Sunday, September 18, 2011

ဘ၀ကို ဘယ်လိုဆက်သွားမလဲ

ဘ၀ကို ဘယ်လိုဆက်သွားမလဲ

အရေ(ရည်)မရ အဖတ်မရတဲ့အရာတွေတဲ့လား
မအံ့သြပေမယ့် အံ့သြတယ်။

အရေ(ရည်)မရ အဖတ်မရတဲ့အရာတွေကို
နိုင်နင်းစွာ ဆက်စပ်ခင်းကျင်းပြသနိုင်ခဲ့တယ်။
ဒါဟာ … ကဗျာဆရာရဲ့  ပိုင်ဆိုင်သမှု
ကြေကွဲမှုတွေနဲ့  ပြုစုထားတဲ့ အထ္တုပ္ပတ္တိတခုပါပဲ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ပလက်ဖောင်းတခုအပေါ်ခြေအချမှာ
ဖြတ်သွားကြသောခြေထောက်များ
ငါ ကန့် ကွက်စရာအကြောင်းမရှိသော်လည်း
ငါဟာ ပလက်ဖောင်းတခုမဟုတ်ကြောင်းကြေငြာခဲ့တာ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာ အယူအဆတွေနဲ့ 
စကားလုံးတွေကြားမှာ ဘ၀ဟာ ကြေမွနေခဲ့ဘူးတယ်။
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာ ယုံကြည်ချက်အလံထူ
ငတ်မွတ်မှုကို အံတု့ ခဲ့ဘူးတယ်
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာ မိတ်ဆွေတွေရဲ့ 
သစ္စာတရားကို စောင့်သိခဲ့ဘူးတယ်
ဒီပလက်ဖောင်းပေါ်မှာပဲ မိတ်ဆွေတွေရဲ့ 
နောက်ကျောကဓါးကို ကျောကုန်းကြီးနဲ့ ပွေ့ ဖက်ခဲ့ဘူးတယ်
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာပဲ ဒုက္ခရဲ့ သစ္စာတရားကို
တရှိုက်မက်မက် ရှာဖွေခဲ့ဘူးတယ်
ဒီိပလက်ဖောင်းပေါ်မှာပဲ အနာဂတ်ကို ပြောင်းဘို့ 
ခေတ်ရဲ့ တောင်းဆိုမှုထဲ ခုန်ဆင်းခဲ့ဘူးတယ်
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

ဒီပလက်ဖောင်းပေါ်မှာမောင်ချောနွယ်ရဲ့  ကိုက်လမ်းကို
အသက်နဲ့ ရင်းပြီးခံစားခဲ့ရဘူးတယ်။
ဒီပလက်ဖောင်းပေါ်ကနေ တောင်ကုန်းလေးတခုပေါ်ကို
ရေတွင်းလေးတခုထဲကို … ကောင်မလေးရေ နှစ်တွေကြာခဲ့ပြီပဲ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့ ။

အဲဒီပလက်ဖောင်းပေါ်မှာပါပဲ မျက်ရည်နဲ့ ချစ်ချင်းတရား
ရင်းနှီးပေးဆပ် ဘယ်သူက ဘယ်သူ့ ကို အသေသတ်ခဲ့တာလဲ
ဘယ်သူက ဘယ်သူ့ ကို အသေသတ်ခဲ့တာလဲ
အရေ(ရည်)မရ အဖတ်မရလို့ ဆိုစေဦးတော့
ဒီလိုမျိုးရူးသွပ်တပ်မက်မှုကို ကျိန်စာလို့ ဖွဲ့ ဆိုမယ်။


ရဲရင့်သက်ဇွဲ
၁၅၀၉၂၀၁၁၁၂း၀၆အေအမ်








သတိတရနဲ့  မက်တဲ့ အိပ်မက်

သတိတရနဲ့  မက်တဲ့ အိပ်မက်

ပုဂံခေတ်သူရဲကောင်း လေးယောက်နဲ့ လဘက်ရည်ဆိုင်အတူထိုင်ဖြစ်တဲ့ညက

ကျန်စစ်သားရဲ့  တောက်ခေါက်သံ ဧရာဝတီ မြစ်တရိုးမှာညံသွားတယ်။

ကျန်သုံးယောက်ရဲ့  အသံ ဇာတိမာန်ဖြစ်တယ်။

... အဲဒီညက ဖွင့်တဲ့သီချင်းသံ
ဧရာဝတီ ဧရာဝတီ မဟာသဘာဝအရှင် အသက်ငင်နေပီ။

ထရီပိုလီကို သူပုန်တွေက ၀င်သိမ်းတယ်။
ကဒါဖီဟာ တရုတ်လိုဝတ်ပီး ဧရာဝတီမြစ်အတိုင်းစုန်ဆင်းအလာမှာ
ပုဂံရဲ့ တရုပ်ပြေးမင်းက ပြူံးပြုံးကြီးပါလာတယ်။

ဗျတ်ဝိဗျတ္တရဲ့ အရိုးတွေကို
ဘင်လာဒင်ရဲ့ အရိုးတွေနဲ့ လဲလှယ်လိုက်ပီးတဲ့နောက်မှာ
ကောသလမင်းကြိးဟာ နေပြည်တော်ရဲ့  လွှတ်တော်ရှေ့မှာ ချူံးပွဲချငိုရှာတယ်။

နောက်ကို အိပ်မက်အကြောင်း မရေးတာ့ပါဘူးလို
့အလှည့်ကျ အာဆီယံဥက္ကဌသစ်ထံမှာ ၀န်ခံလက်မှတ်ေ၇းထိုးလိုက်တယ်။

မှတ်မှတ်ရရ အဲဒီနေ့ က ဟယ်ဆင်ကီးမှာ မိုးတွေရွာလို့ 

ငါဟာ ဟယ်လီနာကိုတကယ်မသိခဲ့ပါဘူး။

ဘု၇ားစူးရပါစေရဲ့  ဥမ္မာဒဏ္ဏီရေ ဘုရားစူးရပါစေရဲ့ ...။

မင်းရေးတဲ့ ငါ့ ကို စွန့် လွှတ်ကြောင်းရသကောင်းကောင်းနဲ့ စာတကြောင်းကို

မင်းရဲ့ ကိုယ်အလင်းရောင်နဲ့  ဖတ်ခဲ့ရတဲ့
ဘ၀ရဲ့  နေ၀င်ဆည်းဆာ
ညကောင်းကင်ရဲ့ တေးသမားဟာ
ရန်ပယ်ချောင်းကရေအဟုန်ရဲ့  တိုက်စားမှုမှာ
လောင်မီးကျနေတဲ့ သူ့ နှလုံးသားကိုခွဲထုတ်
ရေလှိုင်းတွေအောက်ထဲပျောက်သွားတယ်။
ဒါပါပဲ.....သတိတယရှိရင်း မက်တဲ့အိပ်မက်မှာ
ကောသလမင်းနဲ့ ကျနော် ကဗျာတွေ အော်ရွတ်လို့ .....



ရဲရင့်သက်ဇွဲ
၁၄၉၂၀၁၁၁၂း၂၀အေအမ်

နှစ်ဆယ့်သုံးနှစ် စစ်တမ်း

နှစ်ဆယ့်သုံးနှစ် စစ်တမ်း

ဟိုတစ သည်တစ
ဟိုဘ၀ သည်ဘဝ
တဖျောင်းဖျောင်းကျိုးကြေမွသံ
တတိုင်းပြည်လုံး ဘ၀ဂ်ထိညံခဲ့ပြီးနောက်
ဒီကနေ့ စာမျက်နှာပေါ်က ပြန်ပြောင်းသတိရမှုမီးလျှံများ
မကျေခဲ့သော တာဝန်များအတွက်
ဘ၀အဆက်ဆက် (ငါတို့ ကို )
တောက်လောင်မယ့်မီးပဲဖြစ်တယ် ..။

နှစ်ဆယ့်သုံးနှစ်လုံးလုံး
အရိုးတွန်သံတွေကြားမှာ
ရှက်ဖွယ်လိလိ ရှင်သန်နေခဲ့ရပုံများ
ကိုယ့်မျက်နှာ ကိုယ်မကြည့်ရဲလောက်အောင်ပဲ …။

အတိတ်အကြောင်း ပြန်ပြောင်းတွေးတိုင်း
ခံပြင်း နာကျည်း ကြေကွဲ
ပြန်ပြောပြတဲ့ပွဲလား
တစတစ နှစ်ကာလကြာလာတဲ့အခါ
ပြဇာတ်ဆံသလို ငါ့ မှာခံစားလာရ
ပေးဆပ် စွန့် လွှတ်သူများရဲ့  လိုအင်ဆန္ဒ
ရေစုံမျောရတော့မှာလား
ရွှေဘုန်းလူရဲ့  ကဗျာတစ
ဒီနေရာနဲ့  အံဝင်ခွင်ကျဖြစ်ရဲ့ …….

ဒါပါ ပဲ …..
နှစ်ဆယ့်သုံးနှစ်ရဲ့  စစ်တမ်း
ညစ်ညမ်းသော အတွေးအခေါ်များ
ကွမ်းတရာ ရေတမှုတ်နဲ့ 
မအိုဇာဇာတ် ခင်းချင်သူများ
ယာတောအလယ် ငါပြောမယ် ရှင်ရွှေဘုရင်ရဲ့ 
ငိုချင်းချလိုသူများ
ယောင်တောင်တောင် ကြောင်တောင်တောင်နှင့်
ယုံထင်ကြောင်ထင်ခံရ ပူးသတ်မည့်သူများ
ခွါသတ်မည့်သူများ သတိတရရှိကြ

သေသူရဲ့ အရိုးတွေက
၇ှင်သူကို ဘာလုပ်၇မယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့  ဆိုရမယ် (ရွှေဘုန်းလူ)
အဲဒီသမိုင်းက မွေးဖွား
တပ်ဦးဟာ နှစ်ဆယ့်သုံးနှစ်သား
ပြည်သူနဲ့ တသားထဲ
ပြည်သူနဲ့ တသားထဲ
ပြည်သူနဲ့ တသားထဲပါပဲ ……..။

(ရှစ်လေးလုံး ၂၃ နှစ်ပြည့်နှင့် ကျောင်းသားတပ်မတော်မွေးဖွားခြင်း၂၃နှစ်ပြည့်သို့ 
နှင့် ဒီမိုကရေစီအရေးတော်ပုံကြီး ၂၃ နှစ်ပြည့်)

ရဲရင့်သက်ဇွဲ
၀၄၀၈၂၀၁၁


တွန်းနှိုးရသော ဇာတိမာန် နဲ့  သွေးပေါင်ချိန်ကျသော ရွှေဝါရောင်နေ့ ရက်များ

တွန်းနှိုးရသော ဇာတိမာန် နဲ့  သွေးပေါင်ချိန်ကျသော
ရွှေဝါရောင်နေ့ ရက်များ

အုတ်သော်သောင်းနင်းပါပဲ
ဘုရားစင်ပေါ် စစ်ဖိနပ်တက်တယ်
စက်တင်ဘာလဲ ငရဲပွက်တယ်
ငါတို့  ရင်ခွဲ ဆားနဲ့ ပက်တယ်…
ဒါနဲ့ များတောင်မှ ငါတို့ တတွေဟာ
မနိုင်၍သည်းခံရခြင်းသည်လည်းကောင်းများနဲ့ 
ရသေ့ စိတ်ဖြေ ကမ္ဘာမကြေ … ကမ္ဘာမကြေ
အော်သာ အော်နေ အော်သာ အော်နေကြရင်း
သောက်ရှက်မရှိတဲ့ မျက်ခွက်ကြီးတွေကို
မနက်တိုင်းဆေးကြော အသက်ရှင်နေသေးတာ အော့နှလုံးနာစရာပ …..။

လူတွေ ရုန်းရင်းဆန်ခတ်
ခြေထောက်တွေ သစ္စာဖောက်မဖြစ်ဘို့ အရေး
လမ်းမများ တအုန်းအုန်းညာသံပေးလာ
အမှန်တရားရေ နင်လည်းပြေးပေးဦးတော့
ဟိုတဖက် သည်တဖက် မျှော်လင့်ချက်မဲ့ ငေးမော
အစိမ်းပုတ်ရောင် တိမ်တောက်တောထဲမှာ
ရိုက်သံ နှက်သံ အော်သံ ဟစ်သံ ဆဲသံ ဆိုသံ တွေကြား
ရွှေဝါရောင်တွေ လက်လက်ထနေတုန်း
အေးမြတဲ့မေတ္တာလရောင် ဟာ သွေးပေါင်ချိန်ကျနေတယ် ……။

ငါ … ငိုတယ် …
ဘာသာတရားအသီးသီးတို့ ရဲ့  ဘုရားသခင်တွေကို တိုင်တယ်ပြီးတော့
သမ္မာကျမ်းစာပါ ကမ္ဘာပျက်မယ့်နေ့ ဟာ
မှားယွင်းရောက်လာသလား ထာဝရဘုရားကို ငါ မေးရဦးမယ် ၊
မိတ်ဆွေကြီး နာကာအိခန်းဂျီး ရေ
ခင်ဗျားအသေအချာ တွေ့ လိုက်ရတဲ့ မြင်ကွင်းကို
ခင်ဗျားအသေအချာ ရိုက်လိုက်ရတဲ့ရက်စက်မှုကို
ခင်ဗျားပြောနေကြစကား … ကမ္ဘာကြီးရဲ့ တနေရာရာမှာ
တခုခုဖြစ်နေပီဆိုရင် တယောက်ယောက်တော့ ရောက်အောင်သွားရမယ် ဆိုတာကို
ခင်ဗျားအသက်နဲ့  သက်သေပြခဲ့တာလား
သွေးစက်စက်နဲ့  ဦးခေါင်းတော်များ မားမားမတ်မတ်
ဘာမထီ ဒါဟာ ဗမာပြည်တဲ့ဟေ့
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ
ဘုရားစင်ပေါ်က စစ်ဖိနပ်
ငါ့ မျက်နှာကို လှမ်းဟတ်တယ် ။

ဒါပါပဲ …. ရွှေဝါရောင်အရေးတော်ပုံကြီး
လေးနှစ်ပြည့်တဲ့အခါ
သံတိုင်နောက်က မှတ်တမ်းများကိုဖတ်ရတဲ့အခါ
အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် ဖတ်ရတဲ့အခါ
“ဦးဝင်းတင်နဲ့ မေးခွန်းများ” အီးဘွတ် ဖတ်ရတဲ့အခါ
ဘိက္ခူမာတာ ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို
ထောင်ဝင်စာ ပေးပို့နေသူအကြောင်း ကြားသိ ဖတ်မှတ်ရတဲ့အခါ
ဇာတိမာန်တွေ ဟုန်းဟုန်းထ
နာကျည်းမှုတွေ ဟုန်းဟုန်းထ
အများပြည်သူတို့ ရဲ့  အက်ကွဲသံများ
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းဝေးကြပါစေ ဟုန်းဟုန်းထ …..။

ကြောက်ခမန်းလိလိ ဟုန်းဟုန်းထပုံများ
ဘုန်းဘုန်းတို့ ရေ …..
တရားချပါဦး တရားပြပါဦး
တိုတောင်းတဲ့လူ့ ဘ၀မှာ
ကောက်ရိုးမီးလို ဟုန်းဟုန်းမထမိစေဘို့ 
ရွှေဝါရောင်လို ဟုန်းဟုန်းတောက်စေဘို့  …….။

(ရွှေဝါရောင်တော်လှန်ရေးကြီး လေးနှစ်ပြည့်သို့ )

ရဲရင့်သက်ဇွဲ
၀၅၀၉၂၀၁၁
၂း၄၁အေအမ်



ရှာပုံတော်

ရှာပုံတော်

လိုချင်တာတွေ အရနည်းပြီး မလိုချင်တာတွေ

ဗုံးပေါလအော

ဘူးသီးနုနုမခူးရ အကင်းတောင် မတွေ့ လိုက်ရတဲ့ခဏ

ဘ၀ဆိုတာကြီးကို ထိပ်တုံးခတ်ထားလိုက်ချင်တယ် ….။

အရင်ဆုံး အစိုးမရတဲ့ စိတ်တွေကိုပဲ ထိပ်တုံးခတ်ထားလိုက်ပါ

ညညဆို ထထအော်တယ်

ဘုန်းကြီးတစ္ဆေတွေ ဘုန်းကြီးတစ္ဆေတွေ



ပြီးတော့လည်း

ထရံမှာထိုးထားတဲ့ ၀ါးရင်းတုတ်ကြီးနဲ့ 

မှတ်ပလားကွ မင်းတို့ အလှည့်ကျမှ မင်းတို့ အလှည့်ကျမှ

စိတ်လိုလက်ရ ရှိလာတဲ့အခါ

တယောပြားလေုး ချစ်သူကိုထွေးပွေ့ သလိုမျိုး

တမိုးအောက်မှာ တယောက်ထဲရှိနေသလို

ကိုခင်ဝမ်းကြီးရဲ့  သီချင်းတွေကို တခုတ်တရ ဖွဲ့ နွဲ့ 

နာရီခေါက်သံဟာ ချောက်ကပ်ကပ်နဲ့  ညဥ့်ယံကိုခြောက်လှန့် နေ

အို …ဒီညဟာ တမျိုးပဲလေ …..

ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကြွေး

နင်နဲ့ ငါ သူငယ်ချင်းပဲနော် သူစိမ်း

သူ့ အနုပညာကို နဲနဲလေးမှ မတိမ်းမယိမ်းစေခဲ့သူ

သူ့ အနုပညာအယူအဆ ငါ့သွေးသားကတောင်းတတယ်..

ကြောက်စရာကောင်းလောက်တဲ့ မှော်

အဖေ့သွား ရေထဲမှာ အိပ်နေသည် ….။



ဘာရယ်လို့  မဟုတ်ပါဘူး

အိပ်မပျော်တာနဲ့  ညကောင်းကင်ရဲ့ တေးသမားကို

နားထောင်ပီး

အချစ်ကို ရင်း၍ နားထောင်ပီး

ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်မိတဲ့ အကြောင်း …။



ရဲရင့်သက်ဇွဲ

၀၉၀၉၂၀၁၁

၆း၁၀အေအမ

Saturday, September 17, 2011

ဒီနေ့  ဘီယာအမြူပ်ဟာ မနက်ဖြန်အတွက် အရင်းအနှီးဖြစ်တယ်

ဒီနေ့  ဘီယာအမြူပ်ဟာ မနက်ဖြန်အတွက်
အရင်းအနှီးဖြစ်တယ်

ငါ …. ပုံဖေါ်ကြည့်မိတယ်
မီးကိုစတင်တွေ့ ရှိသူများရဲ့  ပျော်ရွှင်မှု
ကမ္ဘာဦး ကထဲက အစပြု မှားခဲ့ကြတာ
အတုလား အစစ်လား ငါမသိ
ငါသိတာက တဆင့်ပြီး တဆင့် မှားခဲကြမှုများ
အရိုးခံ အရိုင်းစံ ဖြစ်တည်မှု မှားခဲ့ကြတယ်။

ကျောက်ခေတ်၊ ကြေးးခေတ်သံခေတ်
ကျေးကျွန်စံနစ် အဆင့်ဆင့်ဖြတ်သန်း
သမိုင်းကြောင့်း ဒီလိုမတိမ်းစောင်းသမျှ့
ငါတို့ မှာ အကျိုးအကြောင်းခိုင်လုံစွာ
စံနစ်တကျ မှားယွင်းခဲ့မှုမျာုး
သံဝေဂ ငါတို့ဂုတ်ကို ခွထားတယ် ။

သမိုင်းကြောင်းနဲ့  ချီလို့ 
ပလေတိုရဲ့  နိုင်ငံတော်မှသည်
ငါတို့ ခေတ် အဓမ္မနိုင်ငံတော်အထိ
လွှဲမှားသော စီမံခန့်ခွဲမှုများ မှားယွင်း
မနက်ဖြန်အတွက် ဒီနေ့ များကို
ဥပက္ခာပြုထားခဲ့ပြီးတဲ့နောက်မှာတော့
ဆာလောင်ငတ်မွတ်မှု တွင်းနက်ထဲက လူထူထူတွေမှာ ….။

ရဲရင့်သက်ဇွဲ
၂၉၀၈၂၀၁၁