Sunday, May 08, 2011

အမေများနေ့ မှာ ရင်ဘတ်ချင်း ဂျက်ပင်ထိုးကြ

အမေများနေ့ မှာ ရင်ဘတ်ချင်း ဂျက်ပင်ထိုးကြ

အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သားတွေက အမေ့အတွက် မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သမီးတွေက အမေ့အတွက် မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေပျောက်နေတဲ့ သားသမီးတွေက အမေ့အတွက် မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ လူသားအားလုံးက အမေ့အတွက် အမေ့ကို မေတ္တာပို့ တယ် ….။

အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သားတွေအတွက် အမေက မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သမီးတွေအတွက် အမေက မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေပျောက်နေတဲ့ သားသမီးတွေအတွက် အမေက မေတ္တာပို့ တယ်
အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ လူသားအားလုံးအတွက် အမေက မေတ္တာပို့ တယ် ….။

အမေများနေ့ မှာ
အမေ့ကို ချစ်လို့ ပို့ တဲ့ မေတ္တာတွေနဲ့ 
အမေက ချစ်လို့  ပို့ တဲ့ မေတ္တာတွေ မွှေးပျံ့ ထုံသင်း
ဟောဒီ ဒွန္နယာကြီးထဲမှာ အမေ့ကိုချစ်တဲ့သူချင်း
ဝတ်မှုံကူးကြ
ဆရာမောင်ချောနွယ်ရဲ့  စကားနဲ့ ပြောရရင်
ရင်ဘတ်ချင်းတော့ ခု ဂျက်ပင်ထိုးလိုက်ကြ ရုံပ။

(အမေများနေ့ အမှတ်တရ)

ရဲရင့်သက်ဇွဲ
၀၆၀၅၂၀၁၁


Thursday, May 05, 2011

မိုးတွေမဟုတ်ဘူး ... မျှော်လင့်ချက်တွေ

မိုးတွေမဟုတ်ဘူး ... မျှော်လင့်ချက်တွေ


အမေ့ သားကြီး အင်းစိန်ထောင်မှာရှိတုန်းက

ဒီလိုသတင်းကြားရတိုင်း မျှော်လင့်ချက် အလံထူ

အင်းစိန်ထောင်ဗူးဝမှာ မြေးလေးတွေနဲ့ အတူ

ထမင်းမေ့ ဟင်းမေ့ 

မျှော်ရှာသူလေ.....။



အခုလဲ ... ဒီသတင်း

အမေ့ ရင်တွင်း မျှော်လင့်ချင်းများစွာ

တဆယ့်လေးနှစ်တာကို ဖြတ်သန်းခဲ့ပီး

ကျန် တဆယ်နှစ်နှစ်တာကိုလည်း

မျှော်လင့်ချင်းများစွာနဲ့  ဖြတ်သန်းရဦးမှာပါပဲ .....။



မိုးတွေသည်းသည်းမဲမဲရွာနေတဲ့ကြားက

မော်လမြိုင်ထောင် မသွားနိုင်တဲ့အမေ

အထူ အတွဲ ရှိမှ ထနိုင် ထိုင်နိုင် သွားနိုင်တဲ့အမေ

အကျဉ်းသားလွတ်မြောက်ရေးသတင်း အကြားမှာ

အမေတယောက် သူ့ သားကြီးစိတ်နဲ့  ယောက်ယက်ခတ်နေပုံများ

အထူအတွဲမလို

အိမ်ပေါ် အိမ်အောက် ဆင်းလိုက် တက်လိုက် တက်လိုက် ဆင်းလိုက်

သားပြန်အလာကို မျှော်ရှာပုံများ .......။



သည်းသည်းမဲမဲရွာနေတဲ့မိုး

မဟုတ်ဘူး ...မဟုတ်ဘူး အဲဒါမိုးတွေ မဟုတ်ဘူး.....

သည်းသည်းမဲမဲရွာနေတာ

အမေ့ ရဲ့  မျှော်လင့်ချက်တွေ ........။





(အမေသို့ )



ရဲရင့်သက်ဇွဲ



၀၅၀၅၂၀၁၁


တောချောက်သံတွေကြားလား … အချစ်ရေ ပြေး …..

တောချောက်သံတွေကြားလား … အချစ်ရေ ပြေး …..


လင်္ကာဒီပချစ်သူ ဇာတ်သိမ်းခန်းထဲကလို

အားလုံး ... အားလုံး ဟာ

ပြီးဆုံးသွားပါပီ ရာဝဏ ရယ်လို့ ပဲပြောရမလား....။

ဗိုလ်အောင်ဒင် ထဲကလို

ဒီမယ်ရာမ ..လွယ်သလား ခက်သလား ..ပြောစမ်း...

ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ

ပစ်ရင် ဒီလိုမှန်အောင်ပစ်ရတယ်ကွလို့  ပဲပြောရမလား...

ဆရာဒဂုန်တာရာရဲ့  မေ ၀တ္ထုဇာတ်သိမ်းလို

အကောင်းကို ရှာ၏၊ အကောင်းကားမရှိတော့ပြီ … လို့ ဆိုရမလား …

ဆရာဗန်းမော်တင်အောင်ရဲ့  စာသားလို

ကျနော်ကရော ဘာများတတ်နိုင် ဦးမည်နည်း … လို့ ဆိုရမလား …

အသင်လောက …ငါ မှ ငါ ဆိုတဲ့ဇောတွေ

သံသရာမှာနွံနစ် ဘ၀တဏှာမှာ တွယ်ရစ်နေတဲ့စိတ်တွေနဲ့ 

အိပ်လာခဲ့တာ တဘ၀စာ ကြာခဲ့ပီးမှ

အိပ်လို့ ကောင်းနေတုန်း အတင်းလှုပ်နှိုးသလိုမျိုး

ဘာခုမှကြောက်ပါပီလဲ…

တောချောက်သံတွေကြားလား

အချစ်ရေ ပြေး ပြေး လွတ်အောင်ပြေး …..



ရုန်းထွက်ဘို့  ကြိုးစားတာတွေလည်း

ငါ … မင်းကို ပြောပြချင်တယ် …။



ရဲရင့်သက်ဇွဲ

၀၃၀၅၂၀၁၁

၀၄း၀၅ အေအမ်



(ဖတ်ခဲ့ဘူးသောစာအုပ်များ နားထောင်ဘူးခဲ့သောသီချင်းစာသားများအား

ခံစားမှုနှင့် ရောယှက်သီကုံးပါသည်)


အလွမ်းတိမ်တောက် အိမ်ပြန်ရောက်တဲ့ညနေ

အလွမ်းတိမ်တောက် အိမ်ပြန်ရောက်တဲ့ညနေ


ငါ့စိတ်ရဲ့  အပြင်ဘက်က ရာသီဥတုဟာ ကြည်လင်နေတယ်

ငါကတော့ အလွမ်းတထုပ်နဲ့  တောအုပ်အစပ်မှာ ရပ်နေတယ် ..

မဟုတ်သေးဘူး …. တိတိကျကျပြောရရင် …. တောအုပ်အစပ်ရဲ့ 

ဘောလုံးကွင်းနံဘေးမှာ ငါရပ်နေတယ် ….။



ဆောင်းရာသီဟာ စံနစ်တကျ ဆုတ်ခွာသွားပေမယ့်

သူ့ ရဲ့ ခြေရာ လက်ရာတွေကိုတော့ ဖျောက်ဖျက် မသွားနိုင်ဘူး …

နှင်းကြွင်း နှင်ကျန်တို့ ရဲ့ တိုက်ခိုက်မှုကတော့ ရှိနေဆဲလေ….

အရောင်များနဲ့ ဖမ်းစား လှပတဲ့ညနေခင်းလေးတခုပါ

တနေ့ တာရဲ့ နောက်ဆုံးထွက်သက်

ငါနှုတ်ဆက်ရင်းငေးမော

အပြောကျယ်လှတဲ့ မိုးကုပ်စက်ဝိုင်းကြီးပေါ်မှာ…..၊

သြော် … ဆောင်းခိုငှက်တွေတောင်မှ အိမ်ပြန်လာကြပြီ

ငါတို့  ဘယ်တော့များမှ အိမ်ပြန်ရကြပါ့ ….၊။



ဒီအချိန်ဆို လမ်းကလေးရဲ့ ထိပ်မှာ ကြေကွဲစိတ်နဲ့  အမေ

သားတွေကို ပြန်ဆုံခွင့်အတွက် မျှော်လင့်ချက်နဲ့ အသက်ဆက်နေရောပေါ့



ငါတို့ ကတော့ မပြီးဆုံးနိုင်သေးသော တော်လှန်ရေး ခရီးလမ်းပေါ်မှာ

အမေနဲ့ တိုင်းပြည် အတွက် မျှော်လင့်ချက်တွေ လက်ကုန် ပုံထားတုန်းပဲ

မျှော်လင့်ချက်တွေနဲ့ လွတ်မြောက်လိုစိတ်တွေနဲ့  တိုက်ပွဲ ဆက်နေတုန်းပဲ

တနေ့ တော့ ဆောင်းခိုငှက်တွေလို အိမ်ပြန်ကြရမှာပ ။



ရဲရင့်သက်ဇွဲ

၀၁၀၅၂၀၁၁