Thursday, March 31, 2011

သမီးကြီးရေ … အားတင်းထား

သမီးကြီးရေ … အားတင်းထား

ယောင်ဝါးဝါးလား
အချောင်းသမားလား
တမိုးလုံး ဖျောက်ဆိပ်ကြားမှာ
အားငယ်နေသလား သမီးကြီးရေ ……။

စိုက်လိုက်မတ်တပ် ရှေ့ ကိုတိုး
အနာဂတ်ကို ပျိုးယူ
(စိတ်တွေကတော့ ဗလောင်ဆူ)
ကျန်ရစ်ခဲ့သူ ဘွားအေ အတွက်
နိုင်ငံရေးအကျဉ်းသူဟောင်း မိခင်အတွက်
ညီမနှစ်ယောက်အတွက်
ယုံကြည်ချက်နှစ်ရှည် အကျဉ်းသား ဖခင်အတွက်
ဘ၀ကို တွယ်ဖက် အသက်ရှင်သန်ရမကွဲ့  သမီးကြီးရဲ့ …….။

ရဲဘော်ကြီးရေ
သမီးကြီး မိသားစုကို ကျနော့်ကိုယ်စား
စောင့်ရှောက်ပေးပါဗျာ …..
နရသိန်ထဲက သွေးသောက်ကြီးရဲ့ 
ကြေကွဲဘွယ်ရာ မြားတစင်းဟာ
ငါတို့  နှလုံးသားကို ဖောက်ထွင်းသွားပေါ့ ….။

သွေးသောက်ကြီးရေ
စိတ်ချလက်ချ နရသိန်ထဲက
တိုက်ပွဲကိုသာ အာရုံစိုက်ပါလေ
ဗုံမဟုတ် ပတ်မဟုတ် တွေကောင်းစားတဲ့ခေတ်ကြီးထဲမှာ
ဒီခလေးတွေအတွက် အမှန်တရားနဲ့  တရားမျှတမှုဟာ
လူရာဝင်စေရမယ် …။

ရဲရင့်သက်ဇွဲ
၃၀၀၃၂၀၁၁

Tuesday, March 29, 2011

ရင်ငလျင်

ရင်ငလျင်

တာလေမှာ
ကဗျာတွေမတွေ့ ဘူး၊
အနိဌာရုံ နဲ့  မသာတွေ့ တယ်။

ကြေးစည်သံလား
မေတ္တာတရား နဲ့ 
စာနာစိတ်တွေ တောင်းခံနေစဉ်။

သင် မြင်ခွင့် မရလို့  နေမှာပါ
ကဗျာတွေက
အက်ကြောင်းထဲမှာလေ။

မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၁


Monday, March 28, 2011

ကျိန်စာ

ကျိန်စာ

အေး မင်းမှာ
အခု ငါ့ကြောင့်ရတဲ့ အနာ
ဒီအနာ ရင်းကိုက်ယောင်ယမ်းလာလေ
မင်းမှာ စိတ်ဒုက္ခ ကိုယ်ဒုက္ခ ကြီးမားလေးလံလေ
ဖြစ်မှာပဲ အဲဒီ အနာ ပြည်ပေါက်ခြောက်ကပ်သွားတဲ့အခါ
မင်း ကိုယ်မှာ အမာရွတ်ဆိုတာကြီး ထင်းကနဲ ကျန်နေခဲ့လိမ့်မယ်။


အဲဒီတော့မှ
ဒီအမာရွတ်ကြီး
ကို ပွတ်သပ်ပြီးကဗျာ
တွေ တပုဒ်ပြီးတပုဒ်ရေးပေ
တော့ ဘ၀တသက်တာကဗျာဆရာ
လုပ်ပေတော့ မထီတရီ လေလေးတချွန်ချွန်နဲ့။ ။

ခင်အောင်အေး
၁၄၊ စက်တင်ဘာ၊ ၂၀၀၉

Friday, March 25, 2011

ငလျင် … ကောက်ရိုးတမျှင် …ချစ်ခြင်းတရား

ငလျင် … ကောက်ရိုးတမျှင် …ချစ်ခြင်းတရား

မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
အိပ်စက်ခြင်းတို့ က အညှာအတာမဲ့စွာ
သားကို ရက်ရက်စက်စက် ပြစ်ခွါသွားကြတယ်။
မဆီမဆိုင် အတွေးများ ကစင့်ကလျား
ကျူးကျော်စစ်သုံးခုနဲ့  သားတို့ တိုင်းပြည် နယ်ချဲ့လက် ကျခဲ့ရတယ်။
အခုတော့ … စစ်ပွဲ တပွဲမှ မနွှဲလိုက်ရပဲနဲ့  သားရဲ့ ညဟာ
အတွေး နယ်ချဲ့ လက်မှာ လုံးလုံးကြီးကျရှုံးခဲ့ရပါပီ၊
အဓိကတရားခံကတော့ ကမ္ဘာမြေကို ကိုင်လှုပ် ဆူနာမီလှိုင်းနဲ့ ရိုက်ပုတ်
လူတွေထောင်သောင်းချီ သေကျေ ပျက်စီး တုန်လှုပ်ခြင်းကြီးခဲ့ရတဲ့
ငလျင်ပဲပေါ့ …. မေမေ။

မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
ဥရောပရဲ့  ဆောင်းနှောင်းရာသီလေဟာ
ရေခဲရေငွေ့ ကိုလျော့ချ သယ်ဆောင်လာသည့်တိုင်အောင်
အအေးဓာတ်က တကိုယ်လုံးကို ထိုးဖောက် အာရုံတွေ နောက်လှပီ။
အဖြစ်အပျက်က ကိုယ့်လက်ပေါ်မှာ အသက်ထွက်သွားတာကို ကြုံရသလိုမျိုး
ချောက်ချောက်ချားချား ရှိနေရတဲ့အထဲ ပြေးစရာ မြေမရှိ ရေမရှိ
အန္တရာယ်အတိနဲ့  လေကိုကြည့်ဦးမလား
မြေ ရေ လေ အားလုံးအဆိပ်ငွေ့ တွေဖုံးလို့ 
ကျနော် လေ ဘယ်လိုလုပ်ပီးတော့များ ပြုံး နိုင် ရယ်နိုင်ဦးမှာလဲ၊
သား နဲ့  သူ့ အမေ ၊ ပီးတော့ လုပ်ဖော် ကိုင်ဖက်များ မိတ်ဆွေများ
ကျနော့်နိုင်ငံသူနိုင်ငံသားများ၊ သူတို့ နိုင်ငံသူနိုင်ငံသားများ
ဘေးကင်းစေချင်တဲ့ ဆန္ဒက ငယ်ထိပ်တက်နေခဲ့ပေါ့ … မေမေ ။

မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
သားမှာ ဒုက္ခိတ ပျားတုတ် သတင်းတပုဒ် ရောက်လာတယ်
ခုနှစ် ပြင်းအားရှိတဲ့ ငလျင်တခု ဗမာပြည်ဘက်ကို ချီတက်သွားတယ်ဆိုရဲ့ 
ကျနော်လေ ရင်မှာ လှိုင်းထ အမေနဲ့  အမေ့မြေး(မြည်း)တွေအတွက်ပ ၊
စိုးရိမ်စိတ် နဲ့  ဖုံးခွက်ကို အသာမ ခပ်သွက်သွက် နံပါတ်ကို နှိပ်ချလိုက်တယ် ။
သတ္ထုလှိုင်သံကိုဖြတ်သန်း အေးမြတဲ့ အမေ့ရဲ့  စမ်းရေသံကြားရတဲ့အခါ
ဖြစ်ချင်းပျက်ခြင်းတရားများ အပြန်အလှန်မှာကြား အမေနဲ့ သားအကြားမှာ
တောင် မင်းကို မြောက်မင်းက မကယ်နိုင်
ဇနီး၊သား၊ မိတ်ဆွေများနဲ့  ငါ့ အကြားမှာ
မြောက်မင်းက တောင်မင်းကို မကယ်နိုင် ….
ငါ ကလဲ ငါ့ကို အားမပေးနိုင်
ဘေးဘယာ ဝေးကွာ အောင် တဦးနဲ့ တဦး
မေတ္တာကြိုးနဲ့  ချည်နှောင် ဒီလူ့ ဘောင်မှာ
နောကိဆုံးထွက်သက် ကောက်ရိုးတမျှင်ဖြစ်ချင် ဖြစ်မကွဲ့ 
မသေခင်လေး နောက်ဆုံးအခွင့်အရေး
အမေ့ကို တခါလောက်တော့ ပွေ့ ဖက်ခွင့် ရချင်သေးရဲ့  ။


ရဲရင့်သက်ဇွဲ
၂၅၀၃၂၀၁၁



Tuesday, March 22, 2011

ညီတော်တယောက် ကဗျာကောက်ရခြင်း

ညီတော်တယောက် ကဗျာကောက်ရခြင်း



မွေးနေ့ ရက်မှာလည်း

ဘေးတွေ့ လျက်သာပဲလို့ 

ကဗျာထဲ ရေးရမလို။



ဘယ်နှနှစ်မြောက်လဲ

ဒါလည်း မဝေခွဲတတ်တော့

ကြေကွဲဇာတ်က အတိပြီးပြန်။



အော့ဇ၀စ်အကျဉ်းထဲမှာလား

နာဇီလက်သစ်တွေ လက်ထဲမလား

မယားနဲ့ သားအတွက် ဗလောင်ဆူ

ဂျပန်ဆူနာမီ ငလျင်လှိုင်းက

ဘာလင်တံတိုင်းကို ကျော်ခဲ့

အဖော်မဲ့သူရဲ့ သောက

လောကပြက်ရယ် ပြုသကို။



ငိုလို့ လဲ မဆုံးတဲ့ ၀တ္ထု

ဒီရာစုမှာ ရေးသား

တရားရှင်ရဲ့  စီရင်ချက်ပေလား

ဘ၀ခါးခါးကိုမှ မြိန်မြိန်ယှက်ယှက်

သေမင်းလက်ကို ပုတ်ထုတ်ခဲ့

နောက်မဆုတ်တတ်တဲ့ ရာဇ၀င်

မွေးနေ့ ရှင်သာ ရေးပေတော့။ ။



(ရဲရင့်သက်ဇွဲ မွေးနေ့ သို့ )



မောင်လွမ်းဏီ

၂၂ မတ် ၂၀၁၁

ရင်ဘတ်တွေနဲ့  တူးဆွ ပူဇော်

ရင်ဘတ်တွေနဲ့  တူးဆွ ပူဇော်


ခေတ်ကို ရင်ဘတ်တွေနဲ့ တူးဆွကြည့်ကြတဲ့အခါ
ဧရာဝတီက သူ့ နှလုံးသားထဲက အရိုးခံအတိုင်း
သင်တို့ ကို စီးဆင်းပြလိမ့်မယ် ….

ကြာခဲ့ပါပြီ
ဒါပေမယ့် … မနေ့ တနေ့ ကလို
အထက်ဗမာပြည်ရဲ့  နွေနေ အပူမီးက
ဆယ်နှစ်သားလေးရဲ့ ရင်မှာ
ကြေကွဲမှုနဲ့ တောက်လောင်တဲ့ မီးကို
လက်မှိုင်ချလို့ သာနေရတော့တယ်။

မြတောင်ကျောင်းကြီးရဲ့ 
စားတော်ဝန်ဦးခဲကျောင်းလက်ရန်းပေါ်ကနေ
မြင်တွေ့ ရတဲ့ မြင်ကွင်း တသက်မမေ့နိုင်စရာ
(သာသနာမြေပလ္လင်အသရေလှပေတဲ့၊
ရွှေမြတောင်သာတဲ့တိုက်ဆီက၊
နေလနှစ်ဆောင် ပါတော်မူတဲ့ အခိုက်တို့ဖြင့်၊)
အရှင်နှစ်ပါး ပါတော်မူခန်း ဇာတ်လမ်းကကြမ်းတယ်
မုန်တိုင်းတခုရဲ့ ဗဟိုချက်လိုမျိုး ဇာတိမာန်က
ဆယ်နှစ်သားလေး သွေးသားထဲကိန်းဝပ်တယ်
ကုန်းဘောင်မင်းဆက်ရဲ့ ကျဆုံးခန်း
ကိုယ့်မင်းကိုယ့်ချင်းဇာတ်သိမ်း ပတ်စာခွါ ဖျာသိမ်း
သမိုင်းမှာ မြန်မာတို့ ရဲ့ လွတ်မြောက်ရေးသွေးအလိမ်းလိမ်းနဲ့ …။


နှစ်ကာလများ ဖြတ်သန်း
ဇာတိမာန်ကြီးထွားမှုလမ်းမှာ
မစ္စတာမောင်မှိုင်းမှသည်
“ဒို့ဗမာတခွင်သခင်ထိုအကျော်အမော်ဂိုဏ်းတွင်ဖြင့်၊
မျို့ရတနာသဘင်အကြင်ဗြဟ္မစိုရ်ဇော်ကသိုဏ်းတွေနှင့်၊
ပလ္လင်ဗဟိုသော်တနှိုင်းပေပဇမ္ဗူသမိုင်းပျော်စရာအခြေ
(သခင်ကိုယ်တော်မှိုင်း) ရယ်လို့ လူတိုင်းခေါ်ကြစေ ”
သခင်ကိုယ်တော်မှိုင်း ဘွဲ့ အမည်ခံ နယ်ချဲ့ ကို အာခံခဲ့တယ်…
အကျိုးအပြစ်ကို အချိုးအဆစ်ချကြည့်စရာမလို
နယ်ချဲ့ ရဲ့ ရန်သူစာရင်းမှာ နံပါတ်တစ် သခင်ကိုယ်တော်မှိုင်း
အဲဒီအတိုင်း တိုင်းပြည်နဲ့ လူမျိုးကို ချစ်ခဲ့တယ် …။

ဂျပန်အကူအညီနဲ့  အင်္ဂလိပ်နယ်ချဲ့ ကိုတိုက်ထုတ်
အဲဒီ ဂျပန်တွေကပဲ ပြည်သူလူထုကို ရိုက်ပုတ်လေတော့
သခင်ကိုယ်တော်မှိုင်းလဲ မနေသာ
“ မင်းတို့ပင့်လာတဲ့ဘုရားတွေ ကြည့်လည်းလုပ်ကြဦးကွာ၊
တိုင်းပြည်မှာလူတွေကို သိပ်ညှဉ်းဆဲကုန်ပြီ ”
သူ့ တပည့်တွေကို ပြောရပြန်တာပါပဲ၊

လက်တွဲဖော် တပည့်တပန်းများ လုပ်ကြံခံရတော့
သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊
အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံနှမြော။
ဆရာကြီးက အာဇာနည်ဗိမာန် လေးချိုးကြီးနဲ့  ရင်ကျိုးခဲ့ရတယ်၊

လွတ်လပ်ရေးလဲ ရပြီ
ပြည်တွင်းစစ်လဲစပြီ
အရွယ်ညောင်းလို့  ဇရာလည်းထောင်းလာတဲ့
ဆရာကြီးခမျာ မနားရရှာ
ငြိမ်းချမ်းရေးသာ
ငြိမ်းချမ်းရေးသာ တိုင်းပြည်အတွက် အရေးကြီးလာ
ဆရာကြီးရဲ့  ဦးခေါင်းပေါ် စုပြုံရောက်လာတာပဲမဟုတ်လား
တနေ၀င် တနေထွက် ဆက်လိုက်ရတဲ့ခရီး
ငြိမ်းချမ်းရေး မီးတောက် အလင်းမပျောက်ဘို့ ကြိုးစား
ရေခြားမြေခြားလဲသွားရ ပြည်တွင်းမှာလဲဟောရပြောရ
ဆရာကြီးရဲ့ စိတ်ထား တကမ္ဘာလုံးက လေးစားတန်ဖိုးထားသမို့ 
စတာလင်ငြိမ်းချမ်းရေးဆု ကိုပေးအပ်
ဆရာကြီးရဲ့  ဂုဏ်ကိုအထွတ်အမြတ်ဖြစ်စေခဲ့ကြတယ် …။

ဆရာကြီးရဲ့ အသက်တွေသာ ကြီးရင့်ပြောင်းလဲ
တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ ခေတ်ကြီးက မပြောင်းမလဲ
(၁၉၅ဝ)ခုနှစ်က မန္တလေးဘုရားကြီး (၄၅)တာကွင်းကြီး
ငြိမ်းချမ်းရေး လူထုတရားပွဲကြီးမှာ
‘ဆရာမသေခင် ငြိမ်းချမ်းရေး ရတာကို မြင်ချင်တယ်’ လို့
တမ်းတကြေကွဲတဲ့ အသံ
ခေတ်တိုင်းမှာ မျိုးဆက်တိုင်းမှာ ပဲ့တင်ရိုက်ခတ်နေဆဲပဲ …၊

တော်လှန်ရေးခရီးကြမ်းမှာ
လွတ်လပ်ရေးအလွန် ငြိမ်းချမ်းရေး ခရီးလမ်းမှာ
အသက်အရွယ်ကို မငဲ့အား
ကျရာတာဝန်ကို ထမ်းရွက်ရှာသူ က၀ိဆရာတဆူရဲ့  သမိုင်း
ပကတိ အမှန်အတိုင်း စိတ်ရှိတိုင်းရေးရရင်
ကမ္ဘာပေါ်မှာ အပြည့်အစုံဆုံး
အမျိုးသားလွတ်မြောက်ရေးသမိုင်းအတ္ထုပ္ပတ္တိ စာအုပ်
ဗမာပြည်ကထုတ်တယ် ဖြစ်ရော့မယ် …..။
မိတ်ဆွေတို့ ရေ ……
ဆရာကြီးကို လေးစားမြတ်နိုး ရှစ်ခိုးပူဇော်
ဆရာကြီးရဲ့  လေးချိုးထဲကစာသားနဲ့  တိုက်ပွဲကိုခေါ်
တိုက်ပွဲကိုဖေါ်ကြပါစို့ ….
အရေးကြီးလျင်ဖြင့် သွေးစည်းပြီး
သွေးနီးရာဆိုသည့်အတိုင်း.......
ကိုင်း ထထကြွကြွနှင့်
ဝိုင်းကြပေရော့.......။

ရဲရင့်သက်ဇွဲ
၂၈၀၂၂၀၁၁
(မတ်လ ၂၃ မှာကျရောက်မယ့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမွေးနေ့ အား
မတ်လ ၂၃ ရက်နေ့ တွင်မွေးသောသူမှ ဤကဗျာဖြင့် ပူဇော်အပ်ပါသည်။)



ဘ၀မှာ … သူတော်စင်လည်း မဖြစ်ခဲ့ဘူး ..... သူယုတ်မာလည်း မလုပ်ခဲ့ဘူး

ဘ၀မှာ … သူတော်စင်လည်း မဖြစ်ခဲ့ဘူး
သူယုတ်မာလည်း မလုပ်ခဲ့ဘူး

ငါမပိုင်တဲ့ ငါ့ဘ၀ ငါပိုင်တဲ့ ငါ့ဘဝ
ဟတ်ဒစ်(စ်) တလုံးကို ပတ်တေးရှင်းခွဲသလို
ခွဲထုတ် လိုက်ရမှာလား ……
သေချာတယ် …. လရောင်မှာ ပျော်ပါးဘို့ 
တဘ၀စာလုံး နေရောင်မှာ ပျော်ဝင်ခဲ့ရမှုတွေ
ဘယ်သူသိ နိုင်မှာတဲ့လဲ ….
ညီမလေး …. နင်က ပွဲအစ အဆုံး
နှလုံးသားကို ပုံအော လောင်းကြေးထပ်ခဲ့ သူ
ငါ့ရဲ့  တောင်ကုန်းတွေ တလုံးပြီးတလုံး
ညီမလေးရဲ့  ခြေရင်းမှာ ကျရှုံးခဲ့ရတာပဲမဟုတ်လား ….




အမေ့ရင်ခွင်ခြေစုံမကန်ခင်နဲ့ ခြေစုံကန်ခဲ့ပီးနောက်
ဆယ်စုနှစ် လေးခုခွဲကျော်မှာ လူပီသခဲ့ ရဲ့ လား
သေသေချာချာ ပြောနိုင်တာတခုတော့ ရှိရဲ့ 
ဘ၀မှာ … သူတော်စင်လည်း မဖြစ်ခဲ့ဘူး
သူယုတ်မာလည်း မလုပ်ခဲ့ဘူး
ခံစားမှုကို အံထုတ် ကဗျာရေးတဲ့အလုပ်ကလွဲလို့ …..
ဘယ်သူတွေကို စိတ်ချမ်းသာစေပြီး
ဘယ်သူတွေကို စိတ်ဆင်းရဲစေခဲ့သလဲ
မုန်တိုင်းထန်တဲ့ ရက်တွေများများကြားမှာ
တိတိကျကျ ပြောဘို့ ကလဲ အခက်သား
(အမေကတော့ ချစ်ခြင်းများစွာနဲ့ ခွင့်လွှတ်ပီးသားပါ ငါ့သားတဲ့)

ညီမလေး…..
ငါ့ရဲ့  မတ် ၂၃ မှာ
မင်း စိတ်ကောက်မနေစေချင်
ဝေးကွာမှုအတွင်းထဲမှာ
ဗွီဇက်အို ထဲကပဲဖြစ်ဖြစ် စကိုက်ပ် ထဲကပဲဖြစ်ဖြစ်
ငါ့မျက်ဝန်းတွေကို သေသေချာချာ စိုက်ကြည့် ပြီးတော့
ခလေးတွေ ကျောင်းကပြန်မရောက်ခင် အချိန်လေးအတွင်း
ညီမလေးကို ချစ်လားလို့  မေးပါဦး …. ငါ့ကို ချစ်တယ်လို့ ပြောပါဦး …

အမရပူရ ရဲ့ နံနက်ခင်း တောင်တမန်အင်းရဲ့  လေပြေလေညှင်း
မယ်ဇယ်ပင်တန်းရဲ့ ခြေရင်း နုပျိုတဲ့ ချစ်ချင်းရဲ့  နှင်းဆီတခင်း
မင်းမျက်နှာပေါ်ဖြတ်ပြေးခြင်းကအစ အဲဒီဘ၀တွေ အမှတ်တရ
အော် …လေးဆယ့်ခြောက်နှစ်သာရှိလာတယ် ရင်ခုန်သံက နုပျိုနေဆဲ
နှလုံးသားက ဦးနှောက်ထက် ကြီးနေဆဲ … ။

အမေကတော့ ပြုံးပီး ကြည့်နေတုန်း
ကျနော့်ကို ခလေးလို့  ထင်နေ … မြင်နေတုန်း …..။


(၂၃ မတ် မှာကျရောက်တဲ့ မွေးနေ့ ခံစားမှု)

ရဲရင့်သက်ဇွဲ
၂၀၀၃၂၀၁၁


Saturday, March 19, 2011

ဒုက္ခပါပဲကွာ … ငါတော့ ရူးချင်ပီ

ဒုက္ခပါပဲကွာ … ငါတော့ ရူးချင်ပီ


ချင်းမိုင်ရောက်နေတဲ့

ကျနော့် နောင်တော်လွမ်း

ကမ္ဘာနဲ့ တ၀ှမ်း အနိဌာရုံ တွေလွှမ်းနေပုံများ

စိတ်မသက်မသာ

ဒုက္ခပါပဲကွာ တဲ့……။



ဥရောပ ခေတ္တခဏ

ရောက်နေတဲ့ ကျနော်

ဂျပန်က ငလျင်နဲ့ ဆူနာမီ

ဂြိုလ်တုက တိုက်ရိုက်လွှင့်တဲ့သတင်း

ကွက်ကွက် ကွင်းကွင်း ပါပဲ

ငါတော့ ရူးချင်ပီ …. ။



သူပုန်က

သူ့ ရဲဘော် ရဲဘက်များအတွက်

စိုးရိမ်ပူပန် ငလျင်ရဲ့ သဏ္ဍန်

ဆူနာမီရဲ့  ဟန် မာန် ရသမျှသတင်းအမှန်

အမြန်သာ အဆက်မပြတ် ပို့ ပေး

(ငါတို့  လူတွေ ဘေးကင်း ပါစေ)

ငါ ဖြန့် ပေးနေတယ် …..

ဒုက္ခပါပဲကွာ တဲ့ …..။



ကျနော်ကတော့

တိုကျိုမှာ ကျန်ခဲ့တဲ့ ဇနီးနဲ့ ရှစ်နှစ်အရွယ် သား တို့ အပေါ်

စိုးရိမ်စိတ်က ဆူနာမီလှိုင်းများလိုရိုက်ခတ်

ထိုင်မရ ထမရ ကုန်းပေါ်ပြစ်တင်ခံရတဲ့ ငါး ဘဝ

ငါ အမှတ်ရမိသေး

ဗုဒ္ဓ၀င် ဇာတ် နိပါတ်တော်ထဲ

မပဋာမြေလူး ဖတ်ဘူးပါရဲ့ 

အခုတော့ မပဋာမြေလူး ငါတွေ့ ဘူးပြီ

ငါတော့ ရူးချင်ပီ …။



နောင်တော်လွမ်း နဲ့  ကျနော်

သောက အထုတ်အပိုးတွေအပေါ်

ပိုးဆိုးပက်စက် လဲပြိုနေလျက်က

ပြိုင်တူ ငြီးတွား

ဒုက္ခပါပဲကွာ …. ငါတော့ ရူးချင်ပီ

အွန်လိုင်းပေါ်မှာ ပဲ့တင်ထပ်သွား ……။



(နောင်တော်လွမ်းသို့  သတိတရ)



ရဲရင့်သက်ဇွဲ

၁၈၀၃၂၀၁၁

Wednesday, March 16, 2011

ဆိုကြပါဆို့ …..

ဆိုကြပါဆို့ …..

သူမရဲ့ အကြည့်တချက်မှာ
ငါ့ .. ဘ၀တခုလုံး
ပုံအပ်တဲ့အထိ ဖြစ်ခဲ့တယ်ဆိုကြပါဆို့ 

သူမရဲ့ အပြုံးတစမှာ
ငါ့ … နှလုံးသားကြွေကျ
စက္ခုရူပေန သံဝါသ ဖြစ်ခဲ့တယ်ဆိုကြပါဆို့ 

သူမရဲ့ မျက်ရည်စတွေက
ငါ့ …ရင်မှာတောက်လောင်တဲမီးကို
ငြိမ်အေးးစေခဲ့တယ် ဆိုကြပါဆို့ 

သူမရဲ့  ဘ၀မှာ
ငါဟာ..ဘယ်နှစ်ယာက်မြောက်ဆိုတာထက်
ဘယ်လောက်တောင် ချစ်ခင်မြတ်နိုးခဲ့ရတယ် ဆိုကြပါဆို့ 

သူမရဲ့  တားမြစ်ခံရတဲ့
သစ်သီးတလုံးဟာ
ငါ … ဖြစ်တယ်ဆိုကြပါဆို့ 

ငါ့ရဲ့  ..တားမြစ်ခံရတဲ့
သစ်သီးတလုံးဟာ
သူမ … ဖြစ်တယ်ဆိုကြပါဆို့ 

သူမ နဲ့  ငါ
အေဒင်ဥယျာဉ် တံခါးဝမှာ
မာနတ်ကို မျှော်နေကြပုံများ
ဝ၌နာ ကံနာ တခုလို
နောက်ဆုံးခံတပ်ကြီးကို
နောက်ဆုံးထွက်သက်အထိ ကာကွယ်သွားမယ့်ပုံမျိုး
တယောက်လက် တယောက် ဆုပ်ကိုင် ရင်ဆိုင်ကြမယ်
ဆိုကြပါဆို့  …..

ရဲ၇င့်သက်ဇွဲ ၁၅၀၃၂၀၁၁

.

Monday, March 14, 2011

အဲဒီနေ့ က အာရုံလာပုံအကြောင်း

အဲဒီနေ့ က အာရုံလာပုံအကြောင်း

အချစ် အလွမ်း အဆွေး
ကဗျာရေးမလား
အာရုံ မလာဘူး….။

ကြမ်းမယ် ရမ်းမယ်
ပြီးရင် …. လွမ်းကြမယ်
အာရုံ မလာဘူး …..။

ဟေ့လူ ……
ခင်ဗျားဗျာ ……
ဟိုမှာ မိန်းမနဲ့  ခလေး ကြောက်ပြီးသေတော့မယ်
ကဗျာရေးနေနိုင်သေးတယ်…
ငါ့ကို …ငါက ငေါက်ငမ်း
ငါက …. ငါ့ကို
အာရုံ မလာဘူး ……။

ယုံပါ …..
အာရုံ မလာတဲ့အကြောင်း ပြောရရင်
တထောင့်တည ပုံပြင် ရှုံးသွားလိမ့်မယ်….။

ငလျင်လှုပ်မယ်
ဆူနာမီလှိုင်းတွေလာမယ်
ကြိုတင်ကာကွယ်မရနိုင်သော
သဘာဝဘေးအန္တရာယ် က
ဘ၀တွေကို
ဖြိုတယ် ဖျက်တယ် သေတယ် သတ်တယ်

အဖြစ်အပျက်တွေက
အာရုံတွေ မလာနိုင်အောင်
ဖြိုတယ် ဖျက်တယ် သေတယ် သတ်တယ်
ဖြိုတယ် ဖျက်တယ် သေတယ် သတ်တယ်
ဖြိုတယ် ဖျက်တယ် သေတယ် သတ်တယ်

အဲဒီနောက်မှာ ….
အာရုံ အလာဆုံး ကိစ္စ
ဘုရားသခင်ကို အင်တာဗျူးဘို့ ပဲဗျ …..။

ရဲရင့်သက်ဇွဲ
၁၃၀၃၂၀၁၁


Saturday, March 12, 2011

အဆုံးမသတ်နိုင်သော ကဗျာ (သို့ ) လူတွေ လှိုင်းတွေ ရေတွေ

အဆုံးမသတ်နိုင်သော ကဗျာ (သို့ ) လူတွေ လှိုင်းတွေ ရေတွေ

အကဲစမ်းတာလား
အမဲဖမ်းတာလား
အမြဲကြမ်းမှာလား
ကမ္ဘာမြေဟာ ကျန်းမာရေး
မလိုက်စားသူတယောက်ရဲ
နေထိုင်မကောင်းဖြစ်မှုမျိုးနဲ့ 
ပစ္စုပ္ပန်မှာ အသက် ဖုတ်လိုက်ဖုတ်လိုက် ….။

အနာဂတ်အတွက်တော့  မစဉ်းစားရဲဘူး
၂၀၁၂ ဟာ ၂၀၁၁ မှာရောက်လာသလား
ကမ္ဘာကြီးကို ဆေးကြောမယ့် ရက်တွေ ရောက်လာပြီလား
အဲဒီဟာတွေက မရေမရာ မသေမချာတွေပါ
သေသေချာချာ သေရွာခေါ်သွားမယ့်အရာ
ဟောဒီကမ္ဘာမှာ လာပါပြီ ဆူနာမီ…..။


လူ့ သမိုင်းမှာ လူသားအကျိုးပြု နည်းပညာတွေ
တိုးတက် ထွန်းကားလာတာနဲ့ အမျှ
လူသားအကျိုးပြု ပတ်ဝန်းကျင် ရာသီဥတု
သဘာဝတရား ဆုတ်ယုတ်လာခဲ့ရပုံများ
ယုံနိုင်စရာမရှိ
ကဲ … ဟောဒီမှာကြည့်…. ဆူနာမီဆိုတဲ့ငတိ
၈.၉ ပြင်းအားရှိ ငလျင်ကြီးနောက်မှာ
အမောက်ထောင်ပြီး လိုက်ပါ ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်းမှာ
အိမ်တွေ ကားတွေ လူတွေ လှိုင်းတွေ ရေတွေ ရေတွေထဲမှာ
တကမ္ဘာလုံးက သန်းပေါင်းများစွာလူသား
နာကျင်တဲ့နှလုံးသားများ ကြေကွဲ
လူသားတွေရဲ့  သေပွဲ လူသားတွေရဲ့  သေပွဲ
ဖန်သားပြင်ထက်မှာ မြင်ရ ကြားရ ရင်ကွဲနာကြကျပေါ့
အို ဘုရားသခင် လူသားတို့ အပေါ်ထားရှိတဲ့ ကရုဏာတော်
ဘယ်အရပ်မှာ အိပ်ပျော်နေပါသလဲ…..
အို ဘုရားသခင် လူသားတို့ အပေါ် ထားရှိတဲ့ မေတ္တာတော် အနန္တ
ဘယ်နေရာမှာများ ကျွံကျနေပါသလဲ …..


(ဆက်လက်ရေးသားရန် ခွန်အားမရှိတော့ပါ။နာကျင်ကြေကွဲသောနှလုံးသားဖြင့်
မျက်ရည်များကြား ဖန်သားပြင်ပေါ်မှ မြင်တွေ့ နေရသော လောကငရဲအား …..)

ဆူနာမီ အစားခံရသောလူသားများ ကောင်းရာသုဂတိလားပါစေ။

ရဲရင့်သက်ဇွဲ
၁၁၀၃၂၀၁၁


ငါက … ငါ့ကို … ဘာမှပြောမသွားဘူး

ငါက … ငါ့ကို … ဘာမှပြောမသွားဘူး

ကမ္ဘာကြီးက ဘာဖြစ်နေတာလည်း
မင်းကရော ဘာဖြစ်နေတာလည်း
ငါကရော ဘာဖြစ်နေတာလည်း
သူကရော ဘာဖြစ်နေတာလည်း၊

ကမ္ဘာကြီး အပေါ်က လူတွေ ဘာဖြစ်နေတာလည်း
မင်းအပေါ်က လူတွေ ဘာဖြစ်နေတာလည်း
ငါ့ အပေါ်ကလူတွေ ဘာဖြစ်နေတာလည်း
သူ့ အပေါ်က လူတွေ ဘာဖြစ်နေတာလည်း၊

ကမ္ဘာကြီး ဟိုဘက်ဘေး ဒီဘက်ဘေး
နောက်ပြီးတော့ အောက်ဘက်မှာရော
လူတွေ လူတွေ ဘာဖြစ်နေတာလည်း
မင်းရဲ့  ဟိုဘက်ဘေး ဒီဘက်ဘေး
နောက်ပြီးတော့ အောက်ဘက်မှာရော
လူတွေ လူတွေ ဘာဖြစ်နေတာလည်း
ငါ လည်း မင်းနဲ့ အတူတူပဲ လူတွေ လူတွေ ဘာဖြစ်နေတာလည်း
သူလည်း ငါနဲ့ အတူတူပဲ လူတွေ လူတွေ ဘာဖြစ်နေတာလည်း ၊

အမေ … အိုကြီးအိုမကျမှ မြေးတွေကို ချီပိုးသယ်မ ဘာဖြစ်နေတာလည်း
မင်း ငါ သူ တို့ လူတွေ ဘာဖြစ်နေတာလည်း
ဟိုမှာ ငါ့မိန်းမ သမီးနဲ့သား မျက်ရည်နဲ့ မျက်ခွက် ဘာဖြစ်နေတာလည်း
အားလုံး အုန်းအုန်းကြွက်ကြွက် ထွက်နေတဲ့အသံတွေ မီးကိုရေနဲ့ ဖြန်းလိုက်သလိုမျိုး
ဘုရားစာရွတ်ဆိုသံ အနောက်မှာ လူတစုက တစုံတခုကိုထမ်းပိုးသယ်မ
အိမ်ပေါ်က သယ်ချလာကြတယ် ဘာဖြစ်နေတာလည်း

ငါလည်းလူကြားထဲတိုးဝှေ့  ၀င်ရောက် ကားနားရောက်တဲ့ အထိ
ရှေ့ ကလူကို ကျော်ပြီးအကြည့် အိပ်ပျော်နေသလို
ငါ့ကိုယ်ငါ တွေ့ လိုက်ရတယ် ဘာဖြစ်နေတာလည်း
အားလုံးကနှုတ်ဆက် မျက်ရည်စက်လက်နဲ့ ပေါ့ 
ငါ သေသွားပြီလား ဘာဖြစ်နေတာလည်း
ငါက ငါ့ကို ငါ သေသွားပြီဆို တာ ဘာဖြစ်လို့  မပြောခဲ့တာလည်း
ဘာဖြစ်နေတာလည်း ဘာဖြစ်နေတာလည်း

အမေ … ညီမလေး …သမီး ..သား…
ဆွေမျိုးသားချင်း ညီအကို မောင်နှမများ မိတ်ဆွေများ
တဖြေးဖြေး ဝေးသွား ၀ါးသွား ဘာဖြစ်နေတာလည်း
ကောင်းကင်ကနေ ပဲ့တင်ပြန်လာတဲ့ ငါ့ရဲ့ အသံ
ငါ့ကဗျာ စာအုပ်တွေ .. ငါ့ကဗျာစာရွက်တွေ မီးမရှို့ လိုက်ကြပါနဲ့ 
ငါ ရှိုက်ကြီးတငင်ငိုကြွေး တဲ့အခါ ငါ က ငါ့ကို ခပ်သဲ့သဲ့ ပြုံးကြည့်လို့ ….။
မျက်ရည်လည်ရွှဲ အိပ်မက်က နိုးလာတဲ့ ပွဲမှာ ငါ ဘာဖြစ်နေတာလည်း ……။
(အိပ်ရာက လန့် နိုး ကြေကွဲခြင်းတို့ ကရေချိုးထားသလိုမျိုး ငါ့မှာ ရွှဲရွှဲကိုစိုလို့ )

ရဲရင့်သက်ဇွဲ
၁၀ ၀၃ ၂၀၁၁
နံနက် တနာရီနှစ်ဆယ်မိနစ်။


Monday, March 07, 2011

ချစ်ခြင်းများစွာ ……….. တရွေ့ ရွေ့ ချီ

ချစ်ခြင်းများစွာ ……….. တရွေ့ ရွေ့ ချီ

စိတ်ညစ်နေတယ်။ကဗျာရေးလို့ မရဘူး
ဘယ်နေရာကြည့်ကြည့် စိတ်ကြည်သာစရာမမြင်ဘူး
စစ်ပွဲတွေ ရန်ပွဲတွေ
နေရာကို တပ်မက်တွယ်တာမှုတွေ
အရာအားလုံး မီးခိုးအမှောင်တွေဖုံးလွှမ်းလို့ 
ငါ ဘယ်အရာတွေကိုပွေ့ ဖက်ရမလဲ
ငါ ဘယ်အရာတွေကို စွန့် ပြစ်ရမှာလဲ။

မြို့ တွေက ခြောက်ကပ်စွာ စည်ကားလို့ 
အနာဂတ်မဲ့နေတဲ့ကလေးတွေက လမ်းပေါ်မှာ တောင်းရမ်းလို့ 
လူငယ်လေးတွေက လောကရဲ့ ထွက်ပေါက်
လမ်းမှားတွေကို မော့သောက်လို့ 
ဘယ်လို တရားနဲ့  ဖြေသိမ့်ရမလဲ
ကမ္ဘာမြေရေ ခြုံးပွဲချသာ ငိုကြွေးလိုက်တော့
တရားမှုများကျဆုံးလေပြီလား။

ငါ မထင်ဘူး ......
အမှန်တရားဟာ မြင်းရိုင်းလို ကဆုန်စိုင်း ဒုန်းဆိုင်းလို့ လာသော်လည်း
သူ့ ရဲ့ တန်ဖိုး ဟာ နောက်ကျမှုထဲ လျော့ နည်းမသွားဘူး။
စိတ်မပျက်ကြနဲ့  …
ဒီကမ္ဘာမြေဟာ မကောင်မှုပြုသူတွေအတွက် အသက်ရှည်
အသက်မရှည် သူတွေအတွက် ကောင်းမှုတွေဝေ
နားလည်ပေးလိုက်ပါပေရဲ့ 
အာဏာရှင်တွေကို ခွင့်မလွှတ်နိုင်တဲ့ စိတ်ကလွဲလို့ 
သင်ပုန်းမချေ နိုင်တဲ့စိတ်ကလွဲလို့ 
အရာအားလုံးကို အကောင်းပကတိ ရှိစေချင်ခဲ့တဲ့ဆန္ဒ
တရားကို နတ်စောင့်တဲ့နေ့  တရားကို တရားကစောင့်တဲ့နေ့ 
လာမည် …. သို့ သော် ကြာမည် အဲဒီနေ့ ဆီ
ချစ်ခြင်းများစွာ မျှော်လင့်ခြင်းများစွာ တရွေ့ ရွေ့ ချီတက် ……။

ရဲရင့်သက်ဇွဲ
၂၆၀၂၂၀၁၁



တရားသောစစ်

တရားသောစစ်

ဘာသာတရားတို့ ရဲ့ 
သွန်သင်ဆုံးမမှုတွေ မျက်ကွယ်မပြုခဲ့ဘူး ။

တရားနှင့်ဓါး
အားနှစ်အားတွင်
တရားကိုချစ် ဓါးကိုပြစ်အံ့
စစ်ကို ငါတို့ မုန်းပါသည် ။


ကြိုက်နှစ်သက်ခဲ့ဘူးတယ်
ရန်သူ လက်ကုန် ရက်စက်ပုံတွေ မကြုံခင်အထိ ။

အခုတော့ .... အခုတော့

တရားနှင့်ဓါး
အားနှစ်အားတွင်
တရားကိုလွှဲ ဓါးကိုဆွဲအံ့
စစ်ကို ငါတို့  နိုင်အောင်တိုက်ပါမည် ။

ရဲရင့်သက်ဇွဲ