Thursday, April 22, 2010

“ပိတောက်ပန်း”

(၁)
စစ်ဖိနပ်တွေကြီးစိုးတဲ့
ခေတ်တွေမှာ
ကျက်သရေအလှတွေနဲ့တင့်ဆန်း
ဝါထိန်ထိန်ပိတောက်ပန်းကို
အသရေ ညှိုးနွမ်းအောင် မပြုစားနိုင်ကြဘူး ။

(၂)
‘အတာရေလေး .... အေးပါတယ်ဆို’ ကအစ
‘တူးပို့တူးပို့ တေးသံသာ’အဆုံး
ငါတို့ခေတ်ရဲ့ ဂန္တ၀င်
သင်္ကြန်မိုး တေးသီချင်းသံစဉ်များ
‘အိုး .... ကလေးလှုပ်ပါဉီးး’ထဲ
မြုတ်ချည် ပေါ်ချည် ....။

ရေကူးဝတ်စုံ သာသာ
မလုံ့တလုံတွေကြားထဲမှာ
မြုတ်ချည် ပေါ်ချည် ....။
မတရား ရက်စက် ဖိနှိပ်မှုများ အောက်မှာ
မြုတ်ချည် ပေါ်ချည် ။

အာဏာရှင်တို့ လက်ထက်သင်္ကြန်တိုင်းဟာ
ပျက်စီးချင်တိုင်း ပျက်စီး
ညီအကိုတို့ရေ ....
ယဉ်ကျေးမှုတခုကို .... (ဒင်းတို့ )
စနစ်တကျ ဖျက်စီးပြနေတယ် ....။

(၃)
ကပ်ဆိုးများ
တရွေ့ရွေ့နဲ့ တဖြေးဖြေးများလာ
ဘုရားသခင်ရဲ့ဗျာဒိတ်တော်လာ
ကမ္ဘာကိုဆေးကြောမယ့် နေ့ရက်တွေဟာ
အလုအယက် ရောက်ရှိလာကြပြီပဲ ....။

အကြောက်တရားနဲ့ ချောက်ချားနေတဲ့
လူတစုရဲ့ လက်မှာ
စွန်းထင်းပေကျန်နေတဲ့
အပြစ်မဲ့ ပြည်သူရဲ့သွေး
အတာရေနဲ့ ဆေးလဲမရ
ဘာရေနဲ့မှ ဆေးလို့မရ
ပျက်စီး ဆုံးရှုံး ဘ၀တုန်းရတဲ့
အသက်တွေအတွက်

‘အလှည့်ကျရင် မနွဲ့ကြစတမ်းပေါ့ကွာ’

ဝါထိန်ထိန်ပိတောက်ပန်းက ပြောတဲ့အသံ
ခေတ်တခေတ်လုံး ပဲ့တင်ရိုက်ခတ်လို့ ....။


ရဲရင့်သက်ဇွဲ
ဧပြီ၊ ၂၀၁၀

No comments: