Thursday, January 01, 2009

အားလုံးအတွက် အာဟာရ နှစ်သစ်စကား

ချစ်သောမိတ်ဆွေ ညီအကိုမောင်နှမများအတွက် အာဟာရစာစောင်ဝိုင်းတော်သားများ၏
နှစ်သစ်စကားဖြစ်ပါတယ်။

အချိန်နှင့် တပြေးညီ ရှေ့သို့ချီ

ကာလယန္တရားက နရီစည်းချက် မှန်ကန်စွာ တသမတ်ထဲ ခုတ်မောင်းနေပေမယ့်၊
ကျနော်တို့ သက်ဝင်လှုပ်ရှားတဲ့ အခြေအနေနဲ့ အဖြေရလဒ်ကတော့ တသမတ်ထဲ
ဖြစ်မလာတတ်ပါဘူး။ အဆီအငေါ်မတည့် အံချော်လွဲမှားမှုတွေကို
မလိုလားပေမယ့်လည်း မလွှဲသာ မရှောင်သာ ကြုံရပါသေးတယ်။ အတက်အကျ၊
အနိမ့်အမြင့်၊ ကျဆုံးအောင်မြင်၊ သေဆုံးရှင်သန်တို့ ဝေဆာလျက်
အရောင်အသွေးမျိုးစုံနဲ့ ပြဋ္ဌာန်းစီရင်နေတတ်တာ ဓမ္မတာပါပဲ။ အနုသုခုမ ဘဝအလင်္ကာ
ပန်းချီကား တချပ်နှယ်။

အချိန်ကို ကျနော်တို့တွေ ဆွဲဆန့်ခြင်း၊ ချုံ့ပစ်ခြင်း၊
တားဆီးရပ်တန့်ခြင်းငှာ မစွမ်းသာပါဘူး။ သူက ဘယ်တော့အခါကမှ ကျနော်တို့ကို
စောင့်ဆိုင်းခြင်း မရှိ၊ သွားမြဲအတိုင်း သွားလျက်ပင်။ ဒါပေမဲ့ အချိန်ကို
သဘာဝက ရွေးချယ်ခွင့်တော့ မပေးပါ။ ကျနော်တို့ လူသားတွေကိုသာ
ထူးခြားကောင်းမွန်၊ သစ်လွင်တိုးတက်တဲ့ မျှော်လင့်ချက်တွေ ထားရှိခွင့်နဲ့
လိုက်ပါလုပ်ဆောင်ခွင့် ပေးပါတယ်။ သဘာဝတရားကြီးဆီကနေ ကျနော်တို့က
ရွေးချယ်ခွင့်ဆိုတဲ့ မေတ္တာလက်ဆောင်ကို အချိန်ထက် ထူးကဲစွာ ရရှိနေတာ
ဖြစ်ပါတယ်။

အခုလို နှစ်သစ်ကူးကာလမျိုးမှာ လူသားတွေဟာ တဦးချင်းအလိုက်၊
တမျိုးသားလုံးအလိုက် ဆိုင်ရာဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေ
ထားရှိတတ်သလို၊ လက်တွေ့ အကောင်အထည်ဖော်လိုတဲ့ စိတ်ဆန္ဒတွေနဲ့အတူ
အားသစ်အင်သစ် ခွန်အားသစ်တွေလည်း ဖြစ်ထွန်းပေါ်ပေါက်လေ့ ရှိပါတယ်။ ဒီလို
ဆန္ဒမျိုးတွေဟာ ကရား ရေလွှတ်သလို၊ ရင်ထဲမှာ တားမရ၊ ဆီးမရ တသွင်သွင်
ဝင်ရောက်စီးဆင်းကြပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ တနှစ်လုံး ကြုံတွေ့ခဲ့တဲ့ အကောင်းအဆိုး ရလဒ်တွေကို
ပြန်ပြောင်း အောက်မေ့ရာမှာ ညစ်နွမ်းဆွေးမြေ့ အကုသိုလ်နဲ့
လျော်ကန်သင့်မြတ် ကုသိုလ်တရားတို့ရဲ့ သက်ရောက်တဲ့ အကျိုးအာနိသင်တွေကို
ဆင်ခြင်ရင်း၊ ကျွဲကူးရေပါဆိုသလို အသစ်အသစ်သော လုပ်ရပ်ကောင်းတွေ
ဖြစ်ပေါ်ဖို့ အခိုင်အမာ ဆုံးဖြတ်ကြတဲ့ သဘောပါပဲ။ နှစ်ကူးအခါသမယက 'သတိ'
ဆိုတဲ့ ချပ်ဝတ်တန်ဆာကို ကျနော်တို့အပေါ် ထပ်မံ ဝတ်ဆင်ပေးခြင်းပင်။

နှစ်သစ် ၂ဝဝ၉ ခုနှစ်အတွင်း တမျိုးသားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ
နိုင်ငံတော်သစ် ပေါ်ထွန်းရေးမှာ ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး
လှုပ်ရှားတက်ကြွသူတွေနဲ့ ကျနော်တို့ အာဟာရစာစောင် ဝိုင်းတော်သားတွေ
လျှောက်လှမ်းလိုတဲ့ ဦးတည်ချက်အဖြစ် ယုံကြည်ပါတယ်။ ဒါက အသစ်သော အရေးကိစ္စ
မဟုတ်ပါ၊ နှစ်ပေါင်းများစွာအတွင်း တလျှောက်လုံး မက်ခဲ့ကြတဲ့
အိပ်မက်ဟောင်းတခုပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပိုမိုသစ်လွင် ကောင်းမွန်တဲ့ စိတ်ဓာတ်၊ ဆန္ဒနဲ့ လက်တွေ့ကျတဲ့
လုပ်ရပ်တွေ ဖြစ်ပေါ်လာစေဖို့ အင်တိုက်အားတိုက်
လက်တွဲဆောင်ရွက်သွားလိုပါတယ်။

ထပ်ခါတလဲလဲ မှားယွင်းနေတဲ့ အမူအကျင့်ဟောင်းတွေ မြေမြှုပ်သင်္ဂြိုဟ်ရေး၊
အကြိမ်ကြိမ် တောင်းဆိုနေရဆဲ မဖြစ်မနေ ညီညွတ်ရေး၊ သင်္ခန်းစာကောင်းတွေယူပြီး
အဆုံးသပ် အောင်ပွဲခံရေးအတွက် ဆက်လက်တောင်းဆိုဆဲ လူထုနဲ့အတူ
အုံကြွတိုက်ပွဲဝင်ရေးကို အလေးအနက်ထားကာ ဘက်ပေါင်းစုံကနေ အကောင်အထည်
ဖော်သွားလိုပါတယ်။

အချိန်ကာလထက် ပိုမိုရရှိတဲ့ ရွေးချယ်ခွင့်ကို မှန်ကန်စွာ
ရယူအသုံးပြုတဲ့အနေနဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီ
နိုင်ငံတော်သစ် ပေါ်ထွန်းရေးအတွက် အချိန်နဲ့ တပြေးညီ တိုက်ပွဲဝင်
ချီတက်ကြပါစို့။

အာဟာရ ဝိုင်းတော်သားများ