Thursday, June 02, 2011

အနာဂတ် အလွမ်း စီးဆင်းသွားသောမြစ်ရေများ

အနာဂတ် အလွမ်း စီးဆင်းသွားသောမြစ်ရေများ


တိမ်ညိုတိမ်မဲတွေ ပြိုကျမလာခင်

ကောင်းကင်ရင်ဘတ်ထဲ

လာ … တို့ အတူခုန်ချကြစို့ 

ဘ၀ဟာ တိုတောင်းလှပေမယ့်

ရှည်လျားမပျောက်ကွယ်တဲ့

သမိုင်းကြောင်းကိုတော့

လောကအတွက် ချန်ထားရစ်ခဲ့

မြစ်ရေတွေကတော့ တသွင်သွင်စီးဆင်းသွားခဲ့ပေါ့ ။



တကယ်ပါ … အိပ်မက်တွေ

အလုံးအထည် ၀င့်ဝင့်ကြွားကြွား

ကလူ၏သို့  မြူ၏သို့ နှယ်

ရန်သူကို အပြုတ်တိုက်မဟဲ့

စေစားရာ စိတ်ကဆောင် သက်တန့် လိုအရောင်တွေ

လှည့်ဖြားမှုပယောဂတွေ ကောက်ရိုးမီးတွေဖိုလို့ 

အလိုလေး …ကံကြမ္မာပေါ် ပြစ်မချလိုက်ပါနဲ့ 

မြစ်ရေတွေကတော့ တသွင်သွင်စီးဆင်းသွားခဲ့ပေါ့ ။



အခြေအနေက

ညီအကို မသိ တသိအချိန်ပါ

မြင်နေရတယ် (၀ိုးတ၀ါး)

ခေါ်မရဘူး(အကွာအဝေးကခြား)

အသံလေးတော့ပြုပါ

ငါတို့ ရဲ့  မျိုးဆက်များ နလံမထူနိုင်အောင်

စံနစ်တကျ ဖျက်ဆီးခံနေရ

မြစ်ရေတွေကတော့ တသွင်သွင်စီးဆင်းသွားခဲ့ပေါ့ ။



ဒီမှာကြည့်ကြဟေ့ …..

မြင့်မြင့်ပျံ ဝေးဝေးမြင်တဲ့ သူတွေပါ

စံနစ်သစ်နဲ့ နိုင်ငံတော်သစ်အတွက်

မုန်တိုင်းကို ရိတ်သိမ်းလိုသူတွေပါ

မြို့ မရဲ့ ပြည်တော်ဝင်သီချင်းလေးဆိုငြီး

အိမ်လွမ်းစိတ်တွေကို ထုတ်ပိုးသိမ်းဆည်းပြီး

ပွဲသိမ်းတိုက်ပွဲ ခရာသံနဲ့ အတူ

ရန်သူကို ချေမှုန်းသုတ်သင်ဘို့  ချီတက်ကြစို့ 

မြစ်ရေတွေကတော့ တသွင်သွင်စီးဆင်းသွားခဲ့ပေါ့ ။



ရဲရင့်သက်ဇွဲ

No comments: