Sunday, May 11, 2014

ခင်ဗျားတို့ နဲ့ မတူချင်တော့ဘူး

ခင်ဗျားတို့ နဲ့ မတူချင်တော့ဘူး


ည တိတ်ဆိတ်စွာနဲ့ သိမ်းဆည်းထားသမျှ
အလင်းစတွေ
 ကမ္ဘာမြေပြင်ပေါ်ကို ကြဲချလိုက်တယ်
လှပသေသပ်ခြင်းနဲ့  ပြီးပြည့်စုံခြင်းများလည်း
ဘုရားသခင်ရဲ့ အလိုတော်နဲ့  ဖူးပွင့်ခဲ့ကြတယ်…..

ဒီမြေပေါ်ကို
အရင်ပဲရောက်ရောက်
နောက်ကျမှပဲရောက်ရောက်
ဒီမြေကို ငါတို့  အတူတူ ထွန်ယက်စိုက်ပျိုးခဲ့ကြတယ်
နိုင်ငံတော်တခု အလံတော်တခု
ညီညွတ်မှုအစုစုကို  ဖော်ကျူး
မတူသော ကိုးကွယ်ရာဘာသာတရားနဲ့ 
မတူသော အရေပြားအောက်က
တူသော ရဲရဲနီဆွေး
သွေးတွေ သွေးတွေ သွေးတွေ
အမိမြေကို အသက်ပေး ကာကွယ်ခဲ့ကြတာလည်း အတူတူပဲလေ ….

ယုံကြည်ရာ အယူဝါဒ မတူမျှကြပေမယ့်
လူအများစုကြီး ယုံကြည်ရာဘာသာတရား
ငါတို့ လေးစားခဲ့ကြတယ်
ငါတို့  လူနဲစုမြတ်နိုးတဲ့ဘာသာတရား
သူတို့ အလေးထားခဲ့ကြတယ် …..

ပြည်သူနဲ့ မင်း ချစ်ချင်းများစွာ
တို့ လူနဲစုရဲ့ အရေးကို အလေးထား
မက္ကာရွှေမြို့ တော်ကြီးမှာ
ဘ၀ရှင်မင်းတရားကြီးရဲ့  အမှတ်တံဆိပ်
ဒေါင်းတံဆိပ်ခပ်နှိပ်တဲ့ ဇရပ်ကြီးတဆောင်
ဆောက်လုပ်လှူဒါန်း သမိုင်းမှတ်တမ်းရှိခဲ့တယ်…..

ပထမမြန်မာပြည် ပုဂံခေတ်မှသည်
ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင်ခေတ်တိုင်
အပူအပင်ဟူသမျှ မြူတမှုံစာမျှ ကပ်တွယ်မငြိ
ကျေနပ်စရာအတိနဲ့ လူပီသစွာနေခဲ့ကြရတယ်….

အခုတော့ဗျာ……
သမိုင်းတလျှောက်မှာ
မတွေ့ ဘူး မကြုံဘူး မကြားဘူး
မဖြစ်ဘူး တာတွေ အကုန်လုံး
စစ်အာဏာရှင်တွေ လက်ထက်မှာ
ငါတို့ လူနဲစုတွေ လူဖြစ်ရှုံးရပြီ
ဒင်းတို့  ယုတ်မာပုံတွေ အလျှံ တငြီးငြီးနဲ့  ……

လွတ်လပ်စွာကိုးကွယ်ခွင့် လွတ်လပ်စွာပြောဆိုခွင့်
တန်းတူညီမျှမှု လူ့ အခွင့်အရေးတွေကို ပိတ်ပင်ဟန့် တား
မတူကွဲပြားတဲ့ဘာသာတရားကို ခုတုံးလုပ်
လူမျိုးရေးကို ခုတုံးလုပ်
တိုင်းသူပြည်သားကြားမှာ မုန်းတီးမှု ဆူးတွေရိုက်သွင်း
လူနဲစုရဲ့  ကိုးကွယ်မှု ယုံကြည်မှုတွေသာမက
လူနဲစုရဲ့  ပညာရေး စီးပွားရေး
ဘ၀ရပ်တည်ရှင်သန်ရေး စတဲ့ အခြေခံလူ့ အခွင့်အရေးနဲ့ 
လူနဲစုရဲ့ ဖြစ်တည်မှုကို လူများစုကြီးဖျက်ဆီး
အုပ်စိုးသူတို့ ရဲ့ စနက်မီးကို ပြည်သူလူထုကြီးခမျာ
မင်းတို့ပရိယာယ်ငတင့်တယ်နားဝယ်မလယ်ရှာဆိုရမှာပါပဲ                                                                                          

တကယ်တော့ ဘာသာတရားဆိုတာဟာ
နယ်စည်းမခြားတဲ့အရာပါ
ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံကစခဲ့တာ မဟုတ်သလို
အစ္စလာမ် ခရစ်ယာန်နဲ့ အခြားဘာသာများအားလုံး
မြန်မာနိုင်ငံမှာ မသုံးရ(မကိုးကွယ်)ဆိုတာလည်း
မပိတ်ပင်မတားဆီးသင့်ပါဘူးဗျာ…..
ဘာသာတရားဆိုတာ လူသားအားလုံးရဲ့ 
ကိုးကွယ်လှဲလျှောင်းရာ မဟုတ်လား…….
ဖြတ်သန်းခဲ့တဲ့ သမိုင်းတလျှောက်မှာ
အယူဝါဒ ကိုးကွယ်ရာမတူကွဲပြားသော်လည်း
ဒီမြေ ဒီရေအပေါ်မှာ အသက်သွေးစတေးပေးဆပ်
နိုင်ငံတော်ကိုချစ်တတ်ခဲ့တာ ခင်ဗျားတို့ နဲ့ ထပ်တူ
အတူတူပါပဲ …. အတူတူပါပဲ
ဒါတွေဟာ လွန်ခဲ့တဲ့အတိတ်ကာလက
လူများစုကြီးနဲ့  အတူတူ တူခဲ့ကြတဲ့ကြောင်းတွေ
 ပြန်ပြောင်းပြောပြနေတာပါ ……

အခုတော့ ခင်ဗျားတို့ နဲ့  မတူချင်တော့ပါဘူး
ကျနော်တို့ လူနဲစုဟာ ကိုးကွယ်ရာမတူကြပေမယ့်
ဒီမြေ ဒီရေ အပေါ်ထားတဲ့ သစ္စာတရား က
ပျက်ပျယ်မသွာဘူး… ပျောက်ကွယ်မသွားဘူး
အမှန်တရားဟာအရောက်နောက်ကတတ်တယ်
နောက်ကျမှရောက်သော်လည်းပဲ
သူ့ ရဲ့ တန်ဘိုးဟာ နဲနဲလေးမှ ပွန်းပဲ့မသွားဘူး

အမှန်တရားအတွက် အလ္လာဟ်အသျှင်မြတ်ရှိတယ်
အမှန်တရားအတွက် ဂေါတမကိုယ်တော်မြတ်ရှိတယ်
အမှန်တရားအတွက် ခရစ်တော်ယေရှု ရှိတယ်….
အမှန်တရားအတွက် ဘာသာပေါင်းစုံက
ဘုရားသခင်ပေါင်းစုံရှိတယ် …….
တို့ တတွေဟာ မင်းတို့ နဲ့ ဘယ်လိုမှမတူချင်တော့ပါဘူး                                   
တို့ တတွေဟာအရင်ကထက်ပိဲုပြီး စည်းလုံးညီညွတ်ကြမယ်….
တို့ ဘ၀တွေမှာ ဘုရားသခင်ကို ယုံကြည်အားထားကြရမယ်…..

တကယ်ဆို … အချစ်ပဲလိုတယ် ……
ဘုရားသခင်အလိုမတူရင်သစ်ရွက်တောင်မလှုပ်ဘူးမဟုတ်လား ….။

ရဲရင့်သက်ဇွဲ
၂၂ ၀၇၂၀၁၄                                     

No comments: