Fashion Era

Wednesday, November 30, 2011

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်



နာဂိုယာ သင်္ကြန်ပွဲမှာ

ကိုသံခဲ ပြောခဲ့ဘူးတယ်

လွတ်မြောက်နယ်မြေမှာ

လွတ်ပြီး မြောက်မနေဘို့  လိုတယ် ….

၂၃ နှစ်သက်တမ်းမှာ

မိုးခါးရေသောက်

လွတ်ပြီး မြောက်နေသူများ

ချေး(ချီး)ခြောက်ရေနှုး

အရူးဘုံမြောက်နေသူများ

တံလျှပ်ရေထင် ရွှေသမင်အလိုက် မှားမိနေသူများ

သတိထားပါ

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ် ….။



ငါ ဖတ်ဘူးတယ် … ၀ါကျတစု

တရားနဲ့ ဓါး

အားနှစ်အားတွင်

တရားကိုချစ် ဓါးကိုပြစ်အံ့

စစ်ကို ငါတို့ မုန်းပါသည် ….။



ငါ့ရဲ့ အတွေး မပြီးပြတ်သေး တော်လှန်ရေးမှာ

တရားနဲ့ ဓါး

အားနှစ်အားတွင်

တရားကိုမြဲ ဓါးကိုဆွဲအံ့

စစ်ကို ငါတို့ နိုင်အောင်တိုက်ပါမည် ….။



(တပ်ဦးမှ ရဲဘော်များနဲ့  ထပ်တူ)



ရဲရင့်သက်ဇွဲ

၃၀၁၀၂၀၁၁

၇း၄၅အေအမ်


သည်းသည်းမည်းမည်း ပိန်းပိတ်လွန်းတယ်

သည်းသည်းမည်းမည်း ပိန်းပိတ်လွန်းတယ်



နွေနှောင်းရွက်ကြွေတွေရဲ့ 

ညှိုးငယ်ခြောက်သွေ့ မှုအပေါ်

သံယောဇဉ်ဟာ အတုံးအခဲအတိုင်းသာ

နွေရဲ့  နောက်ဆုံးကာလများမှာ

အရောင်တွေ ပေါက်ကွဲနေပုံများ

ငါ့ …မှာ

တ၇ားနဲ့ ဖြေလိုသောလည်း ………...



ခန္ဒာကိုယ်က မရွေ့ မလျား

ခါးပတ်နဲ့  တုတ်နှောင်ထားတယ်

အရှိန်အဟုန် ပြင်းပြင်း ပြေးနေတဲ့ ကားထဲမှာ

လွတ်မြောက်နေတာ စိတ်တခု

အခု အတိတ် အခုပစ္စုပ္ပန် အခု အနာဂတ်

လမ်းဘေးမှာ ရိပ်ကနဲ ကျန်ရစ်ခဲ့တဲ့ ရှုခင်းတွေလို

ငါ့မှာ ချာချာလည် ……



ဝင်ရိုးတန်းအစွန်းနားက

အဝေးပြေးလမ်းမများအပေါ်

အမှောင်က တွားတွားတက်လာပုံ

ကတ္တရာလမ်းမအပေါ် ကပ္ပလီမှောက်လျက်လဲကျနေသလိုမျိုး

ညဟာ သည်းသည်းမည်းမည်း ပိန်းပိတ်လွန်တယ်

အဲဒီလို ညနက်နက်ထဲမှာ

ငါတွေးမိတဲ ငါ့ရဲ့ အနာဂတ် ပိန်းပိတ်လွန်းတယ်

အဲဒီလို ညနက်နက်ထဲမှာ

ငါတို့ ခေတ်ရဲ့ လက်မရွံ့ ကြယ်တပွင့်ကြွေလွင့်ရတဲ့သတင်း

ငါဟာ ဆွံ့ အ ငါဟာကြေမွ ငါဟာ …ငါဟာ

သည်းသည်းမည်းမည်း ပိန်းပိတ်သွားတယ် ….။



ငါ့ကိုယ်ငါ သရဏဂုံတင်ပြီးပြီ

ကိုဖော်ဝေးကို သစ္စာခံဖို့

ခေတ်ပေါ်ကဗျာစေတီမှာ ထီးတော်သစ်တင်လှူပူဇော်ဖို့

မြန်မာကဗျာတွေကို ပထမဆုံးအကြိမ် သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။

လှသန်း

(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၂) မှ)

ဒီကဗျာတပိုဒ်နဲ့  မှောင်မိုက်တဲ့ညဟာ လင်းလက်ဝင်းပ

နေထိုင်သွားတဲ့  သက်တမ်းကာလ တိုတောင်းလှသော်လည်း

ရှည်လျားတဲ့ သမိုင်းကြောင်းကို ချန်ထားခဲ့ပြီ ………..။



ငါ့ရဲ့  ကြေကွဲမှုဟာ အဆုံးအစမဲ့

အဲဒီညထဲ

သည်းသည်းမည်းမည်း ပိန်းပိတ်လွန်းတယ် …..။



(ဆရာ ကို လှသန်း သို့  )



ရဲရင့်သက်ဇွဲ


ကျနော်တို့ ခေတ်ရဲ့  ကဗျာ အကို လှ သန်း

ကျနော်တို့ ခေတ်ရဲ့  ကဗျာ အကို လှ သန်း



ကမ္ဘာကြီး ကျနော့် ဦးခေါင်းပေါ်ကို ပြုတ်ကျလာတယ်

လူတွေ အသွားအလာမပျက်တဲ့ ညနေခင်းများမှာ

အကိုလှသန်းရေ .....

တသက်တာအလွမ်းတွေနဲ့  စွန့် ပြစ်သွားခဲံပြီလား

ကျနော် သက်ပြင်း မရှိုက်နိုင်ဘူး

အားလုံးရဲ့  ပျော်ရွှင်မှုတွေ ရုတ်ချည်းပျက်စီး

တနေ့ လူတိုင်းသွားရမယ့် ခရီး

အကိုရေ သိပ်စောလွန်းနေသလား

ခင်ဗျား မတရားဘူးဗျာ ....

သေသင့်တဲ့ သူတွေ မသေသင့်တဲ့သူတွေ

ခင်ဗျားဗျာ .....

ငါ့လက်သီးများ မရပ်မနားတရစပ်

သေမင်းဟာ ဟားတိုက်ရီမော

ဘယ်သူတွေ ပျော်နေသလည်း

ဘယ်သူတွေ မော်နေလည်း

ကျနော် မသိတော့ဘူး မသိတော့ဘူး မသိတော့ဘူး

ကျနော် ချစ်တဲ့ ကဗျာ ဆရာကြီးရေ

ရောက်လေရာ ဘ၀မှာ ကဗျာသာအမိ ကဗျာသာအဖ

ကဗျာနဲ့ ထုံမွှမ်းတဲ့  ဘုံဘဝ

အကိုလှသန်းရေ

ကဗျာအမျှ ကဗျာအမျှ ကဗျာအမျှ ......



ရဲရင့်သက်ဇွဲ

၂၂၁၀၂၀၁၁

ဒုက္ခိတ ပျားတုတ်သလိုမျိုး

(ကောင်းကင်ကြီးကိုငေးမော လွင့်မျောနေသော တိမ်တိုက်များကိုယ်ဖြစ်သွားတဲ့အခိုက်မှာ ရေးဖြစ်သောကဗျာ)

ဒုက္ခိတ ပျားတုတ်သလိုမျိုး

ဘယ်သူပြစ်တင်လိုက်တာလဲဟေ့
ကုန်းပေါ်က ငါးဟာ … ငါ ……။

အဖြစ်အပျက်က
ဟစ်ဟစ်ပြီးတော့သာ
ငိုချင်းချချင်မိ တော့တယ် …
ယတရာ သဘောအရ
ပင်လယ်ရေ အကုန်ခတ် အကုန်သောက်
အင်း … ငါးပါးတော့မှောက်ဦးမယ် …

ကိုယ်တိုင်မရွေ့ ချင်တဲ့စိတ်ကို
ဘာတွေနဲ့ များ ရွေ့ အောင်ပြု ပြု
ဖားဟာ ရေထဲရောက်ရင် ရေကူး
ကုန်းပေါ်ရောက်တော့လည်း ခုန်စွ ခုန်စွ
ဒါဟာ … သဘာဝပဲလေ (စိတ်လျော့ စိတ်လျော့)
ပုတ်သင်ညိုရဲ့  အရောင်ပြောင်းတတ်တဲ့တရား
သွားဟားလို့ မဖြစ် (စိတ်လျော့ စိတ်လျော့) ….။

လူဖြစ်လာရတဲ့ ဒုက္ခကို
ဘယ်တုန်းကမှ ငါ မမုန်းခဲ့ဘူး
လူ့ ဘ၀ရဲ့ တိုက်ပွဲတွေ မပြီးဆုံးသေးသ၍
ငြိမ်းချမ်းရေးကို ကြိုဆို ချစ်မြတ်နိုးသော်လည်း
ဘယ် လူ နတ် ဗြဟမ္မာ တို့ နဲ့ မှ ငြိမ်းချမ်းရေးစကားမဆို
လူ့ ဘ၀ရဲ့  ဖြစ်တည်မှုကို သစ္စာမဖောက်လို
ဖြစ်လာသမျှ ရင်စည်းခံမယ်
လောကဓံတရား ရှစ်ပါးသာရှိလို့  တော်သေးရဲ့ ….။

ဘယ်တော့များလဲ ….
ထွက်ခွါခွင့်အတွက် ထိုးလိုက်တဲ့
ခေါင်းလောင်းသံ ဆိုက်ရောက်လာတဲ့အခါ
အားလုံးကိုနှုတ်ဆက်ခဲ့တယ် ….. ဂွတ်ဘိုင် ..။

ရဲရင့်သက်ဇွဲ
၀၆၁၀၂၀၁၁
၁း၅၆ ပီအမ်
(ကောင်းကင်ကြီးကိုငေးမော လွင့်မျောနေသော တိမ်တိုက်များကိုယ်ဖြစ်သွားတဲ့အခိုက်မှာ ရေးဖြစ်သောကဗျာ)

သူစိမ်း

သူစိမ်း

တိုးတိုးသဲ့သဲ့ လွင့်ပျံ့လာတဲ့သီချင်းသံမှာ
စိတ်ဟာ ဇောချွေးပြန်လွန်းတယ်
မေ့ပျောက်ထားတဲ့ အရာများ
ရုတ်ချည်းမိုးပေါ်က ကျလာ သလိုမျိုး
မလုံမလဲ ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်မိတယ် ။

ဆွေးဆွေးမြေ့မြေ့ သက်ပြင်းချသံ
ညာဥ့်ယံကိုဖောက်ထွက်လာတဲ့
တိုင်ကပ်နာရီရဲ့  မြည်တွန်တောက်တီးသံလိုမျိုး
ညနက်နက်ကြီးထဲမှာ ပဲ့တင်ထပ်လို့ 
ဘ၀ဟာ အထီးကျန်နေလိုက်ပုံများ
ဟိုးအဝေးက တောင်ယာခင်း မြူနှင်းတွေ ဝေနေတယ် ။

မျှော်လင့်ချက် အားလုံး ပျောက်ဆုံးပျက်သုဉ်းသွားခဲ့ပြီးနောက်
ကိုယ်ဖောက်တဲ့လမ်း ကိုယ်ရောက်တဲ့စခမ်းမှာ
အလွမ်းတွေကို စမ်းရေနဲ့ မျှော
ငယ်နုစဉ်ကသောကတောရဲ့  အသီးအပွင့်များ
ငါ့ အသက်နဲ့ ထပ်တူကြီးထွား
ငါ့ တမ်းတခြင်းတောင်ကုန်များ တလုံးပြီးတလုံး
မင်းခြေရင်းမှာ ကျရှုံးခဲ့ရတာပဲ မဟုတ်လား ။

နှစ်တွေကြာခဲ့ပါပြီ
သူ့ ဘ၀ ကိုယ့် ဘ၀ စည်းခြားခဲ့ပြီပဲ
သူ့  ဘ၀ ကိုယ့် ဘ၀ နေသားကျခဲ့ပြီပဲ
သူ့ သားသမီးတွေနဲ့  သူ့ ဘဝ
ကိုယ့်သားသမီးတွေနဲ့ ကိုယ့် ဘ၀ အနည်ကျခဲ့ပြီပဲ
ငါ မညာပါဘူး ငါ တကယ်မညာပါဘူး
လေသင့်ရာမွှေး သူ့ သတင်းလေးတွေ တော့ နားစွင့်မိ ….။

အထိတ်တလန့် 
တိုက်ခတ်လာတဲ့ လေထဲက
လွင့်ပျံ့ လာတဲ့ သီချင်းသံကို ဖမ်းဆုပ်ကိုင်လိုက်တယ်
အို …. ငါ့ရဲ့  ငါ မေ့ထားချင်ခဲ့တဲ့ အတိတ်ဘ၀ဟာ
ငါ့ ပစ္စုပ္ပန်မှာ ဝေဒနာပန်းတွေ အဆုပ်လိုက်အခိုင်လိုက်ပွင့်လို့ 
ထာဝရပဲလား … အမြဲတမ်းတွေးနေတယ် …။

(ခင်ဝမ်း၏ သူစိမ်းသီချင်းကို နားဆင်ပီးခံစားရေးဖွဲ့ ဖြစ်တယ်။
ကဗျာ ခေါင်းစဉ်ကိုလည်း ခင်းဝမ်းသီချင်းအမည် သူစိမ်းဟုပင်တပ်လိုက်တယ်)

ရဲရင့်သက်ဇွဲ
၀၄၁၀၂၀၁၁
၇း၅၀အေအမ်










………………………………………………………………………………………………

















ဒဒဒ````````````












































































































































































































































Tuesday, November 29, 2011

မကြာခင်ပြန်ဆုံကြမယ်

မကြာခင်ပြန်ဆုံကြမယ်


မေမေ

အိပ်မရတဲ့ညတွေက

ကျနော့်ရဲ့ ဘ၀ကို တစစီ ဖဲံ့ယူနေကြပြီ။



မေမေ

ကျနော်ရဲ့  ပုံပျက်ပန်းပျက်

အနာဂတ် နေ့ ရက်များအတွက်

သောကနဲ့ မျက်ရည်

ပင်လယ်ဟာ အမေ ဖြစ်နေရော့လား။



သားတယောက်က နရသိန်ထဲမှာ

သားတယောက်က အဝေးမြေမှာ

အမေ့မှာ

နောက်လှည့်ကြည့်လို့  ခိုစရာအရိပ်

ဘယ်မှာလဲ … ဘယ်မှာလဲလေ

ကြေကွဲစိတ်က ရှင်သန်ခြင်းမှာ အိပ်စက်တယ်

သေခြင်းတရား

သားတွေကိုချစ်တဲ့စိတ်နဲ့  ကျားကန်ထားတယ် …

တနေ့  သားတွေကို ပြန်ဆုံရမယ်

အမေ ဒီလိုပဲ ယုံကြည်ထားတယ် …



အမေ့ဆီကလာတဲ့ စာကလေးတစောင်ပါ

ဥရောပ အဝေးတနေရာက ရောဂါနဲ့ ကောင်

ရင်ဘတ်တခုလုံး ဗြောင်းဆန်သွားတယ်



ဖွင့်ဖတ်ရပါများလွန်းလို့  စာရွက်ခေါက်ရိုးတွေတောင်မှ

ရိလာကြပေါ့

ဖွင့်ဖတ်ရပါများလွန်းလို့  စာသားတွေတောင်မှ

အလွတ်ရပေါ့

မေမေရယ် …မေမေရယ်လို့  တိုးတိုးဖွဖွ

ကောင်းကင်ကြီး ကျနော့်အပေါ် ပြိုကျလာတယ်။



ရှင်တာနဲ့ သေတာ ကွဲပြားရုံလေး

ညီအကိုနှစ်ယောက် အမေ့ရှေ့ မှောက်

လရောင်အောက်မှာ …..။



ရဲရင့်သက်ဇွဲ

၀၂၁၀၂၀၁၁

၆း၃၃အေအမ်



































































































































































အိပ်မရတဲ့ည

အိပ်မရတဲ့ည

ဝင်ရိုးစွန်းနားမှာ နွေရာသီဟာ
စနစ်တကျဆုတ်ခွါ
ဆောင်းဦးရာသီက ဂမူးရှုးထိုး ထိုးစစ်ဆင်လာပြီ
ဒီည လသာလိုက်တာ လက်ကုန်ပဲ ။

လရောင်မှာ
ဆေးသမား ယင်းထသလိုမျိုး
ခင်ဝမ်းရဲ့ သူစိမ်းသီချင်းသံက
ဘ၀ရဲ့ အနယ်ကို ထစေတယ်

မြတ်နိုးခဲ့ရတဲ့ သူ့ ကို ကိုယ်မမေ့ဘူး
ကိုယ်မပျော်ပါဘူး

လရောင်ဟာ နှလုံးသားကို
အဆုံးထိ ထိုးခွဲလိုက်တယ် ။

ငါပြေးတယ်
ဒီဝေဒနာကလွတ်မြောက်အောင်
သွေးရူးသွေးတမ်း ပြေးတယ်

ဆန္ဒနဲ့ခံယူချက်တွေကို မဝေခွဲမိခင်
အချစ်ဆုံးကို ဆုံးရှုံးခဲ့ရတဲ့ သူဖြစ်ခဲ့ရတယ်

လရောင်က ငါ့ကို အမြင့်ဆုံးဆွဲယူ
ပြီးတော့ ၀ုန်းဆိုပြုတ်ကျ
တည်ဆောက်ခဲ့ရတဲ့ ခံနိုင်ရည်
တစစီပြန့့်ကြဲ လရောင်ထဲကြဲချလိုက်သလိုမျိုး
အကိုးအကားနှင့်တကွ
သိလိုလျင်လဲ
သိရဖို့
လရောင်ကသာ
ဒါကို ဆွဲငင်ထားတယ် ။

ဒဏ္ဍာရီဆန်လွန်းနေမလား
နှလုံးသားဟောက်ပက်နဲ့  လူတယောက်
လရောင်ကို အငမ်းမရသောက်လို့  …..။

ရဲရင့်သက်ဇွဲ
၁၉၀၉၂၀၁၁
၃း၃၁အေအမ်


ကမ္ဘာ လူသား လောက်တဖွားဖွား နှင့် ငြိမ်းချမ်းရေးတရား

ကမ္ဘာ လူသား လောက်တဖွားဖွား နှင့် ငြိမ်းချမ်းရေးတရား

ကမ္ဘာကြီးရေ
မငြိမ်းချမ်းတဲ့ နေရာတခုက
မငြိမ်းချမ်းတဲ့ လူအစုအဝေးကြီးရဲ့ 
ငြိမ်းချမ်းစေကြောင်းဆုတောင်းစကား
မိုးအောက်မြေပြင် အနှံ့  ခင်ဗျားကြားမှာပါ ။

ကမ္ဘာကြီးရေ
ရန်ပွဲတွေ စစ်ပွဲတွေ မလိုမုန်းတီးမှုတွေ
လူမျိုးတုန်း သတ်ဖြတ်မှုတွေ အနိဌာရုံ လွှမ်းခြုံနေပုံများ
ခင်ဗျားမှာ တရားရစရာတွေကလည်း အများသား မဟုတ်လား ၊

ကမ္ဘာကြီးရေ
တောင်မင်းကို မြောက်မင်းကမကယ်နိုင်တဲ့အဖြစ်
ခင်ဗျားနဲ့  လူသားတွေကြားမှာ
စေ့စေ့တွေးလေ ကြေကွဲစရာတွေကများလေပဲမဟုတ်လား
တကယ်တော့ ခင်ဗျားအဖြစ်က
အောက်ဆီဂျင်ပြတ်လပ် အသက်ရှုကျပ်နေသလိုမျိုး ။

ကမ္ဘာကြီးရေ ခင်ဗျားရဲ့ တဖက်ခြမ်းမှာ
အမှောင်တိုက်ထဲက အမိုက်မှောင်ဖုံးတဲ့ဇာတ်
ဆင်းရဲမွဲတေမှုအတွင်းက
မျှော်လင့်ချက်မဲ့ အသံလှိုင်းများ အပြိုင်းအရိုင်း
ခင်ဗျားလဲအသိသားနဲ့ 
ပေါင်မုန့်မရှိရင် ကိတ်မုန့် စားကြ ဆိုစကား …
ဘယ်ကလောက်များလောင်မီးကျလိုက်တဲ့ တရား ….။

ကမ္ဘာကြီးရေ ခင်ဗျားရဲ့  ကျန်တဖက်မှာ
ဘ၀တွေရဲ့ တန်ဖိုး အကျင့်စာရိတ္တတွေဆိုးရွား
ကိုယ်ကျင့်တရား ရှားပါးကွယ်ပျောက်
ဆာလောင်မွတ်သိပ်သူတွေရဲ့  စရိုက်ဟာ
ရရာစားစား ၀ါဒများကြီးထွားရာနေရာ
ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာတာက
ခင်ဗျားရဲ့  လည်မျိုကို တက်နင်းထားကြပြီမဟုတ်လား…။

ကမ္ဘာကြီးရေ
ခင်ဗျားရဲ့  ခန္ဒာကိုယ်မှာ တွယ်ကပ်ပေါက်ရောက်
လောက်လိုအကောင်တွေရဲ့  လှိုက်စားမှုမှာ
ခင်ဗျားမသိချင်ယောင်ဆောင်လို့ တော့မရ
ငြိမ်းချမ်းမှုကိုဖျက်စီး ကမ္ဘာကြီးရဲ့ ဖြစ်တည်မှုကို ဖျက်စီး
ခင်ဗျားကို မှီတင်းနေထိုင်သူတွေရဲ့ အနာဂတ်တွေလဲပျက်စီး
ဘယ်မှာလည်း ငြိမ်းချမ်းရေး အသီး
ဘယ်မှာလည်း ငြိမ်းချမ်းရေး အပွင့် ……။

ကမ္ဘာကြီးရေ ခင်ဗျား ကျန်းမာရေးမကောင်းတဲ့အခါ
ခင်ဗျား မငြိမ်းချမ်းတဲ့အခါ နဂိုက မကောင်းတဲ့အခြေအနေမှာ
ခင်ဗျားရဲ့ ရိုက်ခတ်မှုဟာ ကျနော်တို့ အားလုံးကို
အောက်ခြေကနေရိုက်လှဲ ငြိမ်းချမ်းရေးနဲ့ လွဲစေခဲ့ပြီ
လောက်ကောင်တွေ တဖွားဖွား တဟားဟားရယ်နေကြပြီ ၊

ကမ္ဘာကြီးရေ လူသားတို့ ရဲ့  ခင်ဗျားအပေါ်ထားတဲ့သဘောထား
ကျီးအာသီးတော့မဟုတ်
လူသားရဲ့  အတွင်း သဏ္ဍန်သရုပ်ရဲ့  နက်ရှိုင်းမှုထဲမှာ
ခင်ဗျားအတွက် ငြိမ်းချမ်းရေးတရားရှိတယ် ….

ကမ္ဘာကြီးရေ
မငြိမ်းချမ်းတဲ့ နေရာတခုက
မငြိမ်းချမ်းတဲ့ လူအစုအဝေးကြီးက
ငြိမ်းချမ်းစေကြောင်း မေတ္တာရည်လောင်းလိုက်တယ် …။

(ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ မှာ ကမ္ဘာကြီးလည်း ငြိမ်းချမ်းပါစေ။
လောက်တဖွားဖွား အာဏာရှင်များ စနစ်ဆိုးများချုပ်ငြိမ်းကျဆုံးပါစေ၊ ကမ္ဘာတလွှား ငြိမ်းချမ်းရေးတရားကြီးထွားပါစေ။)

ရဲရင့်သက်ဇွဲ
၀၃၀၉၂၀၁၁
၂း၅၈ အေအမ်