Sunday, July 03, 2016

ကြောင်တွေဟာ သွားကြားထိုးတံ ဆောင်မထားကြဘူး

ကြောင်တွေဟာ သွားကြားထိုးတံ ဆောင်မထားကြဘူး
လည်ပတ်နေတဲ့  သွေးများအေးခဲမတတ်
ဝန်ရိုးစွန်းအရပ်ရဲ့ အအေးဓာတ်ဖြတ်သွားပုံများ
အနှုတ်၂၅တဲ့  ....
ကြောင်တွေတောင်မှ အမြီးမထောင်နိုင်
လူတွေလည်း ဂျိုမထောင်နိုင်
လူတွေ ကြောင်တွေ ငေါင်နေကြမလား ....
ငါ့မှာ ရေစိမ်ထားတဲ့ ပင်ပွားတွေလို
အတွေးတွေပွား ....
ကြောင်တွေကိုကြည့်ရင်း
အတွေးတွေများ .....
မယားနေစ ကြောင်သေမှတဲ့ 
၂၆နှစ်ကျော်ခဲ့တဲ့အိမ်ထောင်သက်မှာ
ကြောင်တွေ ကံကောင်းခဲ့ကြတယ်
ကျားဆရာ ကြောင်တဲ့
ဘ၀တလျှောက်မှာ ကြောင်လိုနေခဲ့မိသလား
နောက်ဆုံးတော့လည်း
အလုပ်မရှိ ကြောင်ရေချိုးဆိုသလို
ကြောင်လို လူတွေကိုရော ရေချိုးပေးရရင်ကောင်းမလား ...
(မိန်းမကတော့ ရှင်လဲကြောင်ပါပဲ ...ငကြောင်တဲ့)
ဝင်ရိုးစွန်းက အေးခဲမှုရဲ့ ပြဇာတ်
မရပ်တော့ဘူးလား
ကြောင်တွေတောင်မှ အမွှေးတွေထောင်လို့ 
ငါလဲ အတွေးတွေ ဖောင်လို့ 
ဘ၀မှာ အကြိမ်ကြိမ်လဲကျ
ဘယ်နှစ်ခါများ ကြောင်ကျ ကျခဲ့ဘူးပါသလဲ
ကိုယ့်ကိုယ်ကို မေးခွန်းထုတ်
ကြောင်တွေကတော့ ငုတ်တုတ်ပါပဲ....
ငါ့မှာသာ ကြောင်တွေလို အမြီးမထောင်နိုင်
ကြောင်တွေကလည်း ငါ့လို အတွေးဖောင်နေကြမှာ
သေချာငါမသိနိုင်
လူတယောက်ရဲ့ ဖြစ်တည်မှုနဲ့ 
ကြောင်တကောင်ရဲ့ ဖြစ်တည်မှုမှာ
ဘာတွေကများ ကွာခြားနေပါသလဲ
ငါ ကြောင်တကောင်လို နေကြည့်မိတယ်
ငါ ကြောင်တကောင်လို တွေးကြည့်မိတယ်
ငါ ကြောင်တကောင်လို နာနာကျင်ကျင် အော်နေမိတော့တယ်...
လူတွေ လူတွေ ငါဖြတ်သန်းခဲ့တဲ့လမ်းမှာ ကြောင်လိုမျက်နှာနဲ့ 
ကြောင်ချေးလို လူတွေ သွားကြားထိုးတံတော့ ကိုယ်စီကိုက်လို့ .......
ကြောင်တွေဟာ ............ .။........ .... ဆောင်မထားကြဘူး .....။
ရဲရင့်သက်ဇွဲ

No comments: