာရှင်ခေတ်
စစ်အာဏာရှင်ခေတ် စသည်ဖြင့်
ခေတ်များဖြတ်သန်းလာခဲ့ကြ
ခေတ်တိုင်းမှာ တိုက်ပွဲကိုဖော်ကြ
ခေတ်တိုင်းမှာ ဒီမိုကရေစီကိုအော်ကြ
ခေတ်တိုင်း ခေတ်တိုင်းမှာ
ခေတ်တိုင်းခေတ်တိုင်းဟာ
အိုးမဲသုတ် အခွတ်ခံခဲ့ကြ........
အိုးမဲပေ မျက်နှာတွေနဲ့ 
အခုမှ လာပြီး သင်ပုန်းခြေရေး
မျက်နှာချိုလာမသွေးနဲ့ 
တရားမှာ သူ့ လူကိုယ့်ဘက်သားမရှိဘူး
ဒေ၀ဒတ်ဆိုတာလည်း ၀တ်လစ်စလစ်မဟုတ်ဘူးလေ....
ရဲရင့်သက်ဇွဲ ၁၇၀၉၂၀၁၃
Wednesday, July 24, 2013
ကင်ဆာကျဆုံးပါစေ
ကင်ဆာကျဆုံးပါစေ
 မိုးတိမ်တွေကင်းရှင်းတဲ့
 ကောင်းကင်ပြာထဲ
 လွတ်လပ်စွာပျံဝဲချင်တယ် ....
ဘ၀ရဲ့ ချုပ်နှောင်မှု ကြိုးများ
 ရိုက်ချိုးချေဖျက် ရုန်းထွက်ချင်တယ် ……
ဘ၀ရဲ့ လက်ကျန်ရက်များထဲ 
သားနှစ် သမီးတစ် လက်များ
ကြင်နာစွာ ထွေးပွေ့ ရှင်သန်
 ဘ၀ရဲ့ ရေဆန်လမ်းကို လျှောက်လှမ်းရဲပြီ …
လစ်လပ်သွားသောရင်ခွင်တစုံအား
 မေ့ဘို့ ကြိုးစားတော့မည် ……
 ရေထဲကငါး
 ကုန်းပေါ်ရောက်သွားတဲ့အခါ
 ဖြစ်တည်လာတဲ့ဝေဒနာ
 မကြေညာတော့ဘူး
 ချောင်းကိုပြစ်၍ မြစ်ကိုရှာသူ
မထောက်ထား မညှာတာသူဟာ
 ကင်ဆာရောဂါဆိုးလား
သစ်စိမ်းချိုး ချိုးသွားသူတယောက်ကြောင့်လား ….
 ညီမလေးရေ ….
 နင့်ဘ၀ အလဲထိုးခံသွားရမှုသာ
 ငါ့ ရင်မှာ
ကင်ဆာရောဂါဆိုးတခုလို
 အမြစ်တွယ်ကျန်ရစ်ခဲ့ ….။
ရဲရင့်သက်ဇွဲ
Sunday, July 07, 2013
စိန်ပန်းတွေ ရဲပတောင်းခတ်အောင် ပွင့်ခဲ့တယ်.
စိန်ပန်းတွေ ရဲပတောင်းခတ်အောင် ပွင့်ခဲ့တယ်. by Khinaung Aye (Notes) on Sunday, July 7, 2013 at 3:06am... ခင်ဗျားတို့ ကျနော်တို့ အိပ်လို့ကောင်းနေတဲ့ ဟောဒီလိုမျိုးအချိန် ၁၉၆၂ ခုနှစ်တုန်းကပေါ့ဗျာ ရန်ကုန်တက္ကသိုလ် ရွှေဘိုဆောင်ကနေ စ လိုက်တဲ့ ကျောင်းသား ဆူပူအုံကြွမှုဟာ ‘ဆဲဗင်း ဂျူလိုင်’ ရဲ့ စနက်တံကို မီးတို့လိုက်မှုပါပဲ အဖြစ်အပျက်တွေက ကြာခဲ့ပြီ ဒါပေမယ့် ငါတို့ ရင်ထဲမှာတော့ အဓိပတိလမ်းပေါ်က ပိုင်ရှင်မဲ့သွားတဲ့ ဖိနပ်ကလေးတွေ နာရီလေးတွေ ပျံ့ကြဲလို့နေဆဲ မန္တလေးဆောင်ရှေ့က မြောင်းထဲမှာ သွေးကွက်တွေ အိုင်ထွန်းလို့နေဆဲ နောက်တစ်နေ့မနက် ၈ ဂျူလိုင် အရုဏ်တက်မှာ တခဲနက်ပေါက်ကွဲသံကြီးနဲ့ တကသ အဆောက်အဦကြီးပြိုလဲကျခဲ့ခြင်းနဲ့အတူ ဗမာ့နိုင်ငံရေးသမိုင်းဟာ ချောက်အနက်ကြီးထဲ နှစ်ပေါင်းများစွာ - ခင်အောင်အေး ၇ ဇူလိုင် ၂၀၁၃ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၅း၂၂ နာရီ
Saturday, July 06, 2013
ရင်ကျိုးပွဲ
ရင်ကျိုးပွဲ ကောင်းကင်တခုလုံး မှုန်မှိုင်းရီဝေ ငါးဆယ့်တနှစ်တာ ငြိမ်းချမ်းမှုကို ရှာမတွေ့ ဘူး မလိုမုန်းတီးမှုတွေဟာ အရိပ်လိုထပ်ကြပ်မကွာ အလိုတူခြင်းမတူခြင်းတွေကို ကျော်လွှား ခေတ်တိုင်းကို ထုဆစ်သွားကြ လမ်းမများပေါ်မှ အတုန်းအရုန်း ဖိနပ်များအားလုံး သက်သေ ……. တစိုက်မတ်မတ် နံရံပေါ်ကသွေးမှာတမ်း မိတ်ဆွေ တဆိတ်ကျေးဇူးပြု၍ ကိုယ့်လိပ်ပြာ ကိုယ်မလုံက မျက်လုံးလွှဲသွားပါ လမ်းခွဲသွားပါ ဟောဒီ မှာ ငါးဆယ့်တနှစ်မြောက် ဆဲဗင်းဇူလိုင် ကြေကွဲဘွယ်အဖြစ်ဆိုးကြီးက အလဲထိုးလိုက်ပြီလား အလဲထိုးခံလိုက်ရတာလား ပြည်တွင်းပြည်ပ ခြိမ့်ခြိမ့်သဲသဲ ပွဲတွေကျင်းပ ဆဲဗင်းဇူလိုင်စိတ်ဓါတ် အဓွန့် ရှည်စေသောဝ် သောင်းသောင်းဖျဖျ ကြွေးကြော် သြော် …. နှစ်တွေကို ဒီလိုပဲ ဖြတ်ကျော် နေကြတော့မှာလား ဒီ့ထက်ပိုပြီး ဘာကိုမှ မမျှော်လင့်နိုင်တော့ဘူးလား သွေးစွန်းဝိညာဉ်တို့ ရဲ့  ယုံကြည်ချက်ကို ခုံဖိနပ်လို ဖင်ခုထိုင် ဆဲဗင်းဇူလိုင်ကို ငါတို့ သာပိုင်တယ်အချိုးမျိုး အလို ငါးဆယ်တစ်ကြိမ်မြောက် ရင်ကျိုးပွဲမှာ ကြေကွဲမှုအစတွေနဲ့ ချုပ်သီ သမဂ္ဂအလံကို လွှင့်ထူခဲ့ကြပြီပဲ …။ ရဲရင့်သက်ဇွဲ ၀၆၀၇၂၀၁၃
Wednesday, July 03, 2013
မသိတော့ဘူး …နဲနဲလေးရအောင်တွေး
မသိတော့ဘူး …နဲနဲလေးရအောင်တွေး ၀င်ရိုးစွန်းရဲ့ ဒီတနွေ နဲနဲ နွေပီသလာတဲ့ အထဲမှာ တိုက်ခတ်လာတဲ့ လေကတော့ အအေးဓါတ်ကိုသယ်ဆောင်လာတုန်းပဲ ….။ ငါ … အိမ်ရှေ့ ဝရံတာမှာရပ်ရင်းငေး ဟိုး ….ဝေးဝေးက အနာဂတ်ကိုတွေး ခပ်ရေးရေး ခပ်ဖြေးဖြေးသာ မပီဝိုးတ၀ါး ဆည်းဆာတိမ်တောက် အိမ်ပြန်ရောက်ချင်တယ် …..။ စိတ်အာရုံတွေ ကစဥ့်ကလျား အတွေးများဖရို ဖရဲ တောင်မင်းကို မြောက်မင်းမကယ်နိုင် ဒီတခန်းရပ်ပြဇာတ် ဇာတ်နာလှတယ် … ယုံကြည်မှု စုံလုံးကန်းတဲ့အခါ ကိုယ့်အိမ်နီးနားချင်းမိတ်ဆွေများရဲ့  ၀ှက်ထားသောလက်သဲများ အလုအယက် ဒုက္ခကန္တာရ ကပ်ဆိုးကြီးထဲ ပွယောင်းယောင်း ယောင်ကိုင်းကိုင်း အသက်ဓါတ်ဟာ ထွက်ပေါက်ရှိရာ တွားတွားတက်လာ ….. ကိုယ်မပျော်ပါဘူး ကိုယ်မငိုပါဘူး ……. ၀င်ကစွတ်ကောင်တို့ ရဲ့  စိတ်ထဲ ဘာတွေများရှိလေမလဲ ရေကြည်ရာ မျက်နုရာသို ထွက်သွားကြသူများ သမိုင်းမ၀င်ပေယ့် သမိုင်းတွင်နေတဲ့ အသက်စွန့် သွားသူများ ဘယ်တော့များလည်း နှင်းရယ် ဘယ်တော့များလည်း နှင်းရယ် နွေလည် နေ့ ရဲ့  အိပ်မက် စိတ်ပျက်လက်ပျက် ကောင်းကွက်တကွက်မှမရှိသော်လည်း ဒါဟာ လောကရဲ့ သစ္စာတရား … တို့ မှားသွားလား ..မသိတော့ဘူး မသိတော့ဘူး…..မသိတော့ဘူး……။ ရဲရင့်သက်ဇွဲ ၀၃၀၇၂၀၁၃
Thursday, June 27, 2013
ဂျမားတို့ အဖိုး
ဂျမားတို့ အဖိုး
သူ့ မှာ ဗမာနာမည် ရှိပေမဲ့ သူငယ်ချင်း အားလုံးက ငယ်ငယ်တည်းက “ဂျမား” ဆိုသော အိမ်နာမည်ကိုသာ ခေါ်ကြသော ကြောင့် ဗမာနာမည်ကို ဘယ်သူမှ မမှတ်မိတော့။ ဂျမား၊ နီတွတ်နှင့် ကံသိန်းတို့သည် နှစ်တန်းလောက် ကတည်းက လည်ပင်းဖက်၍ ကျောင်းနေခဲ့သူများလည်း ဖြစ်သည်။ ဂျမားမိဘတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းက ဘဲမွေးမြူခြင်း။ သူတို့မိသားစုက အစ္စလမ်ဘာသာ ကိုးကွယ်၍ အိန္ဒိယနွယ်ဖွား သွေးနှောထားသော ရုပ်ရေ သွင်ပြင်ကို ပိုင်ဆိုင်ကြသည်။ သူတို့ရွာက လူအများစု သည် မွတ်စလင်များ ဖြစ်သည်။ ထိုရွာသားတို့သည် ရှေးဗမာ ဘုရင်များ အဆက်ဆက် လက်အောက်တွင် အမှုထမ်းခဲ့ကြသော မြန်မာမွတ်စလင် စစ်သည်တော် အနွယ်များမှ ဆင်းဆက်လာ သူများလည်း ဖြစ်သည်။
ရွာသားအများစုသည် ငါးဖမ်းခြင်း၊ ကိုင်းကျွန်းလုပ်ခြင်းဖြင့် အသက်မွေးကြသည်။ သို့သော် ဂျမား၏ မိဘများနှင့် ရွာသား အနည်းစုကတော့ တောင်သမန်အင်းကြီးကို အခြေပြု၍ ဘဲမွေးကြသည်။ အဲသည့် အချိန်တုံးက နီတွတ် မှတ်မိသလောက် ဂျမား မိဘတွေမှာ မွေးထားသော ဘဲများက အကောင်ရှစ်ရာ တထောင်လောက် ရှိမည်။
မိုးတွင်းကုန်လို့ တောင်သမန်အင်းတွင် ရေကြသည့် အချိန်များမှစ၍ ဂျမား အဖေနှင့်အဖိုးတို့ လှေတစင်းစီဖြင့် ဘဲ ကျောင်းလေ့ ရှိသည်။ ရေကြသွား၍ ကုန်းပေါ်လာသော နေရာများတွင် ယာယီတဲများထိုး၍ အခြေပြုကာ တနွေလုံး၊ တဆောင်းလုံး ဘဲ ကျောင်းခြင်း အမှုကိုပြုကြသည်။ ဝါဆိုဝါခေါင် ရေပြန်တက်သည့် သုံးလကာလသို့ ရောက်မှ ရွာကို ပြန်နားကြသည်။
ဂျမားပြောပြောနေသော သူ့အဖိုး၏ စွန်းစားခန်းများကား နီတွတ်တို့ သူငယ်ချင်း တအုပ်အတွက် ဘယ်အချိန် နားထောင် နားထောင် မရိုးနိုင်။ အဲတာ ဂျပန်ခေတ်တုံးက ဇာတ်လမ်းများ။ “ဂျမား ပြောစမ်းပါဦး။ မင်းအဖိုးက ဂျပန်စစ်သားတွေ ဘယ်လို ဆော်လိုက်တာလဲ” ဟု နီတွတ်က အစထောင်လေ့ရှိသည်။ ဂျမားကလည်း သူ့အဖိုးစွန့်စားခန်းကို ပွဲတောင်းသူ ရှိတိုင်း ဘယ်တော့မှ မငြင်း။ “ဒီလိုကွ… မူးလာတဲ့ ဂျပန်စစ်သား လေးယောက်က တောင်မြို့ (အမရပူရ) ဈေးကြီးနားမှာ မိန်းကလေး တယောက်ကို ဆွဲလားရမ်းလား လုပ်တာတွေ့လို့ ငါ့အဖိုးက ဈေးသည် တယောက်ဆီက ဆိုင်းထမ်းကိုယူပြီး တယောက်ပြီး တယောက် အလဲချထဲ့လိုက်တာ၊ နောက်တော့ ဂျပန်စစ်တပ်က လိုက်ဖမ်းလို့ တခြားရွာတွေမှာ သွားပုန်းနေရသေးတယ် ငါ့လူ”။ ဂျမား ကွယ်ရာကြမှ ကံသိန်းက “ငါထင်တာတော့ ဂျမားက ပိုပြောတာ နေမှာပါ။ သူ့အဖိုး ရိုက်ထည့်လိုက်တဲ့ ဂျပန်စစ်သားက ရှိလှမှ နှစ်ယောက်ပေါ့။ လေးယောက်နဲ့ တယောက် သတ်ရပုတ်ရတာ လွယ်တာ မှတ်လို့” ဟု အထွန့်တက်၏။ မည်သို့ပင်ဆိုစေ နီတွက်တို့ တအုပ်လုံးက တော့ ဗိုလ်ကျလာသည့် လူမျိုးခြား ဂျပန် စစ်သားတွေကို ဆော်ပလော် တီးထဲ့လိုက်သည့် ဂျမားတို့ အဖိုးကို အားရလှသည်။
သည့်အပြင် နောက်ထပ် စွန့်စားခန်းတွေလည်း ရှိသေးသည်။ ဂျပန်ကို ပြန်၍တော်လှန်သည့် ကာလများတွင် ဂျမားတို့ အဖိုး သည် ဖက်ဆစ်တော်လှန်ရေး တပ်မတော်၏ ဒေသခံ ပျော်ကျားရဲဘော် တဦးလည်း ဖြစ်ခဲ့သည်။ “ငါ့အဖိုးက သေနတ် ပစ်တာ သိပ်လက်ဖြောင့်တယ်။ တခါတော့ ရွာနဲ့မလှမ်းကမ်း တောတန်းနားမှာ ဗြုံးဆို ဂျပန်စစ်သားတွေ နဲ့ မျက်နှာချင်းဆိုင် ပက်ပင်း တိုးရောတဲ့။ အဲတာ ငါ့အဖိုးက ခါးကြားထဲမှာ ဖွက်ယူလာတဲ့ ခြောက်လုံးပူးကို အမြန်ထုတ် ပြီး သုံးချက်ဆက်တိုက် ပစ်လိုက်တာ ရှေ့ဆုံးက ဂျပန်စစ်သား သုံးယောက် ခေါက်ကနဲကို လဲတာတဲ့။ အဲဒါ နောက်က ဂျပန်စစ်သားတွေ ရုတ်တရက် ကြောင်နေတုံး အမြန်ပြေးပြီး ပျောက်ကျားရဲဘော်တွေ စခန်းခြနေတဲ့နေရာကို သတင်း သွားပို့တယ်။ ပြီးတော့ ပြောက်ကျားရဲဘော်တွေက ငါ့အဖိုးနဲ့အတူ အဲသည့် ဂျပန်စစ်သားတွေ နောက်ကို လိုက်တိုက်တာ ဂျပန်တွေ တပ်လုံး ပြုတ်ပဲတဲ့မောင်”။ ကံသိန်းကား ထုံးစံအတိုင်းပင်။ စွန့်စားခန်းကို ကြိုက်သော်လည်း “ဂျမား ဆိုတဲ့ကောင်က နည်းနည်း တော့ ပိုလိုက်ရမှ” ဟု ကွယ်ရာတွင် ဝေဖန်လိုက်သေးသည်။
သည်လိုနှင့် ရှစ်တန်းကျောင်းသားများဘဝ စာမေးပွဲအပြီးတွင် နီတွတ်တယောက် တောင်သမန်အင်းစောင်း တနေရာတွင် အခြေစိုက်ထားသော ဂျမားတို့ ဘဲခြံကို အလည်လိုက်သွားသည်။ သီချင်းထဲကလို ဘဲအုပ်က တရာနှစ်ရာ မက ဘဲပင်လယ်ကြီး ဖြစ်နေသည်။ သူတွေ့ဖူးခြင်နေသော ဂျမားတို့အဖိုး လူစွန့်စားကြီးကို တွေ့ရသည်။ ထောင်ထောင် မောင်းမောင်းနှင့် သန်သန် မာမာကြီး ရှိတုံး။ နီတွက်က သူသိလိုသည်များကို အဖိုးကြီးအား မေးလိုက်မည်ဟု အားခဲ ထားသည်။ အဖိုးကြီးက သဘော ကောင်းပုံ ရသော်လည်း တခွန်းမေးမှ တခွန်းဖြေသည်။ သူ့ကြည့်ရသည်မှာ ခပ်အေးအေး။ ပြီးတော့ လှေကလေး တစင်းနှင့် ဘဲကျောင်းထွက် သွားသည့်အတွက် နီတွတ်မေးလိုသည်များ ကုန်စင်အောင် မမေးလိုက်ရ။ သည်တော့ နီတွက်က ဂျပန် ခေတ်တုံးက ကလေးသာသာသာ အရွယ်သာ ရှိသေးသော ဂျမား အဖေကို သူသိလိုသည်များ လျောက်မေးတော့သည်။ ညနေအိမ်ပြန်တော့ ဂျမားတို့မိသားစုက သူ့ကို ဘဲဥများ လက်ဆောင် ပေးလိုက်သေးသည်။ ဝါးနှီးဖြင့် ရက်ထားသော ခြင်း ကလေးထဲတွင် အစိမ်းရောင် သန်းနေသော ဘဲဥများက အစီအရီ။
သူတို့တသိုက်လုံး ရှစ်တန်းအောင်ကြသော်လည်း ဂျမားကားကျောင်း ထွက်သွားသည်။ သူအိမ်ရဲ့ အဓိကလုပ်ငန်း ဖြစ်သော ဘဲကျောင်းခြင်း၊ ဘဲဥကောက်ခြင်းများ အတွက် မိသားစုအတွက် ကူဖို့ဖြစ်သည်။
တနေ့တော့ နီတွတ်တယောက် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင် ထိုင်နေတုံး ဘေးဝိုင်းက အဖိုးကြီးများ ဂျပန် ခေတ်က အကြောင်းများ ပြောနေသည်ကို ကြားနေရသဖြင့် စပ်စုလေ့ရှိသော သူ့ဝသီအတိုင်း “အဘတို့ကို မေးရဦးမယ်။ ဂျပန်ခေတ် တုံးက ဦးဗကို (ဂျမား၏အဖိုး) ဆိုတာ ဂျပန်ကိုတိုက်တဲ့ နေရာမှာ တော်တော် လက်သံပြောင်တယ် ဆိုတာ ဟုတ်သလား” ဟုမေးလိုက်သည်။ အဖိုးကြီးအားလုံးက “ဟုတ်တယ်ကွ” ဟု တညီတညာတည်း ပြန်ဖြေကြသည်။ ထိုအထဲမှ အဖိုးကြီးတဦးက “မင်းတို့ကျောင်းက ဘော်လုံးကန် ကောင်းတဲ့ ဟိုကောင်လေးဟာ ဘယ်သူတဲ့ သူ့နာမည်က” ဟု နီတွတ်ကို မေးလိုက်၍ ဂျမားပါ အဘဟု ပြန်ဖြေလိုက်သည်။ “အေး… ဂျမားက ကိုဗကိုရဲ့ မြေးလေး မို့လား။ ဂျပန် ခေတ်တုံးက ကိုဗကိုကို ဂျပန်တွေက သိပ် ဖမ်းချင်တာ။ အသေရရ အရှင်ရရပဲ။ သူက လစ်ရင် လစ်သလို ဂျပန်တွေကို ဆော်တာဟေ့။
ဂျပန်တွေဆိုတာ သူ့ကိုမိအောင် မဖမ်းနိုင်ဖူး။ သေနတ်ပစ်ကလည်း ကောင်းတယ်မောင်။ ကာင်းကောင်းနဲ့ တာဝန် ထမ်းခဲ့လိ။”သည့် ခေတ်တုံးက လူတွေက သူ့ကို “ခြောက်လုံးပူးဗကို” ဆိုပြီး ခေါ်ကြတယ်။ အဲသလို သတ္တိဗျတ္တိ ကောင်းကောင်းနဲ့ တာဝန် အဲထမ်းခဲ့လို့ မော်ကွန်းဝင် ဒုတိယဆင့်တောင် ရထားတာ။”
အခုမှ နီတွတ် အတော်လေး ဘဝင်ကြသွားသည်။ ဂျမားတို့အဖိုးက သူတို့ငယ်ငယ်ကတည်းက ပုံပြင်လာ သူရဲကောင်း တယောက်ပေကိုး။ ကံသိန်းကို ဘယ့်နှယ့်လဲ မင်းအခုယုံပြီလား ဆိုသောသဘောဖြင့် မေးငေါ့၍ အသံတိတ် မေးလိုက် သည်။ လူကြီးများက ဟုတ်သည်ဟု ထောက်ခံချက် ပေးထားသောကြောင့် ကံသိန်းလည်း ခါတိုင်းလို အထွန့်မတက်သာ။
သည်လိုနှင့် နီတွတ် တယောက် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့သည်။ ဂျမားနှင့် ဟိုအရင် ငယ်ငယ်တုံးကလို မဆုံ ဖြစ် တော့။ သို့သော် မြင်းလှည်း အမိုးပက်လက် တစင်းဖြင့် ဈေးသို့ဘဲဥပို့လေ့ရှိသည့် ဂျမားနှင့် တခါတရံ လမ်းတွင်ဆုံ ပါက နီးရာ လက်ဖက်ရည်ဆိုင်တွင် နှစ်ယောက်သား အတူထိုင်ဖြစ်သေးသည်။
“နီတွတ်ရေ ဂျမားတယောက် မတွေ့တာ အတော်ကြာပြီ။ မင်းနဲ့ကော ဆုံဖြစ်သေးလား” လဖက်ရည်ဆိုင်ထဲ ဝင်ဝင်ခြင်း ကံသိန်းက လှမ်းမေးလိုက်သည်။ စားပွဲတွင် ဝင်ထိုင်လိုက်ရင်း”အေးကွ မင်းပြောမှပဲ။ ဒီကောင့်ကို မတွေ့တာ လေးငါး ခြောက် လ လောက်တောင် ရှိပလား မှတ်တယ်” ဟု နီတွက်က ပြန်ဖြေလိုက်သည်။ သည်လိုနှင့် ရောက်တတ် ရာရာများကို ပြောနေရင်း အချိန်လည်း အတော်ကြာသွားပြီးမို့ လူစုခွဲမလို့ လုပ်နေတုန်း ဂျမားတယောက် လဖက် ရည်ဆိုင်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ခြလာသည်။ ဂျမားနှင့်မတွေ့တာ ကြာပြီဆိုတော့ သူတို့လည်း လူစုမခွဲဖြစ် သေးဘဲ ဂျမားနှင့်အတူ ဆက်၍ထိုင်ရင်း ခါတိုင်း လို လေကန်ဖို့ တာစူလိုက်သည်။
ဂျမားမျက်နှာကား လန်းလန်းဆန်းဆန်း မရှိ။ တခုခုနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်နေဟန်ရှိသည်။ လဖက်ရည်ခွက်ကို ဖြည်းဖြည်းမ၍ တကျိုက်သောက်လိုက်ပြီးမှ ဂျမားကဤသို့ ရင်ဖွင့်လေသည်။ “တလောကကွာ ငါ့အဖိုး မျက်လုံးခွဲဖို့ ရန်ကုန်ကို ဆင်းကြတယ်။ အဖိုးက အဲသည့်အချိန်အထိ မှတ်ပုံတင် မရှိသေးတော့ ရန်ကုန်မသွားခင် မြို့နယ် လဝက ရုံးမှာ မှတ်ပုံတင် သွားလုပ်ရတယ်။ မှတ်ပုံတင်တော့ ချက်ခြင်းလုပ်လို့မရဖူး။ ဒါပေမဲ့ မှတ်ပုံတင် လုပ်ထားဆဲ ဖြစ်ကြောင်းနဲ့ နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံစာတော့ ရေးပေးလိုက်တယ်။ အဲတာ ရန်ကုန်အသွား ရထားပေါ်မှာ ကွာ ပြဿနာ အကြီးအကျယ် တက်ခဲ့လို့။ အဖိုးလည်း တော်တော် စိတ်မကောင်း ဖြစ်သွားတာ အခုအထိပဲ။” နီတွတ်က “ဘယ်လို ဖြစ်တာတုံး” ဟု ဂျမားကို မေးလိုက်သည်။
“ဒီလိုကွာ တော်တော်လည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ မန္တလေးက ရထားထွက်လို့ ကျောက်ဆည်ဘူတာ ရောက်တော့ ရဲတွေ တက်လာပြီး မှတ်ပုံတင်စစ်တယ်။ ငါကရှစ်တန်းဖြေတုံးက မှတ်ပုံတင် လုပ်ထားတာဆိုတော့ သူတို့စစ်တော့ ထုတ်ပြ လိုက် တယ်။ ဒါပေမဲ့ ငါ့အဖိုးကြတော့ ဒီလိုထောက်ခံစာနဲ့ ခရီးသွားခွင့် မရှိဖူးဆိုပြီး လုပ်လာတယ်။ နောက် ဗမာစကား ကောင်း ကောင်း ပြောတတ်ကဲ့လား ဘာလားနဲ့လည်း စစ်ကြောသေးတယ်။ မင်းတို့လည်း သိသားပဲ ငါတို့တရွာလုံး ဗမာ စကားတမျိုးပဲ ပြောတာ နှစ်ပေါင်းသုံးရာတောင် ကျော်ပလားမှတ်တယ်။ ကုလားလို လည်း ငါ့အဖိုးလို အရွယ်မျိုးတွေက အစ ရွာမှာဘယ်သူမှ မတတ်တော့တာ။ အဲတာကွာ ရဲတွေက ဆက်ဆံတာကလည်း ရိုင်းချက်ကတော့။ မင်းတို့ ကုလားတွေက လယ်ကိုလယ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်။ နိုင်ငံသား မဟုတ်ဖူးမို့လား မှန်မှန်ပြော၊ ဒီထောက်ခံစာ ကကော စစ်ကဲ့လားဆိုပြီး ညစ်ကျယ်ကျယ် လုပ် နေတာပေါ့ကွာ။ ငါ့အဖိုးက သေသေချာချာ ရှင်းပြပါတယ်။ ငါတို့က မြန်မာ မွတ်စလင်တွေပါ။ အခုမှ ခိုးဝင်လာတဲ့သူတွေ မဟုတ်ပါဖူးပေါ့။ အသိသာကြီးပဲ သူငယ်ချင်းရာ မင်းတို့ စဉ်းစားသာကြည့် ငါတို့ပြောတဲ့ ဗမာစကားက မင်းတို့လိုပဲ ဥစ္စာ။ မနေ့တနေ့ ကမှ ဒီတိုင်းပြည်ကို ခိုးဝင်လာတဲ့သူက ဘယ်လိုလုပ်ပြီး ဗမာလို ပီအောင် ပြောနိုင်မလဲ။ ဗမာလို ပြောတတ်ရင် တောင် လေသံက ကုလားလေဝဲဦးမယ်။ “
ဂျမားက စကားကို ခဏဖြတ်လိုက်ရင်း ဒူးယားတလိပ် ကောက်၍မီးညှိလိုက်သည်။ ပြီးမှ “အဲတော့ ရဲတွေက ဘယ်လို ပြန်ပြော သလဲဆိုတော့ မြန်မာမွတ်စလင်ဆိုတာ ဒီတိုင်းပြည်မှာ မရှိဖူးတဲ့။ မြန်မာမှန်ရင် ဗုဒ္ဓဘာသာပဲ ရှိတယ်တဲ့။ ကုလားဟာ ကုလား ပဲတဲ့။ မြန်မာမွတ်စလင်ဆိုတာ မင်းတို့ စောက်ကုလားတွေ လူလည်လုပ်ပြီး ထွင်ထားတာ ဆိုပြီး ကွာ မအေနှမနဲ့တိုင်းပြီး ဆဲ သေးတယ်။ ဒီတိုင်းပြည်မှာနေရင် ကောင်းကောင်းနေကြ ဘာညာဆိုပြီးလည်း သဟောက် သဟမ်း လုပ်သေးတယ်။ နောက်ဆုံး တော့ ငါ့ကိုတွဲထောင့်ခေါ်ပြီး ပိုက်ဆံတောင်းတယ်။ ထောင့်ငါးရာတောင် ပေးလိုက်ရတယ် သူငယ်ချင်းရေ။ အဲတာပဲဟေ့ ဇတ်လမ်းကတော့”။ ထိုအချိန်က ရွှေတကျပ်သားမှ သုံးထောင်သာ ရှိသောခေတ်။ ရွှေငါးမူး သားဖိုး ရဲတွေက ဓါးပြတိုက် သွားခြင်းပင်။
နီတွက်ကော ကံသိန်းပါ ဂျမားတို့ မြေးအဖိုးနှင့်ထပ်တူ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရသည်။ ကာယကံရှင်များ ကတော့ ပို၍ စိတ်နှလုံးညှိုးခြုံး ပေလိမ့်မည်။ မြန်မာပြည်ဟာ ဘာသာရေး လူမျိုးရေး မခွဲခြားတဲ့ တိုင်းပြည်ဆိုတာ တကယ်တမ်း တော့ မဟုတ်။ အထူးသဖြင့် အာဏာပိုင်များတွင် ခွဲခြားရေးစိတ် ပိုရှိသည်။ တောင်ပေါ် မြေပြန့် လူမျိုးရေးလည်း ခွဲခြားသည်။ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန် တွေက မြန်မာနိုင်ငံအပေါ် သစ္စာမရှိသလိုလို၊ ရာနှုန်းပြည့် မြန်မာနိုင်ငံသား မဟုတ်သလိုလိုလည်း လုပ်တတ်သေးသည်။
ဂျပန်ကိုတော်လှန်ခဲ့တဲ့ ပျောက်ကျားရဲဘော်ကြီး၊ သေနတ်ပစ်ကောင်း၍ ခြောက်လုံးပူးဗကိုဟု သူတို့နယ်တွင် နာမည် တွင်ခဲ့ သူကြီး၊ နီတွတ်တို့ ကံသိန်းတို့ အားကျခဲ့သော မော်ကွန်းဝင်ဒုတိယဆင့် သူရဲကောင်းကြီးကား ရုပ်ရေ လက္ခဏာ ကုလားဖြစ်ရ သောကြောင့်၊ ကိုးကွယ်သည့် ဘာသာက မွတ်စလင် ဖြစ်ရသောကြောင့် မြန်မာနိုင်ငံသား စစ်စစ် မဟုတ်ဟု ခွဲခြားခံရသည်။ ဖိနှိပ်ခံရသည်။ နှစ်ပေါင်းရာချီ၍ ခေတ်အဆက်ဆက် အုပ်ချုပ်သူအဆက်ဆက် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခဲ့ရသော် လည်း သူတို့ကား အသိအမှတ် ပြုမခံရ။
အဲတော့ အဖိုးက နောက်ဆိုရင် ဘာကိစ္စပဲရှိရှိ ခရီးမသွားတော့ဖူးလို့ ဆိုတယ်ကွ။ ပြီးတော့ ကိုယ့်ကိုလူတွေ ကောင်းကောင်း သိတဲ့ အရပ်မှာပဲနေရင်း သေမယ်လို့လည်းပြောတယ်” ဟု ဂျမားက သူ့စကားကို အဆုံးသတ်လိုက်တော့ သည်။
သည်မြေသည်ရေမှာ အတူမှီတင်း နေထိုင်ကြသည့် လူအချင်းချင်း လူမျိုးရေး၊ ဘာသာရေးအရ မခွဲခြားသည့် သူတို့လို လူမျိုး တွေလည်း ရှိသေးကြောင်း ဂျမားအဖိုးကို ပြောပြလိုသည့် ဆန္ဒက နီတွတ်ရင်ထဲမှာ တဖွားဖွား။ သို့သော် သူ၏ သူရဲကောင်းကြီး ကား နှလုံးသားတွင် ဒဏ်ရာရသွားခဲ့ခြေပြီ။
ဇော်မင်း (လူ့ဘောင်သစ်)
၂၃ ရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်
Wednesday, June 26, 2013
နှလုံးသားမျက်နှာ
နှလုံးသားမျက်နှာ
စိမ်းညို့တောရိပ်
တိတ်ဆိတ်ခြင်းရဲ့ညီးတွားသံ
နက်မှောင်ရှည်လျား
အေးစက်ခြေလှမ်းများရှပ်ရှပ်
ရွာ၏ ပန်းချီကားတချပ်ပြပွဲမှာ။
ရေနံမြေသပိတ်
အတိတ်ကိုလွမ်းစရာ
မဟာရန်ကုန်လမ်းများ
ခြေသံကြားမလားနားစွင့်တယ်။
ချွေးစီးမွန်းနစ်
အိပ်မဖြစ်တဲ့ည
ဖျက်ဆီးပစ်ဖို့
လူဖြစ်ခဲ့ရတယ်ဆိုတဲ့ “ဂေါ်ကီ”
ငါ့ဆီဖိတ်ခဲ့မီတာကို။
သမ္မတရုံလှေကား
မှန်ချပ်များခြောက်လှန့်ပြ
ငါ့ကိုငါရှောင်ခဲ့ရဘူးတယ်။
နက်ဖြန်မနက်မှ
စံပါယ်ဖြူတကုံးသီ
ချစ်သူဆီအရောက်သွား
ခွင့်လွှတ်ဖို့စကားဆိုမယ်။ ။
ဖော်ဝေး
Friday, June 21, 2013
ရွှေမန်းပြန်ရင် လိုက်သွားကြ
ရွှေမန်းပြန်ရင် လိုက်သွားကြ
အရှက်မရှိသူများရဲ့ 
ပက်လက်လှန်တံတွေး ထွေးတဲ့ပွဲမှာ
ဇီးသီးသယ်မဗျိုင်းများ
လက်ခုပ်တဖျောင်းဖျောင်းတီးလို့  …….
သွေးစွန်းလက်တွေကို
ဆွေမျိုးရင်းချာပမာ
ဖက်လှဲတကင်းဆုပ်ကိုင်လိုက်တဲ့အချိန်မှာ
သင်တို့ ရဲ့ လာရာ အတိတ်လမ်းဆီက
အရိပ်များ
မီးပြတိုက်ရဲ့ အချက်ပြမီးရောင်
တလက်လက်အောက်မှာ
မျက်ရည်စက်လက် …………..
 အဲဒီပွဲမှာ
ကွယ်ဝှက်ထားတဲ့လှော်တက်များ
မျက်ဝါးထင်ထင် တွေ့ မြင်ရပြီ
ဒီကွေ့ မှာ ဒီတက်
ဟိုကွေ့ မှာ ဟိုတက်
ယုံကြည်ချက်က ခွေးကတက်မှာ
သြော် … ရန် ငါ စည်းပြတ်ကြပုံများ ……
ဘာကိုယုံလို့  ဘာကိုပုံကြမှာတဲ့တုန်း
သွေးဆာနေသူရဲ့ နှုတ်ဖျားက
ပြုပြင်ပြောင်းလဲမှုလိုလားတဲ့တရားဟာ
ပြည်တွင်းက လက်ရှိအခြေအနေဆိုးများ
တိုင်းရင်းသားဖိနှိပ်မှုများ စတဲ့
မငြိမ်းချမ်းမှုများကို မျက်ကွယ်ပြုထားခဲ့တယ်….
 အဲဒီတရား ယုံစားကြမယ်ဆိုရင်
ရွှေမန်းပြန်ရင်
အကုန်လိုက်ပြန်ကြ…………။
ရဲရင့်သက်ဇွဲ   ၂၁၀၆၂၀၁၃
Saturday, June 08, 2013
ငါ့ရဲ့ ညထဲမှာ ငါ့ကိုထားခဲ့
ငါ့ရဲ့ ညထဲမှာ  ငါ့ကိုထားခဲ့
လကို အန်ချလိုက်တယ်
နှင်းတွေထဲ ပိုးစိုးပက်စက် 
လရဲ့ အရိပ်နဲ့ အရောင်များ 
ညအမှောင်မှာ  တောက်ပ 
ကိုယ့်အတွက်တော့ 
သတ်ပုံမှားတဲ့ည …… 
အရိပ်နဲ့ အရောင်များ ဖမ်းမရဘူး 
အရိပ်နဲ့ အရောင်များ ရှာမရဘူး 
အရိပ်နဲ့ အရောင်များ ရှာမရဘူး 
အရိပ်နဲ့ အရောင်များ ရှာမရဘူး 
ညဟာ အရိပ်မဲ့ အရောင်မဲ့သယောင်နဲ့  
လွမ်းအောင်ဖန်နေတော့တယ် …… 
အဝေးက အူသံများကြားရ
အဝေးက လူသံများကြားရ 
ငါဟာ … ငါ့အသက်ကို 
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင် 
ဟောဒီငါချစ်တဲ့ မြေပေါ်မှာ  
သစ္စာရှိစွာ နေထိုင်ခဲ့တယ် 
ညကတော့ ခိုလှုံစရာ ရှာမတွေ့ ဘူး 
မြင်မြင်သမျှ ကောက်ရိုးတမျှင် ……. 
အဲဒီညတွေ….အခုတော့လည်း 
ဖန်တရာတေခဲ့ပါပြီ
အခုဘ၀မှ နောက်ဘ၀သို့ မကူးခင် 
စက္ကန့် ပိုင်းမျှအချိန်လေးတောင် 
ချစ်နေခဲ့သေးတဲ့စိတ်ကို 
ညထဲမှာ တိတ်ဆိတ်စွာချန်ထားခဲ့တယ်….။ 
(အရိပ်မဲ့အရောင်မဲ့ ကိုခင်ဝမ်းသီချင်းစာသား) 
ရဲရင့်သက်ဇွဲ  
 ၀၈၀၆၂၀၁၃
Tuesday, May 28, 2013
ကျနော်တို့ မြိုချကြပုံများ
မြို့တော်ဟာ နေပြည်တော်ပဲဖြစ်ဖြစ်
မြို့တော်ဟာ ရန်ကုန်ပဲဖြစ်ဖြစ်
မြို့တော်ဟာ မန္တလေးပဲ ဖြစ်ဖြစ်
ကျနော်စိုးရိမ်တယ်
မြို့ တော်တွေ အမြိုခံရမှာ ……..။
ကျနော်တို့ ဗျာ …..
မြေမြို၍ လူမျိုး မပြုန်း
လူမြိုမှ လူမျိုးပြုန်းမယ် စာသား
ငယ်ငယ်လေးထဲက
ဖတ်ခဲ့ မှတ်ခဲ့ ရတာ
အခုလူကြီးဖြစ်လာတဲ့ အချိန်အထိ
မျက်နှာစိမ်းတွေ မျက်နှာစိမ်းတွေ
ကပ်ရောဂါဆိုးတခု ကျရောက်သလိုမျိုး
ကျနော်စိုးရိမ်တယ်
လူက လူကိုပြန်မြိုနေမှာ ……..။
ချောင်းငယ်လေးများ စီးတဲ့ရေ
မြစ်တွေက မြိုချ
မြစ်များရဲ့  စီးဆင်းတဲ့ ရေ
ပင်လယ်တွေကမြိုချ
 ဒါဟာ သဘာဝလို့ ဆိုကြတယ်…
ကျနော်စိုးရိမ်တယ်
သဘာဝမဟုတ်တဲ့ ကိစ္စများ
ကြီးထွား အားကောင်း
ကျနော်တို့ ဘိုးဘွား ဘီဘင်များ
လှဲလျောင်းရာမြေပေါ်မှာ …….။
ဒီလိုနဲ့ … တစတစ
ကျနော်တို့ ဘ၀တွေ အမြိုခံနေရ
တရွေ့ ရွေ့ နဲ့ 
ကျနော်တို့  နေရာဌာနတွေ အမြိုခံနေရ
တဖြည်းဖြည်းနဲ့ 
ကျနော်တို့ ရဲ့ မြေပေါ်မှာ ကျနော်တို့ ဟာ
သူစိမ်းတွေလို နေထိုင်နေရ
သူစိမ်းတွေရဲ့  မြိုချခြင်းကို ခံနေကြရ ……။
ဘယ်သူက ဘယ်သူ့ ကို အားကိုးမလဲ
အုပ်စိုးသူလူတန်းစားဆိုတာကလဲ
အာဏာနဲ့  အာဏာကို မြိုချဘို့ ကလွဲလို့  …….
ကျနော်တို့ ပြည်သူလူထုကြီးမှာ
မြိုချစရာ နိုင်ငံသားကဒ်တခုသာ …………။
ရဲရင့်သက်ဇွဲ
၁၃၀၁၂၀၁၃
ဝေဒနာ
ဝေဒနာ
တသက်တာရည်စူးထားခဲ့တယ်
ငါ့မှာ ရှိသမျှအရာအားလုံး
ရိုးတွင်းချဉ်ဆီ ထိတိုင်အောင်
ငါ ပေးခဲ့သမျှ
ငါ ရခဲ့သမျှ ချစ်ခြင်းတရားနဲ့ 
လှပနေခဲ့တယ်မဟုတ်လား….
အခုတော့လည်း ဒါတွေဟာ
... တံလျှပ်တွေပါ
ခြေလွန် လက်လွန် ကုန်ဆုံးခဲ့ရတဲ့
ယုံကြည်မှုများ စမ်းတ၀ါးဝါးနှင့်ဆိုသော်လည်း
မျက်စေ့မမြင်ရတော့တဲ့အခါ
အကြားအာရုံ ပိုထက်မျက်လာခဲ့သလိုပေါ့
ကံကြမ္မာရဲ့ ရိုက်ချက်
ကြယ်တွေ လတွေနဲ့ မီးပွင့်သွားခဲ့တယ်
ဘ၀နဲ့ ရင်းပြီး
ယုံကြည်မှုတွေအားလုံး
စွန့် လွှတ်ခဲ့ပါပြီ
နက်ရှိုင်းတဲ့ အတွင်းသားထဲမှာ
 စွဲကပ်နေတဲ့ ချစ်ခြင်းတရား
ငါ ရူးသွပ်စွာ တပ်မက်ခဲ့မိသော
အနာဂတ် မျှော်လင့်ချက်များအားလုံး
ဘုံးဘုံးလဲသွားသောလည်း
နီရူဒါ ရဲ့ ကဗျာတစ ငါ့မှာတသသနဲ့ 
(အဲဒီမှာပဲ ငါသေချင်တယ်
တကယ်လို့ အကြိမ်ပေါင်းတထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ် …..
နီရူဒါ)
ရဲရင့်သက်ဇွဲ