Saturday, November 28, 2009

စွန့်ဝံ့သူများနဲ့ မိုင်းမိသူတွေရဲ့ ကြား

(မဆုမွန် ဘလောက်ဂ်မှကူးယူဖေါ်ပြပါသည်။)

စွန့်ဝံ့သူများနဲ့ မိုင်းမိသူတွေရဲ့ ကြား

အဖြူရောင် ပိတ်သားထက်မှာ..အမြှောက်တွေကို အသင့်ချိန်ရွယ်ထားတဲ့ တင့်ကားတွေ တန်းစီပြီး တရွေ့ရွေ့လာနေတယ် နောက်ခံမှာက မီးခိုးလုံးတွေ .ကျွန်မတို့ တစ်တန်းလုံး သိသိသာသာ တိတ်ဆိတ်သွားတယ် ခြောက်ခြားမူတွေ တုန်လူပ်မူတွေ နဲ့အတူ ရှေ့ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်နေရကြတဲ့အချိန် တင့်ကားတွေရဲ့ ရှေ့တည့်တည့်မှာ အဖြူရောင်ရှပ်အကျီဝတ်ထားတဲ့ လူငယ်လေးတစ်ဦးပေါ်လာတယ် သူတင့်ကားတွေရဲ့ ရှေ့တည့်တည့်မှာ ပိတ်ရပ်လိုက်တယ် သူတစ်ယောက်တည်း ထီးထီးကြီး တင့်ကားတွေရှေ့မှာ မားမားရပ်နေတယ် ထိုင်းကျောင်းသားတွေရဲ့ အံ့သြရေရွတ်သံ သဲ့သဲ့ကြားလိုက်ရတယ် နောက် တင့်ကားကြီး လူပ်လာတယ် အားလုံး အလန့်တကြား ထအော်လိုက်တယ်.

အဖြူရောင်ဝတ်ထားတဲ့ ကျောင်းသားလေး တင့်ကားရဲ့ ဦးတည်ရာဘက်ကို လိုက်ရွေ့လိုက်တယ် ကျွန်မ တကိုယ်လုံး ကြက်သီးဖြန်းဖြန်းထမိတယ် လေအေးခန်းထဲမှာနေရပေမယ့် ရင်ဘတ်တစ်ခုလုံး ပူလောင်လာသလိုလို လက်ဖ၀ါးတစ်ခုလုံးက ချွေးစီးတွေနဲ့ အေးစက် တင်းကျပ်နေတယ်။ မကြောက်မရွံ့ အစိုးရခေါင်းဆောင်တွေကို လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောနေတဲ့ ရဲရင့်မူအပြည့်နဲ့ ကျောင်းသား ခေါင်းဆောင် ကင်မရာတွေ ရှေ့မှာတောင် ဆောက်တည်ရာမရ ဖင်တကြွကြွနဲ့ မျက်မာန်ကြီးစွာ ဒေါသဖြစ်နေတဲ့ တရုတ်ခေါင်းဆောင်တွေ..နောက်ပြကွက်က..အကြမ်းဖက် နှိမ်နင်းဖို့အသင့်ပြင်နေတဲ့ တရုတ်စစ်သားတွေ..နောက် တန်းစီချီတက်လာတဲ့ သံချပ်ကားကားတွေ...သူတို့အရှေ့မှာမှ တစ်ဦးတည်း ရပ်နေတဲ့ ကျောင်းသားလေးတစ်ယောက်..

မျက်နှာခြင်းဆိုင်ရပ်လိုက်တဲ့အခါ တင့်ကားကြီး ငြိမ်သွားတယ် နောက် သူ အခြားတစ်ဘက်ကို ပြန်ပြောင်းဦးတည်ပြန်တယ် အဖြူရောင်ကျောင်းသားလေး က တင့်ကားရဲ့ ဦးထိပ်ဘက်ကို လိုက်ပြီး အလျင်အမြန်ပြောင်းရပ်လိုက်ပြန်တယ် တင့်ကားနဲ့ကျောင်းသားလေး ထုတ်ဆီးတိုးတန်းကစားနေသလို ဒါဟာ ကစားနေတာတော့မဟုတ်ဘူး အသက်ကို ထပ်ပြီး ယုံကြည်ရာအတွက် အသက်ကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိနေတဲ့ဆိုတဲ့ ပြရုပ်ကို သူက တကမ္ဘာလုံး သိအောင် အာဇာနည်စိတ်ဓာတ် ကျောင်းသားစိတ်ဓာတ်ကို ပြလိုက်တာပါပဲ။

ဟုန်းဟုန်းတောက်နေတဲ့ မီးလျံတွေကြား သွေးအလိမ်းလိမ်းနဲ့ အလူးအလူးအလိမ့်လိမ့် ကျောင်းသားတွေ..ကျွန်မတို့အားလုံးရဲ့ မျက်နှာပြင်မှာ အံ့သြတုန်လူပ်ခြင်းနဲ့အတူ ..ငြိမ်သက်တိတ်ဆိတ်နာကျင်မူတွေနဲ့...တင့်ကားရဲ့ရှေ့မှာ မကြောက်မရွံ့ မားမားရပ်ပြီး တားဖို့ကြိုးစားနေတဲ့ တရုတ် ကျောင်းသားလေးအပေါ် ခံစားရတဲ့ ခံစားချက်တွေက ကျွန်မရင်တစ်ခုလုံးကို တင်းတင်း ဆုပ်ကိုင်ခံလိုက်ရသလိုပါပဲ။ သူလိုလူစားမျိုး..သူလို အာဇာနည်စိတ်ဓာတ်မျိုး သူလို ကျောင်းသားစိတ်ဓာတ်မျိုး.. အမည်မသိ စွန့်လွှတ်သွားတဲ့ တကယ့် ကျောင်းသားအာဇာနည်တွေကို ပြန်မြင်ယောင်မိပြီး ကျွန်မ တော်တော်ထိထိခိုက်ခိုက်ခံစားလိုက်ရပါတယ်။

၁၉၈၉ခုနှစ်က တရုတ်နိုင်ငံ တီအန်မင်ရင်ပြင်ရှေ့မှာ တရုတ်ကျောင်းသားတွေ ဆနပြတဲ့နေရာကို တရုတ်အစိုးရက တင့်ကားတွေနဲ့တက်ကြိတ်ပြီး အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ပြကွက်လေးကို အမေရိကန်ပါမောက္ခက Freedom of Expression နဲ့ပတ်သတ်ပြီး လူတွေဟာ ဘယ်လောက်ငတ်မွတ်တယ် ကျောင်းသားတွေက ဘယ်လိုတိုက်ယူခဲ့ရလဲဆိုတာကို တရုတ်အခြေအနေကို ယှဉ်ပြီး သိနိုင်ဖို့ ဗီဒီယိုကလစ်လေးတစ်ခုကို ကျောင်းစာသင်ခန်းထဲမှာ ဖွင့်ပြနေတာပါ။ ကျောင်းသားတွေဆီ မသွားခင် အမည်မသိ တရုတ်ကျောင်းသားလေးတစ်ယောက်တည်း တင့်ကားတွေကို မသွားဖို့ တားနေတဲ့ မြင်ကွင်းလေးက ကျွန်မတို့ကျောင်းသားတွေရဲ့ စိတ်နှလုံးကို တော်တော်လေး ထိထိခိုက်ခိုက် ခံစားစေပါတယ်။ အားလုံးငြိမ်သက် တိတ်ဆိတ်သွားတယ်။ နာကျင်မူတွေက အခန်းတစ်ခုလုံးမှာ လွှမ်းခြုံထားသလိုမျိုး..

ဒါပေမယ့် ကျွန်မ ဘေးနားက အသံ ခပ်သဲ့သဲ့ ထွက်လာတယ်။။ He is so stupid..stupid he should die there should die.. ..အင်္ဂလိပ်စကားကို အမြဲတမ်းအထစ်ထစ်အငေါ့ငေါ့ သို့မဟုတ် အမြဲတမ်း အမှားမှားအယွင်း အသံထွက်လေ့ရှိတဲ့ ပြည်မကြီးက ကျောင်းလာတက်တဲ့ ကျွန်မ သူငယ်ချင်း တရုတ်မလေးက လက်နှစ်ဘက်ကို တင်းတင်းပိုက်ပြီး တစ်စက်လေးမှ စိတ်ထိခိုက်မူမပြပဲ အဆိုပါပြကွက်က သူ့အတွက် စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ရသလိုမျိုး မျက်နှာထားနဲ့ သူရေရွတ်လိုက်တာဖြစ်ပါတယ်။ အပြစ်မဲ့ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆနပြနေတဲ့ ကျောင်းသားတွေကို စစ်တပ်အင်အားသုံး တင့်ကားနဲ့ပါ တက်ကြိတ်ပစ်လို့ လူတွေ ထောင်နဲ့ချီပြီ ကျဆုံးခဲ့ရတဲ့ တီအမ်မင်ရင်ပြင်ပြကွက်လေးကို ကြည့်ပြီး နာကျင်မူတွေနဲ့တိတ်ဆိတ်နေတဲ့ စာသင်ခန်းလေးထဲက ရုတ်တရက် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်တဲ့ သူ့အသံကြောင့် အားလုံး သူ့ကို အံ့သြတကြီး လှည့်ကြည့်ကြပါတယ်။

ဆရာကိုယ်တိုင်တောင် မျက်ခုံးပင့်ပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်ပါတယ်။ သူဆီက အေးစက်စက်လေသံနဲ့ ဆရာကို တစ်လုံးချင်း သူက ပြောပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး သူ ပြည်ပရောက်ကတည်းက ဆွေးနွေးကြတာ ပြောကြတာတွေကို သူကြားခဲ့ရတယ်ပေါ့။ သူ့အနေနဲ့ကတော့ ဒီကိစ္စမှာ အစိုးရလွန်တယ်လို့ မယူဆပါဘူးတဲ့။ ကျွန်မ သူ့ကို ကြည့်နေရင်းကနေ အာခေါင်တွေ ခြောက်လာပြီး ရေငတ်သလို ခံစားလာရပါတယ်။ သူတို့အစိုးရအနေနဲ့ တိုင်းပြည် လုံခြုံရေးအတွက် လုပ်ခဲ့တာသာဖြစ်တယ်။ တိုင်းပြည်ကို မငြိမ်မသက်အောင် လုပ်တဲ့ သူတွေကို အစိုးရက ငြိမ်သက်အောင်ဖြေရှင်းတဲ့နေရာမှာ ဒီလိုဖြစ်တာဟာ သိပ်ပြီးတော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ နဂိုကတည်းက အကြိမ်ကြိမ်သတိပေးခဲ့တဲ့ အပေါ် ကျောင်းသားတွေက မနာခံခဲ့အတွက် အဲ့လိုဖြစ်တာ သူတို့ကြိုသိဖို့ကောင်းတယ် ဖြစ်တော့မှ သိပ်တော့ သနားစရာ စိတ်မကောင်းစရာမရှိဘူး ဆိုတာကို မျက်နှာထားခပ်တင်းတင်းနဲ့ပြောနေတဲ့ တရုတ်မလေးကို ကြည့်ပြီး သူ ဘယ်လိုခံယူချက်မျိုး ဘယ်လိုနှလုံးသားမျိုး ဘယ်လို စိတ်မျိုးနဲ့ ပြောထွက်နေသလဲဆိုတာ အံ့သြတကြီးနဲ့ ကြည့်နေရင်း သူကို ပြောချင်တဲ့ စကားလုံးတွေ ကျွန်မ ပါးစပ်ဖျားကို အလုအယက်တိုးဝှေ့လာပါတယ်။

သူ့ကို ကြည့်ရင်း ရင်ဘတ်တစ်ခုလုံးက ဆုပ်ကိုင်ညှစ်ခံရသလို နှလုံးခုန်သံတွေလဲ တဒိန်းဒိန်းဖြစ်လာတယ်။ နုတ်က ပြောချင်ပေမယ့် စေးကပ်နေတယ်။ သူတို့တိုင်းပြည်အရေး သူတို့တိုင်းပြည်ကိစ္စကို ပြောနေတာ ငါဝင်ပြောရင် ဘာတွေဖြစ်ကုန်မလဲ...ပါးစပ်က မထိန်းနိုင်ပဲ ပြောဖို့ဟန်ပြင်ချိန်မှာပဲ ဆရာစကားသံ က ထွက်လာတယ်။

ဆရာက မင်း အဲ့ဒီ့အဖြစ်အပျက်ကို ဘယ်လို နားလည်လက်ခံထားတယ်ဆိုတာတော့ ငါမသိဘူးတဲ့ ဒါပေမယ့် မင်းအခုမြင်နေရတဲ့ မြင်ကွင်းထဲမှာ ကျောင်းသားတွေ လက်နတ်ကိုင်ထားတာ မြင်လား ကျောင်းသားတွေ အကြမ်းဖက်နေတာမြင်လားတဲ့ ငါက မင်းတို့ကို ဒီပြကွက်ကို ပြတယ်ဆိုတာ Freedom of Expression ကို ပြချင်တာပဲတဲ့။ မင်းထက်ငယ်တဲ့ မင်းတို့လူမျိုးကျောင်းသားလေးတွဟာ အာဏာအတွက် ရာထူးဂုဏ်သိမ်တွေအတွက် သူတို့အတွက် အခွင့်ထူးခံတွေရဖို့ တိုက်ခဲ့တယ် ဒီလိုတောင်းဆိုခဲ့တယ်လို့ မင်းထင်လားတဲ့။

သူက ခပ်မဲ့မဲ့ပြုံးတယ်။ဒါဆို ဘာအတွက် သူတို့တိုက်သလဲတဲ့ ငါတို့အခု ကျောင်းတက်ရတယ် စီးပွားရေးတွေ လုပ်ခွင့်ရှိတယ် ငါသိသလောက်တော့ တရုတ်ပြည်မကြီးမှာ ဘာမှ ဆိုးဆိုးဝါးဝါးဖြစ်နေတာ ဖြစ်ခဲ့တာ ငါ့သက်တမ်းတလျောက် မကြားဖူးဘူးတဲ့။ အေပက်တက္ကသိုလ်က Mass Com ကို ဘွဲ့ရခဲ့ပြီး ရမ်ဂမ်ဟမ်တက္ကသိုလ်မှာ Mass Comကိုပဲ မာစတာ လာတက်နေတဲ့ ပြည်မကြီးက ကျောင်းသူလေးရဲ့ နုတ်ဖျားက ခပ်ပြတ်ပြတ်ပြောနေတဲ့ စကားလုံးတွေက ဓားသွားတစ်ခုလို စူးရှလွန်းတယ်။ ကျွန်မ မျက်လုံးကို စုံမှိတ်လိုက်တယ်။

ဆရာက ဒါဆို မင်းတို့တရုတ်ပြည်က မင်းတို့ပြောသလို တကယ်ပဲ ငြိမ်းချမ်းတယ်ဆိုရင် တကယ်ပဲ အခွင့်အရေးတွေ ရှိနေတယ်ဆိုရင် သူတို့ဘာကြောင့် အခုလို အသက်စွန့်ပြီး ငြိမ်းချမ်းစွာနဲ့တိုက်ရမလဲတဲ့ မင်းထက်ငယ်တဲ့ ကျောင်းသားလေးတွေ လမ်းပေါ်ထွက်ပြီး သူတို့ဘာကြောင့် တိုက်ပွဲဝင်ရတယ် တောင်းဆိုရတယ် ဆိုတာ မင်းသိလားတဲ့။ ဒီလို တောင်းဆိုရင် သူတို့သေမယ် သူတို့ကို သတ်မယ် သူတို့ပညာရေးကိုထိခိုက်မယ် ဆိုတာ သိသိချည်းနဲ့ သူတို့ရဲ့လွတ်လပ်ခြင်းတွေကို ငတ်မွတ်လွန်းလို့ အခုလို သူတို့ တောင်းဆိုနေတာ ..သူတို့အတွက်သပ်သပ်ပဲလို့ မင်းထင်သလားတဲ့ ဆရာက ရုတ်တရက်စကားစဖြတ်လိုက်ပြီး နောက်ဆုံးသူတို့သေသွားတာတောင် မင်းတို့အစိုးရက..သူတို့ကိုယ်ထဲကို ၀င်သွားတဲ့ ကျည်ဆံတောင့်တွေအရေအတွက်အတိုင်း အစိုးရကို လျော်ကြေးပြန်ပေးရတယ်ဆိုတာ မင်းသိလားလို့ ဆရာက ဆိုတော့..သူက ချက်ခြင်းပဲ ခပ်ဆောင့်ဆောင့်ပြန်အော်ပါတယ်။

ok now you see တဲ့ သူတို့ရဲ့ အဓိပါယ်မဲ့လုပ်ရပ်တွေအတွက် မိဘတွေပါ ထိခိုက်နစ်နာရတာ သူတို့မှာ ခေါင်းထဲမှာ ဘာမှ မရှိဘူး သူများက သွေးထိုးတာတွေ လူံဆော်တာတွေကို နားယောင်ပြီး အစိုးရကို တော်လှန်ဖို့လုပ်တာ သူများလက်ဝေခံနေပြီး တိုင်းပြည်ကို တော်လှန်နေတဲ့ တဲ့ ဒလိုင်းလာမားလိုပဲတဲ့..စကားသံတွေကို မခံနိုင်လွန်းလို့ ကျွန်မ သွေးတွေ ပွက်ပွက်ဆူလာတယ် လက်နှစ်ဘက်က ထိုင်ခုံလက်တမ်းကို တင်းတင်း ဆုပ်ကိုင်ထားရင်းက ပေါက်ထွက်တော့မလိုပဲ နာကျင်လာမိတယ်။ ဆရာနဲ့သူမနဲ့ နှစ်ယောက်တည် အပြန်အလှန် ပြောနေတဲ့ စကားလုံးတွေကြားမှာ တတန်းလုံးက တိတ်ဆိတ် ငြိမ်သက်လို့ အသက်ရူရကျပ်လွန်းလို့ ရင်ခွင်တစ်ခုလုံးမွန်းကျပ်လာလို့ ကျွန်မ ၀ုန်းကနဲ ထရပ်လိုက်တယ်။

ကျွန်မ လုံးဝ မခံစားနိုင်တော့ပါဘူး။ ကျွန်မ ၀င်ပြောလိုက်ရင်ရော..တစ်ခုခုပြောလိုက်ရင်ရော.. အားလုံးက အလန့်တကြား ကျွန်မကို မော့ကြည့်တယ် ထိုင်ခုံကို ခပ်ကြမ်းကြမ်းတွန်းပြီး ကျွန်မ အခန်းအပြင်ကို အပြေးတပိုင်း ထွက်သွားလိုက်မိတယ်။ အပြင်ရောက်မှ အသက်ကို ခပ်ပြင်းပြင်းရိုက်ရူလိုက်ရင်း မျက်စိကို တင်းတင်းမှိတ်ထားလိုက်မိတယ်။

အရာရာဟာ တစ်ထပ်တည်းပါလားး အခြေအနေတွေ လူတွေ အားလုံးဟာ နိုင်ငံသာကွဲတယ် လူမျိုးသာကွဲတယ် အားလုံးထပ်တူညီနေကြပါလား။ သူတို့တွေ ပြောနေတဲ့ ပြောနေကျစကားလုံးတွေဟာ တစ်ထပ်တည်းကျနေပါလား။ တော်လှန်သူနဲ့ထောက်ခံသူတွေကြား ဘယ်သူက မျက်စိမှိတ်ထားသလဲ ဘယ်သူက နားတွေ ပိတ်ထားသလဲ ဘယ်သူက မိုင်းတွေမိနေသလဲ အပြန်အလှန် စွတ်စွဲချက်တွေကြား ဘယ်အရာတွေက အမှန်တရားတွေလဲ ဘယ်သူက ဆုံးဖြတ်ပေးနိုင်မလဲ။ ပုံရိပ်တွေ စကားသံတွေ အဖြစ်အပျက်တွေ သမိုင်းတွေဟာ လူသားတွေရဲ့ ရပ်တည်ချက် ယုံကြည်ချက် ခံယူချက်တွေကို ပြောင်းလဲပေးနိုင်ပါ့မလား။

စွန့်လွှတ်သွားသူတွေရဲ့ အတိတ်ပုံရိပ်သမိုင်းတွေဟာ ဒီလို ၀ါဒမိုင်းမိနေသူတွေအကြားမှာ ဖျက်မျဉ်းတွေ ဖြစ် နေသလား သမိုင်းမှားတွေ ၀ါဒအမှားတွေ ခံယူချက်အမှားတွေကို ကျောင်းသင်္ခန်းစာတွေ..ဆရာတွေ ပါမောက္ခတွေ။ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေကရော ပြုပြင်ပြောင်းလဲပေးနိုင်ပါ့မလား။ မေးခွန်းတွေ တန်းစီပြီး ကိုယ့်အတွေးထဲမှာ ၀င်လာမိတယ်။

ခေါင်းကိုပဲ ခပ်ကြမ်းကြမ်းရမ်းခါပြီး သန့်စင်ခန်းထဲက မှန်ထဲမှာ ကိုယ့်ကိုကိုယ် သေချာကြည့်မိတော့. မျက်ရည်စတွေ စွန်းထင်းနေတဲ့ နီရဲနေတဲ့မျက်ဝန်းအစုံနဲ့ စူးစိုက်ကြည့်နေတဲ့ ကိုယ့်ပုံရိပ်ကိုမြင်လိုက်ရတယ်။ ရေခေါင်းကို အဆုံးအထိဖွင့်ချရင်း မျက်နှာကို ရေနဲ့ခပ်ကြမ်းကြမ်း ပက်လိုက်မိတယ်။

8888အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ ကျောင်းသားတွေရဲ့ပုံရိပ်တွေ သွေးတွေ စွန်းထင်းနေတဲ့ ရုပ်အလောင်းတွေရှေ့မှာ ရင်ဘတ်ကို စုံထုပြီး ငိုကြွေးနေတဲ့ ကျောင်းသားတွေ လက်သီးကိုတင်းတင်းဆုပ် အံကို တင်းတင်းကြိတ်ရင်း တွေတွေကြီးတွေရပ်နေတဲ့ ကျောင်းသားတွေ။ အတုန်းအရုန်းလဲပြိုကျနေတဲ့ ကျောင်းသားရဟန်းရှင်လူတွေကို ကျည်ဆံတွေကြားက ဆွဲပြေးကြတဲ့ ကျောင်းသားတွေ သေနတ်ကျည်ဆံတွေကြား သူတို့ ရင်ခွင်တွေကို ဖြန့်ကျက်ပြီး ကာပေးနေတဲ့ ကျောင်းသားတွေ သွေးအလိမ်းလိမ်း ပေကျံနေတဲ့ ကျောင်းသူလေးကို ဆွဲပွေ့ပြေးနေတဲ့ ဆေးကျောင်းသားတွေ။

မကြာသေးမှီကာလက စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးထဲမှာ သံဃာတော်တွေကို မိုးဖွေးဖွေး ရေဖွေးဖွေးကြားမှာ တွဲလက်တွေ မြဲမြံနေအောင်ယှက်တွဲပြီး တစ်သားတည်း လိုက်ပါတောင်းဆို ဆန္ဒပြခဲ့တဲ့ ကျောင်းသားလူငယ်လေးတွေ သွေးအလိမ်းလိမ်းပေကျံနေတဲ့ ကတ္တရာလမ်းမကြီးထက်က ပိုင်ရှင်မဲ့နေတဲ့ ဖိနပ်လေးတွေ. အဖမ်းခံရလို့ ငုတ်တုတ်လေးတွေထိုင်နေရတာကို စစ်ဖိနပ်နဲ့ကန်ရုံ အားမရလို့ နံပတ်တုတ်နဲ့ခုန်ခုန်ရိုက်နေတဲ့ စစ်ခွေးတွေ။ အတုံးအရုံး လဲပြိုကျခဲ့ရတဲ့ ရဟန်းသံဃာတွေ အဖိုးအရွယ် သက်ကြီးရွယ်အိုတွေ .................................................

ကျွန်မ ရင်ခွင်တစ်ခုလုံးပေါက်ကွဲသွားမတတ် နာကျင်မူတွေကို ခံစားလာတယ်။ ၀မ်းနည်းမူ နာကျင်မူတွေက တစ်ကိုယ်လုံး ဆူးနဲ့ထိုးနေသလိုလို တဆစ်ဆစ်ဖြစ်လာတယ်. ကျွန်မရှေ့က ဘေစင်မှာ ရုတ်တရက် သွေးတွေ ချင်းချင်းနီလာတယ်..ကမမ်းကတမ်း မျက်နှာကို လက်နဲ့အုပ်ကာလိုက်တယ်..

ကျွန်မ နှာခေါင်းထဲကနေ သွေးတွေ တပေါက်ပေါက်ကျလာပါတယ်။ကျွန်မ စိတ်အရမ်းလူပ်ရှားရင်ဖြစ်စေ စိတ်အရမ်းထိခိုက်ရင်ဖြစ်စေ နှာခေါင်းကနေ သွေးက အဆက်မပြတ်ကျလာတတ်တယ်။ သွေးတွေကို ဖိသုတ်ရင်းက အသက်ကို ခပ်ပြင်းပြင်းရိုက်ရူလိုက်တယ်။ သန့်စင်ခန်းထဲကို ၀င်လာတဲ့ ကျွန်မ သူငယ်ချင်း ထိုင်းမလေးက သွေးတွေနဲ့ ချင်းချင်းနီနေတဲ့ ကျွန်မ မျက်နှာကို မြင်လိုက်တော့ သူအရမ်းလန့်သွားပြီး.Suu Are you ok are u ok လို့ အဆက်မပြတ်အော်ရင်း အတင်း ကျွန်မ မျက်နှာကို မော့ခိုင်းပါတယ်။ ကျွန်မ လက်ကို အသာကာပြိး ငါခနနေရင် သက်သာမှာပါလို့ ပြောတာကို လက်မခံပဲ ကျွန်မ နှခေါင်းကို တစ်ရူုးစနဲ့ပိတ်ပြီး နောက်ဝင်လာတဲ့ ထိုင်းမလေးကို ရေခဲပြေးယူခိုင်းပါတယ်။

ခေါင်းထဲ မိုက်ကနဲဖြစ်သွားတဲ့အချိန် ကျွန်မ လက်မောင်းကို အသာအယာထိန်းကိုင်လိုက်တဲ့ သူကို ကျေးဇူးတင်စိတ်နဲ့ ငဲ့ကြည့်တော့ သူ....ကျွန်မ နဲ့သူနဲ့ မျက်ဝန်းချင်း ခပ်ကြာကြာဆုံဖြစ်တယ်. နာကျင်မူတွေနဲ့စိုက်ကြည့်နေတဲ့ ကျွန်မ မျက်ဝန်းကို သူရင်မဆိုင်နိုင်လို့လားတော့မသိ မျက်နှာလွှဲလိုက်တယ်။ သူရဲ့လက်ကို ဖတ်ကနဲပုတ်ချလိုက်ပြီး ကျွန်မ အပြင်ကို တရောသောပါး ပြေးထွက်သွားလိုက်တယ်။ ကျိန်းသေတာ တစ်ခုကတော့ သူနဲ့ကျွန်မနဲ့ကြား နောင်ကို အပြောင်အပျက်သဘောနဲ့တောင် ခင်မင်ရင်းနှီးလိုစိတ် ကျွန်မစိတ်က မရှိတော့မှာ သေချာပါတယ်။အရင်ကတော့ ကျွန်မတို့ အင်မတန်ချစ်ခဲ့ကြတယ်။။ အဲ့ဒီ့နေ့က ဘန်ကောက်မှာ မိုးတွေ သည်းသည်းမည်းမည်းရွာတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက်ကို မိုးရေထဲမှာ မျောချလိုက်တယ်။ သူကို ကျွန်မရင်ထဲကနေ အပြီး စွန့် ခွာလိုက်တယ် ။

်Labels: ရင်ကွဲနာ အပိုင်းအစများ



No comments: